ခြေသလုံးအိမ်တိုင်အင်မော်တယ်အမှတ်အသား
Vol. 27 Ch. 402
ငွေရောင်လေးက အစောပိုင်းတွင် စိတ်ဝင်စားစရာကောင်းသော တိုက်ပွဲဖြစ်လာမည်ဟု တွေးထင်ခဲ့သည်။
သူတို့၏ နယ်ပယ်အဆင့်ကြားမှ ကွာဟချက်က နည်းနည်း ကြီးသော်လည်း အနည်းဆုံးတော့ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ခွင့်ရမည်ဟု ထင်ခဲ့သည်။
သို့သော် ဤကျင့်ကြံသူများက အားနည်းလွန်းလှသည်။
၎င်းက အစမှအဆုံးထိ ထောင်ချောက်ဘော်လုံးများကိုသာ ပစ်ပေါက်ခဲ့၏။
ယင်းက ငွေရောင်လေးကို အလွန် စိတ်ပျက်စေခဲ့သည်။
ပြောရလျှင် ယခုလက်ရှိ ငြိမ်းချမ်းရေးခေတ်က ကျင့်ကြံသူများ အပေါ် သက်ရောက်မှု ရှိနေခြင်း ကြောင့်လည်း ဖြစ်နိုင်၏။
၎င်းတို့က စစ်မှန်သော တိုက်ပွဲဝင်စွမ်းရည်ကို ရရှိရန် လုံးဝအလေးအနက် မရှိဘဲ သက်သောင့်သက်သာ နေထိုင်ခဲ့ကြသည်။
ငွေရောင်လေး၏ အမြင်တွင် နယ်ပယ်အဆင့်က အသုံးမဝင်ပေ။
စစ်မှန်သော တိုက်ပွဲဝင် စွမ်းရည်ကလည်း နယ်ပယ်အဆင့်နှင့် ထပ်တူထပ်မျှ အရေးကြီးသည်။
ယခင်ကဆိုလျှင် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သည် တစ်စက္ကန့်အတွင်း လက်သီးချက် တစ်ရာမထိုးနိုင်လျှင် နယ်ပယ်အဆင့်ကို ပြောရန်ပင် ရှက်ရွံ့ခဲ့ကြ၏။
အကယ်၍ သင်က ထိုအရာကို စွမ်းဆောင်နိုင်လျှင်မူ ဝေဖန်မှုအားလုံးကို လုံးဝ လျစ်လျူရှုနိုင်မည် ဖြစ်သည်။
ဤခေတ်တွင် ကြီးကျယ်သော ကျင့်ကြံသူ အများအပြား ရှိသည်ဟု ဆိုနိုင်သော်လည်း ခေတ်သစ် ကျင့်ကြံသူများ အကြားတွင်မူ စစ်မှန်သော တိုက်ပွဲဝင် စွမ်းရည်က အားနည်းလာပြီ ဖြစ်သည်။
ယင်းက ခေတ်ရေစီးကြောင်း တစ်ခု ဖြစ်လာနေပြီ ဖြစ်ကြောင်း ဝန်ခံရပေမည်။
မှော်ပညာအပိုင်း နှင့် တိုက်ခိုက်ရေးစွမ်းရည် အပိုင်းတွင် ကျင့်ကြံသူအများစုက မှော်ပညာကိုသာ အသုံးချဖို့ ရွေးချယ်ခဲ့သောကြောင့် တိုက်ပွဲဝင်စွမ်းရည်က လမ်းဘေးသို့ ရောက်သွားခဲ့သည်။
တိုတိုပြောရလျှင် ဤခေတ်၌ အလွယ်လမ်းလိုက်သည့် ကျင့်ကြံသူက ပိုမို များပြားလာနေပြီ ဖြစ်သည်။
အရင်ခေတ်ကဆိုလျှင် တိုက်ပွဲဝင်စွမ်းရည် အမြင့်ဆုံးသူများသာ ဂုဏ်ပြုခံရ၏။
သို့သော် ဤခေတ်ကြီးတွင်မူ စံသတ်မှတ်ချက်က တစ်ခုထဲ မဟုတ်တော့ပေ။
ခေတ်သစ် ကျင့်ကြံသူများ၏ အရေးပါသော စံသတ်မှတ်ချက်များကို အထက်မှအောက်သို့ အဆင့်လိုက် စီလိုက်မည်ဆိုလျှင်
အသိဉာဏ်၊ နယ်ပယ်အဆင့်နှင့် ပိုက်ဆံက အနည်းနှင့်အများ အရေးပါပေသည်။
-ဤခေတ်တွင် နယ်ပယ်အဆင့် မရှိဘဲ အသက်ရှင်နိုင်ပါသလော။
အသက်ရှင်နိုင်ပါသည်၊ ရိုးရိုးသားသားနှင့် ဥပဒေနဲ့ အညီ နေထိုင်တတ်ဖို့သာ လိုအပ်သည်။
-ပိုက်ဆံရှိပြီး နယ်ပယ်အဆင့် မရှိရင် အသက်ရှင်နိုင်မည်လော။
အသက်ရှင်နိုင်ပါသည်။ ငွေက မည်သည့်ခေတ်တွင် မဆို သြဇာအာဏာ ရှိပြီး နတ်ဆိုးကိုပင် အမှုန့်အဖြစ် ပြောင်းလဲစေနိုင်သည်။
ယနေ့ခေတ်တွင် ချမ်းသာသော အိမ်ထောင်စုများသည် သားသမီးများ၏ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ရန် အတွက် အရင်းအမြစ်များနှင့် ရတနာများ အမျိုးမျိုးကို အသုံးပြုလေ့ရှိသည်။
ထိုအတွက် အထက်တန်းကျောင်း အသိုင်းအဝန်းတွင် အမြဲဖော်ပြခြင်း ခံခဲ့ရသည့် နာမည်ကျော် ဒုတိယမျိုးဆက် သူဌေးသားလေး လင်းရှောင်စုန့်သည် စံနမူနာကောင်း တစ်ခု ဖြစ်သည်။
-နောက်ဆုံးမေးခွန်းမှာ ဉာဏ်မရှိဘဲ အသက်ရှင်နိုင်ပါမည်လော။
သင်္ချိုင်းတွင်းသို့ ခြေတစ်ဖက်လှမ်းနေပြီဟု ထင်ရသည့် သူ့ရှေ့မှ ကျင့်ကြံသူကို စိုက်ကြည့်ရင်း ငွေရောင်လေးက နှလုံးသားထဲကနေ သက်ပြင်းချလိုက်သည်။
အကယ်၍ ဤကျင့်ကြံသူသာ သူ့ဂျူနီယာ၏ တစ်ဝက်လောက် ဉာဏ်ရည် ထက်မြက်ခဲ့လျှင် ယနေ့ ဤကံကြမ္မာ၌ ကျဆုံးသွားလိမ့်မည် မဟုတ်ပေ။
ငွေရောင်လေးက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
သူ့မျက်တောင်က အရမ်းရှည်ပြီး ကော့ညွှတ်နေ၍ လူအများက သူ့ကို မိန်းကလေးဟု ထင်မြင်ကြသည်။
ထိုခဏဝယ် ငွေရောင်လေး၏ ရှည်လျားသော ငွေရောင်ဆံပင်များ ပေါ်တွင် အလင်းရောင်များ တောက်ပလာပြီး သူဝတ်ထားသည့် ရှပ်အင်္ကျီအဖြူနှင့် အလွန်ပင် လိုက်ဖက်နေ၏။
အဝေးမှကြည့်လျှင် သူတော်စင် တစ်ယောက်လိုပင်။
ထိုအခိုက်တွင် ငွေရောင်လေးက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ ကျင့်ကြံသူ နှစ်ဦးရှေ့တွင် သူ၏ အော်ရာကို ထုတ်လွှတ်လိုက်သည်။
စန်းလန်က မယုံကြည်နိုင်စွာဖြင့် သူ့မျက်လုံးများကို ပွတ်သပ်ခဲ့၏။
သူ့အမူအရာက ဤအော်ရာကြောင့် အလျင်အမြန် ပြောင်းလဲသွားသည်။
"သတိထားပါ ဂျူနီယာ"
ဝိညာဉ်ရေးဖိအားက သူတို့၏ ဦးခေါင်းများကို တိုက်ရိုက် ထိုးဖောက်ရန် ကောင်းကင်မှ ကျလာသော မှော်ဓားကြီးနှင့် တူသည်။
ဤညီအစ်ကိုများက ၎င်းတို့၏ ချီ နှင့် သွေးများ ပွက်ပွက်ဆူလာမှုကို မခံနိုင်တော့ပေ။
အနည်းငယ် ပျော့ညံ့ အားနည်းသော ဂျူနီယာ ဟန်အိုက်က သွေးတစ်လုတ်ကို တိုက်ရိုက် အန်ထုတ်ခဲ့ရသည်။
"စီနီယာစန်းလန် ကယ်ပါဦး"
စန်းလန်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။
သူ၏ အတွေ့အကြုံအရ အစွမ်းထက်ဆုံး တိုက်ကွက်ကို မဖော်ဆောင်မီတွင် ပြင်းထန်သော ဝိညာဉ်ရေးဆိုင်ရာ ဖိအားတစ်ခု ဦးစွာ ကျဆင်းလာတတ်သည်။
သူ့စကားကိုကြားလျှင် ငွေရောင်လေးက ဆွံအသွား၏။
ဒါက ဘာမှမဟုတ်သေးပေ။
ဆိုရလျှင် သူက သူ၏ ချီကို နှစ်ဆယ်ရာခိုင်နှုန်းပင် မထုတ်ရသေးပေ။
"မင်းတို့နှစ်ယောက်လုံးက ငါ့ရဲ့ အစွမ်းထက်ဆုံး တိုက်ကွက်နဲ့ မထိုက်တန်ပါဘူး"
ငွေရောင်လေးက စိတ်ပျက်လက်ပျက်ရေရွတ်လိုက်သည်။
ဤတိုက်ပွဲက ပျင်းစရာကောင်းလွန်းနေ၏။
ယနေ့ခေတ်တွင် သူ၏ မူလစိတ်ဝိညာဉ်နယ်ပယ်ကို တွန်းလှန်နိုင်သည့်လူ နည်းပါးလွန်းလှသည်။
ထို့ကြောင့် ငွေရောင်လေးအတွက် ယခုအချိန်အထိ ဝမ်လင်းနှင့် တိုက်ပွဲက သူ့မှတ်ဉာဏ်ထဲတွင် ဆန်းသစ်နေဆဲပင်။
ထိုတိုက်ပွဲတွင် အနှစ်ရှစ်ထောင် နေထိုင်ခဲ့သည့်သူက ဖိနှိပ်ချုပ်ချယ်မှုကို သိသိသာသာ ခံစားခဲ့ရ၏။
သူတော်စင် သားရဲများက လူသားတို့အား မည်သည့်အခါမျှ လွယ်လွယ် အလျော့မပေးတတ်ကြသော်လည်း ထိုတိုက်ပွဲကြောင့်ပင် ငွေရောင်လေးက ဝမ်လင်းကို ရွေးချယ်ခဲ့ခြင်းပင်။
"ကဲ အဆုံးသတ်လိုက်တော့မယ်"
ထိုသို့ တွေးမိသည်နှင့် ငွေရောင်လေး၏ အမူအရာက ခိုင်မြဲလာခဲ့သည်။
ဤလူနှစ်ယောက်နှင့် ဆက်ကစားရန် သူ့တွင် အစီအစဉ်မရှိပေ။
ထို့နောက်တွင် သူက မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
လေထုထဲတွင် ဝိညာဉ်ရေးရာ ဖိအားများ ရုတ်တရက် တိုးလာပြီး ငွေရောင်လေးထံကနေ ပြင်းထန်သော စွမ်းအင် လှိုင်းလုံးကြီး ထွက်ပေါ်လာသည်။
မြေပြင်က ကွဲထွက်သွားပြီး အုတ်ခဲများကလည်း အဆီးအတား မရှိ လွင့်ပျံနေ၏။
ဖိအားများ ဆက်လက် တိုးလာသည်နှင့်အမျှ ငွေရောင်လေး၏ မျက်ခုံးကြားတွင် ငွေရောင်သင်္ကေတ တစ်ခု ပေါ်လာသည်။
"ခြေသလုံး အိမ်တိုင် အင်မော်တယ် အမှတ်အသားပါလား"
ညီအကိုနှစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် စန်းလန် ရေချိုးထားသလို ချွေးများရွှဲနစ်နေ၏။
အခြေအနေက သူ့မျှော်လင့်ချက်နှင့် လုံးလုံးလျားလျား ဆန့်ကျင်နေသည်။
ရိုးသားစွာပြောရလျှင် မာစတာဘောလုံးကို တစ်ဖက်လူ ဖမ်းမိကတည်းက တစ်ခုခုမှားနေပြီဟု သူခံစားမိနေပြီ ဖြစ်သည်။
သူက ဂျူနီယာဟန်အိုက် စကားကို စောစောထဲက နားထောင်သင့်ခဲ့၏။
စိတ်ဝိညာဉ် အမှတ်အသားက တကယ်ကို လက်ဆော့ထားခြင်းမျိုး ဖြစ်ကောင်း ဖြစ်နေနိုင်သည် မဟုတ်ပါလော။