← Chapters

နောက်တစ်ကြိမ် ဖမ်းဆီးခံရသော ငွေရောင်လေး

Vol. 27 Ch. 403

နောက်တစ်ကြိမ် ဖမ်းဆီးခံရသော ငွေရောင်လေး

Vol. 27 Ch. 403

ဤတိုက်ပွဲသည် အလွန် ပျင်းရိဖွယ် ကောင်းသော်လည်း ငွေရောင်လေး အနေဖြင့် သူ၏ ပြိုင်ဘက်များကို အနိုင်ယူရန် ငါးမိနစ်သာ ကြာခဲ့သည်။

အဆုံးသတ်တွင် နယ်ပယ်အဆင့်များကြား ကွာဟချက်ကို မှော်ရတနာများက မဖြည့်ဆည်းနိုင်သေးပေ။

တကယ်တမ်းတွင် ယင်းက ခေတ်သစ် ကျင့်ကြံသူ အတော်များများ၏ အမှားတစ်ခုဖြစ်သည်။

၎င်းတို့က ၎င်းတို့၏ မှော်ရတနာ အစွမ်းထက်သ၍ ရန်ပွဲတစ်ခုတွင် ပြိုင်ဘက်များကို အခက်တွေ့အောင် လုပ်နိုင်မည်ဟု ထင်ခဲ့၏။

သို့သော် အမှန်တရားမှာ ၎င်းတို့၏ နယ်ပယ်အဆင့်က မမြင့်မားလျှင် မှော်ရတနာက မည်မျှပင် အစွမ်းထက်နေပါစေ၊ စွမ်းဆောင်ရည်၏ ဆယ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ် ရာခိုင်နှုန်းကိုပင် ထုတ်လွှတ်ရန်ပင် ခက်ခဲမည် ဖြစ်သည်။

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ ကျင့်ကြံသူ နှစ်ဦးကို အောင်မြင်စွာ သတ်ဖြတ်ပြီးနောက်တွင် ငွေရောင်လေးက ကိစ္စပြေလည်သွားပြီ ဖြစ်ကြောင်း ရှင်းပြရန် ချက်ဂရုသို့ မက်ဆေ့ချ်ပေးပို့ခဲ့သည်။

တစ်စက္ကန့်အကြာတွင် ဓမ္မရာဂျာက ပြန်ဖြေခဲ့သည်။

"အရမ်းမြန်လွန်းတယ်"

စခရင်ရှေ့မှ ဖန့်ရှင်းက ထိုမက်ဆေ့ချ်ကို မြင်လျှင် မရယ်ဘဲမနေနိုင်တော့ပေ။

"ဒါက သူ့အတွက် ပါးပါးလေးပဲလေ"

ဤသည်က မူလစိတ်ဝိညာဉ်နယ်ပယ်ကို ထုတ်လွှတ်နိုင်သော သူတော်စင် သားရဲ ဖြစ်သည်။

ငွေရောင်လေးကို တိုက်ခိုက်နိုင်သောသူမှာ ဝမ်လင်းမှလွဲလျှင် ချက်ဂရုထဲတွင် သူက တစ်ဦးတည်းသောလူ ဖြစ်ကြောင်း ဖန့်ရှင်း ခံစားခဲ့ရသည်။

သို့သော် ခြားနားချက်မှာ ဝမ်လင်းက ပေါ့ပေါ့ပါးပါးသာ လုပ်ဆောင်ရန် လိုအပ်သော်လည်း သူကမူ "အဖြူရောင်ညစွမ်းရည်" နှင့် "အင်မော်တယ်အသွင်ယူ" စွမ်းရည်ဟူသော စွမ်းရည်နှစ်မျိုးကို အသုံးပြုရမည် ဖြစ်သည်။

ထိုစဉ်က အင်မော်တယ်စံအိမ်သခင် နှင့် တိုက်ရာတွင် ထိုစွမ်းရည်ကို သူသုံးခဲ့ဖူးသည်။

"ငွေရောင်လေး.. အလောင်းတွေကို ရှင်းဖို့မမေ့နဲ့.. သဲလွန်စမကျန်ခဲ့အောင် သေသေသပ်သပ်လေး လုပ်ဦး"

ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေးကို သီးသန့်မက်ဆေ့ချ် ပေးပို့ခဲ့သည်။

ငွေရောင်လေးက ခေါင်းညိတ်လိုက်ပြီး ခါးထောက်လိုက်၏။

သူ့မျက်နှာပေါ်တွင် အလွန် သက်တောင့်သက်သာ ရှိသောအမူအရာ ဖြစ်ပေါ်နေသည်။

"ထွီး.. ထွီး.."

အသံနှစ်သံနှင့်အတူ သူက အလောင်းနှစ်လောင်းကို တံတွေးနှင့် ထွေးလိုက်သည်။

ငွေရောင်လေး၏ တံတွေးတွင် အစွမ်းထက်သော အက်စစ်ဓာတ်ပါရှိ၏။

ယင်းက အလောင်းကောင် ပျော်ရည်လည်း ဖြစ်သည်။

လူသေ အလောင်းများက ချက်ချင်းပင် ပျော်ကျသွား၏။

ထို့ကြောင့် ဤအလောင်းနှစ်လောင်းကို စွန့်ပစ်ခြင်းသည် ငွေရောင်လေး အတွက် လုံးဝ အခက်အခဲမရှိပေ။

ထို့အပြင ဤနေရာတစ်ဝိုက်တွင် ထောက်လှမ်းရေး ကင်မရာများ မရှိသောကြောင့် သူက နောက်ဆက်တွဲ ဖြစ်လာနိုင်သည့်ပြဿနာကို ပြီးပြည့်စုံစွာ ကိုင်တွယ် ဖြေရှင်းခဲ့သည်ဟု ဆိုနိုင်သည်။

ငွေရောင်လေးက လက်နှစ်ဖက်ကို ဖုန်ခါ၍ အဆောက်အဦးထဲမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် အနီးနားရှိ လမ်းများမှ ရဲကားများ၏ ဥသြဆွဲသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

ငွေရောင်လေးအတွက် ထွက်သွားဖို့က အရမ်း နောက်ကျသွားပြီ ဖြစ်သည်။

ရဲကားများစွာက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲသို့ အရှိန်မြှင့်၍ ဝင်လာပြီး ပတ်ပတ်စလည်ကို ဝိုင်းရံထားခဲ့သည်။

သိပ်မကြာခင် ဓာတ်မီးမှ အလင်းတန်း တစ်ဒါဇင်က သူ့မျက်နှာကို စူးစူးရဲရဲ ကျရောက်လာ၍ အလင်းတန်းများကို ပိတ်ဆို့ရန် သူ့လက်ဖြင့် ကာထားလိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ"

ဤနေရာကို ရဲများက အဘယ်ကြောင့် သတိပြုမိသွားမှန်း ငွေရောင်လေး လုံးဝမသိခဲ့ပေ။

သူက အနီးနားတွင် မည်သူမျှမရှိကြောင်း သေချာစေရန် အလွန် သတိထားခဲ့သည်။

ရဲကားထဲမှ ခေါင်းဆောင် တစ်ယောက် ထွက်လာသည်။

ရုံးဝန်ထမ်း တစ်ယောက်လို ၀တ်စားထားသည့် လူငယ်တစ်ယောက်က ထိုခေါင်းဆောင်၏ နောက်တွင် တုန်တုန်ယင်ယင် ဖြစ်နေသည်။

ခေါင်းဆောင်က လူငယ်လေး၏ ပုခုံးကို ပုတ်လိုက်သည်။

"မကြောက်နဲ့.. မင်းမြင်ခဲ့တဲ့အတိုင်း ပြောပြပါ"

ငွေရောင်လေးက ချက်ချင်းပင် ချွေးများ ထွက်စပြုလာသည်။

သူတိုက်ခိုက်နေသည်ကို တစ်စုံတစ်ယောက်က မြင်တွေ့သွားမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အကယ်၍သာ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှကျင့်ကြံသူ နှစ်ယောက်အား သတ်ပစ်လိုက်သည်ကို တစ်ယောက်ယောက်က မြင်သွားခဲ့လျှင်....

ငွေရောင်လေးက သူ့လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး မျက်နှာပေါ်တွင် အပြစ်ကင်းသော အမူအရာတစ်ခုကို ဆင်မြန်းလိုက်သည်။

"ဦးရဲကြီး ငါဘာမှ မဟုတ်တာ မလုပ်ပါဘူး"

အနီးနားတွင် စောင့်ကြည့်ကင်မရာများ ရှိမနေသည်ကို သူသိသည်။

အကယ်၍ ဤလူငယ်လေးသာ တစ်ခုခုကို အမှန်တကယ် မြင်ဖူးခဲ့လျှင် သူ့အနေဖြင့် ဘူးခံ၍ ငြင်းရုံသာ ရှိတော့၏။

[ဟုတ်သားပဲ.. ဥပဒေအရ ငါ့မှာ နှုတ်ဆိတ်နေပိုင်ခွင့်ရှိတယ်]

"အမှိုက်ကောင်"

ရုံးဝန်ထမ်းလူငယ်လေးက ငွေရောင်လေးကို လက်ညှိုးထိုးပြီး ဒေါသတကြီး ရေရွတ်လိုက်သည်။

သူ့မျက်လုံးများက ဖြောင့်မှန်သော ဒေါသကို ပြသနေသည်။

"............."

ဤလူငယ်လေး၏ လေသံက တစ်ခုခုကို သိနေသလိုပင်။

တကယ်သာ ထိုအတိုင်းဖြစ်ခဲ့လျှင် သူ့အတွက် မကောင်းနိုင်တော့ပေ။

ရဲအရာရှိ "ကောင်လေး.. စိတ်အေးအေးထားပြီး ဖြည်းဖြည်းပြောပါ"

"ကျနော်က ဒီဆောက်လုပ်ရေးရဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာပါ.. အလုပ်ပြီးလို့ ဒီကနေ ဖြတ်သွားတဲ့အခါ အထဲမှာ လှုပ်ရှားမှုတစ်ချို့ကို သတိထားမိခဲ့တယ်"

လူငယ်က မျက်မှန်ကို ပင့်တင်လိုက်ပြီး ငွေရောင်လေးကို ညွှန်ပြလိုက်သည်။

"ကျနော်ကြည့်လိုက်တော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ အုတ်ခဲတွေ အားလုံးက လေထဲမှာ လွင့်မျောနေတယ်"

"............"

ထိုစကားများကို ကြားလျှင် အခြေအနေ မကောင်းတော့ဟု ငွေရောင်လေးက တိတ်တဆိတ် တွေးလိုက်မိသည်။

လူငယ်က တစ်စုံတစ်ခုကို အမှန်တကယ် မြင်ဖူးသူ ဖြစ်ကောင်း ဖြစ်နိုင်သည်။

"နောက်တော့ ဒီလူက ယုတ်မာတဲ့အပြုအမူကို လုပ်ခဲ့တယ်..."

လူငယ်က ဒေါသတကြီးဖြင့် တုန်တုန်ယင်ယင် ပြောနေ၏။

"သူက တံတွေးကို တမင်တကာ ထွေးနေတာ ငါသေချာ တွေ့လိုက်ရတယ်"

ငွေရောင်လေး "အမ်"

"နောက်ကျောကနေပဲ ငါ သူ့ကို မြင်လိုက်ရပေမဲ့ ငါ အမြင်လုံးဝ မမှားဘူး.. သူက တံတွေးကို ပစ်ခနဲ နှစ်ခါတောင် ထွေးလိုက်တယ်"

ငွေရောင်လေး "..........."

လူငယ်က ငွေရောင်လေး၏ အပြစ်များကို ရှင်းပြပြီးနောက်တွင် ရဲအရာရှိက ငွေရောင်လေးကို လေးနက်စွာ ကြည့်လိုက်သည်။

"မိန်းကလေး.. ညနက်ကြီး မင်းက ဒီဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဘာလုပ်နေတာလဲ"

ငွေရောင်လေး "ကျင့်ကြံနေတာလေ... ဒီမှာ ကျင့်ကြံတာ ဘာဖြစ်လို့လဲ"

မိန်းကလေး တစ်ယောက်က ဆောက်လက်စ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် ညသန်းခေါင်ယံ၌ ပေါ်လာသည်မှာ အမှန်တကယ်ပင် သမားရိုးကျ မဟုတ်ပေ။

"ဒီမှာကျင့်ကြံနေတာလား"

ရဲအရာရှိက မျက်မှောင်ကြုတ်သွားသည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းက တခြားသူရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဖျက်ဆီးတာကတော့ မဟုတ်သေးဘူး.. နောက်ပြီး မင်းက နေရာတကာ ဘာလို့ တံတွေးလိုက်ထွေးနေရတာလဲ... မင်းက အရမ်းလှတဲ့ မိန်းကလေး ဖြစ်ပြီး ဘာလို့ ဒီလောက်တောင် ယဉ်ကျေးမှု မရှိရတာလဲ.."

ငွေရောင်လေး "ငါကျင့်ကြံနေတဲ့အချိန်မှာ သွေးလေ ဖောက်ပြန်မှုကို ခံစားခဲ့ရတယ်.. ဒါကြောင့် ရင်တွင်း အပူဒဏ်ကို ဖယ်ရှားဖို့ တံတွေးထွေးလိုက်တာပဲ.. အဲဒါက တစ်ခုခု မှားနေလို့လား"

"............"

သက်သေလိုက်ခဲ့သည့် လူငယ်အပါအဝင် သူ့ပတ်ဝန်းကျင်ရှိ ရဲအရာရှိအားလုံးက အံ့အားသင့်သွားကြသည်။

မမျှော်လင့်ဘဲ ပြီးပြည့်စုံသော ဤတုံ့ပြန်မှုတွင် ဟာကွက်ကို ရှာမတွေ့နိုင်ခဲ့ပေ။

ရဲအရာရှိက အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး ငွေရောင်လေးကို လေးလေးနက်နက် ကြည့်လိုက်သည်။

"မိန်းမလှလေး.. မင်းက တံတွေးထွေးပြီး တခြားသူရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို တမင်တကာ ဖျက်စီးခဲ့တယ်..

ပြည်သူ့လုံခြုံရေး စီမံခန့်ခွဲရေး စည်းမျဉ်းတွေ အရ ငါတို့မင်းကို ဆယ့်ငါးရက်ကြာ ထိန်းသိမ်းဖို့ လိုအပ်တယ်.. ကျေးဇူးပြုပြီး ငါတို့နဲ့လိုက်ခဲ့ပါ"

ငွေရောင်လေး "..............."

......................

ည ၇ နာရီတွင်...

အန်းနင်းခရိုင် ကျင့်ကြံခြင်း ရဲစခန်း၊ စုန့်ဟိုင်မြို့။

ငွေရောင်လေးက သူ၏ ထွက်ဆိုချက်ကို လက်ခံရန် ပြင်ဆင်နေသည့် ရဲအရာရှိတစ်ဦး၏ ရှေ့တွင် လက်ထိတ်ခတ်လျက်သားဖြင့် ရှိနေသည်။

ရဲအရာရှိ နှစ်ယောက်က တံခါးကို တွန်းဖွင့်ပြီး ဝင်မလာခင်ထိ ဆယ်မိနစ်ခန့် စောပြီး စစ်ကြောရေး အခန်းထဲကို သူရောက်နေခဲ့သည်။

အခန်းထဲကို ဝင်လာသည့် ရဲအရာရှိက ငွေရောင်လေးကို

တွေ့သောအခါ ထိတ်လန့်တကြား ဖြစ်သွားသည်။

ရဲအရာရှိ၏ ပါးစပ်ထောင့်များက လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

"မင်းပဲ ဘာလို့ ထပ်ဖြစ်နေရတာလဲ"

"............."

ငွေရောင်လေးက ဤနေရာတွင် အသိအကျွမ်းဟောင်းနှင့်တွေ့ဆုံလိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ခဲ့ပေ။

သူက အရင်တစ်ကြိမ်ထဲက ဤရဲအရာရှိ၏အမည်ကို အထူးမှတ်မိနေခဲ့သည်။

ထိုရဲအရာရှိ၏နာမည်က ကောင်းထျန်းဖြစ်ပြီး အရာရှိကောင်းဟုလည်း ခေါ်၏။

ရဲအရာရှိ နှစ်ဦးက ထိုင်ခုံတွင် နေရာယူပြီး နောက်တွင် စစ်ဆေးမေးမြန်းရန် အတွက် တာဝန်ရှိ အရာရှိက မေးခွန်းထုတ်လိုက်၏။

"နာမည်"

"ငွေရောင်လေး"

"မင်းနာမည်အရင်းကို ငါမေးနေတာဟ.."

သူ့ဘေးမှ အရာရှိကောင်းက ချွေးပြန်လာသည်။

"သူ့နာမည်က တကယ်ပဲ ငွေရောင်လေးပါ.. သူအရင်က ဒီကိုရောက်ဖူးတယ်"

ငွေရောင်လေးက သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

"ဘယ်နေရာမှာမဆို အသိမိတ်ဆွေ ရှိတာက တကယ်ကို အဆင်ပြေတာပဲ.."

ရဲအရာရှိ နှစ်ယောက် "...........…"

အရာရှိကောင်း၏ ပါးစပ်ထောင့်များ တလှုပ်လှုပ် ဖြစ်သွားသည်။

"ငါ့ကို ဖားဖို့ မကြိုးစားနဲ့... ပြောစမ်း.. မင်း တခြားသူရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဘာလို့ တံတွေးလိုက်ထွေးနေတာလဲ"

ကောင်းထျန်းကို စိုက်ကြည့်နေရင်း ငွေရောင်လေးက စနောက်ချင်စိတ်ပေါ်လာသည်။

"မင်းကိုလွမ်းလို့ပေါ့"

အရာရှိကောင်း ".........."

သူ့ဘေးနားမှ ရဲအရာရှိ

[ဒီကောင်က စစ်ကြောရေး အတွေ့အကြုံများတဲ့ပုံပဲ.. ငါတို့တော့ သူကစားတာခံနေရပြီ]

All Chapters