ဘာအမွေးလဲ
Vol. 27 Ch. 404
ထို့ကြောင့် သန်းခေါင်ကျော် အချိန်တွင် ဗုံးပစ်စီနီယာအင်မော်တယ်က ငွေရောင်လေးကို အာမခံပေးရန် ရဲစခန်းသို့ သွားခဲ့သည်။
မော့အင်မော်တယ် ရဲတိုက်မှ ထွက်လာပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်၏ အိမ်ထိန်းအဖြစ် တာဝန် ထမ်းဆောင်နေသည့် စုန့်ချင်းရှုက ရဲစခန်း ဝင်ပေါက် အပြင်ဘက်တွင် သူမောင်းနှင်နေသည့် အနက်ရောင်ကားကို ရပ်တန့်လိုက်သည်။
တကယ်တမ်းတွင် စုန့်ချင်းရှုက ရဲစခန်း အကြောင်းကို ဗုံးပစ်စီနီယာ အင်မော်တယ်ထက် ပိုသိသည်။
သူက မော့အင်မော်တယ် ရဲတိုက်တွင် ရှိစဉ် သူ၏တာဝန်မှာနယ်ပယ် အသီးသီးတွင် ကွန်ယက်ဖြန့်ကျက်ပြီး ဆက်ဆံရေးအရာရှိအဖြစ် လုပ်ဆောင်ရန် ဖြစ်သည်။
ငွေရောင်လေးက ယခုမှ ဖမ်းဆီး ထိန်းသိမ်းခံထားရသောကြောင့် သာမန်အားဖြင့် အာမခံပေးရန် လုံးဝမဖြစ်နိုင်ပေ။
သို့သော် စုန့်ချင်းရှုက သူ၏ အဆက်အသွယ်များဖြင့် လုပ်ဆောင်နိုင်ခဲ့သည်။
သူက မော့အင်မော်တယ် ရဲတိုက်မှ ထွက်ခွာလာခဲ့သော်လည်း ဤ နှစ်များတစ်လျှောက်တွင် စုန့်ဟိုင်မြို့တစ်ခွင်ရှိ ဒေသခံအေဂျင်စီများတွင် သူလျှို အများအပြားကို မွေးမြူထားခဲ့သည်။
မော့အင်မော်တယ်ရဲတိုက် ပင်လျှင် ၎င်းတို့၏ တည်ရှိမှုကို သတိမထားမိခဲ့ပေ။
အရေးအကြီးဆုံး အချက်မှာ ၎င်းတို့၏ အခက်ခဲဆုံး အချိန်များတွင် စုန့်ချင်းရှုက ပံ့ပိုးကူညီပေးခဲ့ခြင်းပင်။
ထို့ကြောင့် သူက အခြေခံအားဖြင့် လူဆိုးတော့ မဟုတ်ပေ။
သို့မဟုတ်လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့နံဘေး၌ လူယုံအဖြစ် နေခွင့်ပြုမည် မဟုတ်ချေ။
ဗုံးပစ်စီနီယာ အင်မော်တယ် တစ်ယောက် ငွေရောင်လေးကိုရဲစခန်းမှ ထုတ်လာသော အချိန်တွင် ညသန်းခေါင်ကျော်နေပြီ ဖြစ်သည်။
ကားနောက်ခန်း တံခါးပွင့်လာပြီးနောက် ငွေရောင်လေးက ပင်ပန်းနွမ်းနယ်နေသော အမူအရာဖြင့် ကားထဲသို့ ဝင်သွားခဲ့၏။
[ဒီနေ့.. အရမ်းပင်ပန်းတာပဲ]
ပထမအချက်မှာ သူက ခေါက်ဆွဲခြောက်ကြွပ်ကြော် အထုပ် နှစ်ဆယ် အတွက် သူတော်စင် သားရဲသွေး မီလီလီတာ လေးထောင်ကို လူမဆန်စွာ လဲလှယ်ခဲ့ရသည်။
ထို့နောက် သူက အိမ်အပြန်လမ်းတွင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြန်သည်။
ထို့နောက်တွင် အင်ဂျင်နီယာလူငယ် ကောင်းမှုဖြင့် ရဲစခန်းကို နောက်တစ်ကြိမ် ရောက်သွားခဲ့၏။
[တစ်ရက်တည်းနဲ့ ဘာကြောင့် ဒီလောက်များပြားတဲ့ ကိစ္စတွေ ဖြစ်ပျက်ခဲ့တာလဲ]
ကားနောက်ခန်းရှိ ထိုင်ခုံတွင် လဲလျောင်းရင်း ငွေရောင်လေးက ဤကိစ္စကို ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်နေသည်။
ထို့နောက် အလွန် ပြင်းထန်သော ပြဿနာတစ်ခုကို သူသတိထားမိလိုက်၏။
အိမ်မှာနေလျှင် ဘာပြဿနာမှ မရှိသော်လည်း အပြင်ထွက်တိုင်း ဘေးဒုက္ခ ခံစားခဲ့ရသည်။
သူအပြင်ထွက်သည်နှင့် ဆေးရုံ မဟုတ်လျှင် ရဲစခန်းသို့ အလည်ရောက်တတ်၏။
"ဒီနှစ် ကံကြမ္မာနတ်ဘုရားကို ငါ သေချာပေါက် စိတ်ဆိုးစေခဲ့ပုံပဲ"
ငွေရောင်လေးက ရုတ်တရက် ကျယ်လောင်စွာ ညီးညူကာ ခေါင်းကို ခါယမ်းလိုက်သည်။
ထိုစကားကိုကြားလျှင် ရှေ့ခန်းရှိ ခရီးသည် ထိုင်ခုံတွင် ထိုင်နေသော ဗုံးပစ်စီနီယာ အင်မော်တယ်မှာ သွေးအန်လုနီးပါး ဖြစ်သွားရသည်။
[ကံကြမ္မာနတ်ဘုရားကို စော်ကားမိတယ်လား]
[ကံကြမ္မာနတ်ဘုရားက မင်းထက် ဘယ်လိုလုပ် အသက်ကြီးနိုင်မှာလဲ]
"စီနီယာအင်မော်တယ်.. မင်းက အမြဲတမ်း အားလပ်နေတာလား"
ထိုမေးခွန်းကို ထုတ်ပြီးနောက် ငွေရောင်လေးက သူ့မေးစေ့အောက်တွင် လက်နှစ်ဖက်ကို ယှက်၍ ထားလိုက်သည်။
"............."
ယာဉ်မောင်းဖြစ်သူ စုန့်ချင်းရှုက ဤမေးခွန်းကိုကြားလျှင် ဘရိတ်အုပ်မိလုနီးပါး ဖြစ်သွားသည်။
အင်မော်တယ်စံအိမ် ဖြိုခွဲမှုတွင် သူ မပါဝင်ခဲ့သဖြင့် ငွေရောင်လေး၏ သရုပ်မှန်ကို သူမသိခဲ့ပေ။
သို့သော် ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ်၏ အဝေးမှ ဆွေမျိုးထက် ပိုသည်ဟု သူခံစားမိသည်။
လက်ရှိ ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ကျော်ကြားလှသောကြောင့် ယေဘုယျအားဖြင့် သူ့ကို ဤကဲ့သို့ မယဉ်ကျေးသော မေးခွန်းမျိုး မေးဝံ့သူမရှိပေ။
ထို့အပြင် 'အဝေးမှဆွေမျိုး' ဟူသောအသုံးအနှုန်းသည် အမှန်တကယ်တွင် မရေမရာ ဖြစ်နေသည်။
ထို့ကြောင့် စုန့်ချင်းရှုက ငွေရောင်လေး၏ သရုပ်မှန်နှင့် ပတ်သက်ပြီး စိတ်ထဲတွင် အမြဲ သံသယ၀င်နေခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး၏မေးခွန်းကိုကြားသောအခါ နှုတ်ခမ်းထောင့်များ တုန်ယင်သွားသည်။
"ညီနောင်ငွေရောင်လေး မင်းဘာလို့ ဒီလိုပြောတာလဲ"
ငွေရောင်လေး
"ကြည့်လေ.. ငါ ဒုက္ခရောက်တိုင်း မင်းအခင်းဖြစ်ပွားရာကို ချက်ချင်း ပြေးလာလေ့ရှိတယ်.. မင်းအားလပ်မနေရင် ဘယ်လိုလုပ် လာနိုင်မှာလဲ.. မင်းငါ့ကို အရမ်း ဂရုစိုက်တယ်ဆိုတာ ငါသဘောပေါက်တယ်.. စောစောက ရဲစခန်းက ထွက်လာတော့ မင်းက ငါ့အဖေလားလို့ သူတို့တွေ သိချင်နေကြတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။
"ညီနောင်လင်းက မင်းကို ငါ့ဆီအပ်ထားလို့ပါ"
ထိုစကားက အမှန်တရားပင်၊ ထိုသို့ မဟုတ်လျှင် သူ့အနေဖြင့် ရဲစခန်းလိုနေရာကို သွားစရာအကြောင်း မရှိပေ။
ငွေရောင်လေး လန့်ဖျပ်သွားသည်။
"ဆရာလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေးကို လှည့်ကြည့်လိုက်သည်။
"မင်းက ဒီကမ္ဘာရဲ့ နည်းလမ်းတချို့ကို သိပ်မသိတဲ့ အတွက် မင်းရဲ့ အပြောအဆိုနဲ့ အပြုအမူတွေက နားလည်မှု လွဲမှားသွားနိုင်တဲ့ အချိန်တွေ ရှိတယ်လို့ ညီနောင်လင်းက ပြောခဲ့တယ်.. အထူးသဖြင့် ရဲစခန်းကို ရောက်နေချိန်မှာ ဆိတ်ဆိတ်နေနိုင်အောင် အစွမ်းကုန် ကြိုးစားပါ"
ငွေရောင်လေးက အံသြစွာ ကြည့်နေမိသည်။
"ဘာကြောင့်လဲ"
ရဲစခန်းမှ အရာရှိကောင်းက စစ်မေးရာတွင် အလွန်တော်သည်ဟု သူခံစားမိသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်"စဉ်းစားကြည့်လေ.. မင်းသာ ရဲစခန်းမှာ စကားမှားပြောမိရင် မင်းကို မူးယစ်ဆေးဝါးတွေ သုံးထားတယ် ထင်ပြီး သွေးစစ်ဖို့ ဆွဲခေါ်သွားနိုင်တယ်"
"ဒီလိုမျိုးလည်း ရှိသေးတယ်လား"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ စကားကို နားထောင်ပြီးနောက်ငွေရောင်လေးက သူ့အခြေအနေ မည်မျှ ပြင်းထန်သည်ကို ချက်ချင်း နားလည်သွားခဲ့သည်။
အကယ်၍ သူသာ သွေးစစ်ရန် အမှန်တကယ် ဆွဲခေါ်ခံရပြီး သူ၏ သူတော်စင် သားရဲသွေးကို စစ်ဆေးတွေ့ရှိခဲ့လျှင် အရာအားလုံး ပြီးဆုံးသွားပေမည်။
ထို့နောက် ကားထဲတွင် ခဏမျှ ငြိမ်သက်သွားခဲ့သည်။
သူတို့ နှစ်ယောက် ပြောစကားကို နားထောင်ပြီး စုန့်ချင်းရှုက အံ့သြနေ၏။
ဤအဖြစ်အပျက်က စီနီယာလင်းနှင့် ထပ်ပြီး ပတ်သက်လာပြန်သည်။
၎င်းက ငွေရောင်လေး အပေါ် စုန့်ချင်းရှု၏ အမြင်ကို အားဖြည့်ပေးခဲ့သည်။
စီနီယာလင်း နှင့် ပတ်သက်နေလျှင် ဤညီနောင် ငွေရောင်လေး၏ အထောက်အထားက မရိုးရှင်းလောက်ပေ။
ကားက ဇိမ်ခံအိမ်ကို ရောက်ခါနီးတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ထပ်ပြီး ပြောလိုက်သည်။
"စီနီယာလင်း အတွက် မင်းလုပ်စရာရှိတာကို တတ်နိုင်သမျှ ပြီးအောင်လုပ်ပါ"
ငွေရောင်လေး "ကောင်းပါပြီ..."
ဗုံးပစ်စီနီယာ အင်မော်တယ်က သွေးပေးခြင်း အကြောင်း ပြောနေမှန်း ငွေရောင်လေး သိသည်။
သူက ဆရာလေးလင်းကို သူတော်စင် သားရဲသွေး မီလီလီတာ ခြောက်ထောင် အကြွေးတင်နေသေးသည်။
ဗုံးပစ် စီနီယာအင်မော်တယ် "မင်းရဲ့ ခန္ဓာကိုယ်က တစ်နည်းနည်းနဲ့ နာကျင်နေရင် ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ကို စားဖို့ မမေ့နဲ့.. အဲဒါက အမြင့်ဆုံး အာနိသင်ကို ပေးလိမ့်မယ်.."
ငွေရောင်လေးက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်သည်။
"ဘာကိုဆိုလိုတာလဲ"
"ငါပြောတဲ့အတိုင်းပဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က သက်ပြင်းချလိုက်သည်။
"တစ်ထုပ်လောက် စားပြီးတာနဲ့ မင်းသိလာလိမ့်မယ်.. ဒါက မင်းကို စီနီယာလင်း ပေးတဲ့အရာပဲ... မှန်ပါတယ်.. မင်းငါ့ကို တစ်ထုပ်လောက် ပေးချင်တယ်ဆိုရင် ငါလုံးဝ ငြင်းဆန်မှာ မဟုတ်ဘူး"
ငွေရောင်လေးက ထိုစကားများကို လေးလေးနက်နက် တွေးတောရင်း ဝမ်မိသားစု အိမ်ငယ်လေးတွင် ယခင်က သူ့အား မွန်းစတား ဘောပင် ပြောခဲ့သည့် စကားများကို ပြန်သတိရမိသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ကျင့်ကြံခြင်း အသိုင်းအဝိုင်း၌ အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်၏။
သူ မမြင်ဖူးသော ရတနာတစ်ခုမျှ မရှိပေ။
သို့ဆိုလျှင် ခေါက်ဆွဲခြောက် ကြွပ်ကြော် တစ်ထုပ်လောက်ကို သူ အဘယ်ကြောင့် တွယ်ကပ်နေရပါသနည်း။
ဆရာလေးလင်း ပေးသော ခေါက်ဆွဲခြောက် ကြွပ်ကြော်များက အမှန်တကယ်ပင် မှော်ဆန်သော အာနိသင်များ ရှိနေပါသလော။
ငွေရောင်လေး၏ စိတ်က လုံးဝ မယုံကြည်မှုကနေ ဒွိဟဖြစ်သည့် အခြေအနေသို့ ပြောင်းလဲသွားသည်။
"စီနီယာက ခေါက်ဆွဲခြောက်ကြွပ်ကြော် စားရတာ ကြိုက်လို့လား"
ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပခုံးကို လက်ဖြင့် ပုတ်၍ ရယ်လိုက်သည်။
ဗုံးပစ် စီနီယာအင်မော်တယ်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားသည်။
"..........."
ငွေရောင်လေး "ဒါဆို စီနီယာကို ငါတစ်ထုပ်ပေးမယ်.. ဘာပဲဖြစ်ဖြစ် ငါက စီနီယာ အင်မော်တယ်ကို အလုပ်ရှုပ်စေခဲ့တော့ တောင်းပန်တဲ့အနေနဲ့ပေါ့"
ဗုံးပစ်စီနီယာ အင်မော်တယ် "တကယ်ကြီးလား"
"ဟုတ်ပါတယ်.. ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာလေးတွေတော့ ရှိတယ်."
ငွေရောင်လေးက ပြောလိုက်သည်။
"ဒီညတော့ အင်မော်တယ် တောင်ပေါ်က နှင်းကြာပန်းနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်တစ်ခွက်ကို ဖျော်ပေးဖို့ စီနီယာအင်မော်တယ်ကို ဒုက္ခပေးရတော့မှာပဲ.."
"သက်တမ်း ခြောက်ရာကျော်တဲ့ နှင်းကြာပန်းကိုပဲ အသုံးပြုပေးပါ.. လက်ဖက်ရည်ကို မစစ်ထုတ်ခင်မှာ ဝိညာဉ်ရေနဲ့ ကျိုပြီး နှစ်ရာ့သုံးဆယ်သုံး စက္ကန့်အထိ ရေတွက်ဖို့ မမေ့နဲ့ဦး.. အဲဒါမှ လက်ဖက်ရည်ရဲ့ အမွှေးနံ့ကို အမြင့်ဆုံးရလိမ့်မယ်"
စုန့်ချင်းရှုက ချွေးများ ရွှဲနစ်လာသည်။
နှစ်ခြောက်ရာသက်တမ်းရှိ အင်မော်တယ် နှင်းကြာပန်း...
၎င်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဇိမ်ခံအိမ်တွင် ဈေးအကြီးဆုံး လက်ဖက်ရည်ဖြစ်ပြီး တန်ဖိုးမှာ တုနှိုင်း၍ပင် မရနိုင်ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ် ကိုယ်တိုင်ပင် သာမာန်အားဖြင့် မသောက်ဖြစ်ချေ။
သို့သော် စုန့်ချင်းရှု ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်။
ဗုံးပစ်စီနီယာအင်မော်တယ်က သွားများကို အံကြိတ်၍ ပြောလိုက်သည်။
"ငါသဘောတူတယ်"
ငွေရောင်လေးက သူ့ခြေထောက်များကို ဆန့်ထုတ်၍ အလွန်ကျေနပ်စွာ ထိုင်နေခဲ့သည်။
"ညဘက်ဆို ငါ့ပခုံးတွေကို နှိပ်နယ်ပေးဖို့ စီနီယာ အင်မော်တယ်ကို ဒုက္ခပေးရဦးမယ်.. အဆင်ပြေလား"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပါးစပ်ထောင့်များ တလှုပ်လှုပ် ဖြစ်သွားပြန်သည်။
"ပြေ.. ပြေပါတယ်"
သူ့အသံက တဆတ်ဆတ် တုန်ယင်နေ၏။
စုန့်ချင်းရှုက ဆွံ့အသွားသည်။
[ဒါက ဘယ်လိုမျိုး ဆွေမျိုးလဲဟ]
[ဒါက သခင်လေးကို ပြုစုနေတာနဲ့ တူမနေဘူးလား]
ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ် အလွယ်တကူသဘောတူမည်ဟု မမျှော်လင့်ခဲ့ပေ။
သူက ရုတ်တရက် ရေမချိုးတာ ကြာပြီကို သတိထားမိလိုက်သည်။
သူကဲ့သို့ သူတော်စင် သားရဲအတွက် လူအသွင်ဖြင့် ရေချိုးခြင်းသည် သန့်စင်ရန် အလုပ် မဖြစ်သောကြောင့် ရေချိုးမည် ဆိုလျှင် သားရဲ အသွင်သို့ ပြန်လည် ပြောင်းလဲရမည် ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့တောင်းဆိုမှု အားလုံးကို လိုက်လျောနေသောကြောင့် ငွေရောင်လေးက ထပ်မံ တောင်းဆိုလိုက်သည်။
"နောက်ဆုံးတောင်းဆိုမှုပဲ.. ရေချိုးတဲ့အခါကျရင် စီနီယာ အင်မော်တယ်က ငါ့ အမွေးတွေကို တိုက်ချွတ်ပေးပါ..."
ဗုံးပစ်စီနီယာအင်မော်တယ် "..........."
စုန့်ချင်းရှုပါ တိုက်ရိုက် ထိတ်လန့်သွားသည်။
[လခွမ်း.. ဟိုအမွေးပါ တိုက်ချွတ်ပေးရမှာလား]