အဖိုးအိုတစ်ယောက် ရှိနေတာလား
Vol. 27 Ch. 405
ဇူလိုင် ၉ ရက် တနင်္ဂနွေနေ့။
နံနက်ခင်းတစ်ခုတွင် ဓားတစ်လက်ကို လွယ်ပိုးထားသည့် အဖြူရောင်ဆံပင်ရှည်နှင့် လူငယ်တစ်ဦးက ဝမ်မိသားစု အိမ်ငယ်လေး၏ တံခါးဝတွင် ပေါ်လာသည်။
အင်မော်တယ်ရတနာအိမ် အကြောင်း သတင်းရပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က တစ်ညလုံး စိတ်လှုပ်ရှားနေခဲ့သည်။
သူက ရဲစခန်းကနေ ငွေရောင်လေးကို သွားထုတ်ခဲ့ပြီးနောက်တွင် ထိုအကြောင်းကိုသာ တွေးနေခဲ့သည်။
ကျင့်ကြံခြင်း အဝန်းအဝိုင်းရှိ လူတိုင်းအတွက် အင်မော်တယ်ရတနာအိမ်သည် အင်မော်တယ်ကျန်းရွမ် ချန်ထားခဲ့သော လျှို့ဝှက်ဆန်းကြယ် စည်းစိမ်ဥစ္စာ ရတနာသိုက် ဖြစ်သည်။
ယင်းက ကျင့်ကြံသူတိုင်း ရူးသွပ်စွာ လိုက်ရှာနေသည့် ရတနာဖြစ်သည်ဟု ပြောဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
အင်မော်တယ်ရတနာအိမ်နှင့် ပတ်သက်ပြီး ပြည်တွင်းရော ပြည်ပမှာပါ ကျင့်ကြံသူများက သဲလွန်စများကို ရှာဖွေနေကြသည်။
ဤသည်မှာ အင်မော်တယ်အရှင်မြတ် ချန်ရစ်ခဲ့သော စည်းစိမ်ဥစ္စာဖြစ်၍ လူတိုင်းက ငမ်းငမ်းတက် လိုချင်ခဲ့ကြသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က အိမ်ငယ်လေး၏ တံခါးဝတွင် အစိမ်းရင့်ရင့် အသွင်သဏ္ဍာန် တစ်ခုကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် ထွင်ထျန်းဟာက အိမ်ငယ်လေး၏ တံခါးဝတွင် တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ကောင်းကင်မျက်လုံးဖြင့် ကြည့်လိုက်ရာ ထွင်ထျန်းဟာ၏ ခန္ဓာကိုယ် အတွင်း၌ ပြင်းထန်ပြီး အဆုံးမရှိသော ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့နေသည်ကို မြင်တွေ့ခဲ့ရသည်။
ထွင်ထျန်းဟာ၏ အော်ရာက လွန်ခဲ့သည့် ရက်အနည်းငယ်ကနှင့် လုံးဝကွဲပြားနေသည်မှာ သိသာထင်ရှားနေ၏။
အော်ရာက အရာအားလုံး အသက်ဝင်လာသည့် နွေဦးရာသီနှင့် တူသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။
သူတော်စင် သားရဲသွေးဖြင့် စိမ်ခြင်းက အမှန်တကယ်ပင် ဤမျှကြီးမားသော ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့သည်။
ညီနောင်လင်းက အဆုံးသတ်တွင် ညီနောင်လင်းသာ ဖြစ်ခဲ့သည်။
သူ့လုပ်ဆောင်မှုများက အမြဲလိုလို ထက်မြက်၏။
သူတော်စင် သားရဲ၏ သွေးက အမှန်တကယ်ပင် သက်ရောက်မှု ရှိခဲ့သည်။
ဗုံးပစ် စီနီယာအင်မော်တယ်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
၎င်းကို ယနေ့ခေတ် ကျင့်ကြံခြင်းသိပ္ပံ သင်တန်းကျောင်းများအတွက် သုတေသန ခေါင်းစဉ်တစ်ခု၌ပင် ထည့်သွင်းနိုင်သည်ဟု သူခံစားခဲ့ရသည်။
"နယ်ပယ်အဆင့်အတွင်း အသွင်ကူးပြောင်းမှု ဖြစ်စဥ်အပေါ် စိတ်နှင့် ခန္ဓာကိုယ်အကြား ဆက်စပ်မှု အတိုင်းအတာ၏ သက်ရောက်မှု"
ဤအကြောင်းအရာကို ယနေ့တိုင် ပြင်းပြင်းထန်ထန် လေ့လာနေဆဲ ဖြစ်သည်။
ဤငြိမ်းချမ်းရေး ခေတ်မတိုင်မီ ရှေးကာလတွင် ခန္ဓာကိုယ် အပိုင်စီးသည့် စွမ်းရည်က ကျင့်ကြံခြင်း ကမ္ဘာတွင် ပျံ့နှံ့ခဲ့သည်။
ထိုခေတ်တွင် ငယ်ရွယ်သော ကျင့်ကြံသူများကို ရှာဖွေ ရွေးချယ်ကာ ၎င်းတို့၏ ဝိညာဉ်များကို ငြိမ်းသတ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို အပိုင်စီးသော အစွမ်းထက် ကျင့်ကြံသူ အချို့ ရှိခဲ့သည်။
သို့သော် ခန္ဓာကိုယ် အပိုင်စီးခြင်း စွမ်းရည်တွင် ကန့်သတ်ချက်များစွာ ရှိခဲ့သည်။
၎င်းတို့ထဲရှိ အခက်ခဲဆုံး အရာများထဲမှ တစ်ခုမှာ ဝိညာဉ်နှင့် ခန္ဓာကိုယ်အကြား ဆက်နွှယ် ပတ်သက်မှု ဖြစ်၏။
လူပြိန်းနားလည်အောင် ပြောရလျှင် ခန္ဓာကိုယ် အပိုင်စီး စွမ်းရည်ကို သုံးလျှင် ခန္ဓာကိုယ်နှင့်ဝိညာဥ် လိုက်ဖက်ညီမှုရှိရန် အာရုံစိုက်ရမည် ဖြစ်သည်။
ဟုတ်ပါသည်။ လက်ရှိ ဝိညာဉ်စွမ်းအင် သတင်း အချက်အလက်ခေတ်တွင်မူ ခန္ဓာကိုယ် အပိုင်စီးစွမ်းရည်ကို တားမြစ်စွမ်းရည် အဖြစ် သတ်မှတ်ထားခဲ့သည်။
သို့သော် ထိုစွမ်းရည်ကို သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ နယ်ပယ်များတွင်မူ အသုံးပြုခွင့် ပေးထား၏။
နှစ်စဉ်နှစ်တိုင်း ကုသ၍မရသော အခြေအနေဖြင့် သေဆုံးကြသူများ ရှိကြပြီး ထိုအထဲမှ တချို့မှာ ၎င်းတို့၏ ခန္ဓာကိုယ်များကို လှူဒါန်းကြလေ့ရှိသည်။
ဤအလောင်းများကို ခန္ဓာကိုယ် အပိုင်စီး စွမ်းရည် သုတေသန အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။
ထိုစွမ်းရည်က အန္တရာယ် အလွန်များ၏။
လက်ရှိလုပ်ဆောင်နေဆဲ ဖြစ်သော သုတေသနက အန္တရာယ်ကို အတတ်နိုင်ဆုံး လျှော့ချရန် သို့မဟုတ် လုံးဝ ဖယ်ထုတ်နိုင်ရန် ဖြစ်သည်။
ခန္ဓာကိုယ် အပိုင်စီး စွမ်းရည်ကို အသုံးပြုလျှင် စိတ်နှင့် ခန္ဓာကိုယ်အကြား သဟဇာတ မဖြစ်သည့် ပြဿနာကို ရင်ဆိုင်ရမည် ဖြစ်၏။
ဤအခက်အခဲကိုသာ ဖြေရှင်းနိုင်ခဲ့လျှင် လူသားမျိုးနွယ် အတွက် ထူးထူးခြားခြား အကျိုးပြုမည် မဟုတ်ပါလား။
သေခါနီးလူများတွင် လက်ခံမည့် ခန္ဓာကိုယ်ရှိသ၍ ဤစွမ်းရည်ကို အသုံးပြု၍ ရနိုင်မည် ဖြစ်သည်။
ထွင်ထျန်းဟာကမူ နတ်ဆိုးဘုရင်၏ ဝိညာဉ်ကို သာမန် အာကီတာ ခွေးတစ်ကောင်၏ ခန္ဓာကိုယ်နှင့် ဤမျှ အတိုင်းအတာအထိ ပေါင်းစပ်နိုင်ခဲ့သည်။
...............
အိမ်ရှေ့တံခါးတွင် ခဏစောင့်ပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ထွင်ထျန်းဟာ၏ နောက်ထပ် ပြောင်းလဲမှုများကို တွေ့ရှိခဲ့သည်။
ထွင်ထျန်းဟာ၏ ခန္ဓာကိုယ်ကို အပြာရောင် ဝိညာဉ် အလင်း တစ်ခုက ဖုံးအုပ်ထားသည်အား သူသတိပြုမိသည်။
အပြာရောင် ဝိညာဉ်အလင်းက စက္ကန့်များစွာ ကြာပြီး နောက်တွင် ထွင်ထျန်းဟာကို ဗဟိုပြု၍ လှိုင်းကဲ့သို့ အလွှာများ တစ်လွှာပြီး တစ်လွှာ ပျံ့လွင့်သွားသည်။
ဒါဇင်နဲ့ချီပြီး ထိုဖြစ်စဥ် ဖြစ်ပျက်ပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က တအံတသြ ရေရွတ်သံကို ကြားလိုက်ရ၏။
ထိုခဏဝယ် ထွင်ထျန်းဟာ၏ ဦးခေါင်းထိပ်တွင် အလင်းရောင်များ တောက်ပလာသည်။
တစ်စက္ကန့်အကြာတွင် ထိုအလင်းရောင်က ပျောက်ကွယ်သွား၏။
ထွင်ထျန်းဟာက မျက်လုံးဖွင့်လိုက်သည်။
သူ၏ ခွေးမျက်နှာပေါ်တွင် မယုံကြည်နိုင်လောက်သော အမူအရာများ ဖြစ်ပေါ်နေ၏။
"ငါ တကယ်ပဲ ဖောက်ထွက်နိုင်ခဲ့တာလား"
ထွင်ထျန်းဟာ ဝမ်းသာသွားခဲ့သည်။
[တတိယတန်းစား အဆင့်ကနေ ဒုတိယတန်းစား အဆင့်ကို တက်ဖို့ ဘယ်ကတည်းက ဒီလောက် လွယ်ကူသွားခဲ့တာလဲ]
သူ့အနေဖြင့် ရက်အနည်းငယ်သာ ကျင့်ကြံရသေးသည် မဟုတ်လော။
ထွင်ထျန်းဟာက အဆင့်တက်မြန်သည့် မိစ္ဆာလမ်းစဥ်ပင် ထိုမျှမမြန်ဟု ခံစားခဲ့ရသည်။
"ညီနောင်လင်းရဲ့ နောက်ကသာလိုက်ရင် မင်းရဲ့ အလားအလာက ဆက်လက် တောက်ပနေဦးမှာပါ"
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချကာ ချီးကျူးလိုက်၏။
ယင်းမှာ တတိယတန်းစား ဝိညာဥ်သားရဲ ကနေ ဒုတိယတန်းစား ဝိညာဥ်သားရဲ အဆင့်ကို တက်ရာတွင် အတိုတောင်းဆုံး စံချိန်ဟုပင် ဆိုရမည်။
"ငါအခုမှ စဉ်းစားမိတယ်.. ညီနောင် ထွင်ထျန်းဟာ ကျင့်ကြံတာကိုပဲ ငါ မြင်ဖူးတယ်.. ညီနောင်ဆီမှာ ကိုယ်ပိုင်အားထားရတဲ့ တိုက်ခိုက်ရေးစွမ်းရည် တစ်ခုခု ရှိလား"
ဝိညာသားရဲများ တိုက်ခိုက်ပုံသည် ကျင့်ကြံသူများနှင့် ကွဲပြားသည်။
လူသားပုံစံ အသွင်ပြောင်းရန် မကျင့်ကြံမီ ဝိညာဉ်သားရဲများသည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်အောင်လုပ်ရန်ကိုသာ အာရုံစိုက်လေ့ ရှိသည်။
တိုက်ခိုက်ရေး အကူအညီအဖြစ် ၎င်းတို့၏ ပိုင်ရှင်များထံမှ ညွှန်ကြားချက်များရနိုင်သော်လည်း မွေးရာပါစွမ်းရည်များကို အသုံးပြုနိုင်သည့် ဝိညာဉ်သားရဲမျိုးစိတ်မှာ များစွာမရှိပေ။
ဖားပြုပ် မျိုးနွယ်စု၏ တိုက်ပွဲဝင်ပုံစံက အလွန်ထူးခြားပြီး ကျွမ်းကျင်သော တိုက်ခိုက်ရေး စွမ်းရည်ရှိသည့် ခွေးအမျိုးအစား ဝိညာဉ်သားရဲများနှင့် အလွန်ကွာခြားသည်။
ဆိုရလျှင် ဖားပြုပ်မျိုးနွယ်စု တစ်ခုလုံး၏ အမှန်တကယ်အားကိုးရသည့် တိုက်ပွဲဝင်စွမ်းရည်မှာ တံတွေး အဆိပ်ရည် ဖြစ်၏။
ဖားပြုပ် အများစုသည် တံတွေးကို တာဝေးပစ် စွမ်းရည်အဖြစ် အသုံးပြုနိုင်သည်။
သေသေချာချာ ပြန်လည် တွေးကြည့်ပြီးနောက်တွင် ထွင်ထျန်းဟာက နတ်ဆိုးဘုရင်များ ကမ္ဘာခြား ဂိတ်ပေါက်မှ သူ့ကို အမြန် တွန်းထုတ်လိုက်ရသည့် အကြောင်းရင်းမှာ ၎င်း၏ ဖားပြုပ် မျိုးနွယ်စုကို ညစ်ပတ်သည်ဟု ရှုမြင်မိခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။
ယင်းက တကယ်တော့ နားလည်မှုလွဲနေခြင်းပင်။
တကယ်တမ်းတွင် ဖားပြုပ်၏ အဆိပ်ရည်များမှာ ကိုယ်ထဲတွင်သာ ဖြစ်သည်။
သူ့တွင် အဆိပ်ရည် မည်မျှပင် ရှိစေကာမူ အဆတစ်သန်း ကျန်းမာသော စစ်မှန်သော တိုက်ခိုက်ရေးသမားထက် သာလွန်နိုင်ပါမည်လော။
ထွင်ထျန်းဟာက သက်ပြင်းချကာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
"အားကိုးရတဲ့စွမ်းရည်တော့ ရှာမတွေ့သေးဘူး"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြုံး၍ ပြောလိုက်သည်။
"နောက်မှပဲ ညီနောင် ငွေရောင်လေးကို ညီနောင် ထွင်ထျန်းဟာရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စစ်ဆေးပေးဖို့ တောင်းဆိုပေးမယ်"
ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။
"အဲဒီလိုဆို ကောင်းတာပေါ့"
ငွေရောင်ယူနီကွန်းက နှစ်ပေါင်း ရှစ်ထောင် သက်တမ်းရှိပြီဟု သူကြားဖူးသည်။
၎င်း၏ တစ်သက်တာ အတွင်း သေချာပေါက် ကိစ္စအများအပြား ကြုံဖူးပေလိမ့်မည်။
လောလောဆယ် သူက ဤကိစ္စကို ဘေးဖယ်ထားရမည်။
ဗုံးပစ်စီနီယာအင်မော်တယ် ဤနေရာသို့ ရောက်လာရသည့် အကြောင်းအရင်းကို ထွင်ထျန်းဟာ ကောင်းစွာ သိရှိခဲ့၏။
ယင်းက အင်မော်တယ်စံအိမ်နှင့် ပတ်သက်နေသည် မဟုတ်ပါလော။
သို့သော် ရိုးရိုးသားသား ပြောရလျှင် ဖန်းကွမ်း တင်ပြသည့် အင်မော်တယ်စံအိမ် နှင့် ပတ်သက်သော အချက်အလက်များက တိကျမှန်ကန်သော်လည်း ထွင်ထျန်းဟာ အနေဖြင့် ဤကမ္ဘာပေါ်တွင် တည်ရှိကြောင်း သံသယရှိနေဆဲ ဖြစ်သည်။
[ဒီအင်မော်တယ် ရတနာအိမ်က အစစ်ဟုတ်မဟုတ် ဘယ်သူသိနိုင်မှာလဲ]
သံသယရှိလင့်ကစား ၎င်းတို့က အင်မော်တယ် ရတနာအိမ်၏ သဲလွန်စများကို ရရှိနေပြီ ဖြစ်သောကြောင့် ထွင်ထျန်းဟာ ကိုယ်တိုင်က ဖန်းကွမ်း ပြောပြသည်ကို ကြားချင်နေခဲ့သည်။
"ရတနာအိမ်ရဲ့ သဲလွန်စကိုပေးတဲ့ စီနီယာက ဒီမှာ ရှိနေလား"
ထွင်ထျန်းဟာ နှင့်အတူ အိမ်ထဲသို့ လိုက်သွားစဉ် ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က အိမ်၏ အလေ့အထနှင့် ရင်းနှီး၍ ဖိနပ်ပြောင်းစီးလိုက်၏။
"နည်းနည်းတော့ ရှုပ်ထွေးတယ်..."
ဝမ်လင်း၏ အိပ်ခန်းဆီသို့ လျှောက်သွားရင်း ထွင်ထျန်းဟာက ဖြေလိုက်သည်။
"တိုတိုတုတ်တုတ် ပြောရရင် အဖိုးအိုတစ်ယောက်က ငါ့ရဲ့ စိတ်ကူး အိပ်မက်ထဲမှာ ပြောခဲ့တာပဲ"
ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
"ဘာ.. မင်းခေါင်းထဲမှာ အဖိုးအို တစ်ယောက် ရှိနေတာလား.. ဒါက အခုခေတ်စားနေတဲ့ ရှောင်ယန်ဇာတ်လမ်းထဲကလိုပဲဟ.. ရှောင်ယန်ရဲ့ ဆရာကလည်း လက်စွပ်ထဲမှာပဲ နေတာလေ.. ကြည့်ရတာ စီနီယာတွေက ဂျူနီယာတွေရဲ့ ခန္ဓာကိုယ်နဲ့ ပစ္စည်းတွေထဲမှာ ပုန်းအောင်းရတာကို ခေတ်စားနေတဲ့ပုံပဲ"
ထွင်ထျန်းဟာ "..........."
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။
ယခုအချိန်တွင် သူက ကျင့်ကြံခြင်း အသိုင်းအဝိုင်း အတွင်းရှိ ခေတ်ရေစီးကြောင်းများကို တဖြည်းဖြည်း နားလည်လာနေပြီဖြစ်သည်။
မှန်ပါသည်။ သူက အသက်ကြီးလာနေပြီ မဟုတ်ပါလော။