လင်းကျန်းရန်က ဆယ်မိနစ်အတွင်းလက်နက်သန့်စင်တဲ့နည်းစနစ်ကို သင်ယူခဲ့တယ်
Vol. 28 Ch. 406
ဗုံးပစ်စီနီယာ အင်မော်တယ်က ထွင်ထျန်းဟာနှင့်အတူ အပေါ်ထပ်သို့ လိုက်သွားသောအခါ ဖေဖေဝမ်က စာဖတ်ခန်းကနေ ရေချိုးခန်းဆီ လျှောက်လာရင်း သမ်းဝေလိုက်သည်ကိုတွေ့လိုက်ရသည်။
သူ့အထင် ဖေဖေဝမ်က တစ်ညလုံး မအိပ်ဘဲ စာရေးနေပုံရ၏။
ဖေဖေဝမ်၏ ပန်ဒါ မျက်လုံးနှစ်လုံးကို မြင်လိုက်ရာ သူ ထိတ်လန့်သွားသည်။
စီနီယာဝမ်၏ နယ်ပယ်အဆင့် မည်မျှ မြင့်မားသည်ကို တွေးတောရင်း ဤဝတ္ထုကို ရေးသားရန် ဤမျှ များပြားသော စွမ်းအင်ကို သုံးစွဲရမည် ဆိုလျှင် ဤဝတ္ထု၌ အံ့သြဖွယ်ကောင်းသော ဒဿနများ ပါဝင်နေမည်မှာ သေချာ၏။
ပရိသတ်များကို ဆွဲဆောင်နိုင်သည့် အွန်လိုင်းဝတ္ထု စာရေးဆရာတိုင်းတွင် အမာခံ ဖန်ကလပ် တစ်ခုစီ ရှိကြသည်။
ပြီးခဲ့သည့် အကြိမ်တွင် ဖေဖေဝမ်က ဖန်ကလပ် အဖွဲ့ဝင် အရေအတွက် ဆယ့်သုံးသန်းကျော်ဖြင့် စာရင်း၏ ထိပ်ဆုံးနေရာတွင် လွှမ်းမိုးထားသည်ကို ဗုံးပစ်စီနီယာ အင်မော်တယ် မြင်တွေ့ခဲ့ရ၏။
ဒုတိယနေရာမှ စာရေးဆရာက ပရိသတ် နှစ်သန်းသာ ရှိခဲ့သည်။
ဗုံးပစ် စီနီယာ အင်မော်တယ်က အင်မော်တယ်ဘုရင်၏ တိုက်ရိုက် ထုတ်လွှင့်မှု စာစဥ်ကို အထူးတလည် ဖတ်ရှုခဲ့၏။
ရိုးသားစွာပြောရလျှင် ဤဝတ္ထုက အရေးအသား ကောင်းမွန်ပြီး ဇာတ်လမ်းဇာတ်အိမ် ခိုင်ခံ့ကာ လက်ရှိ ခေတ်ရေစီးကြောင်း အရလည်း စီးပွားရေးအရ အမြတ်အစွန်းရမည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် ခံစားမိသည်။
သို့ရာတွင် သူ နားမလည်သေးသည့် အရာတစ်ခု ရှိနေသေး၏။
ယင်းမှာ ဤဝတ္ထုကို ရေးရသည့် ဖေဖေဝမ်၏ ရည်ရွယ်ချက် ဖြစ်သည်။
ဖေဖေဝမ်ကဲ့သို့ မြင့်မားသည့် နယ်ပယ်အဆင့်မှ စီနီယာကြီးက ဤဝတ္ထုကို ငွေရလမ်း အတွက် ရေးသားနေပါသလော။
ထိုသို့လည်း မဟုတ်တန်ရာ။
ဖေဖေဝမ်အနေဖြင့် လူအများကို သိစေချင်သည့် လျှို့ဝှက်ချက် တစ်ခုခုကို ဤဝတ္ထုတွင် ဖုံးကွယ်ထားခြင်းလည်း ဖြစ်နိုင်၍ သူ့အတွက် စူးစမ်းဖို့ လိုအပ်သည်မှာတော့ အမှန်ပင်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဖေဖေဝမ်အကြောင်းကို တွေးတောနေခဲ့သည်။
ဤဝတ္ထုမှ လျှို့ဝှက်ချက်ကို သူသေချာပေါက် တွေ့ရှိအောင်ရှာဖွေရပေမည်။
ထိုအထဲတွင် စီနီယာဝမ်၏ ကျင့်ကြံခြင်း လျှို့ဝှက်ချက်များလည်း ပါဝင်ကောင်း ပါ၀င်နေနိုင်သည် မဟုတ်ပါလော။
ဝမ်လင်း၏ အခန်းတံခါးဝတွင် ရပ်နေရင်း ဖေဖေဝမ်၏ နောက်ကျောကို စိုက်ကြည့်နေသော အဖြူရောင်ဝတ် လူငယ်လေးကို သတိပြုမိလျှင် ထွင်ထျန်းဟာ၏ မျက်လုံးထောင့်များ လှုပ်ခတ်သွားသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ စိတ်ကူးယဉ်မှုက တစ်ဖန်ပြန်လည် ရိုင်းပြလာဖွယ် ရှိသည်ဟု သူသိရှိခဲ့သည်။
..............
ဝမ်လင်းက အခန်းတွင်း၌ အချိန် အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က အင်မော်တယ် ရတနာအိမ်အကြောင်း တစ်ညလုံး တွေးခဲ့သော်လည်း ဝမ်လင်းကမူ သူ့စရိုက်အတိုင်း အေးအေးဆေးဆေးသာ ရှိနေ၏။
ကမ္ဘာတစ်ဝှမ်းရှိ ကျင့်ကြံသူများ အနေဖြင့် ဤရတနာအိမ်၏ သဲလွန်စများကို ရှာဖွေရန် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့ကြသော်လည်း သဲလွန်စ လုံးဝ ရှာမရခဲ့ပေ။
ဆိုရလျှင် ဤတာအိုကျင့်ကြံသူကွမ်းက အင်မော်တယ် ရတနာအိမ်၏ အတွင်းကျကျ အချက်အလက်များကို သိရှိသည့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်နိုင်လောက်သည်။
သူ၏ဖြစ်တည်မှုကို ဝမ်လင်း၊ ထွင်ထျန်းဟာနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်မှ လွဲ၍ အခြားမည်သူမျှ မသိခဲ့ပေ။
ဤသည်မှာ ကျင့်ကြံသူတိုင်း အတွက် ကမ္ဘာကိုတုန်လှုပ်စေမည့် သတင်းမျိုး ဖြစ်သည်။
အဖြူရောင်ဝတ် လူငယ်လေးက လင်းကျန်းရန် သူ့အပေါ် ယုံကြည်ခြင်းကြောင့်သာ ဤအကြောင်းကို ပြောပြလိုကြောင်း လေးလေးနက်နက် သဘောပေါက်ခဲ့သည်။
"ညီနောင်လင်း.. မင်းမှာလိုက်တာ ငါ ယူလာခဲ့ပြီ"
ဗုံးပစ်စီနီယာအင်မော်တယ် အခန်းထဲ ဝင်လာသည်နှင့် ကြမ်းပြင်ပေါ်တွငိ တင်ပျဉ်ခွေထိုင်နေသော ဝမ်လင်းကို တွေ့လိုက်ရ၏။
ထို့နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က အနီရောင် သလင်းကျောက် တစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုပစ္စည်းကို ယူလာရန် အထူးတောင်းဆိုခဲ့သူမှာ ဝမ်လင်းဖြစ်၏။
ထိုအနီရောင် သလင်းကျောက်ကို သံလိုက်ကျောက်ဟုလည်း ခေါ်သည်။
အင်မော်တယ်စံအိမ် ပျက်စီးသွားသောအခါ ဗုံးပစ်စီနီယာ အင်မော်တယ်က သာမန် မဟုတ်သော ပစ္စည်း အများအပြားကို ယူသွားခဲ့သည်။
ဤသံလိုက်ကျောက်မှာ ၎င်းတို့ထဲမှ တစ်ခု ဖြစ်သည်။
ဤသံလိုက်ကျောက်တုံးသည် ထိုအချိန်က ကျောက်သရဲမျက်နှာဖုံးတွင် ထည့်သွင်း အသုံးပြုခဲ့သော အနက်ရောင်သလင်းကျောက်ထက် များစွာ တန်ဖိုးရှိပြီး အမြင့်ဆုံးအဆင့်တွင် ရှိသည့်အပြင် အလွန်ရှားပါးသော အမျိုးအစား တစ်ခုအဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။
ဝမ်လင်းတွင် လက်နက် သန့်စင်ခြင်းဆိုင်ရာ ဗဟုသုတအချို့ရှိခဲ့သည်။
လက်နက် အဆင့်များကို အမျိုးအစား လေးမျိုးနှင့် အဆင့်ငါးဆင့် ခွဲခြားနိုင်သည်။
သံလိုက်ကျောက်က ပထမတန်းစား အမျိုးအစား တစ်ခုအနေဖြင့် အဖိုးမဖြတ်နိုင်ပေ။
သို့သော် ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း ဘာလိုချင်လဲ ဆိုသည်ကို မသိချေ။
"အဲဒီ စီနီယာဖန်းကွမ်းက အခုအချိန်မှာ ချိတ်ပိတ်ထားတဲ့ စိတ်ဝိညာဉ်နေရာလွတ်ထဲမှာ ရှိနေတယ်.. ငါက သူနဲ့ ချိတ်ဆက်မိခဲ့တယ်"
ထွင်ထျန်းဟာက ပြောလိုက်သည်။
ထိုစကားကို ကြားပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ရုတ်တရက် အနည်းငယ် ပိုနားလည်လာ၏။
"အဲဒီစီနီယာက မင်းအိပ်မက်ထဲမှာ ရှိတယ်လို့ ပြောခဲ့တာ ငါမအံ့သြတော့ဘူး.. အိပ်မက်ကနေတဆင့် မင်းရဲ့ စိတ်ဝိညာဉ်ကို သူ့ရဲ့ စိတ်ဝိညာဥ် နေရာလွတ်ထဲ ဆွဲခေါ်ခဲ့ပုံရတယ်"
ဤအချက်ကို ပြောရလျှင် ဗုံးပစ်စီနီယာ အင်မော်တယ် အနည်းငယ် အံ့သြရသည့် အပိုင်းရှိသည်။
ယင်းကဲ့သို့ အိပ်မက်ထဲ ဆွဲခေါ်နိုင်သည်ကို ထောက်လျှင် ဤတာအို ကျင့်ကြံသူကွမ်း၏ အဆင့်က လုံးဝ မနိမ့်ကျကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်၏။
အနည်းဆုံးတော့ ပကတိ အင်မော်တယ် ဖြစ်လောက်ပေသည်။
"ဒီ တာအိုကျင့်ကြံသူကွမ်းက စိတ်ဝိညာဉ် နေရာလွတ် ထဲမှာ ရှိနေတဲ့ အတွက် သူ့ရဲ့ တကယ့်ပုံစံကို ဝိညာဉ်တစ်ခုလို့ အတည်ပြုလို့ရတယ်.. ဒီလိုအခြေအနေမှာ သူ့ရဲ့ ခွန်အားက အားနည်းနေမယ်လို့ ထင်တယ် မဟုတ်လား.. အခု သူရဲ့နယ်ပယ်အဆင့်က ဘယ်နယ်ပယ်အဆင့်လဲ"
ထွင်ထျန်းဟာက ဖုံးကွယ်စရာ ဘာမှမရှိဟု ခံစားရသည်။
"ပကတိအင်မော်တယ်.. စိတ်ဝိညာဉ်နေရာလွတ်ထဲ သူ့ကိုယ်သူ ချိတ်ပိတ်ထားတဲ့ ပကတိအင်မော်တယ်.."
"ဒီတာအိုကျင့်ကြံသူကွမ်းက တော်တော် အစွမ်းထက်တာပဲ..."
ဗုံးပစ်စီနီယာ အင်မော်တယ်က ချီးကျူးလိုက်သည်။
ပကတိ အင်မော်တယ်များမှာ အမှန်တကယ် ရှားပါးသည်။
ဗိုလ်ချုပ်ရီမှ လွဲ၍ မကြာသေးမီက ဖြစ်ပွားခဲ့သော အထင်ကရ ဖြစ်ရပ်များ၏ အဓိက ဇာတ်ကောင်ဖြစ်သည့် အင်မော်တယ် စံအိမ်သခင်ပင် ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်သာ ရှိသည် မဟုတ်ပါလား။
"မင်းစိတ်မပူဘူးလား"
ထွင်ထျန်းဟာက အဖြူရောင်ဝတ် လူငယ်ကို စိုက်ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။
"ဘာလို့ စိတ်ပူရမှာလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သာ်။
"ဒီအိမ်ကြီးမှာ စီနီယာဝမ်အပြင် နဲ့ ဖိုးဖိုးဝမ်လည်း ရှိနေတာပဲဟာ.. ဒီလူက ပကတိ အင်မော်တယ်လေးပဲလေ"
ထိုစကားကို ကြားလျှင် ထွင်ထျန်းဟာ ရယ်လုမတတ် ဖြစ်သွား၏။
ထင်ထားသည့်အတိုင်းပင် ဤစိတ်ကူးယဉ်ဆန်သော နားလည်မှု လွဲမှားခြင်းသည် ယခုအချိန်အထိ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပေါက်ကရ တွေးတောနိုင်စွမ်းကြောင့် ဤနားလည်မှု လွဲမှားခြင်းကို ရှင်းလင်းရန်မှာ အလွန်ခက်ခဲလိမ့်မည်ဟု ထွင်ထျန်းဟာ ခံစားမိသည်။
စျေးကွက်တွင် ဘရိုကိုလီ အလွန် စျေးကြီးလာရခြင်းမှာ ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပေါက်ကရ စိတ်ကူးကြောင့်လည်း ဖြစ်နိုင်၏။
ထွင်ထျန်းဟာက ဤစျေးနှုန်းဖောင်းပွမှု၏ နောက်ကွယ်မှ တရားခံကို မြို့တော် အရည်အသွေး ကြီးကြပ်ရေးဗျူရိုက ရှာဖွေနေသည်ဟူသော သတင်းကို ယခင်က ကြားခဲ့ဖူး၏။
ထွင်ထျန်းဟာက ထိုသတင်းကို ကြားခါစကဆိုလျှင် ယင်ကောင်အရသာ ခွေးစာများကို ထွေးထုတ်လုနီးပါး ဖြစ်သွားရသည်။
"စကားမစပ်.. ညီနောင်လင်းက သံလိုက်ကျောက် နဲ့ ဘာလုပ်မလို့လဲ"
ဝမ်လင်းက စာကြည့်စားပွဲပေါ်ရှိ ကျမ်းစာအုပ်များအား အပီအပြင် ဖတ်နေသည်ကို တွေ့ရသဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က မေးခွန်း ထုတ်လိုက်သည်။
"မေးဖို့လိုသေးလား.. သံလိုက်ကျောက်တွေက ရှားပါးတဲ့ အရင်းအမြစ် ပစ္စည်းတစ်ခုပဲလေ.. လက်စွပ်ကို သန့်စင်ဖို့အတွက်ဆိုရင် သံလိုက်ကျောက်ထက် အခြားဘယ်ပစ္စည်းမှ သင့်တော်ခြင်း မရှိဘူး"
"စီနီယာကွမ်းက လောလောဆယ်မှာ စိတ်ဝိညာဥ် နေရာလွတ်ထဲ ပိတ်မိနေသေးတဲ့အတွက် ငါတို့အနေနဲ့ စီနီယာကွမ်းရဲ့ စိတ်ဝိညာဥ်နေရာလွတ်ကို လက်စွပ်ထဲ ရွှေ့ပေးရမယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှုတ်ခမ်းထောင့်များက တလှုပ်လှုပ် ဖြစ်သွားသည်။
"................"
[စိတ်ဝိညာဥ်နေရာလွတ်ကို ရွှေ့ဖို့ လက်စွပ်တစ်ကွင်းကို အသုံးပြုလိုက်ရုံပဲလား}
[ထင်ထားတဲ့အတိုင်း အဖိုးအိုနဲ့ လက်စွပ်က အတွဲတွေ ဖြစ်လာနိုင်လား]
[မိုးရွာတဲ့အခါ.. အဖိုးအိုနဲ့ လက်စွပ်က ပိုလို့တောင် လိုက်ဖက်နေမှာလား]
ဗုံးပစ်စီနီယာ အင်မော်တယ်က သူထုံးစံအတိုင်း ပေါက်ကရအတွေးများ စတင် တွေးတော့သည်။
ခဏအကြာမှသာ သူက ဝမ်လင်းကို မေးခွန်းထုတ်လိုက်၏။
"ညီနောင်လင်း အခု ဘာကြည့်နေတာလဲ"
လင်းကျန်းရန်က သူ့ဆီကနေ သံလိုက်ကျောက်တုံးကို ယူပြီးနောက် စာအုပ်များကို စိတ်ဝင်တစား ဖတ်နေသဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က မနှောင့်ယှက်ဝံ့ခဲ့ပေ။
"လက်နက် သန့်စင်နည်းကို သင်ယူနေတာပါ"
ထွင်ထျန်းဟာက ကိုယ်စား ရှင်းပြလိုက်သည်။
"လက်နက် သန့်စင်တဲ့ နည်းလမ်းကို မသင်ယူဘဲ လက်စွပ်ကို ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ.. ဟုတ်တယ်မလား"
ဤကိစ္စကို ဖက်တီးလော သိမထားသည့် အတွက် သူတို့အနေဖြင့် လက်စွပ် သန့်စင်ပေးရန် မတောင်းဆိုနိုင်ကြပေ။
သူတို့က လောလောဆယ်တွင် ဤကိစ္စကို လျှို့ဝှက်ထားခဲ့၏။
"ဒါဆို ညီနောင်လင်းက လက်နက်သန့်စင်တဲ့နည်းကို သင်ယူနေတာပေါ့
ဗုံးပစ် စီနီယာအင်မော်တယ်က နားလည်စွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
သို့သော် အလွန်လျင်မြန်စွာပင် သူ့မျက်နှာပေါ်၌ အံ့အားသင့်သွားသော အမူအရာတစ်ခု ဖြစ်ပေါ်လာ၏။
"ခဏနေပါဦး.. လက်နက်သန့်စင်ဖို့ သင်ယူနေတာ ဆိုတော့ ညီနောင်လင်း အရင်က ဒါကို မလေ့လာဖူးဘူးလို့ မင်းပြောနေတာလား"
ထွင်ထျန်းဟာ "အင်းလေ အဲ့ဒါကြောင့် အခု ကိုယ်တိုင် လေ့လာနေတာလေ"
ဗုံးပစ်စီနီယာအင်မော်တယ် "..............."
ထွင်ထျန်းဟာ "ဘာပဲဖြစ်ဖြစ် လက်နက် သန့်စင်ဖို့က ဆရာလေးလင်း အတွက် မခက်ပါဘူး"
ဗုံးပစ်စီနီယာအင်မော်တယ် "..............."
စကားပြောနေစဉ် ထွင်ထျန်းဟာက စားပွဲပေါ်ရှိ စာအုပ်ပုံကြီးကို လက်ညှိုးထိုးပြခဲ့သည်။
"ဆရာလေးလင်းက ဒီစာအုပ်တွေ အားလုံးကို ဖတ်ပြီး ဉာဏ်အလင်းရသွားပြီ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း လေ့လာနေသည့် စာအုပ်များကို ဂရုတစိုက် အကဲခတ် ကြည့်လိုက်သည်။
လက်နက်သန့်စင်သော အဆင့်ပေါ်တွင် မူတည်၍ ပန်းပဲသမားကို အဆင့်များ ခွဲခြားထားသည်။
ကြေးအဆင့် ပန်းပဲဆရာ၊ ငွေအဆင်ပန်းပဲဆရာ၊ ရွှေအဆင့်ပန်းပဲဆရာ၊ နောက်ဆုံးအဆင့်ဖြစ်သည့် ဘုရင်အဆင့် ပန်းပဲဆရာ။
ဗုံးပစ်စီနီယာအင်မော်တယ်
"ညီနောင်လင်း ဒါတွေအကုန်လုံးကို တစ်ညလုံး မအိပ်ဘဲ ဖတ်ခဲ့တာလား"
ထွင်ထျန်းဟာက ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး.. လွန်ခဲ့တဲ့ ဆယ်မိနစ်ကမှ ဖတ်ခဲ့တာ"
"..............."
ဗုံးပစ်စီနီယာအင်မော်တယ် ချွေးစေးများ ထွက်လာသည်။
လင်းကျန်းရန်က ဆယ်မိနစ်အတွင်း လက်နက်များကို ဘုရင်အဆင့်အထိ သန့်စင်နိုင်ရန် သင်ယူခဲ့သည်။
ဤကိစ္စကို ဖက်တီးလောသာ သိသွားလျှင် မည်မျှအထိ တုန်လှုပ်အံ့သြနေမလဲ ဆိုသည်မှာ တွေးကြည့်စရာပင် မလိုပေ။