လက်နက်သန့်စင်တာ ခက်လို့လား
Vol. 28 Ch. 407
ဗုံးပစ်စီနီယာ အင်မော်တယ်က ကြမ်းပြင်ပေါ်တွင် လက်နက်သန့်စင်သည့် အရင်းအမြစ်များ စုပုံနေသည်ကို မြင်လိုက်ရ၏။
ထိုခဏမှာပင် ဝမ်လင်းက သူကိုင်ဆောင်ထားသော စာအုပ်များကို ဖြည်းညှင်းစွာ ချလိုက်ပြီးနောက် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။
ဤမြင်ကွင်းကိုသာ မြင်လိုက်ရလျှင် ဖက်တီးလော တစ်ယောက် မည်မျှအထိ နှလုံးကွဲကြေနေမလဲ သူတွေးကြည့်၍ပင် မရပေ။
[လက်နက်သန့်စင်တာက ဘယ်အချိန်ကတည်းက ဒီလောက်လွယ်သွားတာလဲ]
ဗုံးပစ်စီနီယာ အင်မော်တယ်က အလွန်ဆန်းကြယ်သည်ဟု ထင်ခဲ့သည်။
ထိုပညာရပ်က ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် မျိုးဆက်အလိုက် လက်ဆင့်ကမ်းပေးခဲ့သည့် ပညာရပ်တစ်ခု ဖြစ်ပြီး ထိုအထဲတွင် ဆေးလုံး သန့်စင်သည့် အတတ်ပညာလည်း ပါဝင်၏။
ဗုံးပစ်စီနီယာအင်မော်တယ်က ထိုသို့တွေးလိုက်ရင်း သူ့ချွေးများကို တိတ်တဆိတ် သုတ်လိုက်သည်။
ဟုတ်ပါသည်၊ လင်းကျန်းရန်က လူသား မဟုတ်ခဲ့ပေ။
သူ့အတွက် ဘယ်အရာကမှ မဖြစ်နိုင်သောအရာ မရှိမှန်း တကယ်ကို ထင်ရှားနေသည် မဟုတ်ပါလော။
ဆယ်မိနစ်ခန့် ကိုယ်တိုင် လေ့လာလိုက်ရုံဖြင့် ဘုရင်အဆင့် ပန်းပဲဆရာ တစ်ယောက် ဖြစ်လာသည်မှာ တကယ်ကို အံ့ချီးလောက်စရာပင်။
ဤသို့ဖြင့်ပင် ဗုံးပစ်စီနီယာ အင်မော်တယ်က သမိုင်းဝင်အခိုက်အတန့်တစ်ခုကို မြင်ခဲ့ရပြန်သည်။
ပန်းပဲပညာကို တတ်မြောက်ပြီးလျှင် အနာဂတ်၌ လက်နက်များကို ပြုပြင်ရန် တစ်စုံတစ်ဦးအား ရှာဖွေရန် မလိုအပ်တော့ပေ။
"ဒါပေမယ့် ညီနောင်လင်းက ဒီပညာရပ်ကို အရင်က ဘာလို့ မသင်ယူခဲ့တာလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းကို အနှောင့်အယှက် မဖြစ်စေရန် အလွန်နူးညံ့သော လေသံဖြင့် ထိုမေးခွန်းကို မေးလိုက်သည်။
လင်းကျန်းရန်၏ အလေ့အထကို သူသိသည်။
လင်းကျန်းရန်က စာလုပ်နေချိန်တွင် အနှောင့်အယှက် လာပေးခြင်းမျိုးကို မကြိုက်ပေ။
မဟုတ်လျှင် ကြောင်အမွေးများကို ပွတ်သပ်ပေးရင်း လမ်းကြောင်းမှားပြီး ပွတ်မိသလိုမျိုး ဒေါသတကြီး ထကြမ်းပေလိမ့်မည်။
"ဆရာလေးလင်းက သူ့ရဲ့ စွမ်းအင်ကို အဓိက ကိစ္စရပ်တွေမှာပဲ အာရုံစိုက်လေ့ရှိတယ်.."
ထွင်ထျန်းဟာက တိတ်တိတ်လေး ပြန်ဖြေလိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ် "အဲဒီ အဓိကကိစ္စက ဘာလဲ"
ထွင်ထျန်းဟာ
"အပတ်စဉ်စာမေးပွဲ.. လစဉ်စာမေးပွဲနဲ့ အတန်းတင်စာမေးပွဲ"
ဗုံးပစ်စီနီယာအင်မော်တယ် ".............."
ထွင်ထျန်းဟာ "အရာရာတိုင်းကို ဦးစားပေးအဆင့် သတ်မှတ်သင့်တယ်လေ.."
တကယ်တမ်း ထွင်ထျန်းဟာ ဆက်မပြောသည့် နောက်ဆက်တွဲ စကားလုံးများ ရှိသေး၏။
ထိုစကားကို အစကတော့ သူပြောချင်ခဲ့သည်။
ဝမ်လင်းအနေဖြင့် နေ့စဥ် စာလေ့လာရန် အချိန်အကန့်အသတ်ဖြင့်သာ ကုန်ဆုံးလေ့ရှိသည်။
ဆိုရလျှင် သူ့အတွက် အများဆုံးက ငါးမိနစ်သာ ရှိသည်။
အဆုံးသတ်တွင် လက်နက်သန့်စင်ခြင်း ပညာရပ်သည် အထက်တန်းကျောင်းရှိ သင်ခန်းစာများထက် အနည်းငယ်ပိုမိုရှုပ်ထွေးသောကြောင့် အမှန်တကယ် လေ့လာမည် ဆိုပါက အချိန်အနည်းငယ် ပိုယူသင့်၏။
ထွင်ထျန်းဟာ အနေဖြင့်မူ လက်နက်သန့်စင်သည့် ပညာရပ်ကို ဘုရင်အဆင့် ပန်းပဲဆရာ အဆင့်အထိ လေ့လာရန်မှာ ဆရာလေးလင်း အတွက် ဆယ်မိနစ်ဆိုလျှင် လုံလောက်နေပြီဟု ယူဆမိသည်။
.............
ထွင်ထျန်းဟာက အခန်းထဲမှ နှိုးစက်နာရီကို ကြည့်လိုက်ရင်း အချိန်တန်ပြီဟု သိလိုက်သည်။
မျှော်လင့်ထားသည့် အတိုင်းပင် ဆရာလေးလင်းက အချိန်အတိအကျ ရောက်သည်နှင့် စာအုပ်ကို ပိတ်လိုက်သည်။
ဝမ်လင်း လေ့လာနေသည့် အရင်းအမြစ် အားလုံးမှာ ပရော်ဖက်ရှင်နယ် ပန်းပဲဆရာ ဝင်ခွင့်စာမေးပွဲအတွက် အထူးအရေးပါသည့် ပစ္စည်းများ ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က မအောင့်အီးနိုင်တော့ဘဲ ဝမ်လင်း ပိတ်ထားသော စာအုပ်ကို အနီးကပ် ကြည့်လိုက်၏။
"အရမ်းမိုက်တယ်.. ဒီစာအုပ်က လက်နက်ဘုရင်ကျမ်း ထက်တောင် ပိုထူးခြားတယ်.. ဒါက ကြယ်သုံးပွင့် ဘုရင်အဆင့် ကျမ်းစာအုပ်ပဲ"
တကယ်တမ်းတွင် ဝမ်လင်းက ထိုထက် ပိုအဆင့်မြင့်သည်အထိ လေ့လာနိုင်သော်လည်း မှော်လက်စွပ်ပြုလုပ်ရန် လိုအပ်သည်က ကြယ်သုံးပွင့် ဘုရင်အဆင့်သာ ဖြစ်သောကြောင့် ဤအဆင့်မှာပင် သူ၏ လေ့လာမှုကို ရပ်တန့်လိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
နောင်တွင် ပိုမိုအဆင့်မြင့်သော မှော်လက်နက်များကို ပြုလုပ်ရန် လိုအပ်လျှင် သူ့အတွက် ဘာမှမခက်ခဲတော့ပေ။
သူ့အတွက် မိနစ်အနည်းငယ်လောက် အချိန်ပေးရသည်မှာ အပန်းကြီးသည်လည်း မဟုတ်ချေ။
ဗုံးပစ်စီနီယာအင်မော်တယ် "ဒါပေမဲ့ ညီနောင်လင်း.. ဒါက တကယ်ပဲ အဆင်ပြေပါ့မလား"
ဤ လေ့လာမှုက မည်မျှ ထိရောက်မှု ရှိမည်ကို သူ သံသယ ဖြစ်မိသည်။
"ပြဿနာမရှိပါဘူး"
ဝမ်လင်းက စိတ်ချင်း ဆက်သွယ်၍ ပြန်ဖြေလိုက်သည်။
သူ့အသံက ခါတိုင်းလိုပင် ဘာမှ မထူးခြားသကဲ့သို့ မသိမသာ ခေါင်းညိတ်လိုက်၏။
မဟာတာအို ၃၀၀၀ ထဲတွင် မူလဘူတ လက်နက်-သန့်စင်သည့် တာအို ရှိသော်လည်း ဝမ်လင်းက အသုံးချခဲ့ခြင်း မရှိခဲ့သောကြောင့် ထိုတာအို၏ နောက်ကွယ်မှ သီအိုရီကို နားလည်မှု နည်းပါးခဲ့သည်။
ယခုမူ ဝမ်လင်း၏ အသိပညာက ဆယ့်ငါးမိနစ်အတွင်း ကြယ်သုံးပွင့် ဘုရင် အဆင့်သို့ တိုက်ရိုက် တက်သွားခဲ့ပြီ ဖြစ်၏။
တစ်နည်းအားဖြင့် ဆိုသော် သူက မူလဘူတ လက်နက်သန့်စင်သည့် တာအို နောက်ကွယ်ရှိ သီအိုရီကို နားလည်မှု အပိုင်းတွင် အလိုအလျောက် အဆင့်မြင့်လာခဲ့သည်။
သူက မှော်လက်နက် တစ်မျိုးမျိုးကို ပြုလုပ်ရန် မူလဘူတ လက်နက်သန့်စင်သည့် တာအိုကို တစ်ခါမျှမသုံးဖူးပေ။
ဤတစ်ကြိမ်က သူ့အတွက် ပထမဆုံး ကြိုးစားမှု ဖြစ်သည်။
သို့သော် ဝမ်လင်းက လက်နက် သန့်စင်ရာတွင် မူလဘူတ လက်နက်သန့်စင်ခြင်း စွမ်းရည်ကို အသုံးပြုရာ၌ အကန့်အသတ်များ ရှိနေသည်ကို လေးနက်စွာ သိရှိခဲ့သည်။
ဤစွမ်းရည်က လက်နက်ကို သန့်စင်ရာတွင် အရှိန်အဟုန်ကို အထူးဂရုစိုက်ရသည်။
သို့သော် လက်နက်၏ အရည်အသွေးကမူ ကံတရား အပေါ်တွင် မူတည်၏။
ဝမ်လင်းက လက်ထဲတွင် သံလိုက်ကျောက်တုံးကို ကိုင်ထားသည်။
၎င်းက အရွယ်ရောက်ပြီးသူ၏ လက်သီး အရွယ်အစားထက် အတော်လေး ကြီးမားသည်။
ဂရုတစိုက် အသုံးပြုနိုင်လျှင် လက်စွပ် ဆယ်ကွင်းခန့် ဖန်တီးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ပထမအဆင့် အနေဖြင့် ဤသံလိုက်ကျောက်တုံးကို အရည်ဖျော်ဖို့ လိုအပ်၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က လက်နက်များကို မည်ကဲ့သို့ သန့်စင်ရမှန်း မသိသော်လည်း လုပ်ငန်းစဉ်တွင် အရည်ဖျော်သည့် အခန်းကဏ္ဍ ပါဝင်နေသည်ကိုတော့ သိထားသည်။
ဝမ်လင်း၏ လုပ်ရပ်ကို ကြည့်ရင်း စတင် သန့်စင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သူသိလိုက်သည်။
သို့ရာတွင် ဝမ်လင်း၏ အခန်းပတ်ပတ်လည်ကို ကြည့်လိုက်မိပြီးနောက် သူ အံ့ဩသွား၏။
"ညီနောင်လင်း.. မင်းရဲ့ မီးဖိုက ဘယ်မှာလဲ.. စွန့်ပစ်လိုက်တာလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။
လက်နက် သန့်စင်ခြင်း၏ ပထမဆုံးခြေလှမ်းမှာ မီးပြင်းဖို ဖြစ်သည်ကို သူကောင်းစွာ သိထားခဲ့၏။
"အော်.. မီးဖိုလား... မလိုပါဘူး..."
ဝမ်လင်း ခေါင်းခါယမ်းလိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ် စိတ်ရှုပ်သွားသည်။
[မီးပြင်းဖို့ မလိုအပ်တာလား.. လင်းကျန်းရန် ဘာကို ဆိုလိုတာလဲ]
ထို့နောက် ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်စိရှေ့မှာပင် ဝမ်လင်းက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ဝိညာဉ်စွမ်းအင်လုံးတစ်ခု ပေါ်လာ၏။
ထိုအရာက ရွှေရောင် တောက်ပနေပြီး ပြိုးပြိုးပြက်ပြက် ဖြစ်နေသည်။
[ဘာလဲဟ.. ဒဏ္ဍာရီလာ ရွှေမီးဖိုများလား]
ဤဝိညာဥ်စွမ်းအင်လုံး၏ တောက်ပမှုကို ကြည့်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်က အလွန်ထိတ်လန့်သွားသည်။
[ဖြစ်နိုင်မလား.. ဒါက တကယ်ပဲ ဒဏ္ဍာရီအဆင့် မီးဖိုတစ်ခုလား]
ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှလုံးသားက ခံစားချက်မျိုးစုံဖြင့် တုန်လှုပ်သွားသည်။
ရိုးရှင်းစွာပြောရလျှင် လင်းကျန်းရန်၏ အစွမ်းအစဖြင့် ဒဏ္ဍာရီအဆင့် မီးဖိုတစ်ခု ပြုလုပ်နိုင်လျှင်ပင် မထူးဆန်းပေ။
ဆယ်စက္ကန့်လောက် အကြာတွင် ရွှေရောင် အလင်းတန်းများက တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အနည်းငယ် ရင်းနှီးသော ပုံသဏ္ဍာန်ရှိသည့် လေးထောင့်ကျကျ အနက်ရောင် ဘောက်စ်တစ်ခု ပေါ်လာခဲ့၏။
ဤမီးဖို၏ ပုံစံက အနည်းငယ် ထူးခြားနေသည်။
"ညီနောင်လင်း.. မင်းရဲ့ မှော်ရတနာကို အရင်က တစ်နေရာရာမှာ ငါမြင်ဖူးသလိုပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က အနည်းငယ် ထိတ်လန့်သွားသည်။
ထွင်ထျန်းဟာ "မင်း သေချာပေါက် မြင်ဖူးမှာပေါ့.. ဒါက ငါတို့အိမ်မှာသုံးတဲ့ မိုက်ခရိုဝေ့ဖ်လေ"
ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က သဘောပေါက်သွားသည်။
"အိုး... ဒါဆို ဒီဟာက မိုက်ခရိုဝေ့ပေါ့"
စီနီယာကြီးဝမ် မီးဖိုချောင်ထဲ၌ ဘရိုကိုလီကြော်စဥ် တာအိုလမ်းစဥ်ကို နားလည်ရန်အတွက် အနားကနေ သူ ဂရုတစိုက် စောင့်ကြည့်ခဲ့ဖူးသည်။
မှော်ရတနာနှင့်တူသည့် ဤ မိုက်ခရိုဝေ့ဖ်ကို ထိုအချိန်က တွေ့ခဲ့ရမှန်း သူ သတိရမိ၏။
[နေပါဦး.. လခွမ်း.. ဒါက မှော်ရတနာလားဟ.. ဒါက မိုက်ခရိုဝေ့ဖ်ဆိုတာ ရှင်းနေတာပဲ]
"ညီနောင်လင်းက ဒီမိုက်ခရိုဝေ့ကို ဘယ်နေရာမှာ သုံးမလို့လဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဤအကြောင်းကို မည်မျှပင် တွေးနေပါစေ.. ပဟေဠိ ဖြစ်နေဆဲပင်။
သူ မေးဖို့ ပါးစပ်ဖွင့်တော့မည့် အချိန်တွင် ဝမ်လင်းက မိုက်ခရိုဝေ့ဖ်ကို တိုက်ရိုက်ဖွင့်ပြီး သံလိုက်ကျောက်တုံးကို အထဲ၌ ထည့်လိုက်သည်ကို တွေ့လိုက်ရသည်။
".............."
ဤမြင်ကွင်းက ဗုံးပစ်စီနီယာ အင်မော်တယ်ကို အသက်ရှူပင်မြန်လာစေသည်။
ဝမ်လင်းက အပူချိန်ကို အမြင့်ဆုံး သတ်မှတ်လိုက်ပြီး မိုက်ခရိုဝေ့ဖ် တံခါးကို ပိတ်လိုက်သည်။
သူက ဤအရာအားလုံးကို အလွန်သွက်လက်စွာ လုပ်ဆောင်ခဲ့သည်။
ထို့နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်စိရှေ့မှာပင် ဝမ်လင်းက ပါဝါကိုဖွင့်လိုက်ရာ မိုက်ခရိုဝေ့ဖ်စက်က ညည်းသံနှင့်အတူ တောက်ပသော အလင်းရောင်များ ထွက်လာ၏။
ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်လင်း.. ဘာလုပ်နေတာလဲ"
"အရည်ကျိုနေတာ"
ဤအခိုက်အတန့်တွင် ဝမ်လင်းက ရှားရှားပါးပါး အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က မိုးကြိုးပစ်ခံရသလို ထိတ်လန့်တုန်လှုပ်ကာ ချက်ချင်း ထရပ်လိုက်မိသည်။
"မိုက်ခရိုဝေ့နဲ့လား.. အဲဒါနဲ့ ဘယ်လိုလုပ်လို့ရမှာလဲ"
သူက သီချင်းတစ်ပုဒ်ကို ရုတ်တရက် သတိရလာသည်။
{ ငါတို့က မတူဘူး... မတူဘူး}
ထွင်ထျန်းဟာက အမေးအမြန်းထူသော ဗုံးပစ်စီနီယာ အင်မော်တယ်ကို မြင်ပြင်းကပ်လာသည်။
"စီနီယာ အင်မော်တယ်.. မင်းဒီကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီးပြီ.. ဘာလို့အခုထိ နားမလည်သေးတာလဲ.. ဒီလို အသေးအမွှား ကိစ္စလေးတွေနဲ့ ဆရာလေးလင်းကို အာရုံလာမနောက်စမ်းနဲ့"
ဗုံးပစ်စီနီယာအင်မော်တယ် "............."
ထွင်ထျန်းဟာ "ဒါက ပုံမှန် လုပ်ရိုးလုပ်စဥ် တစ်ခုပဲ.. ဘာမှမထူးခြားဘူး.. စီနီယာအင်မော်တယ် မတ်တပ်ရပ်မနေနဲ့.. နေရာမှာပြန်ထိုင်ပါ.. မင်းအနေနဲ့ ငြိမ်ငြိမ်လေး ထိုင်နေဖို့ ငါအကြံပေးချင်တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ် "..........."
[ဒီခွေးက ဟောက်စား သိပ်လုပ်တာပဲ]