အလယ်ကနေအပေါက်တစ်ပေါက်ဖောက်ရုံ..
Vol. 28 Ch. 409
ဗုံးပစ်စီနီယာ အင်မော်တယ်က ကောင်းကင်လက်နက် ရှစ်မျိုး၏ ဗားရှင်း အပြည့်အစုံကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ဤကျမ်းက လက်နက် သန့်စင်ရေးကျမ်းများတွင် အလွန်လူသိများသော ကျမ်းတစ်ခုဖြစ်သည်။
ထို့ကြောင့် စျေးကွက်တွင် ၎င်း၏ ဗားရှင်းများစွာ ရှိနေသည်မှာလည်း ထူးဆန်းသည်ဟု မဆိုနိုင်ပေ။
သို့သော် ပြီးပြည့်စုံသည့် ဗားရှင်းကတော့ မယုံနိုင်လောက်အောင်ပင်။
ဤစာအုပ်ကို စီနီယာဝမ်ဆီ ပေးခဲ့သူက စီနီယာဝမ်၏ အမာခံပရိသတ်တစ်ဦး ဖြစ်မည်ဟု ခံစားမိသော်လည်း သေချာ ပြန်တွေးကြည့်ပြီးနောက် ယင်းက သာမန်ထက် လွန်ကဲနေသည်ဟု သူခံစားမိသည်။
စီနီယာဝမ်၏ ခန့်မှန်းရခက်သော နယ်ပယ်အဆင့်ကြောင့် ပရိသတ်များ အခိုင်အမာ ရှိနေခြင်းမှာ သာမန်သာ ဖြစ်သည်။
ဤသည်ကိုထောက်၍ စီနီယာဝမ်၏ ဝတ္ထုက တာအိုလမ်းစဥ် အတွက် မည်မျှ ထူးကဲကြောင်း သူခံစားမိသည်။
ဤဝတ္ထုသစ်တွင် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အယူအဆ တစ်မျိုးမျိုး ရှိရမည်မှာ သေချာသည်။
မဟုတ်လျှင် ကောင်းကင်လက်နက် ရှစ်မျိုးကျမ်းအား လက်ဆောင်ပေးသော စီနီယာကြီးကို မည်ကဲ့သို့ ဆွဲဆောင်နိုင်ပါမည်နည်း။
"ဒီမူရင်းကျမ်းထဲမှာ အချက်အလက်တွေ အများကြီးရှိလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။
ထွင်ထျန်းဟာ "ထပ်တိုးထားတာတွေလည်း ရှိတယ်.. ဒါပေမယ့် တကယ်တမ်း ပြောရရင် အရမ်းကြီး ပြည့်စုံနေတာတော့ မဟုတ်ပါဘူး.. စျေးကွက်မှာ ထုတ်ထားတဲ့ ဗားရှင်းတွေနဲ့ယှဥ်ရင်တော့ မှော်လက်နက်နဲ့ ပတ်သက်တဲ့ အချက်အလက် ပိုပြည့်စုံပါတယ်"
စကားပြောနေရင်း ထွင်ထျန်းဟာက စာအုပ်ကို လှန်ကြည့်လိုက်ရာ ဝမ်လင်းပြုလုပ်လိုသော မှော်လက်စွပ် လုပ်နည်းကို အမြန် ရှာတွေ့ခဲ့သည်။
"ဆရာလေးလင်း ပြုလုပ်ချင်တာ ဒီမှော်လက်စွပ်လား"
ထိုကျမ်းတွင် ဖော်ပြထားသည်က ရိုးရှင်းသည့် အနက်ရောင် လက်စွပ် ပြုလုပ်နည်း ဖြစ်သော်လည်း ကြောက်စရာကောင်းသည်မှာ စိတ်ဝိညာဉ် ဖိနှိပ်ခြင်းလက်စွပ် ဟူသည့် နာမည်တစ်ခု ရှိနေခြင်းပင်။
ကောင်းပင် လက်နက် ရှစ်မျိုးကျမ်းတွင် ဖော်ပြချက်အရ ဤမှော်လက်စွပ်ကို အနန္တတန်ခိုးရှင်က ဒီဇိုင်းထုတ်ခဲ့ခြင်း ဖြစ်၏။
ဤဖော်ပြချက်၏ အောက်ဆုံးတွင် စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ် ပြုလုပ်ရန် အဓိက လိုအပ်သောပစ္စည်းမှာ သံလိုက်ကျောက် ဖြစ်ကြောင်း ရေးသားထားသည်။
ထို့အပြင် အောင်မြင်မှုရာနှုန်း မရှိဟုလည်း ဖော်ပြထားသေး၏။
ဗုံးပစ်စီနီယာအင်မော်တယ်က ချွေးစေးများ ထွက်လာသည်။
လက်နက် သန့်စင်ခြင်း နည်းစနစ်များက မယုံနိုင်လောက်အောင် ရှုပ်ထွေးမှန်း သူနားလည်သည်။
သို့ရာတွင် အောင်မြင်မှုရာနှုန်းမရှိ ဟူသော ဖော်ပြချက်ကမူ တကယ်ကိုလွန်လွန်း၏။
ဗုံးပစ်စီနီယာအင်မော်တယ် ထိုအကြောင်းကို တွေးနေစဥ်မှာပင် ဝမ်လင်းက မူလဘူတ လက်နက်သန့်စင်သည့် စွမ်းရည်ကို စတင် အသုံးပြုနေပြီ ဖြစ်သည်။
လက်ဟန် စည်းတံဆိပ်များ ဖော်ထုတ်ပြီး နောက်တွင် လေထဲလွင့်မျောနေသော သတ္တုရည် အလုံးကြီးမှာ အရှိန်ပြင်းပြင်းဖြင့် လှည့်ပတ်သွားပြီး ပေါက်ကွဲထွက်သွားသည်။
လေထဲကနေ တောက်ပသော အလင်းရောင်များလည်း ထွက်ပေါ်လာ၏။
စက္ကန့်သုံးဆယ်လောက် အကြာတွင် အလင်းရောင်က မှေးမှိန်သွားသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က လေထဲတွင် သတ္တုရည် အလုံးကြီး လုံးဝ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီး နောက်တွင် အနက်ရောင် လက်စွပ်များက ကြမ်းပြင်ပေါ်သို့ တချွင်ချွင်ဖြင့် ပြုတ်ကျလာသည်။
"အမ် ပြုလုပ်လို့ပြီးသွားပြီလား"
ဝမ်လင်းက ခေါင်းညိတ်ပြရင်း ကမ္ဘာ့မြေဆွဲအား စွမ်းရည်ကို အသုံးပြုကာ မြေပြင်မှ မှော်လက်စွပ်များကို သူ့လက်ထဲသို့ တစ်ကွင်းပြီး တစ်ကွင်း ဆွဲယူလိုက်သည်။
ဤမြင်ကွင်းကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှုတ်ခမ်းထောင့်များက တလှုပ်လှုပ်ဖြစ်သွားသည်။
"..........."
လက်နက်တစ်ခုကို သန့်စင်ရာတွင် အခြေခံပစ္စည်းက အမြဲတမ်း အရေးကြီးဆုံး ဖြစ်သည်။
နောက်ထပ် အသုံးပြုသည့် ပါဝင် ပစ္စည်းများမှာ လက်နက် သန့်စင်သည့် အောင်မြင်မှုနှုန်းကို တိုးမြင့်လာစေရန် ကူညီပေးရန်အတွက်သာ ဖြစ်သည်။
ထို့ကြောင့် 99.99 ရာခိုင်နှုန်း အောင်မြင်မှုနှုန်း ရှိသောအခြေအနေတွင် အဓိကပစ္စည်းနှင့် လက်နက်ဒီဇိုင်းက မည်သို့ဖြစ်သည်ကို သိနေသ၍ ဖြည့်စွက်ပစ္စည်းများကို ထည့်သွင်း စဉ်းစားရန် မလိုအပ်တော့ချေ။
ဤတစ်ကြိမ်ထဲဖြင့်ပင် လက်စွပ် စုစုပေါင်း ဆယ်ကွင်း ရရှိခဲ့၏။
လက်စွပ်၏ အရည်အသွေးကလည်း တော်တော်လေး ကောင်းပုံရသည်။
မဟာကံကြမ္မာ စွမ်းရည်အပေါ် ဝမ်လင်း၏ အမြင်က ယခုအခါတွင် အနည်းငယ် ပြောင်းလဲလာသည်။
သူ ထိုစွမ်းရည်ကို မကြာခဏ အသုံးမပြုရသည့် အကြောင်းရင်းမှာ ၎င်းက အလွန် ဆွဲဆောင်နိုင်သောကြောင့် ဖြစ်သည်။
၎င်းကို အသက်သွင်းထားလျှင် မည်သည့် အခြေအနေမျိုးမှာ မဆို ကံကောင်းနေလိမ့်မည် မဟုတ်ပါလော။
ဤတစ်ကြိမ်တွင် မဟာတာအို စွမ်းရည်နှစ်မျိုးကို တွဲဖက်အသုံးပြုခြင်းဖြင့် အမြင့်ဆုံး အကျိုး သက်ရောက်မှုအား ဆွဲထုတ်နိုင်သည်ကို သူတွေ့ရှိခဲ့သည်။
မဟာကံကြမ္မာ တာအို၏ သက်ရောက်မှု မရှိလျှင် အောင်မြင်မှုနှုန်းနှင့် အရည်အသွေးက များစွာ နိမ့်ကျသွားမည် ဖြစ်သည်။
ဝမ်လင်းက သူ့လက်ထဲမှ လက်စွပ်ဆယ်ကွင်းကို အကဲခတ် ကြည့်လိုက်သည်။
အရည်အသွေး အညံ့ဆုံး လက်စွပ်၏ အရည်အသွေးပင် တတိယတန်းစား သူတော်စင် လက်နက် အဆင့် ဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။
ဝမ်လင်း၏ မျက်လုံးများက တောက်ပလာသည်။
ဤမျှ အရည်အသွေးရှိသော စိတ်ဝိညာဥ်ဖိနှိပ်ခြင်း လက်စွပ်ကို အမှန်တကယ် ဖန်တီးနိုင်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ထင်ထားသည့်အတိုင်းပင် မဟာကံကြမ္မာစွမ်းရည်၏ သက်ရောက်မှုများက သဘာဝကို အမှန်တကယ်ပင် အံတုခဲ့သည်။
သာမန် အခြေအနေအောက်တွင် ဤသံလိုက်ကျောက်၏ အရည်အသွေးဖြင့် ဤမျှ အရည်အသွေးရှိသော လက်စွပ်ကို ပြုလုပ်နိုင်ရန်မှာ အခွင့်အရေး ဆယ်သန်းတွင် တစ်ခါမျှသာ ရှိ၏။
သို့သော် ဝမ်လင်းက ထိုအတွေးကို တိုက်ရိုက် ထုတ်မပြောခဲ့ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်က ထပ်ပြီး အံ့အားသင့်သွားပြန်၏။
"ညီနောင်လင်း ဒီလက်စွပ်တွေရဲ့ အရည်အသွေးက ဘယ်လိုလဲ"
ယင်းအချိန်တွင် ဗုံးပစ်စီနီယာအင်မော်တယ်က ရုတ်တရက် မေးလိုက်သည်။
ဝမ်လင်းက လက်စွပ်ဆယ်ကွင်းထဲမှ ဒုတိယတန်းစား သူတော်စင် လက်နက်အဆင့် မှော်လက်စွပ်ကို ရွေးချယ်ခဲ့သည်။
သူက ဖန်းကွမ်း၏ စိတ်ဝိညာဉ်နေရာလွတ်ကို ထိန်းထားရန် ဤမှော်လက်စွပ်ကို ကြားခံအဖြစ် အသုံးပြုမည် ဖြစ်သည်။
ထို့နောက် သူက ကျန်လက်စွပ်ကိုးကွင်းမှ အကောင်းဆုံး အရည်အသွေးရှိသော မှော်လက်စွပ်ကို ရွေးထုတ်ပြီး ဗုံးပစ်စီနီယာအင်မော်တယ်ကို တိုက်ရိုက် ပစ်ပေးလိုက်သည်။
"ညီနောင်လင်း.. ဒါက.."
အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးက လက်စွပ်ကို လက်ခံရရှိချိန်တွင် ရင်တအားခုန်နေပုံရသည်။
"ဒါက မင်းအတွက်ပဲ"
ဝမ်လင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ညီနောင်လင်း.. ဒါက အရမ်းများလွန်းတယ်.. ဒါမျိုးတန်ဖိုးကြီးတဲ့ပစ္စည်းကို ဘယ်လိုယူရဲမှာလဲ"
ပါးစပ်ကသာ အားနာနေသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်က လက်စွပ်ကို လက်သူကြွယ်တွင် စွပ်လိုက်၏။
ဝမ်လင်း "............."
ထွင်ထျန်းဟာ "............."
ဗုံးပစ်စီနီယာ အင်မော်တယ်က လက်စွပ်ကို စွပ်ကြည့်လိုက်သည်နှင့် အလွန် များပြားသော ဝိညာဉ်စွမ်းအားကို ခံစားမိခဲ့သည်။
ဤမှော်လက်စွပ်က အနည်းဆုံး သူတော်စင် လက်နက်အဆင့် ဖြစ်မည်မှာ သေချာ၏။
သို့သော် မှော်လက်စွပ် ဤမျှလောက် မရိုးရှင်းမှန်း သိထားသူမှာ ဝမ်လင်း တစ်ယောက်သာ ရှိသည်။
ဖက်တီးလော ကဲ့သို့ ကျွမ်းကျင်ပညာရှင်များကို အကဲဖြတ်ခိုင်းမည်ဆိုလျှင် ၎င်း၏တန်ဖိုးကို ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် လက်စွပ်၏ အရည်အသွေးက လက်ရှိ တိုင်းတာမှု စံနှုန်းထက် ကျော်လွန်နေပြီ ဖြစ်သောကြောင့်ပင်။
ဝမ်လင်း ပေးထားသည့် မှော်လက်စွပ်က အသက်ကယ်နိုင်စွမ်းပင် ရှိနေလောက်၏။
ဝမ်လင်းအနေဖြင့် ပြောရလျှင် ဤသေမင်းတမန် စီနီယာက သူ့ကို များစွာ အထောက်အကူ ပြုခဲ့ဖူးသည်။
၎င်းကြောင့်ပင် ကမ္ဘာကြီး၏ အကြောင်းအရာတချို့ကို နားလည် သဘောပေါက်ခဲ့သည်။
ထို့ကြောင့် ကျေးဇူးဆပ်ဖို့ လက်စွပ်ကို စွန့်လွှတ်ခြင်းက ကံတရားဟုလည်း မှတ်ယူနိုင်၏။
ထို့အပြင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့အတွက် ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို လက်ဆောင်ပေးလေ့ ရှိသည် မဟုတ်ပါလား။
ထို့နောက်တွင် သူက လက်ကျန် လက်စွပ်ရှစ်ကွင်းကို ချက်ဂရု မှ အခြားသူများအား ပေးရန် ဗုံးပစ်စီနီယာ အင်မော်တယ် လက်ထဲသို့ အပ်လိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။
"ညီနောင်လင်း ဒါက အရမ်းလွန်လွန်သွားပြီ.. ချက်ဂရုက လူတွေသာ သိသွားရင် အရမ်းပျော်သွားမှာ သေချာတယ်"
ထိုစကားကို ကြားလျှင် ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
"ဘာမှမပြောနဲ့.. လက်စွပ်ပဲပေးလိုက်.."
ချက်ဂရုထဲတွင် ဖက်တီးလော မရှိသော်လည်း ဗုံးပစ်စီနီယာအင်မော်တယ်က စကားစမြည်ပြောရင်း လေတိုက်မိမည်ကို စိုးရိမ်နေသည်။
ဤသည်မှာ ဝမ်လင်း စိုးရိမ်နေသည့်အရာ ဖြစ်၏။
သူ၏ သတိပေးချက်နှင့်အတူ ဗုံးပစ်စီနီယာ အင်မော်တယ်ကလည်း ဤအချက်ကို ပြန်အမှတ်ရခဲ့သည်။
မှန်၏ သူတို့ကို လက်စွပ်ပေးရုံအပြင် ဘာမှ ပြော၍မဖြစ်ပေ။
အကယ်၍ လင်းကျန်းရန်သာ ဤသူတော်စင် လက်နက်အဆင့် မှော်လက်စွပ်များ ပြုလုပ်ရန် ငါးမိနစ်ဝန်းကျင်သာ အချိန်ယူရမှန်း ဖက်တီးလော သိလျှင် သူ၏ဘိုးဘေး အဖြစ် ချက်ချင်း သတ်မှတ်မည်မှာ သေချာ၏။
ဗုံးပစ် စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။
"အမှန်တိုင်းပြောရရင် ညီနောင်လင်းနဲ့ တွေ့မှပဲ လက်နက်သန့်စင်တဲ့ လုပ်ငန်းစဥ်က လွယ်လွယ်လေး ဆိုတာ ငါပထမဆုံးအကြိမ် သဘောပေါက်လိုက်တယ်"
ထွင်ထျန်းဟာ "တကယ်တော့ သော့ချက်က သန့်စင်တဲ့ အပိုင်းပဲ.. ဒါက မှော်စွမ်းအားနဲ့ သတ္တုကို အလယ်ကနေ အပေါက်ဖောက်လိုက်ရုံပဲလေ"
ထွင်ထျန်းဟာက အလွန်လွယ်ကူနေသကဲ့သို့ ပြောဆိုနေရာ ဗုံးပစ်စီနီယာ အင်မော်တယ်က မရယ်ဘဲ မနေနိုင်တော့ချေ။
"ညီနောင်ထွင်ထျန်းဟာ.. ဒါက အပေါက်တွေ အများကြီး ဖောက်ရတာလေ.. ဘယ်လွယ်ပါ့မလဲ.. ကဲပါ မင်းလူအသွင်ပြောင်းနိုင်တဲ့ အခါကျရင် ငါတစ်ကွင်း ဝယ်ပေးပါ့မယ်"
ထိုအခိုက် ဝမ်လင်း၏ စိတ်ထဲတွင် ချိုမြိန်သော အတွေးတစ်ချို့ ဝင်လာသည်။
".............."