← Chapters

ကြက်သားများများ စားနိုင်ရင် ဆရာလည်း လုပ်နိုင်တယ်

Vol. 28 Ch. 411

ကြက်သားများများ စားနိုင်ရင် ဆရာလည်း လုပ်နိုင်တယ်

Vol. 28 Ch. 411

ဤသည်မှာ ဝမ်လင်းပင် မမျှော်မှန်းနိုင်သော အခြေအနေဖြစ်သည်။

မှော်ရတနာတစ်ခု၏ စွမ်းအားကို အသုံးပြု၍ စိတ်ဝိညာဉ်ကို လက်တွေ့ကမ္ဘာတွင် ထင်ရှားစေရန် အတွက် ဝိညာဉ်စွမ်းအား မည်မျှသုံးစွဲရမည်ကို တိုင်းတာရန် သူမေ့လျော့သွားခဲ့သည်။

စိတ်ဝိညာဉ် ဖိနှိပ်ခြင်း လက်စွပ်ကို ဝိညာဉ်စွမ်းအားဖြင့် အားပြန်သွင်းရန် တစ်နေကုန် အချိန်ယူရမည် ဖြစ်သော်လည်း ဖန်းကွမ်းက ပြင်ကကမ္ဘာတွင် (Ultraman) ထက်ပင် တိုတောင်းပြီး သုံးမိနစ်သာ နေနိုင်မည် ဖြစ်သည်။

ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းနှစ်ခုရှိသည်။

တစ်ခုမှာ စိတ်ဝိညာဥ် ဖိနှိပ်ခြင်း လက်စွပ်တွင် ဝိညာဉ်စွမ်းအား သိုလှောင်ရန်နေရာကို ဆက်လက် ချဲ့ထွင်ရန်နှင့် နောက်တစ်ခုမှာ ဖန်းကွမ်း၏ ဝိညာဉ်စွမ်းအား သုံးစွဲမှုကို ကန့်သတ်ရန် ဖြစ်သည်။

သို့သော် ပြဿနာမှာ ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဖန်းကွမ်းက နည်းလမ်းနှစ်ခုစလုံးကို တောင်းဆိုခဲ့ခြင်းပင်။

ယခုအချိန်တွင် စိတ်ဝိညာဉ် နေရာလွတ်အား မှော်လက်စွပ်ထဲ ပြောင်းရွှေ့ထားသောကြောင့် လုံလောက်သော ဝိညာဉ်စွမ်းအားကို စုဆောင်းပြီးသည့် အချိန်အထိ ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ပြတ်နေမည် ဖြစ်သည်။

"စီနီယာဖန်းက အရမ်းစိုးရိမ်နေပုံပဲ.. သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်နိုင်မဲ့ နည်းလမ်းကို စဉ်းစားရမယ်"

"ဒါပေမဲ့ ကွန်ပျူတာကို လက်စွပ်ထဲ ပို့တာနဲ့ ပတ်သက်ပြီး အစောပိုင်းက ညီနောင်လင်း ပြောတာ ငါကြားလိုက်တယ်.. ငါတို့ဘယ်လိုမျိုး ပို့လို့ရမလဲ ညီနောင်လင်း"

ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ဝိညာဉ် နေရာလွတ်နှင့် ပတ်သက်၍ အကန့်အသတ်ဖြင့် နားလည်ခဲ့သော်လည်း အခြေခံများကိုမူ သိရှိဆဲ ဖြစ်သည်။

စိတ်ဝိညာဉ် နေရာလွတ် ဖွဲ့စည်းပုံက အလွန်ရှုပ်ထွေးသည်။

ထွင်ထျန်းဟာက ဖန်းကွမ်း ပေးခဲ့သော အသေးစိတ်ပုံကြမ်းကို စိတ်ဝိညာဉ်နေရာလွတ် ထဲသို့ ယခင်က ထည့်သွင်းထားမိသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ပြန်မယူနိုင်တော့ပေ။

"မဟာယဇ်ပူဇော်မှုစွမ်းရည်"

ဝမ်လင်းက သူကျွမ်းကျင်သော မဟာတာအို သုံးထောင်ထဲမှ နောက်ထပ်တစ်ခုကို ထုတ်ဖော်ပြသရန် အကြောင်းဖန်လာသည်။

သူက ဤစွမ်းရည်ကို တော်ရုံ အသုံးမပြုခဲ့ပေ။

၎င်းက မဟာတာအို သုံးထောင်ထဲတွင် အနည်းငယ် လျစ်လျူရှုထားသော အကိုင်းအခက် တစ်ခုနှင့် သက်ဆိုင်သည်။

၎င်း၏ ဇစ်မြစ်က ရှေးခေတ်ကာလတွင် အနန္တတန်ခိုးရှင်များ နယ်ပယ်အဆင့် တက်ရန်အတွက် အသုံးပြုရာမှ စတင်ခဲ့သည်။

တစ်နေ့တွင် တစ်စုံတစ်ယောက်သည် အချိန်တိုအတွင်း တန်ခိုးစွမ်းအားများ ရရှိရန် သက်ရှိသတ္တဝါများကို ယဇ်ပူဇော်ကာ အသုံးပြု၍ရသည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

၎င်းက မဟာယဇ်ပူဇော်မှု စွမ်းရည်၏ မူလအစ ဖြစ်သည်။

ဟုတ်ပါသည်။ ယင်းက သမိုင်းထဲမှ ယဇ်ပူဇော်ခြင်းစွမ်းရည် ဖြစ်၏။

သို့သော် ယခုအခါတွင် ဝမ်လင်းက ဤစွမ်းရည်နှင့် ပတ်သက်၍ အသုံးပြုနည်း အသစ်တစ်ခုကို တီထွင်လိုက်ပြီ ဖြစ်သည်။

"တော်သေးတာပေါ့.. ညီနောင်လင်းဆီမှာ နည်းလမ်းရှိလို့"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဤစွမ်းရည်၏ ဇစ်မြစ်အကြောင်း အသေးစိတ် မေးခွန်းများကို မမေးခဲ့ပေ။

လင်းကျန်းရန်တွင် သူယခင်က မကြားဖူးသော သို့မဟုတ် မမြင်ဖူးသော စွမ်းရည်များစွာ ရှိမှန်း သူသိသည်။

မှော်စွမ်းရည်များသည် ကျင့်ကြံသူတိုင်း၏ လျှို့ဝှက်ကိစ္စလည်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့၏ ဆက်ဆံရေးက မည်မျှပင် ရင်းနှီးနေပါစေ.. ကမူးရှူးထိုး မေးမြန်းမည်ဆိုလျှင် မယဉ်ကျေးရာ ကျသွားနိုင်သည် မဟုတ်ပါလား။

ထို့နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဖုန်းကို တိုက်ရိုက်ထုတ်ကာ စခရင်ပေါ်တွင် စတင် နှိပ်တော့သည်။

"ဒါဆို အချိန်မဖြုန်းတော့ဘူး.. ငါလုပ်လိုက်တော့မယ်"

ထွင်ထျန်းဟာ "အော်ဒါတင်မလို့လား"

ဗုံးပစ်စီနီယာအင်မော်တယ် "အင်း ကွန်ပျူတာ ဝယ်ဖို့လေ.. ငါတို့က ကွန်ပျူတာကို အထဲမှာ ပို့ပေးရမယ်မလား"

ထွင်ထျန်းဟာ "ဒါပေမယ့် တာအိုကျင့်ကြံသူဖန်းကွမ်းက အဲဒါကို ဘယ်လိုသုံးရမယ်ဆိုတာ သိလို့လား"

ထိုစကားကို ကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ် ခေတ္တရပ်တန့်သွားသည်။

ထွင်ထျန်းဟာက ဤကိစ္စ၏ အဓိကအချက်ကို ထောက်ပြခဲ့ခြင်းပင်။

တကယ်လည်း ဖန်းကွမ်းက အခုလေးတင်မှ ပြင်ပကမ္ဘာနှင့်ထိတွေ့မိ၍ ကွန်ပျူတာကို အသုံးမပြုတတ်ပေ။

ဗုံးပစ်စီနီယာအင်မော်တယ်" သူ့ရဲ့ လိုက်လျောညီထွေ ဆက်ဆံနိုင်စွမ်းက အရမ်းမြင့်တယ်.. ဘာပဲဖြစ်ဖြစ် ကွန်ပျူတာ ဆိုတာက လူမှုဆက်ဆံရေးအတွက် ကြားခံပစ္စည်းလေးပါပဲ.. သူသင်ယူနိုင်မှာပါ"

နှစ်ရာကျော်ကြာအောင် တစ်ကိုယ်တည်း နေခဲ့ရပြီး ခေတ်သစ်လူ့အဖွဲ့အစည်း၏ နောက်မှာ နောက်ကျကျန်ခဲ့သည့် စီနီယာကြီးများအဖို့ ခေတ်မီနည်းပညာကို အသုံးပြုတတ်ရန် သင်ယူခြင်းသည် အဆင့်မြင့် မှော်စွမ်းရည်ကို သင်ယူခြင်းထက်ပင် ပိုခက်ခဲ၏။

ထို့ကြောင့် ကွန်ပျူတာဝယ်ရုံ နှင့် မလုံလောက်ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ် အနေဖြင့် အသုံးပြုနည်း သင်ခန်းစာများကို ဖန်းကွမ်းအား သင်ပြရဦးမည်သာ။

အနည်းဆုံးတော့ ဖန်းကွမ်းက အခြေခံ ချက်တင်ထိုင်နည်း လုပ်ဆောင်ချက်များကို လေ့လာရပေမညိ။

အွန်လိုင်းမှ အချိန်အတော်ကြာ ရှာဖွေပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က စားပွဲတင် ကွန်ပြူတာ ဆိုလျှင် ဖန်းကွမ်းအတွက် ရှုပ်ထွေးလွန်းသည်ဟု တွေးထင်ခဲ့သည်။

အသုံးပြုနည်း စာအုပ်ရှိလျှင်ပင် ဖန်းကွမ်းက အချိန်တိုအတွင်း နားလည်နိုင်မည် မဟုတ်ပေ။

အဆုံးသတ်တွင် စီနီယာဖန်းကွမ်း အတွက် နိုင်ငံခြားဖြစ် စမတ် Notebook ကိုသာ ရိုးရိုးရှင်းရှင်း ရွေးချယ်ခဲ့သည်။

ဤ Notebook၏ အညွှန်းတွင် လူကြီးသူမများ အတွက် အဓိက ရည်ရွယ်သည်ဟု ဆိုသော်လည်း ဗုံးပစ် စီနီယာ အင်မော်တယ်က ပျင်းရိသူများအတွက်သာ ဖြစ်သည်ဟု အမြဲလိုလို ခံစားခဲ့ရသည်။

ဆိုရလျှင် ဤNotebook အမျိုးအစားက ကွန်ပျူတာ အသုံးပြုနည်းကို သင်ယူလိုသော စီနီယာကြီးများ အတွက် အကွက်မြင်သော စီးပွားရေး လုပ်ငန်းများမှ အထူးဒီဇိုင်းထုတ်ပေးထားခြင်းပင်။

Notebook တွင် AI စနစ် ပါ၀င်သောကြောင့် လုပ်ဆောင်ချက်တစ်ခုကို လေ့လာလိုသည့် အခါတိုင်းတွင် သင်၏ပါးစပ်ဖြင့် မေးရန်သာ လိုအပ်သည်။

မောက်စ် ဒါမှမဟုတ် ကီးဘုတ်ပင် မလိုအပ်ပေ။

သို့သော် ဗုံးပစ်စီနီယာ အင်မော်တယ်က ဖန်းကွမ်း တစ်ယောက် notebook ဖွင့်နည်းကို သင်ကြားရန် ဗီဒီယို ကျူတိုရီရယ် လိုအပ်ဦးမည်ဟု တွေးလိုက်သည်။

Note bookကို ဖွင့်တတ်သ၍ အရာအားလုံးက အဆင်ပြေသွားမည် မဟုတ်ပါလော။

စွမ်းအား အရင်းအမြစ် နှင့် ပတ်သက်၍လည်း စိုးရိမ်စရာမရှိပေ။

ခေတ်မီ ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတွင် အိမ်သုံးပစ္စည်း အများအပြားသည် ဝိညာဉ်စွမ်းအားကိုသာ အသုံးပြုကြသည်။

စီနီယာများအတွက် ဤNotebookမျိုးတွင် ဝိညာဥ်စွမ်းအား ဖြည့်သွင်းသည့် ဘက်ထရီများ ပါရှိသည်။

ဖန်းကွမ်း၏ စွမ်းအားဖြင့်ဆိုလျှင် တစ်ခါသွင်းရုံဖြင့် တစ်လလောက် အေးဆေး အသုံးခံမည်သာ။

"Notebookပဲ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီ"

"အော်ဒါတင်မယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေပေးချေသည့် ခလုတ်ကို နှိပ်ပြီး အမြန်ဝန်ဆောင်မှုကို ရွေးချယ်ခဲ့သည်။

ထို့ကြောင့် ရွှင်းဖုန့် အမြန်ချောပို့က မိနစ်နှစ်ဆယ် အတွင်း အရောက် လာပို့ပေးမည် ဖြစ်သည်။

................

"အော်ဒါ တင်ပြီးသွားပြီ.. မိနစ်နှစ်ဆယ်အတွင်း ဒီကိုရောက်လာလိမ့်မယ်"

အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးက ဖုန်းကိုချကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဘယ်လောက်ကျလဲ"

ထွင်ထျန်းဟာက စပ်စုလိုက်၏။

ဗုံးပစ်စီနီယာအင်မော်တယ်က သူ့လက်ကို ဝှေ့ယမ်းကာ အမြန်ပြန်ဖြေလိုက်သည်။

"စျေးမကြီးပါဘူး.. HNY ခြောက်သိန်းထဲပါ"

ထွင်ထျန်းဟာ "..........."

ဗုံးပစ်စီနီယာ အင်မော်တယ်ကမူ စျေးကြီးသည်ဟု မခံစားရပေ။

သူက ဤမျှလောက်သာ ပြန်ဝယ်ပေးရခြင်း ဖြစ်သည်။

လင်းကျန်းရန် ပေးခဲ့သော သူတော်စင် လက်နက်အဆင့် မှော်လက်စွပ်မှာမူ လက်စွပ်တစ်ကွင်းကို အင်မော်တယ် ရွှေချောင်းပေါင်း တစ်သန်းထက် မနည်းဖြင့်ပင် ဝယ်ယူ၍ မရနိုင်ပေ။

ဆန့်ကျင်ဘက်အားဖြင့် ဤကွန်ပျူတာက ခြောက်သိန်းသာကုန်ကျခဲ့ပြီး ယင်းမှာလည်း ဟွာရှို့နိုင်ငံ၏ ငွေကြေးသာ ဖြစ်သည်။

သူ့အတွက်မူ ၎င်းက ရယ်စရာကောင်းလောက်အောင် စျေးသက်သာပေသည်။

"..........."

ထွင်ထျန်းဟာ ခေါင်းညိတ်ပြီး ဝမ်လင်းကို ခိုးကြည့်လိုက်သည်။

ဝမ်လင်းက ကုတင်ပေါ်တွင် ငြီးငွေ့စွာ လဲလျောင်းနေသည်ကို တွေ့ခဲ့ရ၏။

ဆရာလေးလင်းက ကွန်ပျူတာကို စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း သူခန့်မှန်းမိလိုက်သည်။

ဝမ်လင်း၏ မျက်နှာတွင် မည်သည့် အမူအရာမှ မရှိသော်လည်း ဤ HNY ခြောက်သိန်းကို ခေါက်ဆွဲအကြွပ်ကြော်အဖြစ် အတွေးထဲတွင် ပြောင်းလဲနေပြီမှန်း ထွင်ထျန်းဟာ သေချာသိသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဖန်းကွမ်းအတွက် အသုံးပြုနည်း ဗီဒီယို ကျူတိုရီရယ်ကို မှတ်တမ်းတင်ရန် စီစဥ်ခဲ့သော်လည်း ဖန်းကွမ်းက ပါဝါပင် မဖွင့်တတ်မည်ကို စိုးရိမ်ခဲ့သည်။

ထို့ကြောင့် သူက ရှေးခေတ် နည်းလမ်းဟောင်းကို အသုံးပြုကာ ဗီဒီယိုရိုက်ကူးရာ၌ အသုံးပြုသည့် ရိုးရာမှော်ရတနာဖြစ်သော "အရိပ်ချန်ကျောက်"ကို အသုံးပြုခဲ့သည်။

ယခု ဈေးကွက်ထဲရှိ အရိပ်ချန် ကျောက်များသည် အရွယ်အစား အလွန်သေးငယ်ပြီး အလွန်စျေးသက်သာသော်လည်း ရောင်းချသူများလည်း ရှိပါသေးသည်။

ဟိုးရှေးကတည်းကပင် ဗုံးပစ်စီနီယာအင်မော်တယ်က အရေးပေါ် အခြေအနေအတွက် အရိပ်ချန်ကျောက်ကို အချိန်တိုင်း သယ်ဆောင်သွားသည့် အလေ့အထကို ပြုလုပ်ခဲ့၏။

အရိပ်ချန်ကျောက်ကို အသုံးပြု၍ ဗီဒီယို ရိုက်ပြီးသည်နှင့်..

ဝမ်မိသားစု အိမ်ငယ်လေး၏ အိမ်ရှေ့တံခါးဆီမှ တံခါးခေါက်သံက အချိန်မီ ထွက်ပေါ်လာသည်။

ပို့ဆောင်ရေး သမားတစ်ဦးက သေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ တံခါးရှေ့တည့်တည့်တွင် ရပ်နေသည်။

ဝမ်လင်းက ကုတင်ပေါ်တွင် လဲလျောင်းနေရင်း ပို့ဆောင်ရေးသမား၏ အော်ရာကိုခံစားမိသည်။

ဤအမြန်ချောပို့သမား၏ အော်ရာက ကောင်းကင်မှ ကျဆင်းလာခြင်းပင်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ပစ္စည်းလက်ခံရန် အပြင်သို့ထွက်သွားသောအခါ ပို့ဆောင်ရေးသမား၏ ကျောဘက်တွင် အသုံးပြုထားသော လေထီးကို အမှန်ပင် မြင်လိုက်ရသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။

သူက အခုလေးတင် လေယာဥ်သံကို ကြားလိုက်ရသည်။

ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ပို့ဆောင်ရေး ကုမ္ပဏီများသည် ချီသန့်စင်ခြင်း အဆင့်များကိုသာ အဓိကအားဖြင့် အလုပ်ပေးကြသည်။

သူတို့ အလုပ်ခန့်သည့် အမြင့်ဆုံး ကျင့်ကြံခြင်း အဆင့်မှာ အခြေခံ တည်ထောင်ခြင်း အဆင့် ဖြစ်၏။

ရွှေအမြူတေ အဆင့်နှင့် ယင်း အထက်ရှိ ကျင့်ကြံသူများကိုမူ အလုပ်ခိုင်းစေရန် နည်းလမ်းမရှိပေ။

ပို့ဆောင်ရေးသမားများ အနေဖြင့် မိုးရွာရွာနေပူပူ ၎င်းတို့၏ တာဝန်တွေကို ပြီးမြောက်စေရမည့် စည်းကမ်းချက်လည်း ရှိသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။

ယနေ့ခေတ်တွင် အမြန်ချောပို့တစ်ယောက် ဖြစ်ရန် အတွက် လေထီး ခုန်တတ်ရန်ပင် လိုအပ်နေပြီလော။

ယင်းက တကယ်ကို အန္တရာယ်များလွန်းသည်။

ဘောက်စ်ကို ကိုင်ထားရင်း အမြန်ချောပို့သမားက ဘောပင်ကို ကမ်းပေးလိုက်သည်။

"ဆရာ.. ကျေးဇူးပြုပြီး လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါ"

ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့နာမည်ကို လျင်မြန်စွာ ရေးထိုးလိုက်ပြီး တစ်ချိန်တည်းမှာပင် မေးခွန်းထုတ်လိုက်သည်။

"ညီနောင် လေထီးခုန်တာ တော်တော်တိကျတာပဲနော်..."

"ဆရာက မြှောက်ပင့်နေပါပြီ.. လေထီးခုန်တာကို ငါ အင်တာနက်ကဖေးမှာပဲ လေ့ကျင့်ဖူးတာပါ"

အမြန်ချောပို့သမားက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်"...???..."

ကယ်ရီယာ- "ဂိမ်းထဲမှာ ကြက်သားများများစားရရင် ဆရာလည်း လုပ်နိုင်ပါတယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "..............."

All Chapters