ယဇ်ပူဇော်ခြင်းရဲ့ခေတ်သစ်စည်းမျဥ်း
Vol. 28 Ch. 412
ဝမ်မိသားစု အိမ်ငယ်လေးနှင့် ဆန့်ကျင်ဘက်ရှိ စွန့်ပစ်ထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဝမ်လင်းက ယဇ်ပူဇော်သည့် မှော်အစီအရင် တစ်ခုကို ရေးဆွဲထားပြီဖြစ်သည်။
အစီအရင် အက္ခရာများက အလွန်ရှုပ်ထွေးပြီး ရွှေရောင်မှိန်ဖျော့ဖျော့ အလင်းများ တောက်ပနေသည်။
သို့သော် ဗုံးပစ်စီနီယာ အင်မော်တယ် အနေဖြင့် သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်ထားလျှင်ပင် ထိုအက္ခရာများကို မြင်နိုင်မည် မဟုတ်ပေ။
သူက အခြေခံ မှော်အက္ခရာ အချို့ကိုသာ မြင်နိုင်ခဲ့သည်။
ဤယဇ်ပူဇော်ခြင်း စွမ်းရည်က "မဟာယဇ်ပူဇော်ခြင်း"စွမ်းရည် ဖြစ်သည်။
အစီအရင် ခင်းကျင်းရာတွင် အသုံးပြုခဲ့သည့် အဓိက အက္ခရာများသည် မဟာတာအို သုံးထောင်ထဲရှိ ကောင်းကင် အက္ခရာ တာအို မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ပကတိအင်မော်တယ် သည်ပင် ဤ အက္ခရာများကို နားလည်နိုင်မည် မဟုတ်ပေ။
"ဒါက ဘယ်လိုမှော်စွမ်းရည်မျိုးလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က စပ်စုလိုက်သည်။
ထွင်ထျန်းဟာ "ဒီမှော်စွမ်းကို ဆရာလေးလင်း သုံးတာ ပထမဆုံးမြင်ဖူးတာပဲ.. စောင့်ကြည့်ရအောင်"
ဝမ်လင်းက အစီအရင်၏ ပင်မနေရာတွင် စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်ကို ချထားလိုက်သည်။
ထို့နောက် သူက ၎င်းနှင့် တစ်မီတာအကွာတွင် ဗုံးပစ်စီနီယာအင်မော်တယ် ဝယ်ထားသော Notebookကို ထားရှိခဲ့သည်။
ထို့သို့လုပ်ရာတွင် ဝမ်လင်းတစ်ယောက် ကမ္ဘာ့မြေဆွဲအား စွမ်းရည်ကို မသုံးခဲ့ကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ် သတိပြုမိသည်။
လင်းကျန်းရန်က Notebookကို လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ထားရှိခဲ့ခြင်း ဖြစ်သည်။
ဤအတွက် လေးနက်သည့် အကြောင်းပြချက် ရှိရမည်ဟု သူ ခံစားခဲ့ရ၏။
လင်းကျန်းရန်က သန်မာလွန်းသဖြင့် ပကတိအင်မော်တယ် ဖန်းကွမ်း ပင်လျှင် ရိုသေလေးစားရသောသူ ဖြစ်သည်။
အဖြူဝတ် လူငယ်လေးက လင်းကျန်းရန်ကို သူ့ညီနောင်လို သူငယ်ချင်းလို ခေါ်ပြောနိုင်ဖို့ သူအရင်ဘဝက ကမ္ဘာကြီးကို ကယ်တင်ခဲ့သည့် ကုသိုလ်မျိုး ပြုခဲ့သည်လားဟုပင် တွေးမိခဲ့၏။
သူ့အတွက် သင်ယူစရာတွေ အများကြီး ကျန်နေသေးသည်မှာ ထင်ရှားသည်။
တကယ်တမ်းတွင် သူက လွန်ခဲ့သော ရက်အနည်းငယ်က စပြီး ကျင့်ကြံခြင်း နှင့် ပတ်သက်၍ အကြောင်းအရာ များစွာကို ဆင်ခြင် တွေးတောကာ ဂရုတစိုက် လေ့လာနေခဲ့သည်။
စီနီယာကြီးဝမ် သူ့ကို ပေးခဲ့သည့် ဘရိုကိုလီကိုလည်း လေ့လာခဲ့၏။
သူက ဘရိုကိုလီကို ထပ်မံ စိုက်ပျိုးရုံတင် မကဘဲ မြန်မြန်ကြီးထွားစေရန် အတွက် အနည်းငယ် အဆိပ်ပါဝင်သော်လည်း အပင်အတွက် အန္တရာယ်မရှိသည့် ဓာတုဆေးကိုပင် တီထွင်နိုင်ခဲ့သေးသည်။
သို့သော် ကံမကောင်းစွာဖြင့် တာအို၏ လမ်းစဥ်ကို နားမလည်သေးပေ။
သူက စီနီယာကြီးဝမ်၏ နောက်ဆုံးထွက် ဝတ္ထုဖြစ်သည့် အင်မော်တယ်ဘုရင်၏ တိုက်ရိုက်ထုတ်လွှင့်မှုဘဝ ဝတ္ထုစီးရီးကိုလည်း ဖတ်ခဲ့သည်။
သူက စာကြောင်းတိုင်းနှင့် စကားလုံးတိုင်းကို ဖတ်ခဲ့ပြီး အခန်းတိုင်းတွင် စာကြောင်းရေ မည်မျှရှိသည်ကိုပင် သိခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် တာအို၏ လမ်းစဥ်ကို နားမလည်သေးပေ။
ထို့အပြင် မေမေဝမ်ပေးခဲ့သည့် အသားကပ် ဘောင်းဘီကို လေ့လာခဲ့သော်လည်း ကံမကောင်းစွာဖြင့် တာအို၏ လမ်းစဥ်ကို နားမလည်သေးပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်ခဲ့သည်။
ရုတ်တရက် လင်းကျန်းရန် အဘယ်ကြောင့် အစွမ်းထက်နေရသလဲ အကြောင်းရင်းကို သူတွေးမိလိုက်သည်။
လင်းကျန်းရန်က ဤအိမ်ကြီးမှ စီနီယာများနှင့်အတူ နေထိုင်ရသောကြောင့် ဖြစ်လောက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က တာအို၏လမ်းစဥ်ကို နားလည်ရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိသွားသည်။
တကယ့်သော့ချက်မှ စီနီယာများထံမှ သင်ယူခြင်းဖြစ်၏။
ထိုအတွက်ကြောင့် ယခုအခါတွင် ဝမ်လင်း၏ လှုပ်ရှားမှုတိုင်းကို သူ အထူးဂရုပြု၍ စောင့်ကြည့်နေခဲ့သည်။
"ညီနောင်လင်း မင်း ဘာဆက်လုပ်မှာလဲ"
ဝမ်လင်းက အစီအရင်အလယ်တွင် Notebookကို ထားပြီးနောက် ဘာမှလုပ်ရသေးသည်ကို မြင်လျှင် မေးခွန်းထုတ်လိုက်သည်။
"မီးရှို့မလို့"
ဝမ်လင်းက တိုတိုတုတ်တုတ် ပြောလိုက်သည်။
"မီးရှို့မလို့လား"
ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ထွင်ထျန်းဟာတို့က မှင်တက်သွားသည်။
ထို့နောက် အဖြူရောင်ဝတ်စုံဝတ် လူငယ်လေး နှင့် အမွေးစိမ်း ခွေးလေးက ဝမ်လင်း၏ လက်ချောင်းများမှ မီးတောက်များစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဝမ်လင်းက သူ့လက်ချောင်းများကို ဆတ်ခနဲ လှုပ်ရှားလိုက်ရာ အသစ်စက်စက် Notebookကို မီးတောက်များက လောင်ကျွမ်းသွားခဲ့သည်။
"ဟူး.. မီးတော့ရှို့ပြီးပြီ"
စက္ကန့်ပိုင်းလေး အတွင်းမှာပင် မီးတောက်များက ပစ္စည်းများကို လောင်ကျွမ်းသွားခဲ့၏။
အသစ်စက်စက် Notebookက ပြာမှုန်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ဝမ်လင်းက အစီအရင်၏ အလယ်ဗဟိုမှ မှော်လက်စွပ်ကို တစ်ဖန် ကောက်ယူလိုက်ပြီး "ယဇ်ပူဇော်လို့ ပြီးပြီ"ဟု ပေါ့ပါးစွာ ပြောကြားလိုက်သည်။
"Notebookကို ငါ မီးရှို့ပြီးသွားပြီ"
ထွင်ထျန်းဟာ "..........."
ဗုံးပစ်စီနီယာအင်မော်တယ်"............"
လူတစ်ယောက်နှင့် ခွေးတစ်ကောင်က တိုက်ရိုက် ထိတ်လန့်သွားသည်။
လင်းကျန်းရန်က မဟာ ယဇ်ပူဇော်ခြင်း စွမ်းရည်ကို သူတို့မျက်စိရှေ့မှာပင် အသုံးပြုခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဒဏ္ဍာရီလာ မြင်ကွင်းတစ်ခုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ဟု ခံစားမိခဲ့သည်။
အနာဂတ်တွင် သူ့အမွေဆက်ခံသူတွေထဲမှ တစ်ယောက်က ယဇ်ပူဇော်သည့် မှော်အစီအရင်ရှေ့တွင် ဒူးထောက်၍ ငိုနေလိမ့်မည်။
"အဖိုး.. အဖိုးဖတ်နေတဲ့ ကောင်းကင်ဘုံ စာကြည့်တိုက် ဝတ္ထုရဲ့ စာရေးဆရာက အပ်ဒိတ်တွေ ပြန်စနေပြီလေ.. တမလွန်မှာ ဖတ်ဖို့အတွက် မြေး ဒီကနေ မီးရှို့ပေးမယ်"
ဤအတွေးဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ကူကယ်ရာမဲ့ကာ တုန်လှုပ် ချောက်ခြားသွားခဲ့သည်။
"................"
ထွင်ထျန်းဟာက ထုံးစံအတိုင်း ဗုံးပစ်စီနီယာအင်မော်တယ် ပေါက်ကရ တွေးနေလောက်ပြီကို ရိပ်စားမိသည်။
တစ်ဖက်မှ ဝမ်လင်းကမူ စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်ကို စိုက်ကြည့်ကာ နှလုံးသားထဲကနေ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
တာအိုကျင့်ကြံသူ ဖန်းကွမ်း အတွက် ဗုံးပစ်စီနီယာ အင်မော်တယ်က Notebookကို အပြင် အွန်လိုင်းသင်ခန်းစာများ ထည့်သွင်းထားသည့် အရိပ်ချန် ကျောက်တုံးကိုပါ မီးရှို့ခဲ့၍ ပေးပို့ခဲ့သည်။
တာအိုကျင့်ကြံသူ ဖန်းကွမ်းအနေဖြင့် အခြေခံ လုပ်ဆောင်ချက်များကို လေ့လာရန် အချိန် မည်မျှ ကြာမြင့်မလဲ သူမသိပေ။
၎င်းသည် သူ၏ကံကြမ္မာ အပေါ်တွင် မူတည်သည်။
သို့သော်လည်း ဝမ်လင်းက အခြေအနေ တစ်ခုလုံးကို မထိန်းချုပ်နိုင်ကြောင်း သိလိုက်ရသည်။
အဆုံးသတ်တွင် စီနီယာများသည် အသစ်အသစ်သော နည်းပညာများကို လေ့လာရာတွင် အနည်းငယ် နှေးကွေးတတ်၍ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရပေမည်။
..................
မူလတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဖန်းကွမ်း နှင့် မျက်နှာချင်းဆိုင် စကားပြောရန် စီစဉ်ခဲ့သော်လည်း ဤပြဿနာကို ရင်ဆိုင်ရလိမ့်မည်ဟု မတွေးမိခဲ့ပေ။
ထို့ကြောင့် လတ်တလောတွင် ဝမ်မိသားစု အိမ်ငယ်လေး၌ သူဆက်နေစရာ အကြောင်းရင်း မရှိတော့ပေ။
Notebookကို မီးမရှို့မီတွင် ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် ဝမ်လင်းတို့က သီးသန့် ချက်ဂရု တစ်ခုကို ထူထောင်ခဲ့ပြီး ဖန်းကွမ်းအတွက် အကောင့်တစ်ခု လျောက်၍ ဂရုထဲကို ထည့်ထားခဲ့၏။
အသုံးပြုသူအမည်နှင့် စကားဝှက် နှင့်ပတ်သက်၍မူ တာအိုကျင့်ကြံသူ ဖန်းကွမ်းက အွန်လိုင်းသင်ခန်းစာကို သင်ယူပြီးသည်နှင့် ကိုယ်တိုင်ကိုယ်ကျ ပေးနိုင်သည်ဟု အရိပ်ချန်ကျောက်တုံးတွင် ရှင်းပြထားပြီ ဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင် စောင့်ဆိုင်းနေမည့်အစား ဝမ်လင်း ပေးခဲ့သော သူတော်စင် လက်နက်အဆင့် မှော်လက်စွပ်များကို
မည်သို့ မည်ပုံ ကြွားလုံးထုတ်ရမလဲကိုသာ တွေးတောနေခဲ့၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဆယ့်တစ်နာရီ လောက်တွင် အိမ်ငယ်လေးမှ ထွက်လာခဲ့သည်။
ဒုတိယထပ်တွင် ရပ်နေသော ဝမ်လင်းက အဖြူရောင် ၀တ်စုံဝတ် လူငယ်လေး တစ်ယောက် သူ့လက်ထဲမှ လက်စွပ်အား ဝမ်းသာအားရ နမ်းရှိုက်ရင်း ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။
ဗုံးပစ်စီနီယာအင်မော်တယ် ထွက်ခွာပြီး သိပ်မကြာခင်မှာပင် ဝမ်လင်းက ချက်ဂရု အသက်ဝင်လာသည်ကို ရုတ်တရက် တွေ့ရှိခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်
"လူတိုင်းကို ပြောစရာရှိတယ်.. မင်းတို့ တစ်ယောက်ချင်းစီအတွက် ငါ့မှာ အံ့သြစရာတစ်ခု ရှိတယ်"
ချိုက်လျန် "ဘယ်လို အံ့သြစရာလဲ"
ဓမ္မရာဂျာ "အံပေါင်းပေးမလို့လား.. ဒါပေမယ့် ဒီအချိန်က နှစ်သစ်ကူးချိန် မဟုတ်ဘူးလေ"
ယခင်က ဗုံးပစ်စီနီယာ အင်မော်တယ်သည် အံပေါင်းများကို ဖြန့်ဝေခဲ့ဖူးသည်။
သို့သော် ယခုအချိန်တွင် မည်သည့်ပွဲတော် သို့မဟုတ် တရုတ်နှစ်သစ်ကူးကိုမျှ မကျင်းပသေးပေ။
ထို့ကြောင့် ၎င်း၏ စကားက အနည်းငယ် ထူးဆန်းနေ၏။
အင်မော်တယ်ထုန်ရာက အံ့အားသင့်သွားပြီး ချွေးတစ်လုံးလုံး ကျနေသည့် အီမိုဂျီတစ်ခုကို ပို့လိုက်သည်။
"စီနီယာအင်မော်တယ်က အလောင်းအစား တစ်ခုမှာ ဆုံးရှုံးသွားလို့ စီနီယာရဲ့ လိင်အသားပေးဝတ်စုံ ဝတ်ထားတဲ့ ပုံတွေကို ရှယ်ပေးရမှာလား"
ဓမ္မရာဂျာက ချက်ချင်း ပြောလိုက်သည်။
"ဒါက ဖြစ်နိုင်ချေများမယ် ထင်တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ၎င်းတို့၏စကားကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။
သူက အပြုံး အီမိုဂျီများစွာပင် ပေးလိုက်သေး၏။
"ဟီး.. ဂရုထဲမှာ ငါပြန်ရှာပြီး တစ်ယောက်ပြီး တစ်ယောက် လိုက်ပို့မယ်.. လူတိုင်းမှာ စီနီယာအင်မော်တယ်ရဲ့ မထော်မနန်းပုံတွေ တစ်ပုံစီ ရှိနေရမယ်"
လျှပ်စီး ဓမ္မရာဂျာက ရွှင်မြူးသော အီမိုဂျီကို ပို့လိုက်သည်။
"စီနီယာ အင်မော်တယ်.. မင်းရဲ့ လိင်အသားပေး ဝတ်စုံနဲ့ ပုံကို မင်းကိုယ်တိုင် တကူးတက လာပေးစရာ မလိုပါဘူး"
".............."
ထိုမက်ဆေ့ချ်ကို မြင်လျှင် ချက်ဂရုက ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
အဘယ်ကြောင့်ဆိုသော် များသောအားဖြင့် ချက်ဂရု ပိုင်ရှင်ကို မလေးမစား လုပ်လျှင် စကားပြောခွင့် ပိတ်ပင်ခံရသောကြောင့်ပင်။
ဤချက်ဂရုထဲတွင် အဖွဲ့ပိုင်ရှင်၏ အခွင့်အာဏာကို စိန်ခေါ်ရဲသည့်သူမှာ ဓမ္မရာဂျာက လွဲ၍ မည်သူမှ မရှိခဲ့ပေ။
သို့သော် လူတိုင်း ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ယခုတစ်ကြိမ်တွင် ဓမ္မရာဂျာကို စကားပြောခွင့် ပိတ်ပင် မတားမြစ်ခဲ့ပေ။
ယင်းကြောင့် လျှပ်စီး ဓမ္မရာဂျာပင် အံ့အားသင့်သွားသည်။
"ဘာလဲဟ.. ဒီအခြေအနေက ဘယ်လိုကြီးလဲ
ချိုက်လျန်က စကား ဆက်ပြောလိုက်သည်။
"ဒီနေ့ စီနီယာအင်မော်တယ် အတော်လေး ပျော်ရွှင်နေပုံပဲ"
"စီနီယာအင်မော်တယ် သူ့ရည်းစားဟောင်းဆီက လက်ဆောင်လက်ခံရရှိစဥ်က အပြုံးအီမိုဂျီတွေ ပေးပို့ခဲ့တာကို ငါမှတ်မိသေးတယ်"
သို့သော် ချိုက်လျန်က ပေးပို့ပြီး နှစ်စက္ကန့်မပြည့်မီမှာပင် ပြန်ဖျက်သည့် ခလုတ်ကို ချက်ချင်းနှိပ်လိုက်သည်။
ဓမ္မရာဂျာ "ငါမြင်တယ်..."
အင်မော်တယ်ထုန်ရာ "ငါတွေ့တယ်..."
ဖန့်ရှင်း "ပြန်ဖျက်လည်းမထူးတော့ဘူး.. ငါတို့အားလုံးတွေ့ပြီးသွားပြီ"
ငွေရောင်လေး "တကယ် အံ့သြစရာကောင်းတဲ့ အရာတစ်ခုကို မြင်လိုက်ရသလို ခံစားရတယ်"
ဖီလန်ဓားအင်မော်တယ် "ငါလည်း မြင်တယ်။"
ကိုးဆလူသား "အံ့သြစရာပဲ"
လင်းကျန်းရန် "............"
"............."
ချိုက်လျန်က အားလုံး မြင်သွားလိမ့်မည်ဟု မထင်ထားမိပေ။
သူမက ဤအကြောင်းကို မည်သူ့ကိုမှ မပြောရန် ဗုံးပစ်စီနီယာအင်မော်တယ်အား ကတိပေးခဲ့သော်လည်း သတိလက်လွတ် ဖြစ်သွားသည့် အတွက် အနည်းငယ် ရှက်သွားမိသည်။
အရှက်ပြေ တစ်ခုခု ပြောခါနီးတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ချက်ဂရုထဲသို့ အသံမက်ဆေ့ချ် ပို့လိုက်၏။
ယင်းက သီချင်းတစ်ပုဒ် ဖြစ်နေပြီး မကြာသေးမီက လူကြိုက်များခဲ့သော Take You on a Journey ဟု ခေါ်သော သီချင်းဖြစ်သည်။
အသံမက်ဆေ့ထဲတွင် ထိုသီချင်းကို ဗုံးပစ်စီနီယာ အင်မော်တယ် ကိုယ်တိုင် သီဆိုထားခဲ့သည်။