ဗုံးပစ်စီနီယာအင်မော်တယ်က သီချင်းကိုမှော်ဆန်စွာ ပြောင်းလဲလိုက်သည်
Vol. 28 Ch. 413
သူ့လက်ဆောင်က ဗုံးပစ်စီနီယာအင်မော်တယ်ကို ဤမျှအထိ ပျော်ရွှင်စေလိမ့်မည်ဟု ဝမ်လင်း မမျှော်လင့်ထားခဲ့ပေ။
ပြဿနာမှာ အဖြူရောင်ဝတ် လူငယ်က ယခုလေးတင် အိမ်ငယ်လေးတွင် လက်ဆောင်ကို လက်ခံရရှိချိန်၌ အေးတိအေးစက်သာ ရှိခဲ့သည်။
ယခုမူ သီချင်းသီဆိုပြသည်အထိ အလွန်အကျူး ပျော်ရွှင်နေခဲ့သည် မဟုတ်ပါလော။
ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ လျှို့ဝှက်အသွင်အပြင်အချို့ကို တူးဖော်တွေ့ရှိသွားသလို ခံစားလိုက်ရသည်။
၎င်းက ဒဏ္ဍာရီလာ အပြင်ပန်း အေးတိအေးစက် ဖြစ်သော်လည်း အတွင်းပိုင်းတွင် နက်နဲစွာ စိတ်အားထက်သန်မှု ရှိသူ ဖြစ်နိုင်၏။
ယခုမှ သူသေချာ စဉ်းစားကြည့်မိသည်။
ဤသီချင်း Take You on A Journey သည် မကြာသေးခင်က အတော်လေး ရေပန်းစားခဲ့သော သီချင်း ဖြစ်နေ၏။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် ချန်းချောင်က အတန်းပြီးပြီးချင်း သူ့နားကြပ်ကို ယူကာ ထိုသီချင်းအား နားထောင်နေသည်ကို တွေ့ခဲ့ရသည်။
ထို့အပြင် ဤသီချင်းကို ကျောင်း၏ အပတ်စဉ် ကြာသပတေးနေ့ နေ့လယ်စာ စားချိန်အတွင်း ထုတ်လွှင့်ခဲ့ပြီး ကျောင်းဝင်းတစ်ခုလုံးကို ချစ်ခြင်းမေတ္တာ၏ အရိပ်အယောင်ဖြင့် ထုံမွှန်းစေခဲ့သည်။
အကယ်၍ သီချင်းကို We Are Different သီချင်းနှင့် ထပ်ပေါင်းလိုက်လျှင် ညစ်ညူးနေသည့် ဦးနှောက်ကို ပို၍ပင် ဆေးကြောနိုင်မည် ဖြစ်သည်။
ပြဿနာမှာ ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ သီချင်းကို ယခင်က တစ်ခါမျှ မကြားခဲ့ဖူးခြင်းပင်။
ဗုံးပစ်စီနီယာအင်မော်တယ် လက်တန်းသီဆိုသံကို ကြားရသောအခါ ဝမ်လင်း တင်မကဘဲ ကျန်လူများအားလုံး ၎င်းတို့၏ စခရင်များ ရှေ့တွင် သုံးစက္ကန့်ကြာ အေးခဲသွားခဲ့သည်။
ဤ အံ့အားသင့်သွားသည့် အခိုက်အတန့်ပြီးနောက်တွင် ဓမ္မရာဂျာက ချက်ဂရုအတွင်းသို့ တိုက်ရိုက် စာပို့လိုက်၏။
"စီနီယာအင်မော်တယ်.. ငါ မင်းဆိုတဲ့ သီချင်းကို တကယ် နားမထောင်ရသေးဘူး.. ဒါနဲ့ Gouda Takeshi သီချင်းဆိုတာကိုရော နားထောင်ဖြစ်လား"
(Gouda Takeshi= ဒိုရေမွန်ဇာတ်ကားထဲမှ ဆိုးရွားသောအသံပိုင်ရှင်)
လူတိုင်း ".............."
ချိုက်လျန် "
"ဓမ္မရာဂျာ.. နင်အဲဒါကို နားထောင်တယ်လား.. သူဆိုတာ အရမ်းဆိုးဝါးတယ်နော်"
ဓမ္မရာဂျာ "စီနီယာအင်မော်တယ်က ဂီတမှော်လက်နက်ကို တီထွင်ဖို့အတွက် ငါတို့ကို အစမ်းသပ်ခံအဖြစ် အသုံးချမှာကို ငါစိုးရိမ်မိတယ်"
ချက်ဂရုက ခေတ္တ တိတ်ဆိတ်သွားသည်။
ယနေ့တွင် စီနီယာအင်မော်တယ်က မည်သူမျှ နားမလည်နိုင်လောက်အောင် ပျော်ရွှင်နေပုံရပြီး သီချင်းတစ်ပုဒ်ကိုပင် သီဆိုပြခဲ့သေး၏။
ယင်းအချိန်တွင် ငွေရောင်လေးက သူ့ကို ပထမဆုံး ချီးကျူးခဲ့သည်။
"အားလုံး နားထောင်ကြည့်ပါဦး.. စီနီယာ အင်မော်တယ်က သီချင်းဆို အရမ်းကောင်းတာပဲ"
"ဟေ.."
ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ သီချင်းဆိုသံကို ဖွင့်လိုက်ရာ သာယာသော အသံက ထွက်ပေါ်လာ၏။
ငွေရောင်လေးက သူတော်စင် သားရဲဖြစ်၍ လူသားများ၏ ဂီတကို ပုံမှန်အားဖြင့် နားထောင်လေ့ မရှိသော်လည်း ဝေဖန် ပိုင်းခြားနိုင်စွမ်းတော့ ရှိနေဆဲပင်။
တကယ်လည်း ငွေရောင်လေး ပြောခဲ့သလိုပင်။
မထင်မှတ်ဘဲ ဗုံးပစ်စီနီယာ အင်မော်တယ်က ကောင်းမွန်စွာ သီဆိုနိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။
သူသီဆိုသည့်အသံက တော်တော်လေး ထူးခြားပြီး ပုံမှန်စကားပြောသည့် အသံနှင့် လုံးဝမတူပေ။
နားသောတ ဆင်သူကို ယောက်ျားလေး တစ်ယောက်ဆီကနေ နွေးထွေးမှုများ လှမ်းလာနေသလို ခံစားရစေ၏။
ထွင်ထျန်းဟာ ပင်လျှင် အံ့သြသွားခဲ့သည်။
"ကြည့်ရတာ ဗုံးပစ်စီနီယာ အင်မော်တယ်ဆီမှာ တခြားအရည်အချင်းတွေ ရှိနေပုံပဲ"
ဝမ်လင်းက ချက်ဂရုကို ကြည့်လိုက်သောအခါ ကြိုက်နှစ်သက်စွာဖြင့် လက်ခုပ်တီးသည့် အီမိုဂျီ အများအပြား ပို့ထားသည်ကို တွေ့လိုက်ရသည်။
ချိုက်လျန်က အနည်းငယ် စိတ်လှုပ်ရှားသွားပြီး လက်မကို ဆယ်ကြိမ် ဆက်တိုက် ပေးလိုက်သည်။
"စီနီယာ အင်မော်တယ်က တကယ် အဆိုကောင်းပဲ.. သူသီချင်းဆိုသံကို ကြားရတာ ဒါပထမဆုံး အကြိမ်ပါပဲ.. ဖုန်းနဲ့ အသံသွင်းလိုက်တာတောင် ဒီလိုအသံမျိုး ထွက်လာတာ တကယ်ကို အံ့သြစရာပဲ"
အင်မော်တယ်ထုန်ရာကလည်း မချီးမွမ်းဘဲ မနေနိုင်တော့ပေ။
"စီနီယာအင်မော်တယ် သီချင်းဆိုတာ အရမ်းကောင်းတယ်"
ထိုအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က သီချင်း၏ အဓိကအပိုင်းကို ၎င်း၏ အသံမက်ဆေ့ချ်တွင် သီဆိုပြီးနောက် သံပြိုင်အပိုဒ်ကို ပို့လိုက်သည်။
ဝမ်လင်း ရုတ်တရက် တစ်ခုခု မူမမှန်သည်ကို ခံစားလိုက်ရ၏။
ချိုက်လျန် "စီနီယာအင်မော်တယ်.. သီချင်းစာသား မှားနေပြီထင်တယ်.. သံပြိုင်စာသားက အရင် ငါကြားဖူးတဲ့ စာသားနဲ့ နည်းနည်း ကွဲလွဲနေသလားလို့...ပထမစာကြောင်းက 'ငါမင်းကို စိတ်ကူးယဥ်ဆန်ဆန် တူရကီဆီ ခေါ်သွားချင်တယ်' မဟုတ်ဘူးလား"
အဆုံးသတ်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ပြန်ဖြေလိုက်သည်။
"ငါ မမှားပါဘူး.. ငါက သီချင်းစာသားကို ပြောင်းလိုက်တာပါ.. အဲဒါက သီချင်းဆိုတဲ့အခါ ငါ့ရဲ့အကျင့်တစ်ခုပဲ”
ချိုက်လျန် "ငါသိပါတယ်.. ဒါပေမယ့် နင် စာသားကို ပြောင်းလိုက်တာတောင် ကာရံတွေက လိုက်ဖက်နေဆဲပဲ.. အနည်းဆုံးတော့ နင်ဆိုတဲ့ သီချင်းသံက ငါနားထဲကနေ မထွက်တော့ဘူး"
ဗုံးပစ်စီနီယာအင်မော်တယ် "တကယ်လား"
"ဟားဟား.. ငါမင်းကို သီချင်းရေးပြီး လက်ဆောင်ပေးရတော့မယ် ထင်တယ်"
သုံးစက္ကန့်လောက် အကြာတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူပြောင်းရေးထားသည့် သီချင်းစာသားကို ဂရုထဲသို့ တင်ပြခဲ့သည်။
"take you on A Journey "သီချင်း၏ မှော်ဆန်စွာပြောင်းလဲထားသော သံပြိုင်ဗားရှင်း...
'စိတ်ဝိညာဥ် လှိုဏ်ခေါင်းထဲ ငါမင်းကို စိတ်ကူးယဥ်ဆန်ဆန် ခေါ်သွားချင်တယ်"
"အဲဒီနောက်မှာ ကျင့်ကြံခြင်း သူတော်စင်ကုန်းမြေကို သွားကြမယ်
"အမှန်တကယ်တော့ အိမ်မှာနေရတာ ပိုကြိုက်တယ်"
"ဆာလောင်မှုကို ပြေပျောက်ဖို့ ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို စားလို့ရတယ်လေ"
.................
ဤစာသားများကို မြင်လိုက်သည်နှင့် ချက်ဂရု တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်။
ဝမ်လင်းက အသက်ကို စူးရှစွာ ရှူလိုက်ရသည်။
"..............."
စီနီယာအင်မော်တယ်၏ သီချင်းစာသားကို ကာရံညီအောင် ရေးစပ်နိုင်စွမ်းက တကယ်ကို သြချရလောက်သည်။
.......................
မကြည့်ဘဲနေလျှင်ပင် ဖေဖေဝမ်၏ ရောဂါ အကြောင်းရင်းကို ဝမ်လင်း သိသည်။
သူက ဖေဖေဝမ်၏ အသံကြောင့် ရောဂါကို ခန့်မှန်းနိုင်ခြင်းပင်။
ဤကဲ့သို့ နာနာကျင်ကျင် အော်ဟစ်သံကြောင့် လိပ်ခေါင်းရောဂါ တစ်ဖန် ပြန်ဖြစ်နေမှန်း ဝမ်လင်း တွက်ဆမိခဲ့သည်။
ယင်းမှာ ဤအိမ်ငယ်လေးတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် ဝမ်လင်း ရရှိခဲ့သော အဖိုးတန် အတွေ့အကြုံ ဖြစ်သည်။
ဖေဖေဝမ်တွင် နာတာရှည် လိပ်ခေါင်းပြဿနာ ရှိခဲ့သည်။
အဓိကအားဖြင့် လေ့ကျင့်ခန်း မပြုလုပ်ဘဲ အကြာကြီး ထိုင်နေသည့်အပြင် ကျန်းမာရေးနှင့် မညီညွတ်သည့် နေထိုင်မှု အလေ့အထများကြောင့် ဖြစ်ရခြင်းသာ။
ပထမဆုံးအနေဖြင့် ဖေဖေဝမ်က အပြင်ထွက်ခဲသည်။
ဖေဖေဝမ်က စာဖတ်ခြင်းနှင့် စာရိုက်ခြင်း အတွက် တစ်နေကုန် ကုလားထိုင်ပေါ်တွင်သာ ထိုင်နေခဲ့သည်။
ထို့အပြင် ရေချိုးခန်းရှိ အိမ်သာသည် သူသွားလေ့ရှိသော နေရာ ဖြစ်ပြီး စာဖတ်ခန်းရှိ ကုလားထိုင်ပြီးလျှင် ဒုတိယနေရာတွင် ရှိသည်။
မေမေဝမ်၏ အဆိုအရ ဖေဖေဝမ် အိမ်သာတက်သည့် အချိန်များကို ပေါင်းလိုက်လျှင် သုံးဘဝ၊ သုံးကမ္ဘာ ဆယ်မိုင်ပတ်လည် မက်မွန်ပန်းများ ဖူးပွင့်သည့်အချိန် (ထာဝရကာလ) မှသာ လုံလောက်မည် ဖြစ်သည်။
အရေးအကြီးဆုံးမှာ ဖေဖေဝမ်၏ လိပ်ခေါင်းရောဂါနှင့် ပတ်သက်၍ အထူးအဆန်းဆုံး အရာတွေထဲမှ တစ်ခုက ဆေးကို ဘယ်လောက်အထိ ခံနိုင်ရည်ရှိလဲ ဆိုခြင်းပင်။
လိပ်ခေါင်းက သာမန်ဆေးများဖြင့် ကုသ၍ မရနိုင်ပေ။
ထိုရောဂါဖြစ်သည့် အခါတိုင်းတွင် အင်မော်တယ်ထုန်ရာ ထုတ်လုပ်သည့်ဆေးကို ဆေးညွှန်းအတိုင်း တိတိကျကျ သုံးစွဲရလေ့ရှိသည်။
ဝမ်လင်းက ဤဆေးကို အရင်က မြင်ဖူးခဲ့၏။
ဆေးမှုန့်က တောက်ပနေပုံရပြီး ထိကိုင်ကြည့်လျှင် အလွန်အေးမြသည်။
ဒဏ်ရာရှိသည့် နေရာကို သွန်ချပြီး စက္ကန့်သုံးဆယ်မျှ ထားလိုက်လျှင် ဖေဖေဝမ်၏ လိပ်ခေါင်းက ချက်ချင်း ပျောက်ကင်းသွားမည် ဖြစ်၏။
သို့သော် ရောဂါပျောက်ကင်းရန် အတွက် ဆေးမှုန့်ထည့်သည့် အချိန်တွင် သေလုမတတ် နာကျင်ကိုက်ခဲသည့် ဝေဒနာနှင့် လဲလှယ်ရသည်။
ဝမ်လင်းက ဤအသေးအမွှား အခြေအနေမျိုးကို အသာလေး ကုသပေးနိုင်သည်။
သို့သော် ဖေဖေဝမ်က ရောဂါမည်မျှပင် ဆိုးရွားနေပါစေ၊ ဝမ်လင်းကို ကုသခွင့်မပေးပေ။
ဖေဖေဝမ်က သားဖြစ်သူထံတွင် လိပ်ခေါင်းရောဂါ ကုသရမည်မှာ အလွန်ရှက်စရာ ကောင်းသည်ဟု ခံစားခဲ့ရသည်။
အိမ်ထောင်ဦးစီး တစ်ယောက် အနေဖြင့် ဤကဲ့သို့ အသေးအမွှား အခြေအနေများကို မကျော်လွှားနိုင်ခဲ့လျှင် လေးလံသည့် မိသားစုတာဝန်ကို မည်သို့ ထမ်းဆောင်နိုင်ပါမည်နည်း။
ယင်းက ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်သည်။
အမျိုးသားတစ်ဦးသည် မိမိ၏ လိပ်ခေါင်းရောဂါကို မိမိကိုယ်တိုင် ကျော်ဖြတ်ရမည်သာ ဖြစ်သည်။
ဤသည်မှာ လိပ်ခေါင်းရောဂါ ဖြစ်ဖူးသော ဖေဖေဝမ်၏ သံဓိဌာန် ဖြစ်၏။
ဖေဖေဝမ်၏ အော်သံက တစ်မိနစ်ကျော် ကြာသွားခဲ့သည်။
ဤတစ်ကြိမ်တွင် ခါတိုင်းထက် ပိုကြာနေပုံရ၍ အခြေအနေကို လေ့လာရန် ဝမ်လင်း ဆုံးဖြတ်လိုက်သည်။
ယေဘုယျအားဖြင့် အော်ဟစ်သံက စက္ကန့်သုံးဆယ် သို့မဟုတ် ထိုထက် ကြာပြီးနောက်တွင် ရပ်တန့်သွားရမည် ဖြစ်၏။
................
ဝမ်လင်း အောက်ထပ်သို့ ဆင်းလာသည်နှင့်အမျှ ဖေဖေဝမ်၏ အော်သံ ရပ်တန့်သွားသည်။
ဖေဖေဝမ်က ဆိုဖာပေါ်တွင် လဲလျောင်းနေကာ ခေါင်းတစ်ခုလုံး ချွေးများစီးကျနေ၏။
သူ့ခန္ဓာကိုယ်က ယခုလေးတင် ကလေးမွေးထားသော မိန်းမတစ်ယောက်ကဲ့သို့ နုံးချိနေပုံရသည်။
မေမေဝမ်က ဆေးတိုက်ပြီးနောက် ဖေဖေဝမ်ကို ဆူပူကြိမ်းမောင်းလိုက်သည်။
"ရှင့်ရဲ့ အခြေအနေက အိမ်သာပေါ်မှာ အကြာကြီး ထိုင်ပြီး ဖုန်းထိုင်ပြောနေလို့ ဖြစ်ရတာပဲ နောက်တစ်ခါ အိမ်သာထဲမှာ ဖုန်းမသုံးနဲ့တော့"
"မသုံးလို့မရဘူး.. ငါ ဒုက္ခရောက်ချင်ရောက်ပါစေ.. ငါ အိမ်သာတက်ရင်း ဖုန်းမသုံးလို့တော့ မဖြစ်ဘူး
ဖေဖေဝမ်က တုန်ယင်သော လေသံဖြင့် ပြောလိုက်သည်။
"မနက်တိုင်း အိမ်သာတက်ရတဲ့ အချိန်က ဖောင်းထုတဲ့ သူတွေကို တိုက်ခိုက်ဖို့ ငါ့အတွက် အကောင့်တုကို အသုံးပြုတဲ့ အချိန်ပဲ"
"ဟင်းဟင်း...ကောင်းပြီလေ.. ရှင်က ဒီလို ခေါင်းမာနေမှတော့ ကျမမှာ တခြားနည်းလမ်းတွေ ရှိပါသေးတယ်"
မေမေဝမ်က ကောက်ကျစ်စွာ ရယ်လိုက်သည်။
သူမ၏ အပြုံးတွင် ဆိုးယုတ်မည့် အရိပ်အယောင်များ ထင်ရှားနေသဖြင့် ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့က ထိတ်လန့်သွား၏။
ထို့နောက် မေမေဝမ်က ဝမ်လင်းကို ကြည့်လိုက်သည်။
"လင်းလင်း.. မင်လေးကို ဆက်သွယ်ပြီး မင်းအဖေရဲ့ မွေးနေ့လက်ဆောင်ကို ကြိုပြီး ပို့ခိုင်းလိုက်တော့"
ဝမ်လင်း "............"
ဖေဖေဝမ် "ဘာဖြစ်လို့လဲ.. မင်လေးက ငါ့အတွက် လက်ဆောင်တစ်ခုခု ပြင်ဆင်ထားလို့လား"
မေမေဝမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဟုတ်တယ် မင်လေးက ရှင့်အတွက် အထူး ပြင်ဆင်ပေးထားတယ်"
ဖေဖေဝမ် "ငါ့မွေးနေ့က လိုပါသေးတယ်.. ဒါနဲ့ ဒီလက်ဆောင်က ဘာများလဲ"
မေမေဝမ်က ဆက်၍ ပြုံးလိုက်သည်။
"လိပ်ခေါင်းရောဂါအတွက် အထူးထုတ်ထားတဲ့ ခေတ်မီ အပူပေးအိမ်သာ"
ဖေဖေဝမ် ".........."
ဝမ်လင်း "............"
မေမေဝမ် "ဒီခေတ်မီ အပူပေးအိမ်သာက အိမ်သာပေါ်မှာ ကြာကြာထိုင်လေ ပိုပြီး ပူလာလေလေပဲ.. စိတ်ဝိညာဥ် အခြေတည်အဆင့် ကျင့်ကြံသူတောင်မှ ငါးမိနစ်ထက် မနည်းထိုင်မိရင် မတ်တပ်ရပ်ရလိမ့်မယ်လို့ မင်လေးက ပြောတယ်"
ဖေဖေဝမ် "............"
ဝမ်လင်း "............"