← Chapters

မရိုမသေလုပ်သောဓမ္မရာဂျာ

Vol. 28 Ch. 415

မရိုမသေလုပ်သောဓမ္မရာဂျာ

Vol. 28 Ch. 415

လက်စွပ်တစ်ကွင်းက ဤကဲ့သို့ ကြီးမားသော နားလည်မှုလွဲမှားခြင်းကို အမှန်တကယ် ဖြစ်စေမည်ဟု ဝမ်လင်း မမျှော်လင့်ထားသော်လည်း ဂရုမစိုက်ဘဲ လက်သူကြွယ်တွင် လက်စွပ်ကို ဝတ်မိသည့် အတွက် ဗုံးပစ်စီနီယာ အင်မော်တယ်ကိုသာ အပြစ်တင်ရမည် ဖြစ်သည်။

လက်စွပ် လက်ခံရရှိပြီးနောက်တွင် တစ်ဖက်လူက လက်စွပ်၏ အကျိုးသက်ရောက်မှုကို စဉ်းစားရန် လျစ်လျူရှုခဲ့မိကြောင်း ဝမ်လင်း ခံစားခဲ့ရသည်။

ကံကောင်းစွာဖြင့် ဝမ်လင်းက ဤကိစ္စတွင် ပါဝင်ပတ်သက်မိခြင်း မရှိခဲ့ပေ။

သူသာ ဗုံးပစ်စီနီယာ အင်မော်တယ် အတွက် ကူပြောပေးလျှင် အပြန်အလှန်အားဖြင့် လူအများကို သံသယ ဖြစ်စေလိမ့်မည် ဖြစ်သည်။

ချက်ဂရုမှလူများက အလွန်ပင် အတွေးချော်တတ်ကြ၏။

အထူးသဖြင့် ဓမ္မရာဂျာက အဆိုးဆုံး ဖြစ်သည်။

၎င်းက ပွဲကြိုက်ခင်ဖြစ်ပြီး စိတ်အားထက်သန်စွာ စောင့်မျှော်လေ့ရှိ၏။

မိုးကြိုးနှင့် လျှပ်စီးများကို အထူး ကျွမ်းကျင်သော ကျင့်ကြံသူများသည် များသောအားဖြင့် ရပ်ကွက်ထဲမှ လော်စပီကာ အဒေါ်ကြီးများလို အတင်းအဖျင်းတွင် စိတ်အားထက်သန်မှု အပြည့် ရှိကြသည်။

အဆုံးစွန်အားဖြင့် ၎င်းက ဗုံးပစ်စီနီယာ အင်မော်တယ်ကိုပင် ပွဲရှာရန် မချန်ခဲ့ပေ။

စီနီယာအင်မော်တယ် အနေဖြင့် အကြောင်းပြချက် ကောင်းကောင်းသာ မပြနိုင်ခဲ့လျှင် လူတိုင်း၏ နှလုံးသားထဲရှိ ပုံရိပ်များ ပြိုပျက်သွားလိမ့်မည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် တိတ်တိတ်ပုန်း အိမ်ထောင်ရေးလိုမျိုးက အများအားဖြင့် လူအထင်သေး ခံရတတ်သောကြောင့် ဖြစ်သည်။

ချက်ဂရုထဲတွင် အတင်းအဖျင်းများ ဆက်လက် ဖြစ်ပွားနေဆဲပင်။

ချက်ဂရုမှ လူများမှာ လက်စွပ်တစ်ကွင်းကြောင့် အချိန်အတော်ကြာ ဆွေးနွေးနေခဲ့ကြသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်၏ နယ်ပယ်အဆင့်က လက်ရှိတွင်စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အထွတ်အထိပ် အဆင့်၌ရှိ၏။

တာအိုဉာဏ်အလင်းဖြင့် နောက်ထပ် တစ်ဆင့်ကို တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။

မည်သို့ပင်ဆိုစေကာမူ စီနီယာ အင်မော်တယ်က တရားမျှတမှုရှိသော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရပြီး သူ၏ "သေမင်းသဖွယ် စိတ်ဓာတ်" ကြောင့် ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် ရေပန်းစား လူသိများခဲ့သူ ဖြစ်သည်။

ထို့အတွက်ကြောင့် ဂရုထဲရှိ လူတိုင်းက သူ့အတွက် အထူးစိုးရိမ်ခဲ့ကြသည်။

တစ်စုံတစ်ယောက်က တရားမျှတမှု အပြည့်ရှိသော စီနီယာအင်မော်တယ်ကို ဤတိတ်တိတ်ပုန်း အိမ်ထောင်ရေးကိစ္စဖြင့် လှုံ့ဆော်ကာ မကောင်းကြံခဲ့လျှင် နောက်ဆက်တွဲ အနေဖြင့် ပြင်းထန်သည့် အကျိုးသက်ရောက်မှုများကို ရရှိလိမ့်မည် ဖြစ်၏။

ယင်းကို ဝမ်လင်း နားမလည်သည်တော့ မဟုတ်ပေ။

ဤချက်ဂရုကို တည်ထောင်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပြီး ၎င်းတို့အားလုံးက ချက်တင် အပြင်ဘက်တွင်လည်း တွေ့ဆုံခဲ့ဖူးကြသည်။

ဒုက္ခမျိုးစုံကို အတူတကွ တွေ့ကြုံ ခံစားခဲ့ကြသောကြောင့် ၎င်းတို့၏ ခံစားချက်များက စစ်မှန်၏။

ဓမ္မရာဂျာ "အားလုံးပဲ ဒီကိစ္စက အမှန်တရား ဖြစ်နေရင်တောင် ငါတို့မှာ လုံလောက်တဲ့ သက်သေ မပြနိုင်မချင်း တိတ်တိတ်ဆိတ်ဆိတ် နေကြရအောင်.. စီနီယာအင်မော်တယ်ကို ဒဲ့သွားမေးရင်လည်း ကောင်းမှာမဟုတ်ဘူး.. သူရှက်သွားလိမ့်မယ်.. သူ့ကို အရှက်မရစေချင်ဘူး"

စခရင်ကို စိုက်ကြည့်ရင်း ဝမ်လင်း၏ နှုတ်ခမ်းထောင့်များက တလှုပ်လှုပ် ဖြစ်သွားသည်။

".............."

[မင်းက ဒီအကြောင်းပြောဖို့ လူတော်တော်များများကို ဂရုအသစ်ထဲ ကောက်ထည့်ထားပြီးမှ စီနီယာ အင်မော်တယ် 'မျက်နှာပျက်မှာကို စိုးရိမ်နေတယ်ပေါ့လေ.. ဒါတော့ နည်းနည်းများသွားပြီ]

ဝမ်လင်း စိတ်ထဲကနေ တွေးတောလိုက်သည်။

ချိုက်လျန် "မင်းဘာကိုဆိုလိုတာလဲ ဓမ္မရာဂျာ"

လျှပ်စီးဓမ္မရာဂျာ "ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက သူ့ကို ဝေ့ဝိုက်ပြီး မေးရမယ်"

"နောက်ပြီး တတ်နိုင်သမျှ အထောက်အထားတွေကို စုဆောင်းရမယ်.. စီနီယာအင်မော်တယ်က ကိုယ်တိုင် ပြောပြခဲ့ရင်တော့ အကောင်းဆုံးပေါ့.. မပြောပြခဲ့ရင်လည်း ဒီအထောက်အထားတွေ အသုံးပြုပြီး သူ့ကို မေးမြန်းနိုင်တယ်"

"အခု ငါတို့လုပ်ရမဲ့အရာက အစွမ်းကုန်အားထုတ်ဖို့ပဲ"

လူတိုင်း "............"

"စီနီယာအင်မော်တယ်ရဲ့ လျှို့ဝှက်အိမ်ထောင်ရေးဟာ ကြီးကျယ်တဲ့ကိစ္စလို့ ပြောလို့မရသလို အသေးအဖွဲကိစ္စလည်းမဟုတ်ဘူး.. ကံကောင်းထောက်မစွာနဲ့ ဒီအကြောင်းကို သိတဲ့သူက အနည်းငယ်ပဲ ရှိသေးတယ်"

"အပြင်က လူတွေဆီသာ ဒီသတင်း ပေါက်ကြားသွားရင် စီနီယာ အင်မော်တယ် အတွက် စိတ်မကောင်းဖြစ်စရာ အဆုံးသတ် ဖြစ်လာလိမ့်မယ်"

ထိုမက်ဆေ့ချ်ကို ပို့ပြီးသည်နှင့် ဓမ္မရာဂျာက ခေတ္တရပ်လိုက်သည်။

သိပ်မကြာမီမှာပင် သူက စီနီယာအင်မော်တယ်၏ တည်နေရာမြေပုံကို မျှဝေခဲ့သည်။

ဓမ္မရာဂျာ " စီနီယာအင်မော်တယ် ရဲ့ ဦးတည်ရာကို ကြည့်လိုက်ရင် သူဦးတည်နေတဲ့လူက မင်းပဲ.. အင်မော်တယ်ထုန်ရာ"

အင်မော်တယ် ထုန်ရာ သက်ပြင်းချလိုက်သည်။

"အင်း ငါက ပထမတော့ ဆေးလုံးကို သန့်စင်မလို့ပဲ.. ဒါပေမယ့် စီနီယာ အင်မော်တယ် ကိစ္စက ပိုအရေးကြီးပါတယ်လေ.. အားလုံးပဲ စိတ်မပူပါနဲ့.. ငါဝေ့ဝိုက်မေးကြည့်ပြီး စုံစမ်းပေးပါ့မယ်

ဓမ္မရာဂျာက မျက်မှောင်ကြုတ်လိုက်သည်။

"လူတိုင်း သတိထားရမယ့် အချက်တစ်ခုရှိတယ်.. ငါတို့အားလုံး သိကြတဲ့ အတိုင်း စီနီယာအင်မော်တယ်က လင်းကျန်းရန်နဲ့ ဆက်ဆံရေး အရမ်းကောင်းတယ်.. ငွေရောင်လေးကလည်း လက်ရှိအချိန်မှာ စီနီယာအင်မော်တယ် ဆီမှာ ရှိနေတယ်.. ဒါကြောင့် စီနီယာ အင်မော်တယ် သတိမပြုမိဖို့ အတွက် ဒီချက်ဂရုကို စဖွဲ့တဲ့အချိန်မှာ လင်းကျန်းရန်နဲ့ ငွေရောင်လေးကို ချန်ထားခဲ့တယ်"

"............"

ဝမ်လင်းက စခရင်ကို စိုက်ကြည့်ရင်း သူ့မျက်နှာက အလိုအလျောက် တုန်လှုပ်သွားသည်။

ဖန့်ရှင်း "...???..."

ချိုက်လျန် "...???..."

အင်မော်တယ်ထုန်ရာ "...???..."

လျှပ်စီးဓမ္မရာဂျာ "ဘာဖြစ်နေတာလဲ.. လူတိုင်းက ဘာလို့ မေးခွန်း သင်္ကေတတွေ ပို့နေကြတာလဲ"

ဖန့်ရှင်း ခပ်သွက်သွက်လေး စာရိုက်၍ ပြန်ဖြေလိုက်သည်။

"ဓမ္မရာဂျာ.. အဖွဲ့ဝင်တွေကို ပြန်စစ်ဆေးကြည့်ပါဦး.. လင်းကျန်းရန်က ဒီဂရုထဲမှာ ရှိနေတယ်"

"............."

ဓမ္မရာဇာ၏ ခန္ဓာကိုယ်အနှံ့တွင် ချက်ချင်းပင် ချွေးစေးများ ထွက်လာသည်။

ချွေးများက သူ့နောက်ကျော တစ်ပြင်လုံးကို ရွှဲစိုသွားခဲ့သည်။

သူက ချက်ဂရု၏ အဖွဲ့ဝင်စာရင်းကို ဖွင့်ကြည့်လိုက်ရာ အဖွဲ့ထဲတွင် လင်းကျန်းရန် ရှိနေသည်ကို တွေ့လိုက်ရသည်။

သူက ကြောက်လွန်း၍ ဖုန်းကို ပစ်ချလုနီးပါးပင်။

ဂရုထဲသို့ လူများကို ထည့်ရာတွင် ဝမ်လင်း၏ ပရိုဖိုင်ပုံက ဗလာဖြစ်နေကြောင်း သူ မေ့သွားခဲ့ပြီး သေသေချာချာ မစစ်ဆေးဘဲ ထည့်ခဲ့မိ၏။

"ချီးကားတိုက်ပြီဟ.. လင်းကျန်းရန် တကယ်ပဲ ဂရုထဲမှာ ရှိနေတယ်"

[ငါဖျက်ရမယ်]

[မြန်မြန်ပြန်ဖျက်ရမယ်]

လင်းကျန်းရန်က အစောပိုင်းက စာကို မြင်လိုက်လျှင် သေချာပေါက် အဆင်မပြေ ဖြစ်လိမ့်မည် မဟုတ်ပါလား။

ဓမ္မရာဂျာက ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။

သူက သူ၏ မိုက်မဲမှုကြောင့် ငိုချင်နေခဲ့သည်။

သူပြောခဲ့သည့်စကားများကို ပြန်ဖျက်ဖို့ စဥ်းစားခဲ့သော်လည်း အလွန် နောက်ကျသွားပေပြီ။

စနစ်မှစကားသံ ထွက်ပေါ်လာသည်။

{နှစ်မိနစ်ကျော်ကြာသည့် ချက်ဂရုမှ အကြောင်းအရာကို သင်ဖျက်၍မရတော့ပါ}

[အားလုံးပြီးသွားပြီ... ဂိမ်းပြီးသွားပြီ]

သူ၏ မက်ဆေ့ချ်ကို ဖျက်၍ မရတော့မှန်း သိလျှင် ဓမ္မရာဂျာက သူ၏ ယခင်မက်ဆေ့ချ်ကို ဝမ်လင်း မမြင်စေရန် အတွက် အီမိုဂျီများကို ဆက်တိုက် ပို့လွှတ်လိုက်ရာ စခရင်ပေါ်တွင် အီမိုဂျီများ ပြည့်လျှံနေခဲ့သည်။

[မိုက်လိုက်တာ ငါ့သားရယ်]

စခရင်ကိုကြည့်၍ လူတိုင်းက ဓမ္မရာဂျာ မည်မျှ တုန်လှုပ်သွားသည်ကို ခံစားနိုင်ခဲ့သည်။

အီမိုဂျီများ ဆက်တိုက်ပေးပို့ပြီးနောက်တွင် ဓမ္မရာဂျာက နောက်ဆုံး မျှော်လင့်ချက် အနေဖြင့် ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် စီနီယာလင်းက ဘာမှဝင်မပြောဘူး ဆိုတော့ အွန်လိုင်းမှာ ရှိမနေတာလည်း ဖြစ်နိုင်တယ် ဟုတ်တယ်မလား"

ချိုက်လျန်က ဖယောင်းတိုင် အီမိုဂျီ အများအပြား ပေးပို့ခဲ့သည်။

"သနားဖို့ကောင်းလိုက်တဲ့ ဓမ္မရာဂျာ"

ဖန့်ရှင်းက သူ့စာကို ကော်ပီယူလိုက်သည်။

"သနားဖို့ကောင်းလိုက်တဲ့ ဓမ္မရာဂျာ"

အင်မော်တယ်ထုန်ရာ"ဓမ္မရာဂျာ.. ဒီတစ်ခေါက်က မင်းရဲ့အလှည့်ပဲ.. လင်းကျန်းရန်က အမြဲလိုလို ပုန်းအောင်းနေတာလည်း ဖြစ်နိုင်တယ်"

"............"

ဓမ္မရာဂျာက အရှက်ရသလို ခံစားခဲ့ရသည်။

ဤချက်ဂရုကို စတင်ဖွဲ့စည်းသည်က ဆယ်မိနစ်ပင် မပြည့်သေးသော်လည်း စီနီယာလင်းက တစ်ကြိမ်တစ်ခါမျှ ဝင်မကြည့်သည်တော့ မဖြစ်တန်ရာ။

သူက ပုန်းနေတတ်သော်လည်း တစ်ချိန်လုံး ပုန်းနေတတ်သူတော့ မဟုတ်ချေ။

ဓမ္မရာဂျာက ချွေးစေးများကို သုတ်လိုက်ရင်း သူ့တွင် အသက်ရှိသေးသည်ဟု ခံစားမိသေး၏။

"မဖြစ်နိုင်ဘူး... ငါကံမကောင်းတာ မဖြစ်နိုင်ဘူး"

(.)

ထိုအချိန်တွင် ရင်းနှီးသော စာချန်ပြသင်္ကေတက ပေါ်လာသည်။

၎င်းက လင်းကျန်းရန်၏ မူပိုင် အမှတ်အသားလည်း ဖြစ်၏။

ဓမ္မရာဂျာက လင်းကျန်းရန် အနည်းငယ် ဒေါသူပုန်ထနေပြီဟု ခံစားမိနေပြီ ဖြစ်သည်။

"စီနီယာလင်းက တကယ်ကို ပုန်းနေတာပဲ"

"............"

ချိုက်လျန် "............."

အင်မော်တယ်ထုန်ရာ" ............."

ကိုးဆလူသားက မနေနိုင်တော့ဘဲ ဖျောင်းဖြလိုက်သည်။

"စီနီယာ ဓမ္မရာဂျာ.. တောင်းပန်လိုက်လို့ ဘာအန္တရာယ်မှ မဖြစ်ပါဘူး.. အမြန်သာ တောင်းပန်လိုက်ပါ"

ဤချက်ဂရု တစ်ခုလုံးတွင် အင်မော်တယ်ထုန်ရာ နှင့် ဝမ်လင်းသာ ကိုးဆလူသား၏ သရုပ်မှန်ကို သိထားကြသည်။

တကယ်တမ်းတွင် ထိုအကောင့်ပိုင်ရှင်မှာ ဗိုလ်ချုပ်ရီ ဖြစ်၏။

အင်မော်တယ်ထုန်ရာက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ဗိုလ်ချုပ်ရီက စီနီယာများကို စော်ကားမိလျှင် လုပ်သင့်လုပ်ထိုက်သော အရာကို မသိမသာ ပြောပြနေသည်မှာ သိသာ ထင်ရှားနေ၏။

တစ်မိနစ်ခန့် အကြာတွင် ဓမ္မရာဂျာက အတင်းအဖျင်းနှင့်ပတ်သက်၍ ရှင်းလင်းလိုက်သည်။

ဓမ္မရာဂျာ ထံမှ မက်ဆေ့ချ်ကို အားလုံးက တွေ့လိုက်ရ၏။

"အားလုံးပဲ ငါတကယ် တောင်းပန်ပါတယ်.. အစောပိုင်းက ငါ့ အကောင့်ကိုသုံးပြီး ငါ့ညီလေးက မက်ဆေ့ခ်ျ ပို့ခဲ့တာပါ.. အားလုံးကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"

လူတိုင်း "............"

မကြာခင်မှာပင် ဝမ်လင်းက "မီးဖိုချောင်သုံးဓား" အီမိုဂျီ ၆ခု ပို့လိုက်သည်ကို လူတိုင်းက တွေ့လိုက်ရသည်။

ဂရုထဲတွင် ခြောက်ဦးတိတိ ရှိရာ သူ၏ အီမိုဂျီ အရေအတွက်နှင့် ကွက်တိပင်။

ဖန့်ရှင်း "ဓမ္မရာဂျာ နှုတ်ဆက်လိုက်ပါတယ်.."

အင်မော်တယ်ထုန်ရာ "ငါတို့ မင်းကို သတိရနေမှာပါ"

ချိုက်လျန် သက်ပြင်းချလိုက်သည်။

"စီနီယာ ဓမ္မရာဂျာက အသက်ရှင်စဉ်အခါက ယဉ်ကျေးသိမ်မွေ့တဲ့သူ တစ်ယောက် ဆိုတာ လူတိုင်း သတိရနေမှာ သေချာပါတယ်

ဓမ္မရာဂျာက စိတ်ဆင်းရဲစွာဖြင့် အော်ဟစ်လိုက်သည်။

"စီနီယာလင်း.. ငါမှားသွားပါတယ်"

All Chapters