စီနီယာအင်မော်တယ်မှာ ပြဿနာကြီးတစ်ခုရှိတယ်
Vol. 28 Ch. 418
"အတူတူရေချိုးတယ် ဟုတ်လား"
ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ကိုယ်သူ တည်ငြိမ်အောင် မနည်းထိန်းယူနေရသည်။
ကျင်းရှီနှင့်ယင်းရှီ ကြီးပြင်းလာသည်ကို သူကြည့်ခဲ့ရသည်။
၎င်းတို့က အခြေခံအားဖြင့် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် မရှိသောကြောင့် ၎င်းတို့၏ အသိပညာ အားလုံးမှာ အင်မော်တယ် ထုန်ရာ ဆီကသာ ဖြစ်သည်။
၎င်းတို့က နေ့စဥ်ဘဝကို ကျင့်ကြံခြင်း အပြင် စာသင်ချိန်များဖြင့် ကုန်ဆုံးလေ့ရှိသည်။
သူတို့က ထက်မြက်ပြီး ဖြူစင်သော ကလေးများ ဖြစ်သည့်အပြင် အကျင့်ပျက်ခြစားသော အကျင့်မျိုးမရှိပေ။
သို့ရာတွင် အင်မော်တယ်ထုန်ရာက သူတို့ကို ဤရှုထောင့်အကြောင်း သင်ပေးဖို့ မေ့သွားပါသလော။
ဗုံးပစ်စီနီယာ အင်မော်တယ်က လမ်းလျှောက်ရင်း စဉ်းစားကာ သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။
ယောက်ျား နှင့် မိန်းမ တူညီမှုမရှိဟု သူ ခံစားမိသည်။
မောင်နှမအရင်းများ ဖြစ်လျှင်ပင် ထိုမျှအထိ ရင်းနှီးမနေသင့်ပေ။
ထိုအချိန်တွင် သူက သူ့ညီမ ဗုံးပစ်နတ်သမီးကို ရုတ်တရက် သတိရသွားသည်။
သူမက နာခံမှုရှိသော ယင်းရှီနှင့် မတူဘဲ အလွန် ကြမ်းတမ်းသူ ဖြစ်သည်။
ယခုခေတ်တွင် သူ့ညီမလို မိန်းကလေးများ ရှိသေးလျှင် အရိုးဆေးရုံတွင် ကုတင်ပင် လုံလောက်မည် မဟုတ်ဟု ဗုံးပစ်စီနီယာ အင်မော်တယ်က လေးလေးနက်နက် ခံစားလိုက်ရသည်။
သူ၏ စိတ်ကူးစိတ်သန်းများ ကွန့်မြူးလာသည်နှင့်အမျှ ကျင်းရှီနှင့်ယင်းရှီတို့က အဖြူရောင် ၀တ်စုံဝတ် လူငယ်လေးအား ဦးဆောင်၍ ဆိတ်ငြိမ်သော ဝါးနက်တောကို ဖြတ်ကာ ခေါ်ဆောင်လာခဲ့သည်။
ရှေ့မလှမ်းမကမ်းတွင် နောက်ကျော၌ ဘူးသီးခြောက် တစ်လုံးလွယ်ထားသော လူငယ်တစ်ဦး ရှိနေ၏။
ရေကန်နားတွင် ထိုလူငယ် ရပ်နေသည်က အလွန်ပင် တည်ငြိမ်အေးချမ်းနေပုံရသည်။
၎င်းက ဤနေရာတွင် အချိန်အတော်ကြာအောင် စောင့်နေခဲ့မှန်း ထင်ရှားနေ၏။
"ဆရာ.. ကျနော်တို့ စီနီယာ အင်မော်တယ်ကို ခေါ်လာခဲ့ပြီ"
ကျင်းရှီ နှင့် ယင်းရှီက ရှေ့သို့တိုးကာ ဂါရဝပြု၍ ပြောလိုက်သည်။
"အင်း ကောင်းပြီ"
အင်မော်တယ်ထုန်ရာက ကလေးနှစ်ယောက်၏ ခေါင်းများကို ပွတ်သပ်လိုက်သည်။
"အရင်တုန်းကတော့ ဒီဝါးနက်တောမှာ အခွံလွတ် စိတ်ဝိညာဥ်လိမ္မော်သီးကို စိုက်ခဲ့တယ်.. အဲဒီအသီးက ရင့်မှည့်လာတာနဲ့ အခွံတွေက သူတို့ဘာသာ ကွာကျသွားလိမ့်မယ်"
"တကယ်တော့ ဒီအခွံတွေက အရေးပါတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေပဲ...ဒီနေ့ မင်းတို့ရဲ့တာဝန်က မြေကြီးပေါ် ကျနေတဲ့ လိမ္မော်သီးခွံတွေကို သိမ်းဆည်းဖို့ပဲ"
"ပြီးရင် ကျွန်းပေါ်က ကျင့်ကြံခြင်းစိတ်ခန်းမမှာ ငါ့ကိုစောင့်နေပါ"
"ဟုတ်ကဲ့ပါ ဆရာ"
နှစ်ယောက်သား တညီတညွတ်တည်း ဖြေလိုက်ကြသည်။
"စက္ကူကြိုးကြာ နောက်ကနေလိုက်သွား.. မင်းတို့တွေ မကိုင်တွယ်နိုင်တဲ့ အန္တရာယ်တစ်ခုခု ကြုံလာရရင် အဲဒါကို စုတ်ဖြဲလိုက်.. ငါချက်ချင်း လာခဲ့မယ်"
အင်မော်တယ်ထုန်ရာက သူ့လက်ကို မြှောက်လိုက်ရာ သူ့လက်ဖဝါးပေါ်တွင် လမ်းညွှန်ပြသမည့် စက္ကူကြိုးကြာ တစ်ခု ပေါ်လာသည်။
ထို့နောက်တွင် မောင်နှမ နှစ်ယောက်က ကြိုးကြာငှက် နောက်သို့ လိုက်ပါ သွားကြတော့သည်။
ဤမောင်နှမကို အင်မော်တယ်ထုန်ရာက သူ၏ သားသမီးများအဖြစ် အမြဲလိုလို ဆက်ဆံခဲ့သည်။
သူ့တွင် သားသမီးအရင်း မရှိသေးသော်လည်း ဖခင်တစ်ယောက်လို ခံစားခဲ့ရ၏။
တကယ်တော့ သူက ကျင်းရှီနှင့်ယင်းရှီကို ဗုံးပစ် စီနီယာ အင်မော်တယ်ဆီ အကြိုထောက်ရန် တမင်တကာ စေလွှတ်ခဲ့ခြင်းပင်။
သူ့ယူဆချက်အရ စီနီယာအင်မော်တယ်က အမှန်တကယ် တိတ်တဆိတ် လက်ထပ်ပြီး ကလေးမွေးထားခဲ့လျှင် ကျင်းရှီ နှင့်ယင်းရှီကို တွေ့လိုက်ရသောအခါ ရှုပ်ထွေးသော ခံစားချက်များ ရှိနေမည်မှာ သေချာသည်။
အင်မော်တယ်ထုန်ရာ မျှော်လင့်ထားသလိုပင်။
ကျင်းရှီနှင့်ယင်းရှီကို အဝေးသို့ စေလွှတ်ပြီးနောက်တွင် အဖြူ ရောင်ဝတ်လူငယ်လေးက ထိုကလေးနှစ်ယောက်အား ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ့မျက်ခုံးက တွန့်သွားပြီး အမူအရာက အနည်းငယ် ရှုပ်ထွေးနေပုံပေါ်သည်။
ဤသည်ကိုကြည့်၍ စီနီယာ အင်မော်တယ်တွင် အမှန်တကယ် ပြဿနာတစ်ခု ရှိနေသည်မှာ ထင်ရှားနေ၏။
အင်မော်တယ်ထုန်ရာ အံ့အားသင့်သွားသည်။
စီနီယာအင်မော်တယ်ကို လှည့်စားတတ်သူဟု တစ်ခါမှ မမြင်ခဲ့သော်လည်း ဤအရိပ်အယောင်များကို မြင်လိုက်ရလျှင် တကယ့်ကို သံသယဖြစ်စရာပင်။
စီနီယာအင်မော်တယ်က လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း စိတ်ဖိစီးနေခဲ့သည်မှာ သေချာ၏။
အင်မော်တယ်ထုန်ရာက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်နှာတွင် ဤကဲ့သို့ စိတ်ဓာတ်ကျသော အမူအရာကို တွေ့ရခဲသည်။
သို့သော် သူ့တွင် သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသောကြောင့် ဓမ္မရာဂျာ ပြောခဲ့သည့်အတိုင်း ဝေ့ဝိုက်၍ မေးရုံသာ ရှိတော့သည်။
"စီနီယာ အင်မော်တယ် ဘာတွေးနေတာလဲ"
အင်မော်တယ်ထုန်ရာက အတွေးလွန်နေသော အဖြူရောင်ဝတ် လူငယ်လေးကို နက်နဲသော ဆင်ခြင်မှုမှ နိုးထလာအောင် လှုံ့ဆော်ခဲ့သည်။
"အိုး ခွင့်လွှတ်ပါ ညီနောင်ထုန်.. ကျင်းရှီနဲ့ယင်းရှီကို တွေ့ပြီးနောက်မှာ ကိစ္စတစ်ခုကို စဥ်းစားမိလို့ စိတ်ရှုပ်သွားခဲ့တာပါ"
ဗုံးပစ်စီနီယာအင်မော်တယ်က ပြုံး၍ ပြောလိုက်သည်။
အင်မော်တယ်ထုန်ရာက "ကောင်းပါတယ်.. စီနီယာအင်မော်တယ်.. ငါ နားလည်ပါတယ်"
ဖခင်တစ်ယောက် ဖြစ်ရခြင်း၏ ဖိအားက ကြီးမားလှသည် မဟုတ်လော။
ဗုံးပစ်စီနီယာအင်မော်တယ် "...???..."
[ဘာကိုနားလည်တာလဲ]
အင်မော်တယ်ထုန်ရာက ရေကန် ကမ်းစပ်ရှိ အင်မော်တယ် လှေကို ညွှန်ပြလိုက်သည်။
"စီနီယာအင်မော်တယ် ငါတို့ စကားမပြောခင် လှေပေါ်အရင်တက်ကြရအောင်.
"ကောင်းပြီ"
လှေပေါ်ကို တက်လိုက်သည်နှင့် ဤလှေက အသစ်စက်စက် အင်မော်တယ် လှေတစ်စင်း ဖြစ်ကြောင်း သဘောပေါက်သွားသည်။
"ဒီလှေကို မကြာသေးမီကမှ ဝယ်ခဲ့တာလား"
သူက မေးခွန်းထုတ်လိုက်သည်။
"ဟုတ်တယ်.. ဒါပေမဲ့ အရမ်းဈေးပေါပါတယ်"
အင်မော်တယ်ထုန်ရာက ခေါင်းညိတ်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
"ဘာလို့ စျေးပေါရလဲ ဆိုတော့ အင်မော်တယ် လှေဆိုင်ပိုင်ရှင်က တခြား အမျိုးသမီးနဲ့ ဖောက်ပြန်ပြီး ကလေးတစ်ယောက် မွေးထားမိလို့ပဲ.. ကွာရှင်းပြီးနောက်မှာ သူ့ပိုင်ဆိုင်မှုတွေကို ရောင်းထုတ်ပြီး တရားဝင်မိန်းမကို လျော်ကြေးပေးဖို့ အလျင်လိုနေခဲ့တာလေ"
"ဒါဆို ညီနောင်ထုန်.. မင်းတကယ် ကံကောင်းတာပဲ"
အဖြူရောင်ဝတ် လူငယ်က သူ့စကားထဲမှ အရိပ်အမြွက်ကို နားမလည်သည်မှာ ထင်ရှားနေသည်။
[ငါ့စကားက ရှင်းရှင်းလင်းလင်း မရှိခဲ့လို့လား]
အင်မော်တယ်ထုန်ရာက လက်မလျော့သေးဘဲ ကွဲပြားသောချဉ်းကပ်မှု တစ်ခု လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
.....................
ဤအင်မော်တယ်လှေက အလိုအလျောက် မောင်းနှင်စနစ်ကြောင့် လမ်းကြောင်းကို သတ်မှတ်ဖို့သာလိုသည်။
ပိုင်ရှင်က ၎င်းကို မှော်ပညာဖြင့် အသက်သွင်းပြီးသည်နှင့် ချက်ချင်းပင် စတင်ရွေ့လျားမည် ဖြစ်သည်။
ရေကန်၏ ကမ်းစပ်မှ ကန်အလယ်ရှိ ဂန္ဓမာကျွန်းသို့ ရောက်ရန် ဆယ့်ငါးမိနစ်ခန့် ကြာမြင့်၏။
လမ်းတစ်ဝက်တွင် အင်မော်တယ်ထုန်ရာက ရုတ်တရက် ပြောလိုက်သည်။
"စီနီယာအင်မော်တယ်.. ဒီရေကန်ရဲ့ ဇာတ်လမ်းကို သိလား"
"ဘာဇာတ်လမ်းလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်နှာထက်တွင် အံ့ဩသောအရိပ်အယောင်များ ပေါ်လာသည်။
"ငါ့ဘိုးဘေးက ဒီမြေကို တရားဝင် မ၀ယ်ခင်မှာ ဒီယွင်လန်ရေကန်က သမိုင်းဝင် ခေါင်းဆောင်တစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ နာလန်မျိုးနွယ်စု နယ်မြေ ဖြစ်ခဲ့ဖူးတယ်"
"ငါတို့ဘိုးဘေးတွေက ဒီနေရာကို ဖုန်းရွှေအရ ကောင်းမွန်တဲ့မြေနေရာလို့ သတ်မှတ်ပြီး ကျွန်းတစ်ကျွန်းကို သန့်စင်ချင်ခဲ့တယ်.. ထုန်ရာ မျိုးနွယ်စုအတွက် အခြေခံအုတ်မြစ် ချပေးဖို့ ရည်ရွယ်ချက်နဲ့ပေါ့"
"အဲဒီတုန်းက မြေနေရာ အတွက် နာလန်မျိုးနွယ်စု နဲ့ အကြိမ်ပေါင်းများစွာ စေ့စပ် ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး"
ဗုံးပစ်စီနီယာအင်မော်တယ် "...???..."
"တစ်နေ့တော့ နာလန် မျိုးနွယ်စု ခေါင်းဆောင်ကြီးက သူ့မိန်းမကြောင့် အရှက်ရခဲ့တယ်"
ဗုံးပစ်စီနီယာအင်မော်တယ် "..........."
"သူ့ဇနီးက အပြင်မှာ တခြား ယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်ခဲ့ရုံ တင်မကဘဲ ကိုယ်ဝန်ပါ ရသွားခဲ့တယ်"
"အဲဒီအချိန်မှာ သူတို့က ဆယ်စုနှစ် အတော်ကြာ အိမ်ထောင်ကျခဲ့ပြီးပြီ.. ဒါပေမယ့် သူတို့မှာ သားသမီးမရှိခဲ့ဘူး.. အဲဒါက နာလန်ခေါင်းဆောင် အတွက် အကြပ်ရိုက်စေခဲ့တယ်"
"နောက်တော့ ဘာဆက်ဖြစ်လဲ"
"သူ့မိန်းမက ကလေးရဲ့ ဖိအားကြောင့် ဟိုစနှိုက်ကောင်နဲ့ လက်ထပ်ဖို့ ရွေးချယ်ခဲ့တယ်... နာလန်မျိုးနွယ်စု ခေါင်းဆောင်ကလည်း အရှက်ကွဲပြီး နာကျင်စွာနဲ့ ကွာရှင်းခဲ့ရတယ်"
"သိပ်မကြာခင်မှာပဲ သူနဲ့ ငါတို့ဘိုးဘေးက သဘောတူညီမှု ရပြီး ယွင်လန် ရေကန်နဲ့ ပတ်ဝန်းကျင်က ခြံမြေကို စျေးချိုချိုနဲ့ ရလိုက်တယ်"
ထိုအချိန်တွင် အင်မော်တယ်ထုန်ရာက ဗုံးပစ်စီနီယာ အင်မော်တယ်ထံ ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
"စီနီယာအင်မော်တယ်.. နာလန် ဗုဒ္ဓဘုရားကျောင်းကို ကြားဖူးတယ် မဟုတ်လား"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
"အင်း...ငါကြားဖူးတယ် ထင်တယ်"
"ဒီဘုရားကျောင်းကို ဆောက်ခဲ့တဲ့သူက နာလန်ခေါင်းဆောင်လို့ ပြောလို့ရတယ်.. ဇနီးဖြစ်သူနဲ့ ကွာရှင်းပြီးနောက်မှာ သူက စိတ်ဆင်းရဲလွန်းလို့ အကြိမ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပေမဲ့ ကျင့်ကြံသူ တစ်ယောက်က ကယ်တင်နိုင်ခဲ့တယ်"
"နောက်ဆုံးတော့ လောကီကိစ္စကို စိတ်မ၀င်စားဘဲ
ကျင့်ကြံသူရဲ့ ညွှန်ကြားချက်ကို နားထောင်ပြီး ဝေးလံခေါင်သီတဲ့ ရွာမှာ ဗုဒ္ဓဘာသာ ဘုရားကျောင်းကို တည်ဆောက်ခဲ့တယ်"
"ဒီလို ဇာတ်လမ်းမျိုး ရှိမှန်း မသိခဲ့ဘူး.."
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။
"စကားမစပ် သူ့အသက်ကို အကြိမ်ကြိမ် ကယ်ခဲ့တဲ့ ကျင့်ကြံသူက ဘယ်သူများလဲ"
"အဲဒီလူက နေကြာပန်း သိုင်းကျမ်းကို ရေးသားတဲ့ တာအို ဇန်ဘုန်းကြီး နေကြာပဲ"
ဤအထိပြောပြီးနောက် အင်မော်တယ် ထုန်ရာက သူ့စကားကို ခေတ္တ ရပ်တန့်လိုက်သည်။
"နာလန် မျိုးနွယ်စု ခေါင်းဆောင်က ဗုဒ္ဓဘာသာကို ကူးပြောင်းပြီးနောက်မှာ သူ့ရဲ့ တာအိုအမည်ကို နာလန်ယန်ရန်း လို့ ပေးခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်."............"
နာလန်ယန်ရန်း= ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း စီီးရီးထဲမှ အမျိုးသမီး ဇာတ်ဆောင်။