အင်မော်တယ်ထုန်ရာ၏ သွယ်ဝိုက်သတိပေးမှု
Vol. 28 Ch. 419
အင်မော်တယ်ထုန်ရာ၏ ပုံပြင်ကို နားထောင်ပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က အတွေးရေယာဥ်ကြောထဲသို့ နစ်မြုပ်သွားခဲ့သည်။
အင်မော်တယ်လှေပေါ်ရှိ အင်မော်တယ်ထုန်ရာ၏ နဖူးပေါ်ကနေ ချွေးများ တစ်ဒီးဒီးကျနေသည်။
သူက ဘေးနားရှိ စီနီယာ အင်မော်တယ်ကို လျှို့ဝှက်စွာ စိုက်ကြည့်နေခဲ့သည်။
အစောပိုင်းက သူပြောခဲ့သည့် ဇာတ်လမ်း၏ ကိုးဆယ်ရာခိုင်နှုန်းက အမှန်ဖြစ်ပြီး ဆယ်ရာခိုင်နှုန်းမှာ ချဲ့ကား ပြောဆိုခြင်း ဖြစ်သည်။
ဤနည်းအားဖြင့် သူက ဇနီးသည်၏ လိမ်လည်လှည့်ဖြားမှုကိုခံခဲ့ရသည့် အမျိုးသားတစ်ဦး၏ ကွာရှင်းပြတ်စဲခဲ့သည့် ဇာတ်လမ်းကို ပြောကြားခဲ့သည်။
နာလန်မျိုးနွယ်စု ခေါင်းဆောင်၏ ဇနီးမှာ ကတိုက်ကရိုက်အိမ်ထောင်ကျခဲ့ပြီးနောက်တွင် အမျိုးမျိုးသော နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားခဲ့ရပြီး ဘဝပျက်သွားခဲ့သည်။
တကယ်တမ်းတွင် ဤဇာတ်လမ်းက အလွန် ကြေကွဲဖွယ်ကောင်းသော်လည်း ဆိုးရွားသည့် အဆုံးသတ် မဟုတ်ကြောင်း အင်မော်တယ်ထုန်ရာ ခံစားရ၏။
အနည်းဆုံးတော့ အဖြစ်အပျက် အားလုံးပြီးနောက်တွင် နာလန်မျိုးနွယ်စု ခေါင်းဆောင်က ဤ အဖြစ်အပျက်ကနေ လွတ်မြောက်နိုင်ခဲ့သည်။
အကယ်၍ သူသာ ယနေ့အထိ အသက်ရှင်နေသေးလျှင် သူ၏ ကျင့်ကြံခြင်း အဆင့်က အလွန်မြင့်မားနေမည်မှာ သေချာ၏။
သို့သော် လွန်ခဲ့သော ရာစုနှစ် တစ်ခုကစ၍ ဤဘိုးဘွားပိုင်မြေကို အမွေဆက်ခံပြီးနောက်တွင် အင်မော်တယ် ထုန်ရာက နာလန်ခေါင်းဆောင် နှင့် ပတ်သက်သည့် သတင်းကို မကြားရတော့ပေ။
နာလန် မျိုးနွယ်စုခေါင်းဆောင်က ကွယ်လွန်သွားခဲ့ပြီလည်း ဖြစ်နိုင်သည်။
"ဒီပုံပြင်ကိုနားထောင်ပြီးတဲ့နောက်မှာ မင်းဘယ်လိုခံစားရလဲ"
အင်မော်တယ် ထုန်ရာက မေးခွန်းထုတ်လိုက်၏။
သူ၏ လှုံ့ဆောင်မှုက လုံလောက်သည်ဟု သူထင်ခဲ့သည်။
ဤပုံပြင်၏ သော့ချက်နှစ်ခုတွင် နံပါတ်တစ်မှာ ကလေးများဖြစ်သည်မှာ သေချာပါသည်။
နံပါတ်နှစ်မှာ ကတိုက်ကရိုက် အိမ်ထောင်ပြုခြင်း ဖြစ်သည်။
ဟုတ်ပါသည်။ အရေးကြီးဆုံး သော့ချက်မှာ အိမ်ထောင်ရေးပင်။
ယင်းက အရိပ်တင် မဟုတ်တော့ဘဲ အကောင်တစ်ကောင်လုံးမြင်အောင် အချက်ပြခြင်း ဖြစ်သည်။
အင်မော်တယ်ထုန်ရာ၏ မေးခွန်းကို ကြားပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က လေးလေးနက်နက် စဉ်းစားလိုက်သည်။
ထို့နောက် ခေါင်းကို ခါယမ်းကာ အင်မော်တယ် ထုန်ရာကို ကြည့်လိုက်သည်။
"ညီနောင်ထုန်ရာရဲ့ ပုံပြင်ကို နားထောင်ပြီးတော့ ဒီဘိုးဘွားပိုင်မြေကနေ ဒီအင်မော်တယ်လှေ အထိ ညီနောင် ထုန်ရာတို့ ရသမျှ အရာအားလုံးက တခြားမိသားစုရဲ့ ကံဆိုးမှုကြောင့်ပဲ"
"..............."
အင်မော်တယ် ထုန်ရာက မမျှော်လင့်သော စကားကို ကြားလိုက်ရ၍ မတုံ့ပြန်နိုင်ခဲ့ပေ။
"ကံဆိုးခြင်းတွေက မင်းအပေါ် တန်ပြန်လာနိုင်တယ်.. မင်းရဲ့ကံကြမ္မာကို ခန့်မှန်းဖို့ ငါသိတဲ့ ရှေ့ဖြစ်ဟောဆရာကို ရှာပေးရမလား"
အဖြူရောင်ဝတ် လူငယ်လေးက အင်မော်တယ် ထုန်ရာကို အလွန် လေးနက်သော အမူအရာဖြင့် ကြည့်၍ ပြောလိုက်သည်။
"စကားမစပ် ညီနောင်ထုန်.. ဒီနေ့ မင်းရဲ့အမူအရာတွေ တစ်ခုခုလွဲနေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ"
"ဘာမှမဟုတ်ပါဘူး.. စီနီယာအင်မော်တယ် အတွေးချော်နေတာပါ.. ကျွန်းက အဒေါ်ကြီးတွေကို တစ်ခုခု ချက်ခိုင်းထားပြီးပြီ.. ဟိုရောက်ရင် ငါတို့ စားရင်းသောက်ရင်း အေးဆေး စကားပြောကြတာပေါ့"
အင်မော်တယ်ထုန်ရာက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
သူ၏ ဒုတိယအစီအစဥ် မအောင်မြင်သောကြောင့် အကောင်အထည်ဖော်ရန် နောက်ထပ် အစီအစဉ်တစ်ခုသာ ကျန်ရှိတော့သည်။
ယင်းက တတိယနဲ့ နောက်ဆုံးအစီအစဥ် ဖြစ်၏။
မအောင်မြင်ရင် ဤကိစ္စကောင်းမှုဖြင့် သူသေရလိမ့်မည်။
"ညီနောင်ထုန်ရာ မင်းက အစားအသောက်ကိုတောင် အထူးပြင်ဆင်ထားတာလား.. ငါက မင်းကို လက်ဆောင်ပေးဖို့ လာခဲ့ရုံပါပဲ.. မင်း သိပ်ယဉ်ကျေးနေစရာ မလိုပါဘူး"
ဗုံးပစ်စီနီယာအင်မော်တယ်က ပြောလိုက်သည်။
သူက ဂန္ဓမာကျွန်းကို တစ်ခါမှ မရောက်ဖူးပေ။
သူ ဂန္ဓမာကျွန်းသို့ သွားရသည့် ရည်ရွယ်ချက်မှာ အင်မော်တယ်ထုန်ရာကို မှော်လက်စွပ်ပေးရန် ဖြစ်သည်။
ထို့အပြင် သူက ချိုက်လျန်၊ ကိုးဆလူသားနှင့် ကျန်လူများကိုလည်း ပေးရဦးမည် ဖြစ်သည်။
"ငါကျွန်းပေါ်မှာ ကားတစ်စီး ပြင်ဆင်ထားပြီးပြီ.. ငါတို့ကားစီးရင်း စားလို့ရတယ်.. တစ်ချိန်တည်းမှာပဲ စီနီယာအင်မော်တယ်ကလည်း ကျွန်းပတ်ပတ်လည်ကို ကြည့်လို့ရတာပေါ့"
အင်မော်တယ်ထုန်ရာက ပြုံးရွှင်စွာ ပြောလိုက်သည်။
"ညီနောင်ထုန်ရာ.. မင်းအရမ်း ဧည့်ဝတ်ကျေပွန်တာပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က အင်မော်တယ်ထုန်ရာ၏ ဧည့်ဝတ်ပြုမှုကို ချီးကျူးလိုက်သည်။
ကျွန်းသို့ ရောက်သောအခါ နေရာတိုင်းတွင် ဂန္ဓမာ ပန်းပင်များရှိပြီး အရောင်နှင့် မျိုးစိတ်အလိုက် စေ့စပ်သေချာစွာ စိုက်ပျိုးထားသည်ကို တွေ့ရ၏။
အဝေးကနေ ကြည့်လျှင်ပင် လှပသည့် ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းနေသည်။
ကျွန်း၏ ဂိတ်ဝတွင် ရွှေအက္ခရာဖြင့် ကဗျာတစ်ပုဒ် ရေးထွင်းထားသည့် သံမဏိကဗ္ဗည်းတိုင် တစ်ခု ရှိသည်။
"အရှေ့ခြံစည်းရိုးအောက်က ဂန္ဓမာပင်တွေကို ကောက်ကိုင်ရင်း တောင်ပိုင်းက တောင်ကို ငေးကြည့်နေမိတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။
သူ့တစ်ကိုယ်လုံး စိတ်အေးလက်အေး ခံစားချက်ကို ခံစားလိုက်ရသည်။
ဂန္ဓမာကျွန်းရှိ ဝိညာဥ်ချီက မြို့တွင်းထက် ဆယ်ဆ ပိုထူထပ်သည်။
ယင်းမှာ ဝိညာဥ်ဂန္ဓမာပင်များက သဘာဝက ဝိညာဥ်ချီကို စုပ်ယူနိုင်စွမ်း ရှိသောကြောင့် မဟုတ်ဘဲ ကျွန်း၏ ထူးခြားသော ဖုန်းရွှေ မြေနေရာ နှင့်လည်း သက်ဆိုင်သည်။
ထိုအချိန်က နာလန်မျိုးနွယ်စုသည် အလွန်နာမည် ကျော်ကြားခဲ့သည်။
ထိုကဲ့သို့ ဒိတ်ဒိတ်ကြဲ မျိုးနွယ်စု အနေဖြင့် ဤနယ်မြေတွင် နေထိုင်ရခြင်းအတွက် အကြောင်းပြချက်များ ရှိမည်မှာ သေချာသည်။
"ဒီနေ့ အလျင်စလို မဖြစ်ရင် ဒီနေရာမှာ ခဏလောက် ထပ်နေမိမှာ သေချာတယ်.."
ထိုစကားကို ကြားလျှင် အင်မော်တယ် ထုန်ရာက ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။
"စီနီယာအင်မော်တယ်.. အနာဂတ်မှာ ဂန္ဓမာပန်းတွေကို ရှူချင်တယ်ဆို ကြိုပြောပေးပါ.. အားလုံးစီစဉ်ပေးပါ့မယ်"
"ဂန္ဓမာပန်းတွေကို ရှူရမှာလား"
"ဒီဝိညာဉ်ဂန္ဓမာပန်းတွေကို ရှူရှိုက်လိုက်ခြင်းက စီနီယာရဲ့အသက်ကို ရှည်စေနိုင်ပါတယ်"
"အခုခေတ်မှာ ကြောင်တွေရဲ့ ရနံ့ နဲ့ ခွေးတွေရဲ့ရနံ့ကို ရှူရှိုက်သူတွေလည်း ရှိကြပါတယ်... အဲဒါထက်စာရင် ဒီကိုလာပြီး ဂန္ဓမာပန်းတွေကို ရှူရှိုက်တာက အများကြီး ပိုကောင်းတယ် မဟုတ်လား"
"............."
ထို့နောက်တွင် ဂန္ဓမာဝင်္ကပါထဲကို လမ်းလျှောက် ဝင်လာခဲ့သော်လည်း သူတို့နှစ်ယောက်က အတွေးကိုယ်စီဖြင့် စကားမပြောဖြစ်ခဲ့ကြပေ။
ဂန္ဓမာဥယျာဉ်မှပန်းပင်များက ဝင်္ကပါ၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ဗုံးပစ်စီနီယာအင်မော်တယ်က ယခုမှ သဘောပေါက်လာသည်။
စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်အောက်ရှိ မည်သူမဆို ဤနေရာတွင် ပျံသန်းခွင့် ကန့်သတ်ထားသည်။
ဝင်္ကပါထဲတွင် ပိတ်မိသည်နှင့် လွတ်မြောက်ဖို့ အရမ်းခက်လိမ့်မည် ဖြစ်သည်။
"ငါတို့ဘိုးဘေးတွေက မီးဖိုထဲကနေ သန့်စင်ထားတဲ့ ဆေးလုံးတွေကို ကာကွယ်ဖို့ ဒီဝင်္ကဘာကို တည်ဆောက်ခဲ့တယ်"
အင်မော်တယ်ထုန်ရာက ပြောလိုက်သည်။
"ငါတို့ ထုန်ရာမျိုးနွယ်စုက ဆေးဝါးတွေကို အစုလိုက် အပြုံလိုက် ထုတ်လုပ်တဲ့ မျိုးနွယ်စုကြီး တစ်ခု ဆိုတော့
နှစ်စဉ်နှစ်တိုင်း နှစ်ကုန်ပိုင်းလောက်မှာ ငါတို့ ထုတ်လုပ်နိုင်တာထက် ပိုထုတ်လုပ်နိုင်ဖို့ ပြင်ပက အဂ္ဂိရတ် ဆရာအချို့ကို ငှားရမ်းခဲ့တယ်..ဒါပေမဲ့ အဲဒီထဲက တချို့က ဆေးလုံးတွေ ခိုးယူသွားတတ်တာကြောင့် ဒီဝင်္ကပါကို တည်ဆောက်ခဲ့တာပဲ"
"ဒါပေမယ့် အခုတော့ ဝင်္ကပါက အသုံးမလိုတော့ပါဘူး.. လက်ရှိ တရားစီရင်ရေးစနစ်က ကျယ်ကျယ်ပြန့်ပြန့် ရှိပြီး နေရာတိုင်းမှာလည်း စောင့်ကြည့်ကင်မရာတွေ ရှိတယ်.. ဦးနှောက်ပါတဲ့သူတိုင်းက ဆေးလုံး ခိုးဖို့အတွက်နဲ့တော့ ဒီကို ဝင်လာရဲမှာ မဟုတ်ဘူး"
အင်မော်တယ်ထုန်ရာက ပုခုံးကို တွန့်ပြ၍ ပြောလိုက်သည်။
"အသုံးမလိုတော့ဘူးဆိုရင် ဘာလို့ ဝင်္ကပါကို မဖျက်လိုက်တာလဲ"
"ဒါက ငါတို့ ဘိုးဘေးဘီဘင်တွေ လက်ထက်ထဲက တည်ထောင်ထားတဲ့ အရာလေ.. ဒါကြောင့် မူပိုင်ခွင့် လျှောက်ထား အပြီးမှာ ယူနက်စကို ရဲ့ အမွေအနှစ် နေရာတစ်ခု ဖြစ်လာခဲ့ပြီ"
"............."
"အရင်က နန်ဟန်လူမျိုး တော်တော်များများက ဝင်္ကပါ ဆောက်လုပ်နည်းကို လေ့လာဖို့ ကျွန်းဆီ လာခဲ့ကြတယ်.. သူတို့ တီထွင်ထုတ်လုပ်တယ်လို့ သမိုင်းလိမ်မှာကို ငါကြောက်မိတယ်.. ဒါကြောင့် မူပိုင်ခွင့်ကို ကြိုပြီး လျှောက်ထားခဲ့တာပဲ"
".............."
"အနာဂတ်မှာ ဆေးလုံးတွေ မသန့်စင်တော့ဘဲ ဒီကျွန်းကို ခရီးသွားနေရာတစ်ခု အနေနဲ့ ဖွင့်ဖို့ စီစဉ်ထားတယ်.. ဒီဂန္ဓမာဝင်္ကပါက ခရီးသွားတွေကို အဓိက ဆွဲဆောင်တဲ့ အရာအဖြစ်နဲ့ပေါ့"
"ညီနောင်ထုန်က စီးပွားရေးကို လာဘ်မြင်တာပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်မော၍ ပြောလိုက်သည်။
နောက်ဆုံးတွင် သူတို့က အင်မော်တယ်ကား ဆီသို့ ရောက်ရှိသွား၏။
ယင်းအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က "ဘယ်လိုအစားအစာတွေ ပြင်ဆင်ထားလဲ"ဟု မေးလိုက်သည်။
ထိုစကားကိုကြားမှ အင်မော်တယ်ထုန်ရာက အဓိကကိစ္စကို မေ့လုနီးပါး ဖြစ်နေသည်အား သတိရသွားသည်။
သို့သော် ယခုအခါတွင် အခွင့်အရေး ရောက်လာပြီဟု သူသိလိုက်သည်။
"အိမ်ချက်လက်ရာတွေပါပဲ.. ဘာမှ မထူးခြားပါဘူး"
အင်မော်တယ်ထုန်ရာက အဖြူရောင်၀တ် လူငယ်ကို စူးစိုက်ကြည့်နေသည်။
သူ့မျက်လုံးများက တင်းမာနေသဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က တုန်လှုပ်ချောက်ခြားကာ အေးခဲသွားသလို ခံစားလိုက်ရသည်။
ချက်ထားတဲ့ ဟင်းတွေကတော့..
"ကြင်စဦးမောင်နှံ ဟော့ပေါ့..."
"မယားကိတ်..."
"လင်မယားအဆုတ်အပိုင်းအစဟင်း"
"............."
ဤအခိုက်အတန့်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က နားလည် သဘောပေါက်သွားသည်။
"ညီနောင်ထုန်.. ဒီနေ့ မင်း နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားရတယ်... မင်း ငါ့ကို တစ်ခုခုပြောဖို့ ကြိုးစားနေတာလား"
"စီနီယာအင်မော်တယ် နောက်ဆုံးတော့ မင်းသဘောပေါက်သွားပြီလား"
အင်မော်တယ်ထုန်ရာက ပျော်ရွှင်သွားသည်။
သို့သော် သူ့ပျော်ရွှင်မှုက အကြာကြီး မခံလိုက်ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ကို တိုက်ရိုက် ကြေကွဲစေသည့် အရာတစ်ခုကို ပြောခဲ့သည်။
စီနီယာ အင်မော်တယ်က လေးလံသော သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး အင်မော်တယ်ထုန်ရာ၏ ပခုံးကို လက်ဖြင့် ပုတ်လိုက်သည်။
"ဒီနှစ်တွေ တစ်လျောက်လုံး မင်း ကျင်းရှီ နဲ့ ယင်းရှီကို ခက်ခက်ခဲခဲ ပြုစုပျိုးထောင်လာရတယ် ဆိုတာ ငါသိပါတယ်... တကယ်ဆို အခုချိန်က သူတို့အတွက် မေမေနှစ်ယောက်လောက် ရှာပေးဖို့ အချိန်တန်နေပါပြီ"
"...???..."
အင်မော်တယ်ထုန်ရာ "အဲဒီလို မဟုတ်ဘူးလေ.. စီနီယာ အင်မော်တယ်.."
ဗုံးပစ်စီနီယာအင်မော်တယ်
"မရှက်ပါနဲ့ ရှန်းလဲ့ လို့ခေါ်တဲ့ မိန်းကလေးကို ငါသိပါတယ်.. WeChat မှာ မင်းကြူနေတဲ့ တစ်ယောက်လေ.. အဲဒီမိန်းကလေးက မဆိုးဘူးလို့ ငါထင်တယ်"
အင်မော်တယ်ထုန်ရာ "............"