လာပါ သီချင်းကိုနားထောင်ကြည့်
Vol. 29 Ch. 421
"ဘာလို့.. အဲဒီလိုတွေ ဖြစ်ရတာလဲ"
ထန်ချမ့်က နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
"အစပိုင်းမှာတော့ ငါကပဲ တစ်ခုခု မှားနေမလားလို့ တွေးမိသေးတယ်.. ဒါပေမဲ့ သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ငါ့လက်ထဲရောက်တဲ့ အချိန်မှာ ခပ်ရေးရေးပဲ ငါမြင်ရတော့တယ်.. ငါဘာစွမ်းအားမှသုံးပြီး ဖတ်ကြည့်လို့မရဘူး"
"ဒါကြောင့် ဒီစီနီယာက မှော်စွမ်းရည် တစ်မျိုးမျိုးကို သုံးပြီးကာကွယ်ထားတယ်လို့ ငါ သံသယရှိတယ်"
ဗိုလ်ချုပ်ရီက တွေးတွေးဆဆ ပြောလိုက်သည်။
"ဘယ်လိုမျိုးမှော်စွမ်းရည်လဲ"
"ငါသေချာတော့မသိဘူး"
ဗိုလ်ချုပ်ရီ ခေါင်းခါယမ်းလိုက်သည်။
"ပထမတော့ ဒီမှော်စွမ်းရည်ကို မီးခိုးငွေ့ မှော်စွမ်းရည် ဒါမှမဟုတ် အာရုံချောက်ခြားခြင်း မှော်စွမ်းရည် လို့ပဲ ထင်ခဲ့တာ"
"သီအိုရီအရ ငါ့ရဲ့ လက်ရှိ နယ်ပယ်အဆင့်မှာ ဆိုရင် ငါ့ရဲ့ ကောင်းကင်မျက်လုံးကို ဖွင့်ထားသရွေ့ ငါ့ကို ကွယ်ထားနိုင်တဲ့ မှော်စွမ်းရည် မရှိသင့်ဘူး.. ငါ့ရဲ့အဆင့်ထက် မသာလွန်ဘူးဆိုရင် အသုံးပြုတဲ့ မှော်စွမ်းရည်က ငါနဲ့ အဆင့်တူ မှော်စွမ်းရည်ပဲ ဖြစ်သင့်တယ်"
ထိုစကားကို ကြားလျှင် ထန်ချမ့် ထိတ်လန့်သွားသည်။
"ပကတိအင်မော်တယ်တွေ အသုံးပြုနိုင်တဲ့ အဆင့်ကို ကျော်လွန်နေတဲ့ မှော်စွမ်းရည်လား"
"ဟုတ်တယ်"
ဗိုလ်ချုပ်ရီ ခေါင်းညိတ်လိုက်သည်။
"စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ပဥ္စမအဆင့်မှော်စွမ်းရည်၊ ဟင်းလင်းပြင်အဆင့် ကျင့်ကြံသူက ဆဋ္ဌမအဆင့် မှော်စွမ်းရည်၊ ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်ကျင့်ကြံသူက သတ္တမအဆင့် မှော်စွမ်းရည်၊ ပကတိအင်မော်တယ် အဆင့်တွေက အဌမအဆင့် မှော်စွမ်းရည်တွေကို အသုံးပြုနိုင်ကြတယ်"
"တကယ်တော့ ငါအဘိုးကြီးလို ပကတိ အင်မော်တယ်တွေအတွက် အဌမဆင့်က ကန့်သတ်ချက် မဟုတ်သေးဘူး.. ဒီထဲက လူနည်းစုက အဌမအဆင့်ထက် ကျော်လွန်ပြီး နဝမအဆင့်မှော်စွမ်းရည်ကိုတောင် ထုတ်သုံးနိုင်ကြတယ်"
"ဒီစီနီယာလင်းရဲ့ မှော်စွမ်းရည်အဆင့်က နဝမအဆင့် ဖြစ်နိုင်တယ်"
ထန်ချမ့် ချက်ချင်း သဘောပေါက်သွားသည်။
"ဗိုလ်ချုပ်ရီတောင် ဒီစီနီယာ အသုံးပြုတဲ့ မှော်စွမ်းရည်ကို ထွင်းဖောက် မမြင်နိုင်မှတော့ အစောပိုင်းက ဗိုလ်ချုပ်ရီ သုံးသပ်သွားတာတွေက ဖြစ်နိုင်ချေရှိတယ်.. သူက နဝမအဆင့် မှော်စွမ်းရည်ကို အသုံးပြုနိုင်တဲ့ ကျင့်ကြံသူ ဖြစ်ကောင်းဖြစ်နိုင်တယ်"
"ဒါပေမယ့် ဗိုလ်ချုပ်ရီ.. တခြား ဖြစ်နိုင်ချေ ရှိတယ်လို့ရော တွေးဖူးလား"
"မင်း ဘာကိုဆိုလိုချင်တာလဲ ငါသိတယ်"
ဗိုလ်ချုပ်ရီက ပြုံးပြီး သူ့နှုတ်ခမ်းမွေးများကို ပွတ်သပ်လိုက်သည်။
"ဒီစီနီယာလင်းကို အင်မော်တယ်အရှင်မြတ် အဆင့်လို့ မင်းထင်နေတာ မဟုတ်လား"
"အင်း"
ထန်ချမ့် ခေါင်းညိတ်လိုက်သည်။
"ရိုးရိုးသားသား ပြောရရင် ငါလည်း မင်းလိုတွေးခဲ့ဖူးတယ်.. ဒါပေမယ့် အတွေးလွန်နေသလို ခံစားရတယ်.. လုံးဝကို မဖြစ်နိုင်ဘူးလေ"
ဗိုလ်ချုပ်ရီက အသံကို နှိမ့်၍ ပြောလိုက်သည်။
"ဘာလို့လည်းဆိုတာ ပြောပြနိုင်မလား"
"ဒီကမ္ဘာကြီးမှာ တကယ်ပဲ အင်မော်တယ် အရှင်မြတ်တွေ ရှိခဲ့တယ် ဆိုတာ မှန်ပါတယ်.. ပြောရရင် ငါတို့ဟွာရှို့နိုင်ငံက အင်အားကြီး ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို အသုံးပြုပြီး အင်မော်တယ် အရှင်မြတ်တွေကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြတယ်.. ဒါပေမဲ့ ဘာသဲလွန်စကိုမှ ငါတို့ မတွေ့ရဘူး"
"ဒီအဆင့်ကို ဒဏ္ဍာရီထဲက အင်မော်တယ်ကျန်းရွမ် ရောက်ခဲ့တယ်ဆိုတဲ့ သမိုင်းဝင်မှတ်တမ်းတွေ ရှိပေမဲ့လည်း ဘယ်သူမှမျက်စိနဲ့ တပ်အပ်မမြင်ဖူးတဲ့ အတွက် လက်ရှိအချိန်အထိ သက်သေမပြနိုင်သေးဘူး"
"ငါတို့တွေက အသက်ရှည်ဖို့အတွက် ကျင့်ကြံခဲ့ကြတယ်.. ရှေးခေတ်ကတည်းက တာအိုရဲ့ အင်မော်တယ်လမ်းစဥ် သဘောတရားကို ပြောခဲ့တာတွေ ရှိပေမဲ့ လက်တွေ့ကျင့်ကြံဖို့တော့ မလွယ်ဘူး"
"အင်မော်တယ်အရှင်မြတ်အဆင့် စီနီယာတွေ ရှိခဲ့ရင်တောင်အခုချိန်ဆို မြေကြီးထဲမှာ အရိုးဆွေးနေလောက်ပြီ.. ဒီထက်ပိုပြီး ပြောရရင် ငါတို့ခေတ်မှာ ဘယ်သူမှ အင်မော်တယ်အရှင်မြတ် အဆင့်ကို မရောက်နိုင်တော့ဘူး"
"ဘာလို့လဲ"
ထန်ချမ့် နားမလည်နိုင်စွာ မေးလိုက်သည်။
ဗိုလ်ချုပ်ရီ "ကောလဟလအရ အင်မော်တယ်အရှင်မြတ် အဆင့်ကို ရောက်ချင်တယ်ဆိုရင် သံသရာဝဋ်ဆင်းရဲကို ဖြတ်ကျော်ရတယ်.. အဲဒီအဆင့်ကို ဖြတ်ကျော်ဖို့အတွက် ကောင်းကင်နဲ့ မြေကြီးရဲ့ များပြားလှတဲ့ ဝိညာဉ်စွမ်းအင်ကို သုံးစွဲဖို့လိုတယ်.. ဒီခေတ်မှာ ကျင့်ကြံတဲ့နှုန်းက အရှိန်အဟုန်မြင့်လာပေမဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကအရင်လို မပေါများတော့ဘူးလေ"
"နှစ်ထောင်ပေါင်းများစွာ ဒါမှမဟုတ် နောက်နှစ်ပေါင်း တစ်သောင်းလောက်ဆိုရင် ဝိညာဥ်စွမ်းအင်က ကုန်ဆုံးသွားလိမ့်မယ်.."
ထိုစကားကို ကြားသောအခါ ထန်ချမ့် နားလည်သွားသည်။
ဤသည်က လက်ရှိ ခေတ်ပျက်ကြီး၏ သီအိုရီ ဖြစ်သည်။
အဆိုတော်တစ်ဦးက ဤဆုတ်ယုတ်မှုနှင့် ပတ်သက်၍ သီချင်းတစ်ပုဒ်ကို အထူးရေးသားခဲ့၏။
ထိုသီချင်းစာသားက ထန်ချမ့်၏ စိတ်ထဲတွင် ဆန်းသစ်နေဆဲဖြစ်သည်။
သီချင်းစာသားများမှာ
ကမ္ဘာကြီးက တောင်တန်းတွေ ဆုံးရှုံးသွားတဲ့အခါ.. ဝိညာဉ်စွမ်းအင်တွေ မစီးဆင်းတော့ဘူး..
အချိန်တွေ ရပ်တန့်သွားတဲ့အခါ နေ့ရောညပါ ခွဲခြားလို့မရတော့ဘူး..
ဝိညာဉ်စွမ်းအင်ခေတ် မရှိတော့တဲ့အခါ...
..............
သီချင်း၏ အရေးကြီးဆုံး အဓိပ္ပါယ်မှာ ပြီးပြည့်စုံမှုမရှိခြင်း ဖြစ်သည်။
၎င်းကို ကမ္ဘာပေါ်ရှိ ထိပ်တန်း ကျင့်ကြံသူ များစွာကလည်း ထောက်ခံထားပြီ ဖြစ်သည်။
အနည်းငယ် နက်နဲပြီး ဝမ်းနည်းစရာ ကောင်းသည့်အကြောင်းအရာက စံအိမ်ထဲရှိ အဖိုးအိုနှစ်ဦးကို ခဏတာတိတ်ဆိတ်သွားစေခဲ့သည်။
၎င်းတို့နှစ်ဦးစလုံးက မတူညီသော အလုပ်အကိုင်များကို လုပ်ကိုင်ခဲ့ကြသော်လည်း သမိုင်းဝင် အခိုက်အတန့်များစွာကို ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ဖူးကြသည်။
သီချင်းထဲမှ အဆုံးသတ်မျိုးက သူတို့ လိုချင်သောအရာမျိုး မဟုတ်ပေ။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ဗိုလ်ချုပ်ရီ၏ တင်းမာသော မျက်နှာက နောက်ဆုံးတွင် ပြေလျော့သွားခဲ့သည်။
သူက လက်ဖက်ရည်သောက်ရင်း ဖြေသိမ့်ကာ ပြောလိုက်သည်။
"ထန်ချမ့်.. ဒီအကြောင်းအရာက နက်နဲလွန်းတယ်.. အဲဒါကို မဆွေးနွေးသင့်ဘူး.. အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ... တစ်ခုခုတော့ ပြောင်းလဲလာလိမ့်မယ်လို့ ငါထင်တယ်"
"ဗိုလ်ချုပ်ရီ ပြောတာ မှန်ပါတယ်"
ထန်ချမ့် ခေါင်းညိတ်လိုက်သည်။
"စီနီယာလင်းနဲ့ ပတ်သက်ပြီး ဒီအဖိုးကြီး ပြောစရာ ရှိသေးတယ်"
ဗိုလ်ချုပ်ရီက ပြောလိုက်သည်။
"တကယ်တော့ စီနီယာလင်းကို အင်မော်တယ်အရှင်မြတ် အဆင့်လို့ မထင်ရတာက အရမ်းရိုးရှင်းတဲ့ အကြောင်းပြချက်တစ်ခုကြောင့်ပဲ.."
"အင်မော်တယ်အရှင်မြတ်တွေရဲ့ စိတ်နှလုံးထဲမှာ 'ရူပါရုံ'လို့ခေါ်တဲ့ နယ်မြေရှိတယ်.. ဒီလို ရူပါရုံနယ်မြေရှိတဲ့ စီနီယာတွေက ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရတဲ့အတွက် အခြေခံအားဖြင့် ကလေးကလားဆန်တဲ့ ချက်ဂရုတွေထဲ ဘယ်လိုမှ ဝင်မှာ မဟုတ်ဘူး"
ထန်ချမ့် "............."
"ထန်ချမ့်.. အိမ်ကနေ အွန်လိုင်း ချက်တင်ထိုင်နေပြီး ခေါက်ဆွဲအကြွပ်ကြော်တွေလို ဈေးပေါတဲ့အစာတွေကို နေ့တိုင်းစားနေတဲ့ စီနီယာကို မင်းမြင်ယောင်ကြည့်စမ်း.. အင်မော်တယ်အရှင်မြတ်ဖြစ်နိုင်မလားလို့"
ဗိုလ်ချုပ်ရီက မေးလိုက်သည်။
ထန်ချမ့်က ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်သည်။
"လုံးဝမဖြစ်နိုင်ဘူး.. ဒီလင်းကျန်းရန်က အင်မော်တယ်အရှင်မြတ် တစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ဗိုလ်ချုပ်ရီက သူ့ဖုန်းကို ကောက်ကိုင်လိုက်ရင်း အနည်းငယ် စိတ်ဓာတ်ကျသော လေသံဖြင့် ပြောလိုက်သည်။
"သူသာ ဒီလို ကလေးကလားစိတ်မျိုးနဲ့ အင်မော်တယ် တစ်ယောက် ဖြစ်နိုင်တယ်ဆိုရင်... ဒီအဖိုးကြီးကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်လောက်ကတည်းက သံသရာဝဋ်ဆင်းရဲကို ဖြတ်သန်းပြီး အင်မော်တယ်အရှင်မြတ် ဖြစ်နေလောက်ပြီ"
ထန်ချမ့် "............."
[အခွင့်အရေးရရင် စီနီယာလင်းကို သေချာပေါက် တွေ့အောင် ရှာပြီး စိန်ခေါ်ရမယ်]
ဗိုလ်ချုပ်ရီက လေးနက်စွာ တွေးတောရင်း သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"ငါတို့ဆွေးနွေးတာကို ရပ်လိုက်ရအောင်.. ဒီကိစ္စချည်းပဲဆွေးနွေးနေတော့ ညီးငွေ့ဖို့ကောင်းလာပြီ"
ထန်ချမ့် ပြုံးလိုက်သည်။
"ငါတို့ စစ်တုရင်ကစားရင်ရော ဘယ်လိုလဲ"
"မကစားဘူး.."
ဗိုလ်ချုပ်ရီက သူ့ဖုန်းပေါ်ရှိ တေးဂီတအက်ပ်ကို ဖွင့်လိုက်သည်။
"စိတ်ညစ်ညူးတာတွေ ပြေပျောက်သွားအောင် သီချင်းနားထောင်ရအောင်.. ဒီသီချင်းက ငါ့မွေးစားသား ကိုးဆလူသား ကိုယ်တိုင် သီဆိုခဲ့တဲ့ သီချင်းပဲ.. ဒီသီချင်းက သူ့ရဲ့ အိပ်မက်ကို ထုတ်ဖော်ပြသလိုက်တာပဲ"
"ကောင်းပြီလေ နားထောင်ကြတာပေါ့"
ထန်ချမ့် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
ဗိုလ်ချုပ်ရီက အဖွင့်ခလုတ်ကို နှိပ်လိုက်သည်နှင့် စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် အင်ထရိုတီးလုံးက စတင် တီးခတ်လာသည်။
ထို့နောက် အသံက မိုးကြိုးပစ်ချသံကဲ့သို့ ထန်ချမ့်၏ နားစည်များကို တိုက်ရိုက် ထိုးဖောက်သွားတော့သည်။
{အိပ်မက်တွေ မက်လိုက်၊ အိမ်မက်တွေ မက်လိုက်၊ အိပ်မက်တွေ မက်လိုက်စမ်းပါ.. ငါတို့က ဖြူစင်တဲ့ လူငယ်လေးတွေပါ..}
.................
ထန်ချမ့် အံ့အားသင့်သွားသည်။
"..............."
ဗိုလ်ချုပ်ရီ "ဘယ်လိုလဲ ထန်ချမ့်"
ထန်ချမ့် "..........."
ဗိုလ်ချုပ်ရီ "ငါ့ကို အမှန်အတိုင်းပြောပါ.. မဟုတ်ရင် ငါ စိတ်ဆိုးရလိမ့်မယ်"
ထန်ချမ် အံ့ဩရာကနေ ငြိမ်သက်သွားပြီးနောက် သူ၏ မုတ်ဆိတ်များကို ပွတ်သပ်ကာ ပြောလိုက်သည်။
"အင်ထရိုတီးလုံးက အရမ်းပြင်းလွန်းတယ်.. သီချင်းကတော့ မဆိုးပါဘူး..."
ဗိုလ်ချုပ်ရီရယ်လိုက်သည်။
"ဟားဟားဟား.. မင်းနဲ့ငါ ခံစားချက်ချင်း အတူတူပဲဆိုတာ ငါသိသားပဲ"
ထန်ချမ့် "............."
ဗိုလ်ချုပ်ရီ
"ဒီသီချင်းက အခုအွန်လိုင်းမှာ အတော်လေး ရေပန်းစားနေပါပြီ.. ကိုးဆလူသားကို အသံကောင်းတယ်လို့ မင်းထင်နေတယ်မလား.. ဒါပေမယ့် Douban မှာ သူ့ရမှတ်က ဘယ်လောက်လဲ ဆိုတာ မင်းသိလား"
douban= သီချင်းသုံးသပ်သည့်ဝဘ်ဆိုက်
"............"
ထန်ချမ့်က ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်သည်။
ဗိုလ်ချုပ်ရီက လက်နှစ်ချောင်း ထောင်ပြလိုက်သည်။
"ရမှတ်က 2.0 ပဲ"
ထန်ချမ့် "............."
"အဲဒီအချိန်က ဒီအဖိုးကြီး စိတ်ဆိုးခဲ့တယ်.. ငါ့မွေးစားသားကသာ ငါ့ကို မတားခဲ့ရင်..."
"ဒီ Douban က ချီးထုပ်ကျနေတာ ကြာပြီ"
ဗိုလ်ချုပ်ရီက သက်ပြင်းချလိုက်သည်။
"အခုခေတ် လူ့အဖွဲ့အစည်းမှာ ကိုယ်ပိုင်သီချင်းတွေ ဖန်တီးတာ ခေတ်မစားတော့ဘူး.. တခြားသူတွေရဲ့ သီချင်းတွေကို အာသီးယောင်ပြီး ဝေဖန်တာပဲ ခေတ်စားလာတယ်"
"ပရော်ဖက်ရှင်နယ် ဂိမ်းနယ်ပယ်မှာလည်း ဒီအတိုင်းပဲ.. ကစားသမားတွေက အနိုင်မရတဲ့အခါ တစ်ဖက်အဖွဲ့က လှည့်စားမှုတွေ သုံးတယ်လို့ စွပ်စွဲလာကြတယ်.. ဒါက ဒီအဖိုးကြီးကို အရမ်းစိတ်ပျက်စေတယ်"
ထန်ချမ့် "..........."