သူငယ်ချင်းအတွက်လက်ဆောင်
Vol. 29 Ch. 422
တနင်္ဂနွေ အားလပ်ရက်က ဝမ်လင်းအတွက် မထင်မှတ်ထားသည့် အရာ အများအပြား ဖြစ်လာစေသည်။
မဟာကံကြမ္မာတာအိုက အလုပ်လုပ်နေဆဲ ဖြစ်သည်ဟု သူထင်ခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က လက်သူကြွယ်တွင် လက်စွပ်ကို မတော်တဆ ဝတ်ဆင်ထားမိရာကနေ အဘယ်ကြောင့် ကိစ္စက ကြီးမားသွားရပါသနည်း။
ဓမ္မရာဂျာက အဘယ်ကြောင့် သတိထားမိသွားပါသနည်း။
ယခုလည်း ချက်ဂရုမှ ထွက်သွားခြင်းနှင့် ပတ်သက်၍ နားလည်မှု လွဲမှားခြင်းကြောင့် ဓမ္မရာဂျာက ခေါက်ဆွဲခြောက်ကြွပ်ကြော်နှင့်အတူ သူ့ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ရန်ပြင်ဆင်နေသည်။
ဓမ္မရာဂျာ၏ အတွေးကို ဝမ်လင်း လုံးလုံးလျားလျား နားလည်သည်။
အဆုံးသတ်တွင် ဤအရာအားလုံး အတွက် ခေါက်ဆွဲဲခြောက်ကြွပ်ကြော်က ဖြေရှင်းစရာ ဖြစ်လာ၏။
မသိလျှင် သူက ခေါက်ဆွဲခြောက်ကြွပ်ကြော် စားချင်၍ ဉာဏ်ဆင်သည်ဟုပင် အထင်လွဲခံရနိုင်၏။
ဝမ်လင်းက သူ့ချွေးများကို အသာအယာ သုတ်လိုက်သည်။
သေချာသည်မှာ ယခုအချိန်ကစပြီး မဟာကံကြမ္မာတာအို စွမ်းရည်ကို သူ ပေါ့ပေါ့ဆဆ သုံးတော့မည် မဟုတ်ပေ။
သူက ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို အမှန်တကယ် ကြိုက်နှစ်သက်သော်လည်း ပဋိပက္ခ အမျိုးမျိုးနှင့် မလိုလားအပ်သော နားလည်မှုလွဲမှားခြင်း များကို မဖြစ်စေလိုပေ။
ထို့အပြင် ဝမ်လင်းက အကြောင်းတစ်ခုခုကြောင့် တစ်ယောက်ယောက် သူ့ကို အဆက်မပြတ် စုံစမ်းနေသည်ဟု ခံစားခဲ့ရသည်။
သူ့အနေဖြင့် "မဟာ ကာကွယ်ရေးတာအို စွမ်းရည်"ကို အသုံးပြုထားသောကြောင့် စိုးရိမ်နေရန် မလိုအပ်သော်လည်း ဆဋ္ဌမအာရုံကဲ့သို့ အန္တရာယ် အငွေ့အသက်ကို ရနေခဲ့သည်။
ယင်း ခံစားချက်က ပိုပြင်းထန်လေ ပြဿနာက ပိုကြီးလေပင်။
ဝမ်လင်းက ကြီးမားသော အရာတစ်ခု ဖြစ်ပျက်တော့မည်ဟု ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။
သူ့အကြည့်က အနည်းငယ် လေးလံသွား၏။
အဘယ်ကြောင့် သူ့နေ့စဉ်ဘဝက အမြဲလိုလို ပြဿနာ ဖြစ်နေရပါသနည်း။
စင်စစ် သူက ခေါက်ဆွဲခြောက်ကြွပ်ကြော် နှင့် လက်ဖက်ကြက်ဥများကို ၀ယ်စားပြီး အေးအေးဆေးဆေး ကျောင်းတက်ချင်စိတ်သာ ရှိသည် မဟုတ်ပါလော။
.....................
ဂန္ဓမာကျွန်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က အင်မော်တယ်ထုန်ရာ၏ ပြောင်ပြောင်တင်းတင်း အရိပ်အမြွက်များကို သဘောပေါက်သွားခဲ့သည်။
သူက အင်မော်တယ်ထုန်ရာထံမှ စိုးရိမ်သော ခံစားချက်များကို ခံစားမိလိုက်သည်။
အင်မော်တယ်ကားထဲတွင် ရှိနေသည့် ဗုံးပစ်စီနီယာ အင်မော်တယ်က ဂန္ဓမာကျွန်းတစ်ဝိုက်ကို လည်ပတ်ကြည့်ရှုရန် စိတ်မ၀င်စားတော့ဘဲ စားပွဲပေါ်ရှိ အစားအစာများကိုပင် မထိတော့ပေ။
သူက သူ့ကိုယ်သူ နုံအရကောင်းလားဟု အပြစ်တင်နေမိသည်။
သူ့ညီနောင်ကောင်း ဖြစ်သည့် အင်မော်တယ်ထုန်ရာက မိန်းမယူဖို့ တိုင်ပင်ရန်အတွက် အရိပ်အမြွက်များ ထင်ရှားစွာ ပြသခဲ့သော်လည်း သူ့အနေဖြင့် အရာအားလုံးကို နားလည်ရန်အတွက် အချိန်အတော်လေး ယူခဲ့ရသည်။
အင်မော်တယ်ထုန်ရာ၏ ဇနီးမယား ဖြစ်လာမည့်သူက အနာဂတ်တွင် ဂန္ဓာမာကျွန်းကို စောင့်ရှောက်ရမည် ဖြစ်ပြီး ကျင်းရှီနှင့်ယင်းရှီ တို့၏ မိခင်အဖြစ်လည်း ကလေးနှစ်ယောက်ကို ကောင်းမွန်စွာ ဂရုစိုက်ပေးရမည် ဖြစ်၏။
ထိုကဲ့သို့ ဝတ္တရားများကြောင့် အင်မော်တယ်ထုန်ရာက ဇနီးမယားအဖြစ် မည်သူ့ကိုမျှ ရှာမတွေ့ခဲ့ပေ။
"စီနီယာအင်မော်တယ်.. တကယ်တော့ ဒီကိစ္စက စီနီယာ ထင်သလောက် မရှုပ်ထွေးပါဘူး.."
အင်မော်တယ် ထုန်ရာ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် လှုပ်ယမ်းသွားသည်။
သူ့အတွေးများက စီနီယာအင်မော်တယ်၏ အထင်မှားမှုကြောင့် ရှုပ်ထွေးကုန်ပြီ ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ် "ညီနောင်ထုန်ရာ.. ဖြတ်မပြောနဲ့.. ငါဒီမှာ အလေးအနက်ပြောနေတယ်"
အင်မော်တယ်ထုန်ရာ "............."
ဗုံးပစ်စီနီယာ အင်မော်တယ်က အလွန် စိတ်လှုပ်ရှားသော အမူအရာဖြင့် အင်မော်တယ်ထုန်ရာ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"ညီနောင် မင်း ဘာမှပြောစရာ မလိုဘူး.. ကျင်းရှီ နဲ့ ယင်းရှီရဲ့ ခေါင်းကိုင် ဖခင်တစ်ယောက် အနေနဲ့ မင်းတစ်ခုခု လုပ်ပေးသင့်တယ်လို့ ငါ အမြဲတမ်း တွေးခဲ့တယ်
အင်မော်တယ်ထုန်ရာ "စီနီယာအင်မော်တယ်.. အဲဒီလို မဟုတ်ဘူး..."
ဗုံးပစ်စီနီယာ အင်မော်တယ် "မင်းကို စကားဖြတ်မပြောဖို့ ငါမပြောခဲ့ဘူးလား"
အင်မော်တယ်ထုန်ရာ "............"
ဗုံးပစ်စီနီယာ အင်မော်တယ် "အရင်က မင်းကို သဘောကျနေတဲ့လူတွေ အများကြီးရှိတာပဲ.. ဥပမာပြောရရင် ကြယ်ခုနစ်ပွင့်ဂိုဏ်းရဲ့ ကျောင်းအုပ်ဆရာမ ရှင်းယွဲ့ ပေါ့.. ဒါပေမယ့် ဒါက အတိတ်မှာ ကျန်ခဲ့ပါပြီလေ.. အခုလက်ရှိ မင်းဖွံကြောင်နေကျ ရှန်းလဲ့ဆိုတဲ့ မိန်းကလေးလည်း မဆိုးပါဘူး.. ရှန်းလဲ့ကို မယူချင်ရင်လည်း နောက်ထပ် တစ်ယောက် ရှိပါသေးတယ်.. ငါ့ညီမ.. ဗုံးပစ်နတ်သမီး ဆိုရင်ရော ဘယ်လိုသဘောရလဲ"
အင်မော်တယ်ထုန်ရာ "............"
ဗုံးပစ်စီနီယာအင်မော်တယ်၏ စကားကိုကြားလျှင် အင်မော်တယ်ထုန်ရာ တုန်လှုပ်ချောက်ခြားသွားသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ ညီမ ဗုံးပစ်နတ်သမီးကို သူ ယခင်က တစ်ကြိမ်သာ မြင်ဖူးခဲ့၏။
သူ့အမြင်အရ ဗုံးပစ်နတ်သမီးက ရိုးသားပွင့်လင်းပြီး နိုင်ငံခြားမှ ရံဖန်ရံခါသာ ပြန်လာလေ့ရှိသည်။
သူမက နေကာမျက်မှန်၊ လှိုင်းတွန့်ဆံပင်နှင့် အထာအရမ်းကျလွန်းပြီး အင်္ကျီဝတ်လျှင် ဝမ်းဗိုက်သားကို ဖော်ထားလေ့ရှိကာ ခါးအောက်ပိုင်းတွင် ဘောင်းဘီတိုကိုသာ ဝတ်ဆင်လေ့ရှိ၏။
ယင်းက ဤညီမငယ်လေးကို အင်မော်တယ်ထုန်ရာ သဘောကျမိသည့် အချက်ပင်။
သူမက တစ်နှစ်ပတ်လုံး နိုင်ငံရပ်ခြားတွင် နေထိုင်လေ့ရှိပြီး သူမ၏ အစ်ကိုဖြစ်သူ ဗုံးပစ်စီနီယာ အင်မော်တယ်ပင် သူမကို နှစ်စဉ် သိပ်တွေ့ရလေ့ မရှိပေ။
"ညီမလေးကို ပြန်ခေါ်ဖို့ ငါကြိုးစားနေတယ်.. ညီနောင်ထုန်ရာသာ ဒီထိန်းမနိုင်သိမ်းမရ နတ်ဆိုးမကို လက်ခံဖို့ ဆန္ဒရှိတယ်ဆိုရင် အရမ်းကောင်းမှာပဲ.. ဒါဆို သူ့ကို ပြန်ခေါ်ဖို့အတွက် အကြောင်းပြချက်ရပြီ"
ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ပါလက်ပါ ပြောနေရာ အင်မော်တယ်ထုန်ရာက ချွေးစေးများ အဆက်မပြတ် စီးကျလာသည်။
မီးဖိုရှေ့တွင် နှစ်ပေါင်းများစွာ ထိုင်ကာ အပူချိန် မြင့်မားစွာဖြင့် အလုပ် လုပ်ကိုင်ခဲ့သော်လည်း ယနေ့လောက် သူတစ်ခါမှ ချွေးမထွက်ဖူးပေ။
"စီနီယာအင်မော်တယ်.. ငါ့ကို အဆုံးထိ စကားပြောခွင့်ပေးနိုင်မလား"
"ကောင်းပြီ.. ပြောလေ"
အင်မော်တယ်ထုန်ရာက အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး သတ္တိကို စုစည်းကာ ပြောလိုက်သည်။
"စီနီယာအင်မော်တယ်ရဲ့ ဘယ်ဘက်လက်သူကြွယ်မှာ စွပ်ထားတဲ့ လက်စွပ်ကို ဘယ်သူပေးခဲ့တာလဲ"
"အိုး.. ဒီလက်စွပ်လား"
ဗုံးပစ်စီနီယာ အင်မော်တယ်က အင်မော်တယ်ထုန်ရာ ဤမေးခွန်းကို မေးမည်ဟု မမျှော်လင့်ထားသော်လည်း ဝမ်လင်းကို ကတိပေးထားပြီ ဖြစ်၍ ဝမ်လင်း၏ နာမည်ကို ထုတ်ဖော်ရန် နည်းလမ်းမရှိပေ။
"ဒီလက်စွပ်က ငါ့မိတ်ဆွေ တစ်ယောက်ဆီကပါ.. သူက သူတော်စင် လက်နက်အဆင့် မှော်လက်စွပ် တစ်ဒါဇင်ကို ပြုလုပ်ခဲ့တယ်လေ.. ချက်ဂရုထဲက ညီအကို မောင်နှမတွေ အတွက်ပါ လက်ဆောင် ပေးလိုက်သေးတယ်"
သူ့စကားက အလွန်သဘာဝကျသော စကားဖြစ်၍ အင်မော်တယ် ထုန်ရာက ထိုစကားထဲကနေ ထူးခြားသည့် အရာများကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
စကားပြောရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က အင်မော်တယ် ထုန်ရာကို မှော်လက်စွပ်တစ်ကွင်း ပေးလိုက်သည်။
"ဒါက မင်းအတွက်ပါ ညီနောင်ထုန်ရာ"
အင်မော်တယ်ထုန်ရာက မှော်လက်စွပ်ကို လက်ခံပြီးနောက် သေချာစစ်ဆေးလိုက်သည်။
ဤလက်စွပ်က တကယ်ပဲ သူတော်စင် လက်နက်အဆင့် မှော်လက်စွပ် ဖြစ်နေ၏။
လက်ရာနှင့် အသေးစိတ် အချက်အလက်များကို ကြည့်လျှင် ဤလက်စွပ်ကို ပြုလုပ်သည့် ပန်းပဲပညာရှင်က လက်နက်သန့်စင်သော အတတ်တွင် ကျွမ်းကျင်အဆင့် ပညာရှင်ဟု သူခံစားမိသည်။
မှော်လက်စွပ်၏ အရေးအကြီးဆုံး အစိတ်အပိုင်းမှာ အရောင်အသွေးနှင့် တောက်ပြောင်မှု ဖြစ်၏။
ဤမှော်လက်စွပ်တွင် အလွန်ကောင်းမွန်သော အသေးစိတ် အချက်အလက်များ ပါဝင်နေသည်။
မှော်လက်စွပ်၏ အရောင်အသွေး တစ်ခုလုံးက အနက်ရောင်ဖြစ်နေသော်လည်း လက်စွပ် အတွင်း၌ စီးဆင်းနေသည့် ကြီးမားလှသော ဝိညာဉ်စွမ်းအားကို ခံစားသိရှိနိုင်၏။
ထိုအချက်ကို ကြည့်၍ ဤလက်စွပ်တွင် ပန်းပဲပညာရှင်ကြီး၏ သွေးနှင့် ချွေးစက်များ မည်မျှ အသုံးပြုထားသည်ကို အမှန်တကယ် ခံစားနိုင်မည် ဖြစ်သည်။
ဤမှော်လက်စွပ်ကို ဖန်တီးရန် အတွက် ပန်းပဲပညာရှင်ကြီး အနေဖြင့် စွမ်းအင်များစွာကို သုံးစွဲခဲ့ရမည်မှာ အသေအချာပင်။
လက်စွပ်၏ ဒီဇိုင်းက ဆန်းသစ်ပုံ မပေါ်သော်လည်း "အကြီးမြတ်ဆုံး အမှန်တရားသည် အရိုးရှင်းဆုံးဖြစ်သည်" ဟူသော ဆိုရိုးစကား ရှိသည် မဟုတ်ပါလော။
အထူးသဖြင့် အရည်အသွေးမြင့် မှော်လက်စွပ်များစွာသည် ပုံသဏ္ဌာန် ထူးခြားခြင်း မရှိပေ။
ထင်ရှားကျော်ကြားသော မှော်ရတနာများစွာသည် ကျင့်ကြံခြင်း အသိုင်းအဝိုင်း၏ ခေတ်ရေစီးကြောင်းနှင့် မလိုက်ဖက်ခဲ့ချေ။
ယင်းက ရိုးရှင်းပြီး လက်တွေ့ကျသည့် အယူအဆ တစ်ခု ဖြစ်သည်။
အင်မော်တယ်ထုန်ရာက မှော်လက်စွပ်ကို ခဏမျှ စစ်ဆေးကြည့်ပြီးနောက်တွင် ဤကိစ္စ၏ ရိုးရှင်းသော အမှန်တရားကို နားလည် သဘောပေါက်လိုက်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
စင်စစ် စီနီယာ အင်မော်တယ်ထံ၌ သူငယ်ချင်းများကို လိမ်ညာခြင်း သို့မဟုတ် ထိန်ချန်ထားသော ကိစ္စရပ်များ ရှိမနေခဲ့ပေ။
သို့ရာတွင် သူ နားမလည်နိုင်သော အချက်တစ်ခု ကျန်ရှိနေ၍ မမေးဘဲ မနေနိုင်တော့ချေ။
"စီနီယာ အင်မော်တယ်.. မှော်လက်စွပ်ကို လက်သူကြွယ်မှာ ဘာလို့ ဝတ်ထားရတာလဲ"
"ဒါက အထူးအရေးပါတဲ့ မိတ်ဆွေဆီကနေ လက်ဆောင်ရရင် လေးစားမှုကိုပြတဲ့ ငါတို့မျိုးနွယ်စုရဲ့ အစဥ်အလာပါ"
"ဘယ်လက် လက်သူကြွယ်မှာ လက်စွပ် ဝတ်ထားရင် လက်ထပ်ပြီးပြီလို့ လူအများက လွဲမှားစွာ ယူဆနိုင်ပေမယ့် ဒါက တကယ်တော့ ငါတို့ မျိုးနွယ်စုရဲ့ ကျင့်ဝတ်တစ်ခုပါပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က လေးလေးနက်နက် ရှင်းပြလိုက်သည်။
အင်မော်တယ်ထုန်ရာက ခေါင်းညိတ်လိုက်၏။
"အင်း ငါနားလည်ပြီ"
ဤအတိုင်းသာဆိုလျှင် ဓမ္မရာဂျာ၏ နားလည်မှု လွဲမှားခြင်းက တကယ့်ကို တက်တက်စင်အောင် လွဲခဲ့ပုံရသည်။
"ငါ ဘယ်လက်သူကြွယ်မှာ လက်စွပ်ဝတ်ထားတာကို ညီနောင်ထုန်ရာက ဘာလို့ စိတ်ပူနေရတာလဲ"
"စီနီယာ အင်မော်တယ်က ကျင့်ကြံခြင်း အသိုင်းအဝိုင်းရဲ့ရှေ့ဆုံးမှာ ရပ်တည်နေတဲ့သူပါ.. စီနီယာရဲ့ ဘယ်ဘက်လက်သူကြွယ်က လက်စွပ်ကိုမြင်ရင် ဘယ်သူမဆို အထင်အမြင် လွဲမှားမှုတွေ မလွဲမသွေ ဖြစ်ပေါ်လာပါလိမ့်မယ်.. လက်စွပ်နဲ့ ပတ်သက်ပြီး ဒီလိုတွေ အထင်လွဲခံရနိုင်တယ်လို့ စီနီယာ စဉ်းစားခဲ့ဖူးလား.. စီနီယာအနေနဲ့ သေချာလေး ရှင်းပြသင့်တယ်လို့ ကျနော်ထင်တယ်"
အင်မော်တယ်ထုန်ရာက လေးလေးနက်နက် ပြောလိုက်သည်။
"ညီနောင်ထုန်ရာ မင်းရဲ့ အကြံပြုချက်ကို ငါလက်ခံပါတယ်.. ငါ နောက်ကျရင် သေချာပေါက် ရှင်းပြလိုက်ပါ့မယ်.. နားလည်မှု လွဲမှားစေတာက မကောင်းမှန်း ငါသဘောပေါက်ပါတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် ဒီလက်စွပ်က ငါ့အတွက် အရမ်းထူးခြားတယ်.. ငါ အရမ်းသဘောကျတဲ့သူကို ရှာမတွေ့မချင်း လက်စွပ်ကို ချွတ်ပစ်မှာတော့ မဟုတ်ဘူး"
"ပန်းပဲပညာရှင်ကြီးက ဒီလို အရည်အသွေးကောင်းတဲ့ မှော်လက်စွပ် အမျိုးအစားကို စီနီယာဆီ ရက်ရက်ရောရော လက်ဆောင်ပေးမယ်လို့ ကျနော် တကယ် မထင်ထားမိဘူး"
"ပန်းပဲပညာရှင်က တကယ်ကို လေးစားစရာပဲ.. တစ်ချက်ကြည့်ရုံနဲ့တင် မှော်လက်စွပ်တွေကို သန့်စင်ဖို့ အချိန်အတော်လေး ယူရမယ် ဆိုတာ သိသာတယ်"
ထိုစကားကြောင့် ဗုံးပစ်စီနီယာအင်မော်တယ် ချွေးတစ်စက် ကျဆင်းသွားသည်။
".............."
[တကယ်တော့ အချိန်သိပ်မကြာလိုက်ပါဘူးကွာ]