← Chapters

အချစ်နှင့် နဖူးတွေ့ဒူးတွေ့ ကြုံသော ငွေရောင်လေး

Vol. 29 Ch. 423

အချစ်နှင့် နဖူးတွေ့ဒူးတွေ့ ကြုံသော ငွေရောင်လေး

Vol. 29 Ch. 423

ဝမ်လင်းအတွက် ယခုသီတင်းပတ်က အလွန်အသက်ဝင်နေသော်လည်း ငွေရောင်လေးကမူ သေချင်စော်နံသည် အထိ ငြီးငွေ့နေခဲ့သည်။

ငွေရောင်လေးက ချက်တင်ထိုင်ခြင်းကို စွဲလမ်းလာပြီးနောက် ဖုန်းကို တစ်ချိန်လုံးနီးပါး အသုံးပြုခဲ့သည်။

သူတော်စင် သားရဲများက လုံးဝအနားယူရန် မလိုအပ်ပေ။

သူအလိုရှိသ၍ နှစ်ထောင်ကျော် သို့မဟုတ် နှစ်ရာနှင့်ချီ၍ နိုးနိုးကြားကြား ရှိနေနိုင်သည်။

တစ်ညလုံး မအိပ်ဘဲနေရ၍ အသည်းပျက်စီးခြင်းမျိုး ဘယ်သောအခါမှ ဖြစ်လာမည် မဟုတ်ပေ။

အကယ်၍ အသည်း ပျက်စီးသွားလျှပင် သူ၏ သူတော်စင် သားရဲ နှလုံးသားက ချက်ချင်း ပြန်ကောင်းလာစေမည် ဖြစ်သည်။

သို့သော် ယနေ့တွင် ချက်ဂရုက မထင်မှတ်ပဲ မည်သူမျှ ဘာမှ မပြောသောကြောင့် အလွန်ထူးဆန်းနေသည်။

ယခင်ကဆိုလျှင် ချက်ဂရုထဲမှ လူတွေအားလုံးမှာ အလုပ်ရှုပ်နေလျှင်ပင် အီမိုဂျီကို ရံဖန်ရံခါ ပို့တတ်ကြ၏။

ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ် အိမ်ရှိ ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဖုန်းစခရင်ကို စိုက်ကြည့်နေသည်။

မိနစ်အနည်းငယ် ကြာအောင် စိုက်ကြည့်နေသော်လည်း တစ်ယောက်မှ သူ့ကို စကား လာမပြောခဲ့ပေ။

"ဘယ်လောက်တောင် ပျင်းဖို့ကောင်းလိုက်လဲ"

ငွေရောင်လေးက စကားပြောမည့်သူ မရှိသဖြင့် စိတ်ပျက်အားငယ်မှုကို ခံစားခဲ့ရသည်။

သို့သော် မိနစ်အနည်းငယ် အကြာတွင် "အင်မော်တယ်2"ဟု အမည်ရသည့် မရင်းနှီးသည့် ID တစ်ခုက သူ့ကို ရုတ်တရက် လာအပ်နေ၏။

အင်မော်တယ်2၏ ပရိုဖိုင်ပုံက အမျိုးသမီး၏ အနမ်းအမှတ်အသားပုံ ဖြစ်သည်။

ထို့အပြင် အင်မော်တယ်2 သူငယ်ချင်းအဖြစ် လျှောက်ထားရခြင်း၏ အကြောင်းရင်းမှာလည်း စိတ်ဝင်စားဖို့ကောင်းနေ၏။

"အကြောင်းရင်း= ငါ မင်းရဲ့သွေးကို ရူးသွပ်နေတယ်"

ငွေရောင်လေး၏ အကြည့်က အနည်းငယ် အေးခဲသွားသည်။

မကြာသေးမီကမှ ပင်ဂွင်းလူမှုရေးချက်တွင် ဤအကောင့်ကို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

စင်စစ် သူ၏ အကောင့် အဆင့်မှာ အလွန်နိမ့်ကျနေ၏။

ထို့ကြောင့် အခြားလူများက သူငယ်ချင်း အဖြစ် မည်သို့မှ လာအပ်မည် မဟုတ်ပေ။

ထိုထက်ပို၍ ရှင်းအောင် ပြောရလျှင် ဤအဆင့်နိမ့် အကောင့်မျိုးကို မည်သူမျှ တကူးတက စာရင်းထဲ ထည့်မည် မဟုတ်ချေ။

ငွေရောင်လေးက အင်မော်တယ်2၏ အကောင့်အချက်အလက်ကို ဆန်းစစ်ကြည့်ရာ ဤအကောင့်၏ အဆင့်က သရဖူသုံးခု ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ယင်းက ချက်ဂရုထဲရှိ လူအများအပြား၏ အဆင့်ထက် ပိုမိုမြင့်မားနေပြီ ဖြစ်သည်။

ထို့အပြင် ဤပုဂ္ဂိုလ်၏ ကိုယ်ပိုင်လက္ခဏာမှာလည်း ထူးဆန်းနေ၏။

"ကိုယ်ပိုင်လက္ခဏာ= အတိတ်က ပါးစပ်နဲ့ လျှာဖျားက အပူချိန်ကို ငါ ဘယ်လောက် တောင့်တခဲ့ရလဲ"

ငွေရောင်လေး၏ လက်များ ရုတ်တရက် တုန်ရီလာသည်။

[ဒါက လူသားတွေ ပြောလေ့ရှိတဲ့ အချစ်နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံဆုံမှုများ ဖြစ်နေမလား]

[ဒါက တိုက်ဆိုင်မှု တစ်ခုတော့ မဖြစ်နိုင်ဘူး မဟုတ်လား]

ငွေရောင်လေးက ငြီးငွေ့လာသော အခါများတွင် သူ့ကိုယ်သူ စိတ်အပန်းဖြေရန် နည်းလမ်းများကို အွန်လိုင်း၌ ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရင်း စိတ်လှုပ်ရှားစရာ ရှိုးပွဲများနှင့် ဂိမ်းကစားခြင်း ကဲ့သို့သော အင်တာနက်ပေါ်မှ အဖြေအမျိုးမျိုးကို သူတွေ့ခဲ့ရသည်။

ငွေရောင်လေးအတွက်မူ ဂိမ်းကစားခြင်းသည် အမှန်တကယ် ငြီးငွေ့ဖွယ် ကောင်းနေသည်။

သူ့လို အိပ်စက်ရန် လုံးဝ မလိုအပ်သော အသည်းနတ်ဘုရားအနေဖြင့် ကတ်ဂိမ်းကစားသည့် အခါတွင် များသောအားဖြင့် ကံမကောင်းခဲ့လျှင်ပင် အချိန်က သူ့အတွက် လုံလုံလောက်လောက် ရှိနေခဲ့သည်။

သူ့လောက် မည်သူက အချိန်ကို အလဟဿ ဖြုန်းတီးနိုင်ပါအံ့နည်း။

ထို့ကြောင့် ငွေရောင်လေးက စကားစမြည် ပြောဆိုခြင်း အပြင် နောက်ဆုံးထွက် အတင်းအဖျင်း သို့မဟုတ် ပို့စ်အသစ်များ ရှာဖွေဖတ်ရှုခြင်းတို့ကို ဂိမ်းကစားခြင်းထက် ပို၍ နှစ်သက်၏။

အင်တာနက် အသုံးပြုသည့် လူတိုင်းတွင် မတူညီသည့် အကြိုက်များ ရှိတတ်ကြသည်။

သူတော်စင်သားရဲများပင် ခြွင်းချက်မဟုတ်ချေ။

အထက်ပါအချက်များ အပြင် ငွေရောင်လေးက "Shake" ဟုခေါ်သော အခြား အက်ပလီကေးရှင်း တစ်ခုကို တွေ့မြင်ခဲ့ရသည်။

တစ်မြို့တည်းရှိ လူများသည် ၎င်းတို့၏ ဖုန်းကို တစ်ချိန်တည်းတွင် လှုပ်ယမ်းနေသရွေ့ ၎င်းတို့နှင့် "ရေစက်ဆုံသော ပုဂ္ဂိုလ်" ၏ အကောင့် နှင့် ချိတ်ဆက်နိုင်ပေသည်။

သို့သော် ထိုအချက်ကလည်း မဖြစ်နိုင်ပေ။

သူက ဖုန်းကို မလှုပ်ခဲ့ရာ ထိုအကောင့် သူ့ဆီ ရောက်လာစရာ အကြောင်းရင်းလည်း မရှိချေ။

ငွေရောင်လေးက ဖုန်းစခရင်ကို စိုက်ကြည့်ရင်း သူငယ်ချင်းအဖြစ် လက်ခံသည့် ခလုတ်ကို နှိပ်လိုက်၏။

ထိုခဏဝယ် သူက ရင်တုန်သွားသလို ခံစားလိုက်ရပြီး အနည်းငယ် တုန်လှုပ်သွားသည်။

"လူတိုင်းအတွက် ပထမဆုံး အကြိမ် ဆိုရင် ဒီလိုပဲနေမှာ"

"ငါ့အနေနဲ့ အဆင့်အတန်းရှိတဲ့ စိတ်အခြေအနေကို ထိန်းသိမ်းထားသင့်တယ်"

ငွေရောင်လေးက စိတ်ထဲကနေ သူ့ကိုယ်သူ သတိပေးနေ၏။

သူဘာပြောရမလဲ စဥ်းစားနေစဥ်မှာပင် တစ်ဖက်မှ အကောင့်ပိုင်ရှင် မိန်းကလေးက သူ့အတွက် စကားလုံးသုံးလုံးနှင့် အတူ အနီရောင် နှုတ်ခမ်းပုံကို ချက်ချင်း ပေးပို့လိုက်သည်။

"ငါတို့ ချိန်းတွေ့မလား"

[အိုး.. ဘုရားရေ]

ငွေရောင်လေးက ရုတ်တရက် အသက်ရှုကြပ်လာသည်။

ယနေ့ခေတ် လူသား မိန်းကလေး အားလုံးက ဤကဲ့သို့ပင် ပွင့်လင်းကြပါသလော။

................

တစ်ဖက်တွင် ထွင်ထျန်းဟာက ငွေရောင်လေးဆီ စာပို့ပြီးနောက် ကြမ်းပြင်ပေါ်တွင် လှဲနေရင်းကနေ ဗိုက်ကိုနှိပ်ကာ ထိုင်ခွီနေသည်။

သူတော်စင် သားရဲများက ဤမျှ အညှာလွယ်မည်ဟု သူမထင်ခဲ့ပေ။

အဆုံးသတ်တွင် ငွေရောင်လေးမှာ လူသားများနှင့်အတူ ကြာကြာ မနေခဲ့ရ၍ အလွယ်တကူ လှည့်စားခံခဲ့ရသည်။

ဝမ်လင်းက ထွင်ထျန်းဟာ၏ လုပ်ရပ်များကို သိသော်လည်း ၎င်းကို ရပ်တန့်ရန် ဘာမှမလုပ်ဆောင်ခဲ့ပေ။

အကြောင်းရင်းမှာ သူ၏အမြင်အရ လူသား အသိုင်းအဝိုင်းထဲသို့ ငွေရောင်လေး အနေဖြင့် တရားဝင် ရောက်လာပြီးနောက်တွင် လိမ်လည်မှုများကို အထူး သတိထားပြုမိစေရန်အတွက် ဤသည်က လက်တွေ့ကျသော သင်ခန်းစာ ဖြစ်သောကြောင့်ပင်။

ဤဖြစ်ရပ်ကိုကြည့်လျှင် ငွေရောင်လေးက လူ့သဘော လူ့မနောနှင့် ပတ်သက်လျှင် အစိမ်းသက်သက် ဖြစ်မှန်း သိသာ ထင်ရှားနေသည်။

ထွင်ထျန်းဟာ တရားလွန် မပြုမူသ၍ ငွေရောင်လေး နည်းနည်းလောက် လှည့်စားခံရသည်က ဘာအန္တရာယ်မှ မရှိဟု ဝမ်လင်း ထင်ခဲ့၏။

ထွင်ထျန်းဟာက စခရင်ကို စိုက်ကြည့်နေသည်။

သူ မက်ဆေ့ချ် ပို့သည်မှာ ငါးမိနစ်ပင် ပြည့်သွားသော်လည်း ငွေရောင်လေးက စာမပြန်သေးပေ။

စင်စစ် ငွေရောင်လေးက မည်သို့ တုံ့ပြန်ရမည်ကို သိရှိရန် အင်တာနက်ပေါ်တွင် လိုက်ရှာနေခဲ့၏။

ခဏမျှ ကြာပြီးနောက်တွင် ငွေရောင်လေးက မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။

"တောင်းပန်ပါတယ် အလှလေး.. ကိုယ် ခုနက ပစ္စည်းတစ်ခု လက်ခံနေလို့ ကြာသွားတာပါ"

ငွေရောင်လေးက ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံလျှင် မည်သို့ တုံ့ပြန်ရမလဲဆိုသည်ကို အင်တာနက်ကနေ ယခုလေးတင် သိလာသော်လည်း စာပြန်ရန် အချိန်အတော်ကြာသွားပြီမှန်း သိလိုက်သည်။

ထို့နောက်တွင် ငွေရောင်လေးက အင်တာနက်ပေါ်တွင် အချက်အလက်များ ထပ်မံ ရှာဖွေလိုက်သည်။

မိန်းကလေးတစ်ဦး၏ မက်ဆေ့ချ်ကို ဖြေကြားရန် အချိန်အတော်လေး ကြန့်ကြာသွားသော အခြေအနေမျိုးတွင် များသောအားဖြင့် ထိုမိန်းကလေး၏ နှစ်သက် သဘောကျမှုက လျော့ကျသွားလေ့ရှိကြောင်း သူ တွေ့ရှိခဲ့သည်။

ထို့ကြောင့် သူက ကြုံရာကျပန်း ဆင်ခြင်ကို ပေးလိုက်သည်။

"မိန်းမလှလေး ရှိနေသေးလား"

ငွေရောင်လေးထံမှ မက်ဆေ့ချ်ကို မြင်လိုက်သည်နှင့် ထွင်ထျန်းဟာက ရယ်မောလိုက်သည်။

ငွေရောင်လေး လိမ်ညာနေမှန်း သူအသေအချာ သိသည်။

ယခုအချိန်တွင် ငွေရောင်လေးက အလွန်အမင်း စိတ်လှုပ်ရှားနေပုံ ရသည်။

ငွေရောင်လေးက အင်တာနက်မှာ ဘာကို ရှာနေလဲ အတိအကျမသိသော်လည်း သူ့အတွက် ထိတ်လန့်စရာမရှိပေ။

သူက ချက်ချင်းပဲ နောက်ထပ် မက်ဆေ့ချ်တစ်စောင် ရေးပြီး ငွေရောင်လေး ဆီကို ပို့လိုက်သည်။

"ကောင်းပါပြီ.. ငါ အခု ရေချိုးနေတယ်.. ပျော့ပျောင်းတဲ့ အမြှုပ်တွေက ငါ့ရဲ့ အနက်ရောင် ဆံနွယ်တွေကို ဖြတ်သန်းစီးဆင်းသွားတော့ ချောမွေ့နေသလို ခံစားရတယ်

ထိုမက်ဆေ့ချ်ကို မြင်လျှင် ငွေရောင်လေးက ဖုန်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ရင်း အချစ်စိတ်များ နိုးကြွလာခဲ့သည်။

"နတ်သမီးလေး.. ကိုယ်မင်း ရဲ့အသံကို ကြားခွင့်ရနိုင်မလား"

ထွင်ထျန်းဟာ ရယ်မောလိုက်သည်။

ငွေရောင်လေးက သူ့ကို မိန်းကလေးအစစ်ဟုသာ ထင်နေကြောင်း သူရှင်းရှင်းလင်းလင်း ခံစားနေမိသည်။

အထူးနံပါတ် နှင့် သရဖူသုံးခု ပါသော ကန့်သတ် အမျိုးအစားဖြစ်သည့် ဤအကောင့်ကို ဝမ်မင် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

၎င်းတွင် လူအများအား ၎င်းတို့၏ မက်ဆေ့ချ်များကို ပြန်လည် သိမ်းဆည်းခြင်းမှ တားဆီးနိုင်ခြင်း ကဲ့သို့ စိတ်ကူးပင် မယဉ်နိုင်သော လုပ်ဆောင်ချက်များနှင့် ခွင့်ပြုချက်များ ပါရှိသည်။

တကယ်တမ်းတွင် ဝမ်မင်က ဝမ်လင်းအတွက် ဤအကောင့်ကို အစောကတည်းက ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သော်လည်း အကောင့်က အဆင့် အရမ်းမြင့်လွန်းနေ၍ ဝမ်လင်း အသုံးမပြုခဲ့ပေ။

ဤအကောင့်က နှစ်ပေါင်းများစွာ လှုပ်ရှားမှု မရှိခဲ့သော်လည်း မကြာသေးမီကစ၍ ထွင်ထျန်းဟာ၏ လက်ထဲသို့ ကျရောက်လာခဲ့၏။

ယခုအခါတွင် ထွင်ထျန်းဟာက ၎င်းကို အပြည့်အဝ အသုံးချနေပြီ ဖြစ်သည်။

ထွင်ထျန်းဟာက ဤအကောင့်တွင် "အထူးအသံပြောင်း" လုပ်ဆောင်ချက် ပါရှိသည်ကို သတိရသွား၏။

သာမန် အသံပြောင်း လုပ်ဆောင်ချက်ဖြင့် ပြုပြင်ထားသော အသံက သဘာဝမကျပေ။

ထိုကဲ့သို့ အသံအများစုက အသံတူသောကြောင့် ပြုပြင်ထားမှန်း ရိပ်စားမိရန် လွယ်ကူ၏။

သို့သော် ဤအသံပြောင်း လုပ်ဆောင်ချက်ကမူ အသံအတုကို အစစ်အမှန်အဖြစ် ထင်မှတ်လောက်သည် အထိ အစွမ်းထက်သည်။

အသံပြောင်း လုပ်ဆောင်ချက် ဖွင့်ပြီးနောက် ထွင်ထျန်းဟာက အသံခလုတ်ကို တိုက်ရိုက်နှိပ်ပြီး မက်ဆေ့ချ်ကို မှတ်တမ်းတင်ခဲ့သည်။

"ကိုကြီး.. ကျမ ခြေထောက်ကို မြင်ချင်လား"

ထို့နောက် သူက ခြေထောက်ကို ဆန့်ထုတ်လိုက်သည်။

တခဏအတွင်း သူ၏အသံက ချစ်စရာကောင်းသော မိန်းကလေးအသံ အဖြစ် ချက်ချင်း ပြောင်းလဲသွား၏။

ငွေရောင်လေး၏ နှလုံးသားက တဒုတ်ဒုတ် ခုန်သွားပြီး သူ့သားရဲသွေးများပင် ဆူပွက်လာသလို ခံစားလိုက်ရသည်။

နောက်ထပ် အခိုက်အတန့်တွင် သူ၏ နတ်သမီးလေးက သူ့ဆီ သို့ ဓါတ်ပုံတစ်ပုံကို ပေးပို့ခဲ့၏။

ဤဓာတ်ပုံကို သိမ်းဆည်း၍ မရနိုင်ကြောင်း ငွေရောင်လေးက သိထားသည်။

ပုံကို အလိုအလျောက် မဖျက်သွားမီ ငါးစက္ကန့်အတွင်းသာ ကြည့်ရှုနိုင်ပေသည်။

လျှပ်တပြက် ပေးပို့သည့် ပုံအများစုမှာ များသောအားဖြင့် မဖွယ်မရာပုံများ ဖြစ်နေတတ်၏။

ငွေရောင်လေးက တံတွေးကို မျိုချလိုက်ပြီး ပုံကို ဖွင့်ကြည့်လိုက်သည်။

ထို့နောက်..

အစိမ်းရောင် အမွေးများနှင့် ခွေးခြေထောက်က သူ့မျက်လုံးရှေ့တွင် ပေါ်လာခဲ့၏။

".............."

All Chapters