← Chapters

အရာအားလုံးအတွက် ပထမဆုံး အကြိမ်ဆိုတာ ရှိတယ်

Vol. 29 Ch. 424

အရာအားလုံးအတွက် ပထမဆုံး အကြိမ်ဆိုတာ ရှိတယ်

Vol. 29 Ch. 424

ငွေရောင်လေးက စခရင်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

အကြောင်းတစ်ခုခုကြောင့် ဤအစိမ်းရောင် ခွေးခြေထောက်ကို အရင်က တစ်နေရာရာတွင် မြင်ဖူးသလို သူ ခံစားမိသည်။

အချိန်အတော်ကြာအောင် အတွေးများ ပျံ့လွင့်သွားပြီး နောက်တွင် အဆုံးသတ်၌ ငွေရောင်လေးက အမှတ်ရသွားခဲ့၏။

ဤခွေးခြေထောက်ပိုင်ရှင်က သူ့ဆရာ၏ ခွေး ဖြစ်နေသည်။

သေချာသည်မှာ သူအလှည့်စားခံလိုက်ရပြီ ဖြစ်သည်။

ငွေရောင်လေးက သူ၏ သူတော်စင် သားရဲနှလုံးသားကို ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

"ဒါက ဘယ်လိုလုပ်ရပ်လဲ.. အချစ်ဆိုတာ ဘာလဲ.. ကမ္ဘာပေါ်မှာ ရှိတဲ့ တိရစ္ဆာန်တွေကြားက အခြေခံယုံကြည်မှုက ဘယ်မှာလဲ"

ဆိုဖာပေါ်မှ စိတ်ပျက်လက်ပျက် ညီးညူသံနှင့်အတူ မျက်ရည်များက သူ့ပါးပြင်ပေါ်သို့ စီးကျလာသဖြင့် ငွေရောင်လေးက မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။

.................

ထိုအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က အိမ်သို့ ပြန်လာခဲ့သည်။

အိမ်တံခါးကို ဖွင့်လိုက်သောအခါ ငွေရောင်ဆံပင် နှင့် လူငယ်တစ်ဦး စိတ်ပျက်လက်ပျက် အမူအရာဖြင့် မြေပြင်ပေါ်တွင် ခါးသီးစွာ ညီးညူနေသည်ကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ထိတ်လန့်သွားသည်။

"ညီနောင်ငွေရောင်လေး.. ဒါ.."

သူက လက်စွပ် သွားပေးရာမှ ပြန်လာခဲ့ပြီးနောက်တွင် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

သူက ငွေရောင်လေးကို အကဲခတ် ကြည့်လိုက်ရာ ငွေရောင်လေး၏ ပါးပြင်တွင် ကြည်လင်နေသော မျက်ရည်များ စီးကျနေပြီး အတော်လေး သနားစရာကောင်းသည့်ပုံ ပေါက်နေသည်။

"ငါ.. ငါ အသည်းကွဲသွားပြီ"

တကယ်တမ်းတွင် သူ့နှလုံးသားက ကွဲရုံတင်မကဘဲ အလှည့်စားပင် ခံခဲ့ရ၏။

သို့သော် ငွေရောင်လေးက ထိုဖြစ်ရပ်ကို မပြောနိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူက ခွေး၏ လှည့်စားခြင်းကို ခံရသည့် သူတော်စင်သားရဲ ဖြစ်နေသောကြောင့်ပင်။

ဤသတင်းသာ ပျံ့သွားလျှင် အတော်လေး ရှက်စရာ ကောင်းလိမ့်မည် မဟုတ်ပါလော။

ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး ဘာဖြစ်နေသည်ကို အသေအချာ မသိသော်လည်း နှစ်သိမ့်သည့်အနေဖြင့် ပုခုံးကို ပုတ်လိုက်သည်။

"ညီနောင် ငွေရောင်လေး.. အရာအားလုံး အတွက် ပထမဆုံး အကြိမ် ဆိုတာ ရှိတယ်.. မင်း ဒါကို လက်ခံနိုင်ရမယ်"

လူတစ်ဦးက အလွန်အမင်း ကြေကွဲဝမ်းနည်းနေချိန်တွင် ၎င်းတို့ကို ပိုနှစ်သိမ့်လေလေ ၎င်းတို့၏ အော်ဟစ်သံများက ပိုကျယ်လာလေလေ ဖြစ်သည်။

ထုံးစံအတိုင်း ငွေရောင်လေးက ထိုအမျိုးအစားထဲတွင် ပါဝင်၏။

ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး ပုခုံးပေါ်မှ သူ့လက်ကို ပြန်ရုတ်လိုက်သည်။

".............."

သူ စောစောကသာ သိခဲ့လျှင် ငွေရောင်လေးကို နှစ်သိမ့်ပေးမည် မဟုတ်ချေ။

ငွေရောင်လေး၏ မျက်ရည်က သူအိမ်ထဲဝင်ခါစတွင် မိုးဖွဲလေး လောက်သာ ရှိသော်လည်း ယခုအခါတွင် မုန်တိုင်းတစ်ခုလို ဖြစ်နေသည်။

ငိုကြွေးနေသော ငွေရောင်လေးကို လျစ်လျူရှုရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး၏ ရှေ့တွင် ခံဖို့အတွက် ရေချိုးခန်းဘက်သို့ သွားကာ ဇလုံတစ်ခု ယူလာခဲ့သည်။

ငွေရောင်လေးက မျက်ရည်များ စီးကျနေရင်း ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကြည့်လိုက်သည်။

"ဒါက ဘာလုပ်နေတာလဲ စီနီယာအင်မော်တယ်"

ဗုံးပစ်စီနီယာအင်မော််က ပြုံးလိုက်သည်။

"မင်းရဲ့မျက်ရည်တွေကို စုဆောင်းမလို့လေ.. သူတော်စင် သားရဲရဲ့ မျက်ရည်က အရမ်း ဆေးဖက်ဝင်တယ်.. မျက်ရည်တွေ အလဟဿ ဖြစ်ကုန်မှာ စိုးလို့ပါ"

ငွေရောင်လေး ".........."

စက္ကန့်များစွာ ကြာပြီးနောက်တွင် ငွေရောင်လေးက ပို၍ပင် ငိုကြွေးခဲ့သည်။

[ငါ့အပေါ် ကမ္ဘာတစ်ခုလုံး ဘာကြောင့် ဆန့်ကျင်နေရတာလဲ]

......................

တစ်ဖက်တွင် ဝမ်လင်းက ထွင်ထျန်းဟာ၏ စနောက်မှုကို တစ်ချိန်လုံး ကြည့်နေခဲ့သည်။

ငွေရောင်လေးက ရိုလာကိုစတာကဲ့သို့ ခံစားချက်မျိုးစုံကို ခံစားသွားခဲ့ပုံရ၏။

သူက ငွေရောင်လေး၏ အခြေအနေကို မှန်းဆနိုင်ခဲ့သည်။

ဤအတောအတွင်း ဝမ်လင်းက ဘာမှမလုပ်ခဲ့ပေ။

သူက ပြီးခဲ့သည့်နှစ်မှ စာမေးပွဲ စာရွက်များကို အတန်းချက်ဂရု အတွင်းရှိ ဖိုင်များမှတဆင့် ဒေါင်းလုဒ်လုပ်ခဲ့သည်။

ဤနှစ် ခေါင်းစဉ်က မေးခွန်းဟောင်းများနှင့် ကွဲလွဲနေမည်မှာ သေချာသည်။

ဆရာမဖန်က ဤနှစ်တွင် မေးခွန်း ပိုခက်မည်ဟု ပြောခဲ့ဖူး၏။

စာမေးပွဲ မေးခွန်းဟောင်းများကို မပြောင်းလဲဘဲ ကော်ပီကူးမေးခွန်းထုတ်ရလောက်သည် အထိ မည်သည့် ဆရာမှ မိုက်မဲမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ဤနှစ် စာမေးပွဲက ပိုခက်မည်မှန်း သိထားသော်လည်း လွန်ခဲ့သည့် နှစ်နှစ်လောက်က စာမေးပွဲမေးခွန်းများကို လေ့လာရန် ထိုက်တန်နေဆဲပင်။

ဝမ်လင်းက ယခုအခါတွင် စာမေးပွဲတွင် မမေးနိုင်သည့် အခွင့်အလမ်း ကိုးဆယ်ရာခိုင်နှုန်းကျော် ရှိသည့် မေးခွန်းဟောင်းများကို မှတ်သားနေသည်။

ထို့နောက် သူက မေးလာနိုင်သည့် မေးခွန်းများကိုလည်း အကျဉ်းချုံးပြီး စုစည်းထားသည်။

ဥပမာအားဖြင့် "ဒေါသဘုရား၏မီးကြာပန်း"တုံ့ပြန်မှု အတွက် ပေါင်းစပ်ဖော်မြူလာကို တွက်ချက်ခြင်းသည် လွန်ခဲ့သည့်နှစ်နှစ်ကတည်းက တာအိုအစီအရင် မေးခွန်းတွင် မေးခဲ့ပြီးပြီဖြစ်၍ ယခုနှစ်တွင် ထပ်မံ မမေးတော့မည်မှာ သေချာသည်။

မေးလာနိုင်သည့်မေးခွန်းကို ဥပမာပြရလျှင် အန်နီမေးရှင်း ရုပ်ရှင်များအတွက် ပြတ်ပြတ်သားသား အမျိုးအစားခွဲသည့် စနစ် မရှိခြင်းကြောင့် ပြည်တွင်းမှ နာမည်ကြီး ကာတွန်းတစ်ကားကို အများပြည်သူက တိုင်တန်းပြီးနောက်တွင် စုံစမ်းစစ်ဆေးရန်အတွက် ဖယ်ရှားခံခဲ့ရသည့် အခြေအနေတစ်ခု ရှိခဲ့ဖူးသည်။

ဝမ်လင်း၏ ပင်ကိုဥာဏ်အရ ဆိုလျှင် ဤအကြောင်းအရာက ဤနှစ်မေးခွန်းတွင် ပါဝင်လာနိုင်ပြီး ဆယ်မှတ်တန် မေးခွန်းတစ်ခု ဖြစ်လာမည်မှာ သေချာသလောက်ပင်။

25မှတ်တန် မေးခွန်းကမူ ကျောင်းသားများက စကားလုံးတစ်ထောင် သို့မဟုတ် ထိုထက်နည်းသော စကားလုံးများဖြင့် ရေးသားရမည့် လူမှုဘာသာရပ်ဆိုင်ရာ စာစီစာကုံး ဖြစ်လာနိုင်ဖွယ် ရှိသည်။

အဘယ်ကြောင့်ဆိုသော် အလားတူ ခပ်ဆင်ဆင် မေးခွန်းမျိုးကို မကြာသေးမီကစပြီး မေးလာခဲ့ခြင်းကြောင့် ဖြစ်၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က ကော်ဟောက် အနှစ်သက်ဆုံး ထိတ်လန့်စရာ ဝတ္ထုတစ်ပုဒ်သည် RPထုခံခဲ့ရပြီး ပျောက်ပျက်သွားခဲ့သည်။

ကောလဟာလတစ်ခုအရ ဝတ္တုအသိုင်းအဝိုင်းမှ တစ်စုံတစ်ယောက်က မနာလိုဖြစ်ပြီး Rpထုရန် လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်ဟု သိရ၏။

ဤသည်မှာ အမှန်တကယ် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည်။

သို့သော် အခြားသော အလားတူဖြစ်ရပ်များသည်လည်း လူကြိုက်များသော ဆွေးနွေးမှု အကြောင်းအရာများ စာရင်းကို လွှမ်းမိုးထားသောကြောင့် ဝမ်လင်းက ထိုအကြောင်းအရာ အားလုံးကို စာရင်းပြုစုထားခဲ့သည်။

ဝမ်လင်းက မေးလာနိုင်ခြေရှိသည့် မေးခွန်း၏ ဘေးတွင် အမှတ်အသား ပြုလုပ်လိုက်၏။

ထိုအမှတ်အသားရှိသည့် အကြောင်းအရာက ပြန်လည်သုံးသပ်လေ့လာရန် အတွက် အရေးကြီးသော အကြောင်းအရာ တစ်ခု ဖြစ်လာသည်။

ဟုတ်ပါသည်။ ဝမ်လင်း၏ သုံးသပ်ချက်က အမှတ်များများရဖို့ကို ဦးမတည်ခဲ့ပေ။

ထိုအစား မေးလာနိုင်သည့် အကြောင်းအရာများကို အကျဉ်းချုပ် ပေါင်းစပ်ခြင်းဖြင့် ယခုနှစ်၏ မေးခွန်း မည်မျှခက်ခဲမည်ကို တွက်ချက်နိုင်ဖို့ပင်။

ထို့နောက်တွင် သူက ယခုနှစ်အတွက် ပျမ်းမျှရမှတ် မည်မျှဖြစ်မည်ကို ခန့်မှန်းနိုင်မည် ဖြစ်၏။

ပျမ်းမျှရမှတ်များက ဝမ်လင်း အတွက် အရေးကြီးဆုံး ဖြစ်သည်။

ပျမ်းမျှရမှတ်သာ ရခဲ့လျှင် ဖေဖေဝမ်က သူ့ကို မုန့်ဖိုးပေးမည် ဖြစ်၏။

ငါးမိနစ်ခန့် အကြာတွင် သူက အချက်အလက်များကို အကျဉ်းချုံးပြီး စုစည်းနိုင်ခဲ့သည်။

ဝမ်လင်းက အချိန်ကို ကြည့်လိုက်ရာ ညခုနစ်နာရီ ထိုးနေပြီကို တွေ့လိုက်ရ၏။

ဖန်းကွမ်းက Notebookကို လက်ခံရရှိပြီးနောက်တွင် ခုနစ်နာရီနီးပါး ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်၏ Notebookက စီနီယာများအတွက် အထူး ဒီဇိုင်းထုတ်ထား၍ အသုံးပြုရ အလွန်လွယ်ကူရိုးရှင်းသော အမျိုးအစားဟု ယူဆနိုင်၏။

ထို့အပြင် အလွန်ရိုးရှင်းပြီး နားလည်ရ လွယ်ကူသည့် အပြင် အလွန်အသေးစိတ်သည့် အသုံးပြုနည်း ကျူတိုရီရယ် တစ်ခုလည်း ပါရှိသည်။

ဝမ်လင်းက ထိုအကြောင်းကို တွေးနေရင်း ရုတ်တရက် သူ့လက်ပတ်နာရီ တုန်ခါသွားသလို ခံစားလိုက်ရသည်။

ယင်းမှာ ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ကို လျှို့ဝှက် မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့ခြင်းကြောင့်ပင်။

"ညီနောင်လင်း မင်းရှိနေလား.. မြန်မြန် လိုင်းတက်လာခဲ့.. စီနီယာဖန်းကွမ်းက အွန်လိုင်းမှာ ရှိနေပြီ"

..................

ဖန်းကွမ်း၏ ချက်တင်အကောင့် အတွက် စာရင်းသွင်းထားသူမှာ ဗုံးပစ်စီနီယာ အင်မော်တယ် ဖြစ်သည်။

ထိုအကောင့်ကို သူ့တွင်ရှိသည့် အခြားဖုန်းနံပါတ်နှင့် ချိတ်ဆက်ထားသောကြောင့် ဖန်းကွမ်း အွန်လိုင်းပေါ် တက်လာသည်နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်က အကြောင်းကြားစာကို ချက်ချင်းရရှိမည် ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်ထံမှ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက်တွင် ဝမ်လင်းက လူသုံးဦးပါ သီးသန့်ချက်ဂရုကို ဖွင့်ကြည့်လိုက်ရာ ဖန်းကွမ်း၏ ချက်တင်ပရိုဖိုင်ပုံက မီးခိုးရောင်မှ အရောင်ပြောင်းသွားကြောင်း တွေ့ရှိခဲ့သည်။

ယင်းမှာ အွန်လိုင်းပေါ်တွင် ရှိနေကြောင်း သက်သေပြနေခြင်းပင်။

"တာအိုကျင့်ကြံသူကွမ်း လိုင်းပေါ်မှာ ရှိနေလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဖန်းကွမ်းနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သည်။

"ငါရှိနေပါတယ်..."

ဖန်းကွမ်းက စကားလုံး နှစ်လုံးလောက်ကို သုံးမိနစ်ကြာအောင် ရိုက်လိုက်ရသည်။

ယင်းက သူ့အတွက် တော်တော်ခက်ခဲသည့် သင်ယူမှုဖြစ်ကြောင်း ထင်ရှားနေ၏။

"Notebook သုံးရတာ အဆင်ပြေလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြုံးရယ်နေသည့် အီမိုဂျီကိုပါ ပို့လိုက်သည်။

ငါးမိနစ်အကြာမှ ဖန်းကွမ်းက ပြန်ဖြေလိုက်ဝည်။

"ပြေပါတယ်.. စာရိုက်တာတော့ နှေးနေတုန်းပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်မော၍ ပြောလိုက်သည်။

"စီနီယာ.. အသံလုပ်ဆောင်ချက်ကို စမ်းကြည့်လို့ရတယ်လေ"

နောက်ထပ် သုံးမိနစ်လောက် အကြာတွင် ဖန်းကွမ်းက စာပြန်ခဲ့သည်။

"အသံလုပ်ဆောင်ချက် လုပ်လို့မရဘူး.. ဒီမှာက တအား ဆူညံနေတယ်..."

......................

ထိုခဏဝယ် ဖန်းကွမ်းက အသံလုပ်ဆောင်ချက်ကို အသုံးပြုပြလိုက်သည်။

ထိုအခါမှ တစ်ဖက်တွင် ပြင်းထန်သော ဆူညံသံများ ရှိနေမှန်း ဗုံးပစ်စီနီယာ အင်မော်တယ် သဘောပေါက်လိုက်သည်။

ဖန်းကွမ်း၏ စိတ်ဝိညာဉ်နေရာလွတ်က လှိုင်းလုံးများ ဝိုင်းရံနေသည့် ကျွန်းတစ်ကျွန်း ဖြစ်ကြောင်း လင်းကျန်းရန် ပြောပြခဲ့သည်ကို သူ အမှတ်ရမိသွားသည်။

သို့ဆိုလျှင် အသံလုပ်ဆောင်ချက်ကို အသုံးပြုရန် မလွယ်ကူလောက်ပေ။

နောက်ထပ် အခိုက်အတန့်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က အကြံဉာဏ်များ ရလာခဲ့သည်။

"စီနီယာ ဘာမှမပူနဲ့.. စီနီယာလင်းကို စီနီယာအတွက် အသံသွင်း ရုံငယ်တစ်ခု မီးရှို့ပြီး ပို့ပေးခိုင်းလိုက်မယ်"

ဝမ်လင်း "............"

[ယဇ်ပူဇော်တယ်တော့လုပ်ပါဟ]

All Chapters