← Chapters

ဆယ်မီတာဓားနတ်ဘုရားချန်နန်ရွှယ်

Vol. 29 Ch. 426

ဆယ်မီတာဓားနတ်ဘုရားချန်နန်ရွှယ်

Vol. 29 Ch. 426

တာအိုအမည်နှင့် တွဲလျက်ပါနေသည့် ချန်နန်ရွှယ် ဟူသော နာမည်က တကယ်ကို ထူးဆန်းလွန်းသည်။

လက်ရှိ ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် အချင်းချင်း ဆက်သွယ်ပြောဆိုရာ၌ တာအိုအမည်များဖြင့်သာ ခေါ်ဝေါ်ကြပြီး အမည်ရင်းများကို ဖုံးကွယ်ထားကြသည်။

ဗုံးပစ်စီနီယာအင်မော်တယ်က ချန်နန်ရွှယ် ဟူသည့် အမည်ကို မမှတ်မိခဲ့သော်လည်း "ဆယ်မီတာ ဓားနတ်ဘုရား" နှင့် "မိစ္ဆာဓားနတ်ဘုရား" ဟူသော ခေါင်းစဉ်ဆီသို့ ရောက်လျှင် ချက်ချင်း နားလည်သွားခဲ့သည်။

"တကယ်ပဲ သူလား"

စခရင်ရှေ့ရှိ ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေသည်။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာဓားနတ်ဘုရားသည် သမိုင်းထဲမှ မိစ္ဆာအင်ပါယာ ထက်ပင် ပို၍ ကြောက်စရာ ကောင်းသောကြောင့် ဖြစ်သည်။

သူနှင့် ပတ်သက်သည့် အဖြစ်အပျက် မှန်သမျှက ကြားရသည့် လူတိုင်းကို ထိတ်လန့်စေသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ၎င်းက ကွာဖီနှင့် အလားတူ ပြဿနာများကို ဖန်တီးခဲ့ခြင်းကြောင့် မဟုတ်ပေ။

ကွာဖီက စစ်တပ်ကို ဦးဆောင်၍ အမျိုးသားနန်းတော်ကို ကျူးကျော် တိုက်ခိုက်ရန် စစ်ချီလာပြီဟု မီဒီယာများ၏ ချဲ့ကားပြောဆိုမှုက ကြီးမားသည့် အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် အသွင်ပြောင်းလဲ သွားစေခဲ့သည်။

ထို့အပြင် ခေတ်မီ နည်းစနစ်များကြောင့် နိုင်ငံတစ်ဝန်းလုံးက မီဒီယာများ၏ ချဲ့ကားထားသည့် အစီရင်ခံချက်များကို ဝင်ရောက် ကြည့်ရှုခွင့် ရခဲ့သည်။

ဤခေတ်တွင်မူ "မိစ္ဆာဓားနတ်ဘုရား" ဟူသော ခေါင်းစဉ်ကို မည်သူမှ အထင်ကြီးလောက်မည် မဟုတ်ပေ။

မိစ္ဆာဓားနတ်ဘုရား ခေတ်တွင်မူ ဖွံ့ဖြိုးတိုးတက်လာရုံမျှသာ ရှိသေး၏။

ထို့ကြောင့် ယခုခေတ်လို မပြည့်စုံဘဲ သတင်းပျံ့ရန် အတွက် သတင်းစာများ၏ စွမ်းအားကိုသာ မှီခိုအားထားခဲ့ရသည်။

ဗုံးပစ်စီနီယာ အင်မော်တယ် မိစ္ဆာဓားနတ်ဘုရား၏ အချက်အလက်ကို ပထမဆုံး တွေ့လိုက်ရသည်မှာ စုန့်ဟိုင်မြို့၏ ကျင့်ကြံခြင်း စာကြည့်တိုက်ရှိ သတင်းစာ အဟောင်းများကို လှန်လှောကြည့်နေသည့် အချိန် ဖြစ်သည်။

ထိုအချိန်တွင် သူက အခြားသော အဖြစ်အပျက်များကို စုံစမ်းစစ်ဆေးနေရင်း မိစ္ဆာဓားနတ်ဘုရား အကြောင်း သတင်းစာဟောင်း တစ်စောင်ကို ဖတ်ဖူးခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မိစ္ဆာ ဓားနတ်ဘုရားကို နာမည်ကြီးစေခဲ့သည့် အမှုကိစ္စ သုံးခုကို ရှင်းရှင်းလင်းလင်း သတိရမိသည်။

ပထမ- ဓားစာခံ အမှုကိစ္စ

ပထမ အဖြစ်အပျက် မဖြစ်ပျက်မီတွင် မိစ္ဆာဓားနတ်ဘုရားသည် "တရားမျှတမှု" ဘက်မှာ ရှိနေဆဲ ဖြစ်သည်။

မီဒီယာကလည်း သူ၏ "တရားမျှတမှု" ကို သတင်းစာတွင် အတိအလင်း ထည့်သွင်းဖော်ပြခဲ့ဖူးသည်။

ထိုအချိန်ကဆိုလျှင် မိစ္ဆာဓားနတ်ဘုရားမှာ "တရားမျှတမှု"၏ အမှတ်သင်္ကေတပင် ဖြစ်ခဲ့၏။

ထိုစဥ်က ဟွာရှို့ နိုင်ငံကို စတင် တည်ထောင်ခါစ ဖြစ်၍ ပြီးပြည့်စုံသော ပြည်တွင်းလုံခြုံရေး အစီအမံများကို အပြည့်အဝ မချမှတ်ရသေးပေ။

ထို့ကြောင့် ဥပဒေကို ချိုးဖေါက်သူ အချို့လည်း ရှိခဲ့သည်။

ထိုအချိန်က လူတစ်စုသည် ဘဏ်ကို ဓားပြတိုက်ပြီး ဘဏ်မှာရှိသည့် လူအားလုံးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့၏။

မိစ္ဆာဓားနတ်ဘုရားက ဓားပြတွေ အားလုံးကို သတ်ပစ်လိုက်သည့်အပြင် ဓားစာခံ အားလုံးကိုပါ သုတ်သင် ရှင်းလင်းပစ်ခဲ့သည်။

ဓားစာခံများကို သတ်ပစ်ရသည့် အကြောင်းရင်းမှာ ကြောက်ရွံ့ခြင်းက အသက်ရှင်ရန် မထိုက်တန်ဟု ယုံကြည်ခဲ့၍ ဖြစ်၏။

...................

ဒုတိယ- ကိုယ့်ဆရာကို ပြန်သတ်သည့် အမှုကိစ္စ

ဤအစီရင်ခံစာကို ဖတ်စဥ်က ဗုံးပစ်စီနီယာ အင်မော်တယ်ကို အံ့သြစေခဲ့သည်။

အကြောင်းမှာ ထိုအချိန်က သတင်းစာထဲတွင် ၎င်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များ မရှိခဲ့သောကြောင့်ပင်။

သို့သော် ဖန်းကွမ်း ပေးခဲ့သော သဲလွန်စများနှင့် အတူ ဗုံးပစ်စီနီယာ အင်မော်တယ်က ရုတ်တရက် နားလည်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာဓားနတ်ဘုရား သတ်ပစ်ခဲ့သောလူသည် သူ၏ ဆရာ သာမက ဗိုလ်ချုပ်ရီ၏ ဆရာလည်း ဖြစ်နေ၏။

နိုင်ငံတော်၏ ထင်ရှားကျော်ကြားသော တပ်မတော်ကို တည်ထောင်သူများနှင့် ပတ်သက်သည့် ဤကဲ့သို့သော သတင်းများက ကန့်သတ်ခံထားရမည်မှာ သေချာသည် မဟုတ်ပါလော။

ထိုအချိန်က ၎င်းကို ဗုံးပစ်စီနီယာ အင်မော်တယ် နားမလည်သော်လည်း ကွင်းစက်များကို ချိတ်ဆက်မိပြီးနောက်တွင် လုံးဝ နားလည်သွားခဲ့သည်။

...............

တတိယ- လက်စားချေခြင်းကိစ္စ

ကိစ္စကြီးနှစ်ခု ဖြစ်ပွားပြီးနောက်တွင် ကျင့်ကြံခြင်း အသိုင်းအဝိုင်းရှိ မိစ္ဆာဓားနတ်ဘုရား၏ ဂုဏ်သတင်းက ကျဆင်းသွားခဲ့သည်။

တရားဥပဒေ စိုးမိုးမှုအောက်ရှိ ခေတ်သစ် လူ့အဖွဲ့အစည်းသည် အာဏာရှင် ဆန်လုနီးပါး ဖြစ်သည့် အင်အားကြီးသူကအနိုင်ယူစတမ်း နည်းလမ်းကို လက်ခံ ကျင့်သုံးမှု နည်းပါးလာသည်။

မိစ္ဆာဓားနတ်ဘုရား ချန်နန်ရွှယ်က ဒေါသထွက်ပြီး လက်စားချေဖို့ ဆုံးဖြတ်ခဲ့သည်။

တစ်ညတွင် သူက သူ့လုပ်ရပ်များကို ဖော်ကောင်လုပ်ခဲ့သည့် မီဒီယာသမားများ အားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။

ထို့နောက် ဟွာရှို့နိုင်ငံကနေ အငွေ့အသက်များ၊ သဲလွန်စများ လုံးဝ မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

...............

ဗုံးပစ်စီနီယာ အင်မော်တယ်က သုံးယောက် သီးသန့် ချက်ဂရုတွင် ဤသမိုင်းနှင့် ပတ်သက်ပြီး လင့်တစ်ခု ပေးပို့ခဲ့သည်။

သို့သော် ထိုလင့်က ပိတ်ပင်ထားပြီး ဝင်၍မရခဲ့ပေ။

ဆိုရလျှင် မိစ္ဆာဓားနတ်ဘုရား နှင့် ပတ်သက်သည့် မည်သည့်အရာကိုမဆို အွန်လိုင်းတွင် ရှာတွေ့နိုင်မည် မဟုတ်ပေ။

မိစ္ဆာဓားနတ်ဘုရား၏ သတင်း အချက်အလက်နှင့် အကြောင်းအရာ များစွာကို ပိတ်ဆို့ထားခဲ့သည်။

အားလုံးကို ခြုံပြောရလျှင် ဤအဖြစ်အပျက်တွေ အားလုံးသည် ဟွာရှို့နိုင်ငံကို စတင်တည်ထောင်ချိန် လွန်ခဲ့သည့် နှစ်ပေါင်း 2000၊ 3000 ခန့်လောက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။

ဗိုလ်ချုပ်ရီနှင့် ပတ်သက်နေသောကြောင့် မီဒီယာများက သတ္တိမရှိသည်မှာလည်း သဘာဝပင်။

မိစ္ဆာဓားနတ်ဘုရား အကြောင်း အနှစ်တစ်ထောင် အကြာတွင် ထပ်မံ ကြားသိရသောအခါ၌ ဗုံးပစ်စီနီယာ အင်မော်တယ်က အူထဲအသည်းထဲထိ လှုပ်ခါသွားသလို အချိန်အတော်ကြာအောင် တုန်လှုပ်သွားခဲ့သည်။

"မိစ္ဆာဓားနတ်ဘုရား အသက်ရှင်နေသေးတာလား"

ထိုစကားလုံးတွေကို စာရိုက်ရင်း သူ့နှလုံးသားက တုန်လှုပ်သွားခဲ့သည်။

ကျင့်ကြံခြင်း အသိုင်းအဝိုင်း၏ စီနီယာ တစ်ဦးအနေဖြင့် အာဏာ သို့မဟုတ် ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ကြောက်ရွံ့စရာ ဘာမျှမရှိဟု သူမှတ်ယူထားခဲ့သည်။

ကျင့်ကြံခြင်း အသိုင်းအဝိုင်းမှ လူများ သူ့ကို လေးစားရသည့် အကြောင်းရင်းမှာ အာဏာပါဝါကို မကြောက်ရွံ့ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သောကြောင့် ဖြစ်၏။

သို့သော်လည်း မိစ္ဆာဓားနတ်ဘုရား အကြောင်း ကြားရသောအခါတွင် သူ့ခန္ဓာကိုယ်က မရပ်မနား တုန်ယင်နေကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ် သတိထားမိခဲ့သည်။

ထိုအချိန်က မိစ္ဆာဓားနတ်ဘုရားနှင့် ပတ်သက်သည့် သတင်းကို အမှတ်မထင် ဖတ်မိပြီးနောက်တွင် သူက စူးစမ်းချင်စိတ်ဖြင့် မိစ္ဆာဓားနတ်ဘုရား၏ ဗီဒီယိုမှတ်တမ်းများကို ချန်နယ် အသေးစား များမှ တစ်ဆင့် တွေ့ရှိခဲ့သည်။

ဤဗီဒီယိုများက ဆင်ဆာဖြတ် ခံထားရသော်လည်း သူ၏ စိတ်ထဲတွင် ယနေ့တိုင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

.................

မိစ္ဆာဓားနတ်ဘုရားက သူ့ဆရာကို ပြန်သတ်ပြီးနောက်တွင် ဟွာရှို့နိုင်ငံ၏ အလိုအရှိဆုံး ရာဇ၀တ်ကောင် အဖြစ် သတ်မှတ်ခံရသော ပထမဆုံးလူ ဖြစ်လာခဲ့သည်။

ထိုအချိန်က မိစ္ဆာဓားနတ်ဘုရားနှင့် ပတ်သက်၍ ကောင်းကင် အမဲလိုက်ပြန်တမ်း (ဝါ) သတ်မိန့်ကို တရားဝင် ထုတ်ပြန်ခဲ့သည်။

မရေမတွက်နိုင်သော စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများက သူ့နောက်သို့ လိုက်ဖမ်းခဲ့ကြသော်လည်း အားလုံးက အလွယ်တကူပင် ခေါင်းဖြတ်ခံခဲ့ရ၏။

ထို့နောက်တွင် မိစ္ဆာဓားနတ်ဘုရားက ၎င်းတို့၏ ဦးခေါင်းများကို ဟွာရှို့ အမျိုးသားနန်းတော်သို့ ပို့ဆောင်ခဲ့သည်။

ဤသည်က တရားလွန် လုပ်ရပ်ဖြစ်သည်ကို လူတိုင်းက သိကြသော်လည်း မိစ္ဆာဓားနတ်ဘုရား၏ အကြွင်းမဲ့ ခွန်အားနှင့် ရင်ဆိုင်ရသောအခါတွင် အကြောက်တရား၏ လွှမ်းမိုးမှုကို ခံခဲ့ရ၏။

ဖန်းကွမ်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ ခံစားချက်ကို ကောင်းစွာ နားလည်သည်။

သူက ဗုံးပစ်စီနီယာ အင်မော်တယ်ထက် အသက်ကြီး၍ အကြောက်တရား၏ လွှမ်းမိုးမှုကို သဘာဝကျကျ နားလည်ခဲ့သည်။

ဝမ်လင်းတို့ခေတ် မရောက်မီတွင် ဤသမိုင်းက ဖုံးလွှမ်းခံခဲ့ရပြီး လူအများ မြင်ကွင်းကနေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

ယခုတစ်ကြိမ် ဤအကြောင်းအရာကို ထပ်မံ ဖော်ထုတ်လိုက်သည်ကပင် ဖန်းကွမ်း၏ နှလုံးသားကို မတည်မငြိမ် ဖြစ်စေ၏။

"မိစ္ဆာဓားနတ်ဘုရား လူမြင်ကွင်းကနေ ပျောက်ကွယ်သွားပြီးနောက်မှာ ဟွာရှို့နိုင်ငံက ရာစုနှစ်အတွင်း ကျင့်ကြံသူ ဘယ်လောက်ပဲ စေလွှတ်ခဲ့ပါစေ.. သူ့ကို ဘယ်သူကမှ ရှာလို့ မတွေ့ခဲ့ဘူး.. ဒါပေမယ့် ငါကတော့ ကမ္ဘာခြား ဂိတ်ပေါက်နားမှာ သူနဲ့ မျက်နှာချင်းဆိုင် ဆုံမိခဲ့တယ်"

"နောက်တော့ ဘာဆက်ဖြစ်လဲ"

ဗုံးပစ်စီနီယာအင်မော်တယ်က မေးလိုက်သည်။

ဖန်းကွမ်းက ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်၏။

"သူနဲ့ငါ တိုက်ခိုက်ခဲ့ပေမဲ့ နောက်ဆုံးမှာ ငါသူ့ကို ရှုံးပြီး ထွက်ပြေးခဲ့ရတယ်"

"ဘယ်လိုဖြစ်တာလဲ.."

ထိုစကားကို ဗုံးပစ်စီနီယာ အင်မော်တယ်က ယုံရခက်ခက် ဖြစ်နေသည်။

"ငါ သူ့ကို အဌမအဆင့် ရေအခြေပြု မှော်စွမ်းရည်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်.. ဒါပေမယ့် သူက အကာအကွယ် အတားအဆီးညတစ်ခုကို ဖန်တီးလိုက်ပြီး အလွယ်တကူပဲ ငါ့တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တယ်"

ဤစာကြောင်းကို စာရိုက်ရင်း ဖန်းကွမ်း၏ နှလုံးသားက တုန်လှုပ်နေသည်။

"ဒါ့အပြင် သူ့ဓားက သာမန်ဓား မဟုတ်ဘူး.. သူ့ဆရာ ဓားအင်မော်တယ် ဖန်လွေ ဆီကနေ သိမ်းယူခဲ့တဲ့ ကောင်းကင်ပိုင်းဖြတ်ဓားပဲ.. ဒီဓားက ဝိညာဥ်ဓားစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ဓားလည်း ဖြစ်တယ်"

စခရင်ပေါ်မှ ဖန်းကွမ်း၏ စာသားကို မြင်သောအခါ ဝမ်လင်းက ကျင့်ခယ်ကို ဖျတ်ခနဲ ကြည့်လိုက်မိသည်။

သို့သော် ဖန်းကွမ်း၏ စကားက မဆုံးသေးပေ။

"ဒါ့အပြင် ငါသူ့ကို တိုက်ခိုက်နေတဲ့ အချိန်မှာ သူက ဓားတာအိုကို ဆုပ်ကိုင်မိနေခဲ့ပြီ.. သူ့ရဲ့ဓားတာအိုက မဟာတာအိုသုံးထောင်ထဲက တစ်ခုလို့ ငါခံစားမိခဲ့တယ်.. အဲဒီအချိန်က သူ့ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က အလွန်တရာ အံ့ဩသွားသည်။

"မဟာတာအိုသုံးထောင်လား"

"ဟုတ်တယ်... မဟာတာအိုသုံးထောင်ပဲ"

ဖန်းကွမ်းက ပြောလိုက်သည်။

"ပကတိအင်မော်တယ် အဆင့်မှာ မဟာတာအို တစ်မျိုးထဲပဲ ကျွမ်းကျင်ရင်တောင် ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားဖို့အတွက် လုံလောက်တာထက် ပိုနေခဲ့ပြီ"

"မဟာတာအိုနှစ်မျိုး ဒါမှမဟုတ် သုံးမျိုးလောက် ကျွမ်းကျင်ရင်တော့ အင်မော်တယ် ကျန်းရွမ် လိုမျိုး ဒဏ္ဍာရီဆန်ဆန် ဖြစ်တည်မှုလို့တောင် ဆိုနိုင်နေပြီ"

"သီအိုရီအရ ငါသိသလောက်တော့ ဒီကမ္ဘာပေါ်မှာ မဟာတာအို သုံးထောင်လုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူ လုံးဝမရှိဘူး"

ဝမ်လင်း "............."

All Chapters