တိုက်ရိုက်ထုတ်လွှင့်မှု အသိုင်းအဝိုင်းရဲ့ အင်တာနက် ဆယ်လီအသစ်
Vol. 29 Ch. 429
ဝမ်လင်းက ဓားချီကို တစ်ကွက်ထဲဖြင့် ဆုံးမလိုက်သည်ကို မြင်လျှင် ဗုံးပစ်စီနီယာအင်မော်တယ်က သီချင်းစာသား တစ်ခုကို တွေးလိုက်မိသည်။
{တင်းပုတ် ရိုက်ချက်တစ်ချက်က မင်းကို လုံးဝ ရှင်းပစ်နိုင်လိမ့်မယ်}
ဤမြင်ကွင်းက တကယ်ကို အံ့အားသင့်စရာ ကောင်းလွန်း၍ ဖန်းကွမ်းက စခရင်ရှေ့တွင် အချိန်အတော်ကြာအောင် မှင်သက်နေခဲ့သည်။
မိစ္ဆာဓားနတ်ဘုရား၏ ဓားတာအိုလမ်းစဥ်မှ ဖြစ်ပေါ်လာသည့် ဓားချီက ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။
သို့သော် ဝမ်လင်းက ယင်ကောင်တစ်ကောင်ကို ရိုက်သတ်သလို တိုက်ရိုက် ချိုးဖျက်နိုင်မည်ဟု မည်သူ သိနိုင်မည်နည်း။
မှင်တက်နေရာမှ အသိစိတ် ပြန်ဝင်လာပြီးနောက်တွင် ဖန်းကွမ်း၏ မျက်နှာပေါ်ရှိ အမူအရာက အလွန် ရှုပ်ထွေးသွားသည်။
ဖန်းကွမ်း "စီနီယာလင်း.. ငါမေးလို့ရမလား.. ဒါက ဘယ်လို မဟာတာအို အမျိုးအစားလဲ"
ဝမ်လင်း "............."
ဗုံးပစ်စီနီယာအင်မော်တယ်က ဖန်းကွမ်း နှင့် နှိုင်းယှဉ်လျှင် အတွေ့အကြုံများစွာ တွေ့ကြုံခဲ့ရသူဖြစ်၍ သူ့လောက် မအံ့သြတော့ပေ။
"ညီနောင်ကွမ်း.. အဲဒီလောက်ထိ အံ့သြနေဖို့ မလိုပါဘူး.. နောက်ဆို တဖြည်းဖြည်း နားလည်သွားမှာပါ"
ဝမ်လင်းက မှော်လက်နက် သန့်စင်ရန် မိုက်ခရိုဝေ့ဖ်ကို အသုံးပြုသည်ကို မြင်တွေ့ပြီးနောက်တွင် အဖြူရောင် ၀တ်စုံဝတ်လူငယ်က အခြားသော အံ့သြဖွယ် လုပ်ဆောင်ချက်များကို မြင်တွေ့ရသောအခါ၌ သဘာဝအတိုင်း အံ့အားသင့်ခြင်း မရှိတော့ပေ။
ဝမ်လင်းက မည်မျှ သန်မာသည်ကို သူ မှန်းဆ၍ မရပေ။
သူ့စိတ်ထဲတွင် ဝမ်လင်းက ညီအစ်ကို တစ်ဦးမျှသာ မကဘဲ အံ့ဖွယ် ကျင့်ကြံသူ တစ်ပါးလည်း ဖြစ်သည်။
ယခင်ကဆိုလျှင် အဖြူရောင် ၀တ်စုံဝတ် လူငယ်က သူနဲ့ ဝမ်လင်း ကြားက ကွာဟချက်မှာ ခွန်အား ကွာခြားချက် တစ်ခုသာရှိသည်ဟု အမြဲတွေးခဲ့သည်။
သို့သော် ယခုမြင်ကွင်းကို ကြည့်၍ သူ့အနေဖြင့် ကဏ္ဍတိုင်းတွင် လွန်ကဲစွာ ချို့တဲ့နေသည်ဟု ခံစားမိခဲ့၏။
ထိုအကြောင်းကို တွေးရင်း ဗုံးပစ်စီနီယာအင်မော်တယ်က စိတ်ရင်းအတိုင်း စကားလုံးများကို ရိုက်ထည့်လိုက်သည်။
"သေချာပါတယ်.. အသိပညာက စွမ်းအားပါပဲ"
ဖန်းကွမ်း ".............."
ဝမ်လင်း "..............."
...................
ဝမ်လင်းက အိပ်မပျော်သောညတွင် အကြောင်းအရာ များစွာကို တွေးတောနေခဲ့သည်။
ဖန်းကွမ်း၏ ယူဆချက်က အဓိပ္ပါယ်ရှိသော်လည်း ယင်းမှာ အယူအဆ တစ်ခုသာ ဖြစ်သည်ဟု သူခံစားမိသည်။
လူသားကမ္ဘာနှင့် နတ်ဆိုးကမ္ဘာကို ချိတ်ဆက်ပေးထားသည့် ကမ္ဘာခြားဂိတ်တွင် အခြားသော နေရာလွတ် ဝင်ပေါက်များ ရှိမရှိ သူကိုယ်တိုင် စစ်ဆေးရန် လိုအပ်သည်ဟု ခံစားခဲ့ရသည်။
သူက အင်မော်တယ် ရတနာအိမ်ကို သေချာပေါက် ရှာဖွေရမည် မဟုတ်ပါလော။
သို့သော် လက်ရှိ လုပ်ဆောင်ရမည့် စာရင်းတွင်မူ လာမည့်စာမေးပွဲက ဦးစားပေး ဖြစ်သည်။
သူက အလျင်စလို လုပ်စရာမလို၍ ဤကိစ္စကို အတိုင်းအတာတစ်ခုအထိ စဉ်းစားဖို့ လိုအပ်၏။
ထို့အပြင် သူက အင်မော်တယ် ရတနာအိမ်တွင် သူ၏ အော်ရာပြဿနာကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ချက်အားလုံး မပုံအပ်ထားခဲ့ပေ။
အင်မော်တယ်ကျန်းရွမ်က မှော်ရတနာ အများအပြား စုဆောင်းထားသော်လည်း သူ့အော်ရာကို ထိန်းချုပ်နိုင်သည့် မှော်ရတနာတစ်ခုခု ရှိမရှိ ဆိုသည်မှာမူ တခြား ကိစ္စတစ်ခုသာ ဖြစ်၏။
ဝမ်လင်းက တစ်နေ့နေ့တွင် မှော်ရတနာ တစ်ခုခု၏ အကူအညီမပါဘဲ သူ၏ စွမ်းအားကို ထိန်းချုပ်နိုင်မည့် နည်းလမ်းကို ရှာနိုင်လိမ့်မည် သို့မဟုတ် သူ၏စွမ်းအားကို ထိန်းချုပ်ရန် မလိုအပ်လောက်တော့ဟု မျှော်လင့်ခဲ့သည်။
သူ့စွမ်းအားကိုသာ အသုံးချနိုင်ရင် အကောင်းဆုံးရလဒ် ဖြစ်မည်မှာ သေချာ၏။
သို့သော် လက်ရှိအခြေအနေအရ ယင်းက စိတ်ကူးယဉ်ဆန်သည့် အတွေးသက်သက်ပင်။
ဝမ်လင်းက နံနက်စောစော ထကာ ဖန်းကွမ်း၏ စုတ်ပြတ်နေသော တာအိုဝတ်စုံကို ဗုံးပစ်စီနီယာ အင်မော်တယ် ဆီသို့ သုံးဘီးဆိုင်ကယ်အား ပို့ဆောင်စေခဲ့သည်။
သူက နတ်ဆိုးဓားချီ၏ အသက်ဝင်လာမှုကို လုံးလုံးလျားလျား ဖယ်ရှားခဲ့သော်လည်း ဝတ်စုံပေါ်တွင် ဓားချီ သဲလွန်စများ ကျန်ရှိနေသေး၏။
ဤသည်မှာ ကောင်းကင်ပိုင်းဖြတ်ဓားမှ ကျန်ရစ်ခဲ့သော ဓားချီ ဖြစ်သည်။
သဲလွန်စ တော်တော်များများက ပျောက်ကွယ်သွားသော်လည်း ဝမ်လင်းက ကောင်းစွာ ခံစားနိုင်ပါသေး၏။
ယမန်နေ့က သုံးယောက် သီးသန့် ချက်ဂရုတွင် စကားစမြည် ပြောဆိုပြီးနောက် ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့က ကောင်းပင်ပိုင်းဖြတ်ဓား၏ တည်နေရာကို ရှာဖွေရန် စုတ်ပြတ်သတ်နေသော ၀တ်စုံပေါ်တွင် ကျန်ရစ်ခဲ့သည့် ဓားချီ သဲလွန်စကို အသုံးပြု၍ ဖြစ်နိုင်မဖြစ်နိုင် သီးသန့် ဆွေးနွေးခဲ့ကြသည်။
သီအိုရီအရ ဝမ်လင်းက ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။
သူက ဓားချီသဲလွန်စကို အကဲဖြတ်ရန် ဝမ်မင်ကို အသိပေးသင့် မပေးသင့် ချင်ချိန်ခဲ့သေးသည်။
တနင်္လာနေ့ ဖြစ်သောကြောင့် ဝမ်လင်းက အတန်းတက်ရမည်မို့ ဗုံးပစ်စီနီယာ အင်မော်တယ်ဆီ သုံးဘီးဆိုင်ကယ်ကိုသာ ပို့ခိုင်းခဲ့သည်။
အကယ်၍ မိစ္ဆာဓားနတ်ဘုရားသာ ယခုအချိန်တွင် အခြားကမ္ဘာတစ်ခုတွင် ရှိနေလျှင် ဓားချီကို ခြေရာခံနိုင်သရွေ့ ၎င်းတို့က မိစ္ဆာဓားနတ်ဘုရား ရှိရာ အခြားကမ္ဘာသို့ သွားနိုင်ကြမည်ဖြစ်သည်။
အခြားကမ္ဘာ တကယ် မရှိလျှင်ပင် မိစ္ဆာဓားနတ်ဘုရားကို ရှာဖွေတွေ့ရှိခြင်းက အလွန် ကောင်းမွန်သည်ဟု ဝမ်လင်းခံစားမိသည်။
................
ဇူလိုင်လ 10 ရက် တနင်္လာနေ့သည် စာသင်နှစ်၏ ဆယ့်နှစ်ပတ်မြောက် ဖြစ်သည်။
ဝမ်လင်းက စာသင်ခန်းသို့ ရောက်လာပြီး နောက်တွင် ကော်ဟောက် နှင့်ချန်းချောင်တို့က အသံတွင်းဆူညံမှုကိုnထုံးစံအတိုင်း ဦးဆောင်နေသည်ကို တွေ့ခဲ့ရသည်။
ဤလူနှစ်ယောက်သည် ၎င်းတို့၏ ဖုန်းပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစား ကြည့်ရှုနေသည်ကို တွေ့ရလျှင် သူအနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဤကာလက စာမေးပွဲများ မတိုင်မီ အရေးကြီးသော အချိန်ကာလ ဖြစ်ပြီး ကျောင်းသားများ အနေဖြင့် ဆဲလ်ဖုန်းနှင့် နာရီများ ကဲ့သို့ ၎င်းတို့၏ စမတ်ပစ္စည်းများကို ကျောင်းသို့ ယူလာလေ့ မရှိကြပေ။
အကယ်၍ ယူလာခဲ့လျှင် အသိမ်းခံရမည် ဖြစ်သည်။
အဆိုးဆုံးအနေဖြင့် မိဘကိုပါ ကျောင်းသို့ခေါ်၍ သတိပေးမည်ဖြစ်၏။
ဤကိစ္စမျိုးတွင် ဆရာမဖန်က ဘယ်တုန်းကမှ တုံ့ဆိုင်းမနေခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ အတန်းတစ်ခုစီတွင် ဤကဲ့သို့ သတိပေးချက်ကို လျစ်လျူရှုမည့်သူ တစ်ဦး သို့မဟုတ် နှစ်ဦး အမြဲ ရှိနေတတ်သည် မဟုတ်ပါလား။
Grade 1 အခန်း၃၏ စုန်းပြူးမှာ ချန်းချောင် နှင့် ကော်ဟောက် တို့ ဖြစ်သည်။
ရိုးရှင်းစွာ သုံးသပ်ရလျှင် ဤနှစ်ယောက်က တတ်နိုင်သမျှ မိုက်မဲခြင်း ဟူသော နိယာမကို လက်ကိုင်ထားပြီး ဆရာမဖန်ကို အမှန်တကယ် ခေါင်းကိုက်စေသူများ ဖြစ်၏။
စာသင်ခန်း တံခါးဝတွင် အရိပ်တစ်ခုကို ရုတ်တရက် တွေ့လိုက်သောအခါ ကော်ဟောက်နှင့် ချန်းချောင်က အလွန်တရာ ထိတ်လန့်သွားပြီး ဖုန်းလွတ်ကျလုနီးပါးပင် ဖြစ်သွားရသည်။
"အိုး.. ဘုရားရေ"
"မအေဘေး ဝမ်လင်း.. မင်းကို ဆရာမဖန် ထင်ပြီး ငါတို့နှစ်ကောင် နှလုံးရပ်ပြီး သေတော့မလို့ကွ"
ကော်ဟောက်က အော်ငေါက်လိုက်သည်။
ဝမ်လင်း "..........."
အိမ်စာများကို တစ်ယောက်ချင်းစီ လိုက်လံ သိမ်းဆည်းပြီးနောက် သူတို့ဘေးတွင် ရပ်နေသော မြေပဲလေး၏ မျက်နှာက ကူကယ်ရာမဲ့မှုများနှင့် ပြည့်နှက်နေသည်။
"မင်းတို့နှစ်ယောက် နည်းနည်း သတိထားရမယ်.. ဆရာမဖန်က ဒီနှစ်ပတ်မှာ ကျောင်းကို စောစောလာလိမ့်မယ်.. ဆရာမတွေကလည်း မကြာသေးခင်က စပြီး စာသင်ခန်း အပြင်မှာ ကင်းလှည့်နေကြတယ်လို့ ငါကြားထားတယ်"
"ငါနားလည်ပြီ.. ကမြင်းကြောထချင်ရင် ပါးနပ်ဖို့ လိုလိမ့်မယ်"
ကော်ဟောက်က သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
ဝမ်လင်း "............."
မြေပဲလေး "ဒါနဲ့ မင်းဘာတွေ ကြည့်နေတာလဲ.. မနက်အစောကြီးတောင် ဇွဲလာကောင်းနေတယ်.."
ကော်ဟောက် "အဖိုးကြီး တစ်ယောက်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုလေ.. သူက ကျင့်ကြံခြင်း တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းပေါ်မှာ မနေ့ည ဆယ်နာရီက စပြီး တိုက်ရိုက်လွှင့်ခဲ့တယ်.. သူ့ရဲ့ ID ဖြစ်တဲ့ ကျွန်းသခင် ဆိုတဲ့ အမည်ကလည်း အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်"
မြေပဲလေး "အဖိုးကြီးတစ်ယောက် တိုက်ရိုက်လွှင့်တာ ဘာတွေများ ထူးခြားလို့လဲ"
ချန်းချောင် "ကျွန်းသခင်က သဲကန္တာရကျွန်းမှာ နေထိုင်တာလေ.. ငါ့အထင် သူက နိုင်ငံခြားမှာရှိနေပုံပဲ.. ဘာလို့လည်းဆိုတော့ မနေ့ညက စတင် ထုတ်လွှင့်ခဲ့ပေမဲ့ သူ့ဆီမှာ နေ့ခင်းဘက်ပဲ ရှိနေသေးတာကို ငါ သတိထားမိခဲ့တယ်.. သူနေထိုင်တဲ့ကျွန်းကို ပင်လယ်က ဝန်းရံထားတယ်.. တိုက်ရိုက်လွှင့်နေတဲ့အချိန်မှာ လှိုင်းသံတွေကိုတောင် ကြားနေရတယ်"
ဝမ်လင်း ".............."
ချန်းချောင်၏ ဖော်ပြချက်က တစ်နည်းနည်းဖြင့် ရင်းနှီးနေသလို ဝမ်လင်း ခံစားလိုက်ရသည်။
သူက ချန်းချောင်ထံ တိတ်တဆိတ် ချဉ်းကပ်၍ စခရင်ကို ကြည့်လိုက်ရာ ဖန်းကွမ်းက ပရိသတ်နှင့် အပြန်အလှန် ဆက်ဆံနေသည်ကို တွေ့လိုက်ရသည်။
ဖန်းကွမ်း၏ မျက်နှာက မက်မွန်ပန်းပွင့်ကဲ့သို့ ရွှင်လန်းနေ၏။
"..............."
ဝမ်လင်းက ခေါင်းကိုက်သလို ခံစားမိပြီး သူ့နဖူးကိုသူ လက်ဝါးဖြင့် ရိုက်လိုက်၏။
ကော်ဟောက် "မနေ့က အွန်လိုင်း သုံးနေရင်း ကျွန်းသခင် အုန်းသီးခွဲနေတာကို တွေ့ခဲ့တယ်.. အဲဒီတုန်းက သူ့မှာ ပရိသတ် ရာဂဏန်းပဲ ရှိသေးတယ်"
မြေပဲလေးက မေးလိုက်သည်။
"အခုရော"
ကော်ဟောက် "တစ်သန်းကျော်နေပြီ"
ဝမ်လင်း ".........."
မြေပဲလေး အံ့သြသွားသည်။
"လခွမ်း"
ချန်းချောင် "ဒါ့အပြင် ကျွန်းသခင်က ကျွန်းရဲ့ တွင်းထွက် အရင်းအမြစ်တွေကို အသုံးပြုပြီး မီးစွမ်းရည်နဲ့ အတူ အိုးကြီးတစ်လုံးကို ခဏလေးအတွင်း ထုလုပ်ပြခဲ့တယ်"
ဝမ်လင်းက စခရင်ကို ကြည့်လိုက်ရာ စခရင် တစ်လျောက် မရေမတွက်နိုင်သော "666" သင်္ကေတများကို တွေ့လိုက်ရသည်။
{666= ချီးမွမ်းသောသင်္ကေတ}
လှိုင်းပုတ်သံက အလွန်ပင် ကျယ်လောင်နေ၏။
စီနီယာကွမ်း၏ Notebookရှိ အသံလုပ်ဆောင်ချက်က ဆူညံသော ပတ်ဝန်းကျင်တွင် စကားလုံးများကို ခွဲခြားနိုင်ခြင်း မရှိသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို အသံချဲ့ မှော်စွမ်းရည်ဖြင့် ပေါင်းစပ်လိုက်သောအခါ ပရိသတ်များက ဖန်းကွမ်း၏ အသံကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။
ယင်းအချိန်တွင် ဖန်းကွမ်းက ပင်လယ်ရေများ အပြည့်ထည့်ထားသော သံအိုးကြီးထဲတွင် ရပ်နေသည်။
သူက Notebook၏ ကင်မရာကို ကြည့်ကာ ကြည့်ရှုသူ သန်းပေါင်းများစွာအား "သူငယ်ချင်းလေးတို့ ငါ့ကို 666 ပေးပါ.. ငါကျွန်းသခင်က သူငယ်ချင်းလေး တို့ကို ဖျော်ဖြေတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သံအိုးထဲမှာ စွပ်ပြုတ်လုပ်ပြပါ့မယ်"
ဝမ်လင်း "............."