← Chapters

တစ်တန်းလုံး တပျော်တပါး အပြစ်ပေးခံရခြင်း

Vol. 29 Ch. 431

တစ်တန်းလုံး တပျော်တပါး အပြစ်ပေးခံရခြင်း

Vol. 29 Ch. 431

မနက်က ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသူတွေ အားလုံး ဒဏ်ပေးခံခဲ့ရသောကြောင့် ကျောင်းဆင်းချိန် အနည်းငယ် နောက်ကျသွားခဲ့သည်။

ထိုထက်မက တစ်တန်းလုံး ဒုက္ခရောက်ကုန်ကြ၏။

အဓိက သွေးထိုးလှုံ့ဆော်သူ ဖြစ်သည့် အရိုအသေမဲ့ နတ်ဘုရားနှစ်ပါး (ဝါ) ကော်ဟောက် နှင့် ချန်းချောင်တို့က "အရိုအသေမဲ့ခြင်းသည် သင့်ကျန်းမာရေးအတွက် ကောင်းမွန်သည်"ဟု ဆိုကာ ထောက်ခံ အားပေးခဲ့ကြသေးသည်။

ဆရာမဖန်က ကျောင်းဆင်းပြီးနောက် တစ်နာရီကြာ အစည်းအဝေး ပြုလုပ်ခဲ့သည်။

အပြစ်ပေးခြင်းမှ လွတ်ကင်းပြီး စောစောစီးစီး ကျောင်းဆင်းခွင့်ရသူမှာ စွန်းရုံ ဖြစ်၏။

ဆရာမဖန်က ဤအလှလေးကို စော်ကားဖို့ လုံးဝ မတတ်နိုင်မှန်း အတန်းထဲမှ ကျောင်းသားများက နားလည်ခဲ့ကြသည်။

စွန်းရုံကို တွေ့သည်နှင့် ဆရာမဖန်၏ မျက်နှာက ချက်ချင်း ပြုံးသွားတတ်သည်ကို ဝမ်လင်း အသေအချာ သတိပြုမိသည်။

ဆရာမဖန်၏ မျက်နှာက စာအုပ်လှန်သည်ထက်ပင် အပြောင်းအလဲ မြန်နေ၏။

ထို့အပြင် ဆရာမဖန်က အဘယ်ကြောင့် စွန်းရုံကို ကျောင်းဆင်းခွင့်ပေးခဲ့မှန်း အထူးတလည် ရှင်းပြခဲ့သည်။

"ကျောင်းသူစွန်းရုံက အမြဲတမ်း အမှတ်ကောင်းကောင်း ရတယ်.. ဉာဏ်ကောင်းပြီး ငါ့ကို ဘယ်တော့မှ ဒုက္ခမပေးဘူး.. သူ့မိဘတွေက သူ့ကို ကျောင်းဆင်းခွင့်ပေးဖို့ ငါ့ကို ဖုန်းလှမ်းခေါ်ပြီး တောင်းဆိုခဲ့တယ်"

"မဟုတ်ရင် ကျောင်းသူ စွန်းရုံ ဆိုရင်တောင် သူ့ကို လွယ်လွယ်နဲ့ အလွှတ်ပေးမှာ မဟုတ်ဘူး.. ဟမ့်.. ငါဖန်ရှန်းစုန့်က တခြားသူတွေကို ဦးညွှတ်ပြီး ဖားယားတတ်တဲ့သူ မို့လို့လား"

ဤတစ်ကြိမ်တွင် ဝမ်လင်းက လူတိုင်း၏ စိတ်နှလုံးထဲကနေ တညီတညွတ်တည်း ပြောလိုက်သံကို ကြားလိုက်ရသည်။

"မယုံဘူး ဆရာမ"

............

စုန့်ဟိုင်မြို့တွင် ဇူလိုင်လ၏ နေ့ရက်များက အလွန် ရှည်လျားလှသည်။

ဝမ်လင်းက ခြောက်နာရီခွဲခါနီးမှ ကျောင်းကနေ ထွက်လာခဲ့သော်လည်း ကောင်းကင်က တောက်ပနေဆဲ ဖြစ်ပြီး နေမ၀င်သေးပေ။

သူက ချန်းချောင်းနှင့် ကော်ဟောက်၏ မလှမ်းမကမ်းကနေ လမ်းလျှောက်လာရာ သကောင့်သား နှစ်ကောင်၏ ငြီးတွားသံများကို ကြားနေရသည်။

ကော်ဟောက် "ဒီအဖွားကြီးဖန်က ငါတို့ကို လုံးဝ မျက်နှာသာမပေးဘူး.. ငါဆယ့်ခြောက်နှစ် ကျောင်းတက်ခဲ့သမျှ ငါမြင်ဖူးသမျှထဲမှာ အဆိုးဆုံး ဆရာမဖြစ်မှာ သေချာတယ်.. အခု ငါတို့ဖုန်းတွေကို သိမ်းသွားပြီ ဆိုတော့ ငါတို့ ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်ဘူး"

ချန်းချောင်က ရယ်လိုက်သည်။

"စွန်းရုံက ဘာသာရပ်တိုင်းမှာ အမှတ်ကိုးဆယ် ကျော်ရုံပဲလေ.. သူက ဘာမို့လို့လဲ.. စွန်းရုံလို ငါလည်း လုပ်နိုင်ပါတယ်"

ကော်ဟောက်၏ မေးရိုးများ အောက်သို့ ပြုတ်ကျသွားသည်။

"မင်းဘယ်တုန်းက အရမ်းတွေ စိတ်လှုပ်ရှားသွားတာလဲ"

ချန်းချောင် "တကယ်တမ်း စဉ်းစားကြည့်ရင် အဖွားကြီးဖန်မှာ ချို့ယွင်းချက်တွေ ရှိပေမယ့် သူ့ရဲ့ အလုပ်ကလည်း မလွယ်ပါဘူး.. လူတွေက ကျောင်းတွင်းရော ကျောင်းပြင်မှာပါ သူ့ကို ပုတ်ခတ် ပြောဆိုနေကြပေမယ့် သူက လုံးဝ ဂရုမစိုက်ခဲ့ဘူး.. အခုချိန်ထိ မနက်တိုင်း ကျောင်းကို ပထမဆုံး ရောက်တဲ့လူ အဖြစ် ဆက်လက် ရပ်တည်နေဆဲပဲ"

ချန်းချောင်၏ စကားကို ကြားလျှင် ကော်ဟောက် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

ချန်းချောင် ပြောသမျှက အမှန်တွေသာ ဖြစ်၏။

ဆရာမဖန်၏ ပရော်ဖက်ရှင်နယ် ဆန်မှုကို သံသယဖြစ်စရာ မရှိပေ။

ချန်းချောင် "ဒါ့အပြင် မင်း စဉ်းစားကြည့်စမ်း.. ရွှေကုံးဂိုဏ်းအဖြစ်အပျက်မှာ ဆရာမဖန်က မိဘတွေကို အချိန်ပြည့် ဆက်သွယ်ခဲ့တယ်.. ရက်ပေါင်းများစွာ အလုပ်များနေပေမယ့် သူမကတော့ ဘယ်တော့မှ မညီးညူခဲ့ဘူး"

"သူမက များသောအားဖြင့် စည်းကမ်းကြီးလွန်းပေမဲ့ သူမဆီမှာ ကောင်းတဲ့ အချက်တွေတော့ ရှိပါသေးတယ်"

ကော်ဟောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းပြောတာက ကျိုးကြောင်းဆီလျော်တယ်"

သူတို့နောက်မှ ဝမ်လင်းက အနည်းငယ် အံဩသွားသည်။

ဆရာမဖန်အကြောင်း အများဆုံး အတင်းအုပ်လေ့ရှိသော "အရိုအသေမဲ့ နတ်ဘုရား" နှစ်ပါးထံမှ ဤစကားမျိုး ရုတ်တရက် ကြားရလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ။

"ဒီနှစ်ကောင် ဝိုင်မှားသောက်မိတာလား ဒါမှမဟုတ် ဆေးမှား သောက်မိတာ များလား"

ဝမ်လင်း ကျောင်းတံခါးမှ ထွက်လာစဉ်တွင် ချန်းချောင်က လမ်းဖြတ်ကူးသည့် နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။

ချန်းချောင်က ရုတ်တရက် အိပ်မက်ဆိုး တစ်ခုမှ လန့်နိုးခဲ့ရသလိုမျိုး ချွေးထွက်များကာ အသက်ရှူမဝသလို ဖြစ်လာသည်။

"မဟုတ်သေးဘူး.. ငါဘာလို့ ကြက်သီးတွေပါ ထနေရတာလဲ"

ကော်ဟောက် "..???..."

ချန်းချောင် "အခုလေးတင် စာသင်ခန်းက ထွက်လာပေမဲ့ ဆရာမဖန်က ငါ့နောက်ကျောကို စူးစူးစိုက်စိုက် ကြည့်နေသလို ငါခံစားရတယ်..မင်းရော ခံစားမိလား"

ကော်ဟောက် "မခံစားမိပါဘူး.."

ချန်းချောင် "ရွှေအမြူတေအဆင့် ကျင့်ကြံသူတွေမှာ အရမ်းထက်မြက်တဲ့ နားတွေရှိတယ်..ဒါပေမယ့် ကျောင်းအပြင်ဘက်မှာတော့ ဘေးကင်းလောက်ပါတယ်လေ"

သူတို့ကို ဝမ်လင်းက အဝေးကနေ လှမ်းကြည့်လိုက်ရာ သူတို့၏ ဘေး၌ ဆံပင်ရှည်ရှည် နှင့် ချောမွေ့သော အသားအရည်ကို ပိုင်ဆိုင်ထားပြီး ဒေါက်မြင့်ဖိနပ်ကို စီးထားသည့် ကြော့ရှင်းလှပသော အမျိုးသမီးကို တွေ့လိုက်ရသည်။

ဝမ်လင်း၏ နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားသည်။

ဤသည်က ဆရာမဖန်၏ ဒုတိယပုံစံ မဟုတ်ပါလော။

ကျောင်းစည်းကမ်းကြောင့် ဆရာ၊ဆရာမများက အဆင့်မြင့် မိတ်ကပ်သုံးစွဲခြင်း သို့မဟုတ် ရုပ်ပျိုကိုယ်နု ဆေးဝါးများကို သုံးစွဲခွင့်မရှိပေ။

ကျောင်းတွင် ဆရာမဖန်က လူလတ်ပိုင်းအရွယ် အန်တီ နှင့်တူသည်။

သို့သော်လည်း ဝမ်လင်းက သူမ၏ ငယ်ရွယ်နုပျိုသော ပုံစံကို ယခင်က မြင်ဖူးခဲ့သည်။

ထိုအချိန်က သူ့အိမ်ကို လာလည်သည့် အခါတွင် ဆရာမဖန်က ဤရုပ်သွင်ဖြင့်ပင် လာရောက်ခဲ့၏။

ဖိုးဖိုးဝမ်က ဆရာမဖန်အား "နံရိုးချဥ်စပ်များ" ချက်ကျွေးခဲ့သည်ကိုပင် ဝမ်လင်း စိတ်ထဲ၌ မှတ်မိနေသေးသည်။

သို့သော် စာသင်နှစ်၏ နှစ်ဝက်ကျော် ကြာပြီးသည် အထိ ဝမ်လင်း တစ်ယောက်သာ သူမကို ယခုလိုပုံစံနှင့် မြင်ဖူးသည့် တစ်ဦးတည်းသော လူအဖြစ် ရှိနေဆဲပင်။

................

ဆရာမဖန်က ချန်းချောင် နှင့် ကော်ဟောက်ကို မသိချင်ဟန် ဆောင်ခဲ့ပြီး ၎င်းတို့၏ စကားများကို တိတ်တဆိတ် နားထောင်နေခဲ့သည်။

ကော်ဟောက် "မင်း အဖွားကြီးဖန်ကို ချီးကျူးတာ မဆန်းပါဘူး.. အဖွားကြီးဖန်က စိတ်ရင်းတော့ ကောင်းရှာပါတယ်.. ဘာပဲဖြစ်ဖြစ် ဒီနေ့ မင်းကို ကြည့်ရတာ ဆေးမှားသောက်လာသလိုပဲ"

ချန်းချောင်က ကော်ဟောက်၏ ပုခုံးကိုဖက်ကာ ပြောလိုက်သည်။

"ငါတို့တွေ နေ့တိုင်း မနက်စောစော ကျောင်းကိုလာပြီး အိမ်စာတွေ ကူးယူ ဖလှယ်နေတာ အတော်လည်း ကြာခဲ့ပြီ.. မင်းရဲ့ သတိထားမှု အာရုံက ဘာလို့ တိုးမလာရတာလဲ.. ဒီထက်ပိုပြီး သတိထားသင့်တယ်.."

ကော်ဟောက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မင်းက အကြောက်လွန်နေတာ ဖြစ်မှာပါ"

ချန်းချောင် "ရိုးရိုးသားသား ပြောရရင် အခုအချိန်မှာတောင် ဆရာမဖန်က ငါတို့ဘေးမှာ ရှိနေသလိုပဲ"

ထိုစကားကြောင့် သူတို့ဘေးမှ ဆရာမဖန်၏ နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားသည်။

"............."

..................

ဝမ်လင်း အိမ်ပြန်ရောက်သောအခါ အထူးသဖြင့် စိတ်ဓာတ်တက်ကြွနေသော သုံးဘီးဆိုင်ကယ်ကို ယနေ့တွေ့ရှိခဲ့သည်။

ယခုအခါတွင် သုံးဘီးဆိုင်ကယ် တစ်ဖြစ်လဲ ကလေးမလေးက အဝတ်အစား အသစ်ကို ဝတ်ဆင်ထားသည်။

ဝတ်စုံက ခရမ်းဘက် ပိုရောက်သော အနက်ရောင် ဂျာမန်ဝတ်စုံ ဖြစ်၏။

သူမက ဇာထီးအသေးလေးကိုပါ ဆောင်းထားသေးသည်။

ယနေ့တွင် ဝမ်လင်းက တာအိုဝတ်စုံကို ဗုံးပစ်စီနီယာ အင်မော်တယ်ထံ သုံးဘီးဆိုင်ကယ်အား ပို့ခိုင်းခဲ့၏။

ထို့နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူမကို ဆားဗစ်လုပ်ရန် အတွက် ဖက်တီးလော၏ ဆိုင်ကို တိုက်ရိုက် ခေါ်သွားခဲ့သည်။

လူသားပုံစံဖြင့် ၀တ်ဆင်ထားသော ဝတ်စုံက သုံးဘီးဆိုင်ကယ်ကို ဆေးသုတ်ခြင်းနှင့် များစွာ သက်ဆိုင်သည်။

သုတ်ဆေး အရည်အသွေး ပိုကောင်းလေ၊ အရောင်ပိုသန့်လေ၊ သူမ၏ လူ့အဝတ်အစားများက ပိုလှလေ ဖြစ်သည်။

ဇာထီးအသေးလေးကမူ' ဖက်တီးလော'က အလကား ပေးလိုက်ခြင်းပင်။

ဝမ်လင်းက ဇာထီးတွင် သုံးထားသည့် ပစ္စည်းကို အနည်းငယ် ရင်းနှီးသလို ဖြစ်နေသည်။

သူ့အခန်းထဲကို ပြန်ရောက်လျှင် သုံးဘီဆိုင်ကယ်က အိမ်ပြန်ရောက်နေပြီမှန်း ဗုံးပစ်စီနီယာ အင်မော်တယ်ထံ စာပို့အသိပေးလိုက်၏။

ထို့နောက်တွင် နေရာလွတ် အကဲဖြတ်ခြင်း ဆိုင်ရာ တိုးတက်မှုအကြောင်းကို မေးမြန်းခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ငါးမိနစ်၊ခြောက်မိနစ်လောက် အကြာမှ ပြန်ဖြေခဲ့သည်။

"ဟားဟား.. ကောင်းတယ်.. သူအိမ်ပြန်ရောက်နေပြီကိုး.. နေရာလွတ် အကဲဖြတ်မှုကတော့ လုပ်ဆောင်နေဆဲပဲ.. အချိန်နည်းနည်းတော့ ယူရမယ်.. စိတ်မပူပါနဲ့ ညီနောင်လင်း ငါ ပြီးရင် အကြောင်းကြားပေးပါ့မယ်.. စကားမစပ် ဒီနေ့ ကလေးမလေး အရမ်းပျော်နေတယ်လို့ မထင်ဘူးလား.. 'ဖက်တီးလော'က အဖြူရောင် ဇာထီးတစ်လက်ကို အထူးတလည် ပြုလုပ်ပေးလိုက်တယ်လေ"

ဝမ်လင်းက မမေးဘဲ မနေနိုင်တော့ပေ။

"ဇာထီးက ဘာနဲ့လုပ်ထားတာလဲ"

ဗုံးပစ်စီနီယာအင်မော်တယ် "အိမ်က ငွေရောင်လေးရဲ့ အမွေးနဲ့ပါ"

ဝမ်လင်း ".............."

ဗုံးပစ်စီနီယာအင်မော်တယ်

"အခုတော့ ငွေရောင်လေးက ထွင်ထျန်းဟာ ကစားတာကို ခံခဲ့ရပြီး အသည်းကွဲနေတယ်.. ထွင်ထျန်းဟာရဲ့ ထိုးနှက်ချက်က အရမ်း ပြင်းထန်ပုံပဲ"

ဝမ်လင်း "............."

All Chapters