အချက်အပြုတ်နှင့် ပတ်သက်၍ ဉာဏ်ကွန့်မြူးခြင်း
Vol. 29 Ch. 435
ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်မင် အကြောင်းကို ကြားဖူးခဲ့သည်။
ဟိုးအရင်ကတည်းကပင် ဝမ်လင်းက သူ့အကြောင်းကို ချက်ဂရုတွင် အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ဖူး၏။
သူပြောသည့် အခါတိုင်းတွင် စကားထဲ၌ ပြောမပြတတ်သည့် ဒေါသ တစ်မျိုးမျိုး အမြဲ ရှိနေတတ်သည်။
ဤကဲ့သို့ အချစ်နဲ့ အမုန်း ရောယှက်နေသော အမျိုးအစားသည် ဖော်ပြဖို့ ခက်ခဲသည်။
ရိုးရှင်းစွာ ပြောရလျှင် ကျိုက်ယန်၏ လုပ်ရပ်က အနည်းငယ် လွန်ကဲနေသည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် ထင်မိသည်။
မည်သို့ပင်ဖြစ်စေ ဤသူက စီနီယာလင်း၏ ဝမ်းကွဲအကိုဖြစ်သည်။
စီနီယာလင်းလောက် ခွန်အားမကြီးလျှင်ပင် ကွာဟချက် သိပ်ရှိမည် မဟုတ်ပေ။
သူက ဝမ်မင်ထံကနေ မည်သည့် အော်ရာမှ မခံစားရသော်လည်း လင်းကျန်းရန် နှင့် ဆက်နွှယ်သူတိုင်းက ဤမျှရိုးရှင်းမည် မဟုတ်ကြောင်း သူခံစားမိသည်။
ဥပမာအားဖြင့် ဝမ်မိသားစု အိမ်ငယ်လေးရှိ ဖိုးဖိုးဝမ်ကို ပြရပေမည်။
ဖိုးဖိုးဝမ်၏ ဘရိုကိုလီတစ်ပင်ကပင် ကောင်းကင်တာအို အကြောင်းကို ထိုးထွင်း သိမြင်နိုင်သည်။
ရိုးရှင်းစွာပြောရလျှင် ဤသူများက နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံလာခဲ့ကြသူများ ဖြစ်၍ သန်မာမှု ရှိမရှိ ဆိုသည်မှာ တွေးနေစရာပင် မလိုပေ။
ထို့ကြောင့် ကျိုက်ယန်၏ ခပ်တင်းတင်း သဘောထားကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ် အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့သည်။
သို့သော် သူဘာမှ ပြန်မပြောနိုင်ခဲ့ပေ။
ထိုနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ကလူကျီစယ်နေသည့် ချစ်သူစုံတွဲများဟု ခံစားနေရသောကြောင့် ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က သုတေသနဌာနတွင် ရှင်းပြ၍ မရနိုင်သည့် အော်ရာတစ်ခုကို ခံစားခဲ့ရသည်။
ထိုခံစားချက်က အလွန်ပင် ကြောက်စရာကောင်း၏။
သူက စကားပင် မပြောဝံ့တော့ပေ။
ဝမ်မင်က ဗုံးပစ်စီနီယာ အင်မော်တယ်အား နေရာလွတ် ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို ရှင်းပြလိုက်သည်။
"ဒီစက်ရဲ့ စွမ်းဆောင်ရည်ကို သံသယဖြစ်စရာ မလိုပါဘူး.. စမ်းသပ်မှုတွေ အများကြီး လုပ်ခဲ့ပြီးပါပြီ.. မှန်အမိုးခုံးရဲ့ အပြင်ဘက်မှာ ရှိတဲ့ ချည်မျှင်လို လျှပ်စစ်ကြိုးကို မြင်မိလား .. အဲဒါကို အတိုင်းအတာမျဥ်း လို့ ခေါ်တယ်.. အဲဒါကို တာအိုဝတ်စုံနဲ့ ချိတ်ဆက်ပြီးတာနဲ့ သက်ဆိုင်တဲ့ အကြမ်းဖျင်းဒေတာကို ရယူနိုင်တယ်.. ဝတ်စုံ နဲ့ ဆက်စပ်နေတဲ့ အတိုင်းအတာကို တိကျစွာ ဆုံးဖြတ်ဖို့အတွက် ဝတ်စုံဆီမှာ ကျန်ရှိတဲ့ ဓားချီကို အသုံးပြုနိုင်တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က မှန်အမိုးခုံးကို အနည်းငယ် အံ့သြသွားသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
တကယ်တမ်းတွင် နေရာလွတ် ခြေရာခံ နည်းပညာကို သူ တစ်ခါမှ မကြားဖူးသည်တော့ မဟုတ်ပေ။
ထိုနည်းပညာကို နောက်ထပ် ရာစုနှစ် တစ်ခုလောက်မှသာ ဖြစ်နိုင်မည်ဟု သူထင်ခဲ့သည်။
သို့သော် ဝမ်မင်က သူထင်ထားသည်ထက် အတော်လေး မယုံနိုင်စရာ ကောင်းနေ၏။
သီအိုရီအရ ဤသိပ္ပံနည်းကျ ကိရိယာကို တီထွင်ရန် အနည်းဆုံး နှစ်ရာပေါင်းများစွာ အချိန်ယူရမည် ဖြစ်သော်လည်း ဝမ်မင်က ရှေ့ပြေးပုံစံကို တီထွင်နိုင်နေပြီ ဖြစ်သည်။
စက်က ပူနွေးဖို့အတွက် အချိန်အတော်ကြာ ယူခဲ့ရသော်လည်း သိပ္ပံသုတေသန အတွက်မူ ယင်းက သာမန် အားနည်းချက်လေး တစ်ခုပင်။
...................
တစ်ဖက်တွင်မူ ဝမ်လင်းက အိမ်စာများကို ပြန်လည် လေ့လာနေသည်။
ယနေ့ အတန်းထဲတွင် ဆရာမဖန် ပြောပြခဲ့သည့် စာမေးပွဲအတွက် အဓိက ပြင်ဆင်ရမည့် အချက်များကို သူ အလွတ် ကျက်မှတ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ လေ့လာနေဖို့က အမြဲတမ်း မရှိမဖြစ် လိုအပ်သည် မဟုတ်ပါလား။
လစဉ်စာမေးပွဲများသည် မဟာတာအို ၃၀၀၀ ထက် ပိုအရေးကြီးသည်ဟု ဝမ်လင်း ခံစားရသည့် အချိန်များပင် ရှိခဲ့သည်။
အကြောင်းပြချက်က အရမ်းရိုးရှင်း၏။
အဘယ်ကြောင့်ဆိုသော် သူက ကြိုးစားအားထုတ်မှုဖြင့် ရလာသော အရာများကိုသာ မြတ်နိုးသောကြောင့် ဖြစ်သည်။
ဝမ်လင်း အတွက်မူ မဟာတာအို ၃၀၀၀သည် ငယ်စဉ်ကတည်းက သူနှင့်အတူ ရှိခဲ့သည်။
သူကြီးပြင်းလာသည်နှင့်အမျှ သူ့ဦးနှောက်ဆဲလ်များနှင့် အတူ မဟာတာအို ၃၀၀၀က ဖွံ့ဖြိုးလာ၏။
ထို့ကြောင့် ကျင့်ကြံခြင်း အတွက် အမှန်တကယ် အသုံးပြုသည့်အချိန်သည် လစဉ်စာမေးပွဲ အတွက် ပြင်ဆင်မှုထက်ပင် နည်းပါးသည်ဟု ဆိုနိုင်၏။
ထိုခဏဝယ် ဝမ်လင်းက သတင်းကို ကြည့်ရှုလိုက်သည်။
သုံးယောက် သီးသန့်ချက်ဂရု သို့မဟုတ် ကျင့်ကြံခြင်း ချက်ဂရုတွင် ဘာထူးခြားမှုမှ မရှိပေ။
အဆုံးသတ်တွင် ဖန်းကွမ်း၏ စုတ်ပြဲနေသော တာအို ၀တ်စုံသည် အလွန်ဟောင်းနွမ်းနေ၍ ၀တ်စုံပေါ်ရှိ ကျန်ရှိနေသော ဓားချီကို ခြေရာခံရန် သိပ္ပံနည်းကျ ကိရိယာကို အသုံးပြု၍ သက်ဆိုင်ရာ နေရာလွတ် ကိုသြဒိနိတ်များကို ခြေရာခံရန်မှာ လွယ်ကူသော အလုပ်ဖြစ်မည်ဟု ဝမ်လင်း မထင်ခဲ့ပေ။
သို့သော် ဝမ်မင်က နေရာလွတ် အကဲဖြတ်ရန်အတွက် သက်ဆိုင်သည့် ကိရိယာတစ်ခုကို တီထွင်ထားပြီးသားဖြစ်သည်ဟု ဝမ်လင်း ယုံကြည်သည်။
ထိုကိရိယာက လုံးဝပြီးပြည့်စုံခြင်း မရှိလျှင်ပင် နမူနာပုံစံ တစ်ခု အဆင့်သို့ ရောက်ရှိနေမည်မှာ သေချာ၏။
ဝမ်မင် မလုပ်နိုင်ခဲ့လျှင် ဤကမ္ဘာပေါ်ရှိ တခြားမည်သူမှ မလုပ်နိုင်ဟု ဝမ်လင်း ယုံကြည်ခဲ့သည်။
...................
ဝမ်လင်း အိမ်စာများ လုပ်ပြီးသော အခါတွင် ဖိုးဖိုးဝမ်က သူ့ကို အောက်ထပ်သို့ ဆင်းလာရန် ခေါ်ခဲ့သည်။
ဖိုးဖိုးဝမ်က မီးဖိုချောင်သုံး ဓားဂိုဏ်း၏ အကြီးအကဲ (ဝါ) ကျန်းပိုင်၏ ဖခင်လည်း ဖြစ်သည့် ကျန်းဟိုင်ဖူ နှင့် အချက်အပြုတ် ကျွမ်းကျင်မှုကို ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သည်။
သတ်မှတ်ရက် နီးကပ်လာသောကြောင့် ဖိုးဖိုးဝမ်က ကျန်းပိုင်၏ ဖခင်ရှေ့တွင် သူ၏ အရည်အချင်းများကို ပြသနိုင်ရန်အတွက် ဟင်းပွဲအသစ်များကို ဖန်တီးခဲ့သည်။
ဖိုးဖိုးဝမ်က ဝမ်လင်းကို သူ၏ ဟင်းပွဲအသစ်များအား မြည်းစမ်းကြည့်ရန် တောင်းဆိုခဲ့၏။
ဤတစ်ကြိမ်တွင် ဖိုးဖိုးဝမ်က ဟင်းပွဲ အသစ်စက်စက် နှစ်ခုကို တီထွင်ခဲ့သည်။
ဖိုးဖိုးဝမ်က ဟင်းချက်ပြိုင်ပွဲများတွင် ချန်ပီယံဖြစ်ရန် အရာအားလုံးကို ပေးဆပ်ထားတတ်သည်။
အထူးသဖြင့် သူငယ်စဥ်က အလွန်ပင် အလေးအနက် ရှိသူ တစ်ဦးဖြစ်သည်။
ယနေ့အထိ သူပါဝင် ယှဉ်ပြိုင်ခဲ့သည့် ဟင်းချက်ပြိုင်ပွဲများတွင် ရှုံးနိမ့်ခြင်း မရှိသေးပေ။
သူ၏ လေးနက်သော တောင်းဆိုမှုအရ ဝမ်လင်း၊ ဖေဖေဝမ်၊ မေမေဝမ် နှင့် ထွင်ထျန်းဟာတို့က အတူတကွ စုရုံးခဲ့ကြသည်။
"ကျန်းဟိုင်ဖူက မီးဖိုချောင်သုံး ဓားဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်တဲ့အပြင် အစားအသောက်နဲ့ အဖျော်ယမကာ လုပ်ငန်းနယ်ပယ်မှာ နာမည်ကြီး တစ်ယောက်ပဲ.. အဖေ အလုပ်လုပ်ခဲ့တဲ့ Kikkaro စားသောက်ဆိုင်က သူ့မိသားစု စီးပွားရေးပဲ.. အဖေ အဆင်ပြေပါ့မလား"
ဖေဖေဝမ်က သံသယစိတ်များကို မဝံ့မရဲ ပြောရင်း ထမင်းစားပွဲ၌ နာခံမှုရှိစွာဖြင့် ထိုင်နေသည်။
သူက အစောပိုင်းတွင် ဖောင်းထုသူများကို ပျော်ရွှင်စွာ တိုက်ခိုက်ခဲ့ပြီး တစ်ဖက်လူ၏ မိသားစုကို ဆွေဆက်မျိုးဆက် ၁၈ဆက်လုံး ကျိန်ဆဲပြီးနောက်တွင် အောက်ထပ်သို့ ဆင်းလာခြင်း ဖြစ်သည်။
ဖိုးဖိုးဝမ်က စားပွဲပေါ်မှ ဟင်းပွဲများကို သတ္တုပန်းကန်ပြားကို ပြောင်းပြန်လှန်၍ ဖုံးအုပ်ထား၏။
"ဘာဂရုစိုက်ရမှာလဲ.. ငါက သူ့ရဲ့ နာမည်ကျော် စားသောက်ဆိုင်မှာ နှစ်သုံးဆယ်ကျော် စားဖိုမှူး လုပ်ခဲ့ပြီး သူတို့ကို ဟင်းပွဲတွေ အများကြီး ဖန်တီးပေးခဲ့တဲ့ ဂန္တဝင်စားဖိုမှူးကြီးပဲ"
ဖေဖေဝမ်က နှုတ်ဆိတ်နေခဲ့သည်။
"............."
ထို့နောက် ဖိုးဖိုးဝမ်က စားပွဲပေါ်ရှိ ပထမပန်းကန်ကို ဖုံးထားသည့် ပန်းကန်ပြားအား ရုတ်သိမ်းလိုက်သည်ကို အားလုံးက မြင်လိုက်ရသည်။
ပထမဟင်းပွဲက အသားဓာတ်များ ကြွယ်ဝစွာ ပြည့်နှက်နေသည့် စွပ်ပြုတ် ဖြစ်သည်။
ထို့အပြင် စွပ်ပြုတ်က ဝိညာဉ်စွမ်းအားများဖြင့် ပြည့်လျှံနေပြီး အနံ့က ဝိညာဉ်ချီများကိုပင် ဆွဲဆောင်နိုင်၏။
ဖေဖေဝမ်က သောက်ရန် မစောင့်ဆိုင်းနိုင်တော့၍ တစ်ဇွန်းမျှခပ်မြည်းလိုက်သည်။
သူ၏ ပင်ပန်းနွမ်းနယ်မှုက တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
"ဒါက ဘာစွပ်ပြုတ်လဲ အဖေ"
ဖေဖေဝမ်က ဖိုးဖိုးဝမ် အံ့ဖွယ်ကိစ္စကို ဖန်တီးထားသကဲ့သို့ စိုက်ကြည့်လိုက်သည်။
ဖိုးဖိုးဝမ်က သူ့မုတ်ဆိတ်မွှေးများကို ပွတ်သပ်၍ ပြုံးပြလိုက်၏။
"ထူးခြားတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ဖို့ဆိုရင် ပြိုင်ဘက်ကင်း ဟင်းပွဲတွေကို ဖန်တီးနိုင်ဖို့ လိုအပ်တယ်.. ဒါက သာမန် စွပ်ပြုတ်တစ်ပွဲလို့ ထင်ကောင်း ထင်နိုင်ပေမယ့် အထဲမှာ အသုံးပြုထားတဲ့ အသားတွေက မျောက်တွေရဲ့ အူနဲ့ အင်္ဂါ အစိတ်အပိုင်းတွေပဲ.. ငါမျောက်သား ရှာနေတာ ကြာပြီ.. ဒါပေမယ့် ငါ့သူငယ်ချင်းက ရှာတွေ့ခဲ့မယ်လို့ မထင်ခဲ့မိဘူး"
ထိုစကားကို ကြားလျှင် မေမေဝမ်က စွပ်ပြုတ်ကို တစ်ဇွန်းမျှ သောက်ကြည့်လိုက်ပြီး ချီးမွှမ်းလိုက်သည်။
"အားပါး.. အရမ်းကောင်းတာပဲ"
"အံ့သြစရာပဲ"
ဖေဖေဝမ်က လက်မ ထောင်ပြလိုက်သည်။
"အဖေ.. ဒီစွပ်ပြုတ်ကို ဖန်တီးဖို့ စိတ်ကူးကို ဘယ်ကနေ ရလာခဲ့တာလဲ"
ဖိုးဖိုးဝမ်က ဖေဖေဝမ်ကို လှမ်းကြည့်လိုက်သည်။
"တကယ်တော့ ဟင်းချက်တာက မင်းဝတ္ထုရေးတာနဲ့ ဆင်တူတယ်.. ဒီစွပ်ပြုတ်က လက်တွေ့ဘဝကနေ ဖြစ်တည်လာတာပဲ.. လွန်ခဲ့တဲ့ ရက်တွေက ဘလက်လစ် သွင်းခံရတဲ့ အာဖရိကမျောက်ခေါင်း လို့ခေါ်တဲ့ တိုက်ရိုက်ထုတ်လွှင့်သူ အကြောင်းကို ကြားပြီး ဒီဟင်းချိုအတွက် စိတ်ကူးရခဲ့တာပဲ"
"ဒီဟင်းချိုကို အာဖရိက မျောက်ခေါင်း စွပ်ပြုတ် လို့ခေါ်တယ်"
ဝမ်လင်း "............"
ဖေဖေဝမ် "ဒါဆို ဒုတိယ ဟင်းပွဲကရော ဘာကိုအတုယူပြီး စိတ်ကူးရခဲ့လဲ"
ဖိုးဖိုးဝမ် "ပထမ ဟင်းပွဲအတွက် ငါ့ရဲ့ စိတ်ကူးကတော့ လူသားနှင့် တောရိုင်း ပထမတွဲက အာဖရိကမျောက်များရဲ့ ဂြိုလ်ပေါ်တက်ခြင်း အစီအစဉ်ကပဲ.."
"ဒုတိယဟင်းလျာကိုတော့ လူသားနှင့် တောရိုင်း ဒုတိယတွဲဖြစ်တဲ့ ခုနစ်လက်မလောက်ရှိတဲ့ မြွေကို ထုရိုက်ခြင်း အစီအစဥ်ကနေ အကြံဥာဏ်ရခဲ့တယ်.."
မေမေဝမ် နှင့် ဖေဖေဝမ် "............"
ဖိုးဖိုးဝမ် "ဒါကြောင့် ငါ့ရဲ့ ဒုတိယဟင်းကို မြွေရေခွံစွပ်ပြုတ်လို့ အမည်ပေးထားတယ်"
ဝမ်လင်း"............."