← Chapters

ကမ္ဘာဆီသို့ မိစ္ဆာဓားနတ်ဘုရား ခြေလှမ်းခြင်း

Vol. 30 Ch. 436

ကမ္ဘာဆီသို့ မိစ္ဆာဓားနတ်ဘုရား ခြေလှမ်းခြင်း

Vol. 30 Ch. 436

နေရာလွတ် အကဲဖြတ်မှုသည် အချိန် အတိုင်းအတာတစ်ခု လိုအပ်သည်။

တာအို၀တ်စုံကို အတိုင်းအတာမျဉ်းနှင့် ချိတ်ဆက်ပြီး ဆယ်မိနစ်ခန့် အကြာတွင် ကျိုက်ယန်က တာအိုဝတ်စုံ အစုတ်အပြဲကို ဗုံးပစ်စီနီယာ အင်မော်တယ်ဆီ ပြန်ပေးခဲ့သည်။

ကျိုက်ယန်ကို ယောက်ျားလေးဟု အမြဲ တွေးထားသောကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က သူမအား ပြောဆိုသည့်ပုံစံကို ပြောင်းလဲရန် ကျင့်သားမရသေးပေ။

"ညီနောင် ကျိုက်ယန်..."

"............."

ကျိုက်ယန်၏ စူးရှသော အကြည့်အောက်တွင် အဖြူရောင် ၀တ်စုံဝတ်ထားသော လူငယ်က ချွေးများထွက်လာပြီး စုတ်ပြဲနေသော တာအိုဝတ်စုံဖြင့် ချွေးများကို သုတ်လိုက်သည်။

"ညီနောင်ကျိုက်ယန် အကဲဖြတ်မှုရလဒ်က ဘယ်လိုလဲ"

ကျိုက်ယန်က ဗုံးပစ်စီနီယာ အင်မော်တယ် ဖြစ်ပျက်နေသည့်အခြေအနေကို လျစ်လျူရှုကာ ပြန်ပြောလိုက်သည်။

"တာအိုဝတ်စုံက ဓားချီရဲ့ အချက်အလက်ကိုတော့ ထုတ်ယူ ပြီးသွားပြီ.. အချိန်နည်းနည်း ယူရမယ်.. အကဲဖြတ်အစီရင်ခံစာက နှစ်ဆယ့်လေးနာရီ အတွင်း ထွက်လာလိမ့်မယ်"

သူမက ဗုံးပစ်စီနီယာ အင်မော်တယ်ကို စိုက်ကြည့်လိုက်သည်။

"ပြန်ချင်ပြန်သွားလို့ရပြီ.. တစ်ခုခုထူးရင် အကြောင်းကြားပေးမယ်"

ထိုစကားကြောင့် တစ်ဖက်မှ ဝမ်မင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"နှစ်ဆယ့်လေးနာရီလား.. အဓိပ္ပါယ်မရှိတာ.."

ကျိုက်ယန်၏ အကြည့်များက အေးခဲသွားသည်။

"ငါပြောတာ နှစ်ဆယ့်လေးနာရီဆို နှစ်ဆယ့်လေးနာရီပဲ.. နင် အဓိပ္ပါယ်မရှိဘူး ထင်ရင် ငါနင့်စက်ကို ရိုက်ချိုးပစ်လိုက်မယ်"

ဝမ်မင် နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားသည်။

"ဒီမိန်းမ ဆေးမှားသောက်မိလို့လား

ဗုံးပစ်စီနီယာ အင်မော်တယ် "............."

တစ်နည်းနည်းဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ဤလူနှစ်ယောက်၏ ပတ်ဝန်းကျင်တွင် အလွန်ထူးဆန်းသော ရုန့်ရင်းသည့် အော်ရာကို ခံစားလိုက်ရသည်။

တကယ်တမ်းတွင် ကျိုက်ယန် အဘယ်ကြောင့် ယခုလောက်အထိ ဒေါသထွက်နေမှန်း သူ အကြမ်းဖျင်း ခန့်မှန်းနိုင်၏။

ဤအချိန်တွင် ဝမ်မင် နှင့် ကျိုက်ယန် မှလွဲ၍ အခြားမည်သူမျှ သုတေသနဌာနတွင် မရှိခဲ့ပေ။

ဝမ်မင်၏ သုတေသနဌာနရှိ အခြားသော ကျွမ်းကျင်ပညာရှင် အားလုံးကို ယခုတစ်ပတ်တွင် နေရာအနှံ့ ကွင်းဆင်းလေ့လာရန် စေလွှတ်ထားပြီး နှစ်ရက် သို့မဟုတ် သုံးရက် မှသာ ပြန်လာမည်ဟု ဝမ်မင် သူ့ကို ပြောဖူးသည်။

သူက အမှန်တရား၏ အလင်းရောင် ဖြစ်သည်။

ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် မဟာ သေမင်းတမန် စီနီယာ အဖြစ် လူများစွာက သူ့ကို လေးစားရသည့် အကြောင်းရင်းမှာ သူ၏ တရားမျှတမှု အပြင် လူမှုဆက်ဆံရေးတွင် လိမ်မာပါးနပ်ခြင်းကြောင့် ဖြစ်သည်။

ခေတ်မီကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတွင် လူမှုဆက်ဆံရေးညံ့ဖျင်းသည့် သူများမှာ အသက်ရှည်လေ့ မရှိပေ။

ဤအသိုင်းအဝိုင်းတွင် "ပတ်ဝန်းကျင် အခြေအနေကို ဖတ်တတ်ရန်" သင်ယူခြင်းသည် အလွန်အရေးကြီးသော အရာ ဖြစ်သည်။

ဤလူနှစ်ယောက်၏ အမူအရာများကို ကြည့်လိုက်သည်နှင့် ၎င်းတို့ကြား၌ တစ်ခုခုမှားယွင်းနေမှန်း သူရိပ်စားမိ၏။

၎င်းတို့၏ "ပျော်ရွှင်စရာအချိန်"ကို အနှောင့်အယှက် ပြုမိသွားပြီဟု သူ သိလိုက်သည်။

"ဒါဆိုလည်း ညီနောင်ဝမ်မင်.. ငါ အရင်ပြန်နှင့်တော့မယ် သတင်းရမှပဲ ဆက်သွယ်လိုက်တော့"

ဝမ်မင် "မင်း အဆင်ပြေရဲ့လား"

ဗုံးပစ်စီနီယာ အင်မော်တယ် ခေါင်းခါယမ်းလိုက်သည်။

"ကိစ္စမရှိဘူး အဆင်ပြေပါတယ်.. ညီနောင်ဝမ်မင်နဲ့ မိန်းကလေး ကျိုက်ယန်တို့ ကြားက ကိစ္စက ပိုအရေးကြီးပါတယ်"

ဝမ်မင် "အမ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က အရာအားလုံးကို သိနားလည်သော အမူအရာဖြင့် ဝမ်မင်၏ ပုခုံးကို ပုတ်လိုက်သည်။

"ငါမင်းကို မနှောင့်ယှက်တော့ဘူး.. ဒါပေမယ့် ညီနောင်ဝမ်မင်.. မင်း မိန်းကလေးကျိုက်ယန်နဲ့ တစ်ခုခုလုပ်တဲ့ အခါကျရင် ဂရုစိုက်ပြီးလုပ်နော်"

ဝမ်မင် "...???..."

ထိုစကားကို ပြောပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်မင်ကို ခပ်တိုးတိုး ပြောလိုက်သည်။

"ငါ့မှာ စွမ်းအား ထိန်းချုပ်မရတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်.. သူက ဟိုကိစ္စ လုပ်တဲ့အခါ ပြင်းအား ဆယ်ဆရှိတဲ့ ငလျင်ကို ဖြစ်စေခဲ့မိတယ်"

"ညီနောင်ဝမ်မင်.. မင်းရဲ့ နယ်ပယ်အဆင့်နဲ့ဆို ဂရုစိုက်ဖို့ လိုလိမ့်မယ်.. မင်း ဂရုမစိုက်မိရင် သုတေသနဌာနကြီး တစ်ခုလုံး ပြိုကျသွားလိမ့်မယ်"

ဝမ်မင် "..........."

ကျိုက်ယန်"..........."

...............

သုတေသနဌာနမှ ထွက်လာပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။

ဝမ်မိသားစု အိမ်ငယ်လေး၏ ထမင်းစားပွဲတွင် စီနီယာကြီး ဝမ်က ဘရိုကိုလီ တစ်ပန်းကန်ကို ပန်းကန်ထဲ ထည့်ထားပုံအား သူပြန်သတိရမိသည်။

ထိုအချိန်ကပင် ဗုံးပစ်စီနီယာ အင်မော်တယ်က စီနီယာကြီးဝမ် ၏ အကြည့်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဘရိုကိုလီ မည်မျှထူးခြားသည်ကို ခံစားသိရှိခဲ့သည်။

ဤတစ်ကြိမ်တွင်လည်း သူက ဝမ်မင်တို့ နှစ်ယောက်၏ လျှို့ဝှက်ချက်ကို ၎င်းတို့၏ အမူအရာများက တစ်ဆင့် ဖော်ထုတ်နိုင်ခဲ့သည်။

[ဘာမှတ်နေလဲ.. ငါက ဉာဏ်ကြီးရှင် တစ်ယောက်ပဲကွ]

..................

တစ်ချိန်တည်းမှာပင် အမည်မသိ နေရာတစ်နေရာတွင်..

ဤသည်မှာ ဖြူမည်း ကမ္ဘာတစ်ခု ဖြစ်သည်။

တိမ်တွေ အကုန်လုံးက မီးခိုးရောင် ဖြစ်နေပြီး နေရာအနှံ့ မှောင်မိုက်နေ၏။

တောင်ထိပ်တစ်ခုတွင် အနက်ရောင် ဆံပင်ရှည်နှင့် လူငယ်တစ်ဦးက အနက်ရောင် ကျောက်တုံးကြီးပေါ်တွင် မတ်တပ်ရပ်နေသည်။

ထိုလူငယ်၏ မျက်လုံးထောင့်တွင် ထူထဲသော မျဥ်းကြောင်း တစ်ကြောင်း ရှိပြီး မနှစ်မြို့ဖွယ်ကောင်းသော စိမ်းပြာရောင် သွေးကြောမျှင်များက ပါးပြင်မှ လည်ပင်းနောက်ဘက် အထိ ပျံ့နှံ့နေပြီး အလွန်မိစ္ဆာဆန်သော ပုံသဏ္ဌန်ကို ပံ့ပိုးပေးနေ၏။

"အင်မော်တယ်ကျန်းရွမ်.. မင်းငါ့ကို လှည့်စားလို့မရဘူး.. အင်မော်တယ် ရတနာအိမ်ရဲ့ ဝင်ပေါက်က ဒီမှာပဲ.. မင်းဒီကို ရောက်နေတာ ငါသိတယ်.. မင်းထွက်မလာဘူးလား.. ဒီဂျူနီယာကို လာထွက် မတွေ့ဘူးလား"

မိစ္ဆာဆန်သော လူငယ်က မျက်လုံးပေါက် ကျဥ်းမြောင်းသွားသည်အထိ လှောင်ရယ်လိုက်သည်။

သူ့အသံက ကျယ်လောင်သည်ဟု မယူဆနိုင်သော်လည်း စူးရှလွန်းသဖြင့် တစ်ကမ္ဘာလုံးသို့ ပဲ့တင်ထပ်သွား၏။

ဤသည်မှာ အဆင့်လွန် အသံလှိုင်း မှော်စွမ်းရည် ဖြစ်သည်။

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်အောက်မှ ကျင့်ကြံသူများဆိုလျှင် ဤပေါက်ကွဲထွက်လာသော အသံလှိုင်း ဝိညာဉ်စွမ်းအားကို ခံနိုင်ရည် မရှိနိုင်ဘဲ တိုက်ရိုက် ပေါက်ကွဲကာ သေဆုံးရမည် ဖြစ်သည်။

ဤနေရာ၌ သက်ရှိသတ္တဝါများ မရှိသည်ကို သူရှင်းရှင်းလင်းလင်း သိသော်လည်း အသံလှိုင်း မှော်စွမ်းရည်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့၏။

ယင်းက တစ်ဖက်လူ ဒေါသထွက်ပြီး သူ့ကို ထွက်တွေ့ရန် အတွက် ဖြစ်သည်။

တစ်ဖက်လူက အင်မော်တယ်ကျန်းရွမ် ဖြစ်နေပါစေ၊ သူ၏ အသံလှိုင်းစွမ်းအားကို ခံစားသွားစေရပေမည်။

သူ့လို မိစ္ဆာဓားနတ်ဘုရားက အနန္တတန်ခိုးရှင် ဖြစ်၍ သူ၏ စကားများသည် အရှိန်အဟုန် ရှိရမည် မဟုတ်ပါလား။

သို့သော် အချိန်အတော်ကြာပြီး နောက်တွင်ပင် တစ်ဖက်မှ တုံ့ပြန်မှု မရှိခဲ့ပေ။

ဤနေရာတွင် အင်မော်တယ်ကျန်းရွမ် ရှိနေကြောင်း သူ အလွန်သေချာသည်။

အကယ်၍ ဤကမ္ဘာ၌ မရှိခဲ့လျှင်ပင် သေချာပေါက် အနီးကပ် စောင့်ကြည့်နေမည်ဟု သူယုံကြည်ထား၏။

တစ်မိနစ်ခန့် အကြာတွင် မိစ္ဆာဆန်သော လူငယ်က ကောင်းကင်မှ ဝိညာဉ်ရေး ဖိအားများ ကျဆင်းလာသည်ကို ခံစားခဲ့ရပြီး သူ၏ အသံလှိုင်းမှော်စွမ်းရည်က ဖိနှိပ်ခံလိုက်ရကြောင်း သဘောပေါက်လိုက်သည်။

"အင်မော်တယ်ကျန်းရွမ်.. ငါ့ရဲ့ အသံလှိုင်းပဲ့တင်သံ မှော်စွမ်းရည်ကို ဖိနှိပ်နိုင်မယ်လို့ မင်းထင်လား..."

"ငါ့ရဲ့ အသံလှိုင်း ပဲ့တင်သံ မှော်စွမ်းရည်ကို ဖိနှိပ်နိုင်မယ်လို့ မင်းထင်လား"

"ငါ့ရဲ့ အသံလှိုင်း ပဲ့တင်သံ မှော်စွမ်းရည်ကို ဖိနှိပ်နိုင်မယ်လို့"

"ငါ့ရဲ့ အသံလှိုင်း ပဲ့တင်သံ မှော်စွမ်းရည်ကို"

"ငါ့ရဲ့ အသံလှိုင်း"

"ငါ့ရဲ့"

အင်မော်တယ်ကျန်းရွမ် "............."

...................

ငါးမိနစ်ခန့် အကြာတွင် မိစ္ဆာဓားနတ်ဘုရားက ကောင်းကင်ကို မော့ကြည့်ကာ ခနဲ့တဲ့တဲ့ ရေရွတ်လိုက်သည်။

"တကယ်ပဲ ငါ့ကို ခြေရာခံဖို့ ဓားချီကို အသုံးချရဲတဲ့ ဂျူနီယာတစ်ယောက် ရှိနေပါလားဟေ့.. ရယ်စရာ ကောင်းလွန်းတယ်"

ဓားတာအို၏ စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်သောကြောင့် မိစ္ဆာဓားနတ်ဘုရားက ဓားချီ၏ ပုံစံကို ရှင်းရှင်းလင်းလင်း သိရှိနိုင်သည်။

သူ့စိတ်ထဲတွင် ပိုက်ကွန်နှင့် တူသည့် ဇယားကွက်ကြီးကိုပါ ရှင်းရှင်းလင်းလင်း မြင်နေရ၏။

"ဓား.. လာခဲ့စမ်း"

မိစ္ဆာဓားနတ်ဘုရားက စိတ်နှလုံးထဲကနေ ကျယ်လောင်စွာ ရေရွတ်လိုက်သည်။

သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် မရေမတွက်နိုင်သော အလင်းမှုန်များ ပေါင်းစည်းသွားပြီး သူ့လက်ထဲ၌ ခရမ်း အနက်ရောင် ဝိညာဉ်ဓားအဖြစ် ပေါင်းစပ်သွားခဲ့သည်။

ဤသည်မှာ ဝိညာဉ်ဓား အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးမှာရှိသည့် ဓားတစ်လက် ဖြစ်သည်။

မိစ္ဆာဓားနတ်ဘုရားက လက်ထဲမှဓားဖြင့် လေထဲသို့ ပေါ့ပါးစွာ ခုတ်ထစ်လိုက်သည်။

ထိုခဏဝယ် အာကာပြင် အက်ကွဲသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဤသည်မှာ မိစ္ဆာဓားနတ်ဘုရားက ဓားတာအို၏ စွမ်းအားကို အသုံးပြု၍ အာကာပြင်ကို အက်ကွဲစေခဲ့ခြင်း ဖြစ်၏။

သူက အာကာပြင်ကို ဖွင့်လှစ်ရန် ဓားချီကို အသုံးပြုပြီးနောက်တွင် သူအလိုရှိတိုင်း လွတ်လပ်စွာ သွားရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။

သူက လေထဲကို မော့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အင်မော်တယ်ကျန်းရွမ်.. ဒီရိုင်းစိုင်းတဲ့ ဂျူနီယာကို ဖြေရှင်းပြီးရင် ငါ မင်းကို ထပ်လာရှာမယ်"

"ဂျူနီယာကို ဖြေရှင်းပြီးရင် ငါ မင်းကို ထပ်လာရှာမယ်"

"ငါ မင်းကို ထပ်လာရှာမယ်"

"မင်းကို ထပ်လာရှာမယ်"

"ထပ်လာရှာမယ်"

"မင်းဆီ ငါထပ်လာခဲ့မယ်"

"ငါထပ်လာခဲ့မယ်"

"ထပ်လာခဲ့မယ်"

ထို့နောက်တွင် မိစ္ဆာဓားနတ်ဘုရားက သူ့ဓားနဲ့အတူ အာကာပြင် အက်ကွဲကြောင်း ထဲသို့ ဝင်ရောက်သွားခဲ့သည်။

အင်မော်တယ်ကျန်းရွမ် "သောက်ရူးကောင်ပဲ.."

All Chapters