ဗုံးပစ်စီနီယာ အင်မော်တယ်၏ သေခြင်းတရားလား
Vol. 30 Ch. 439
ဝမ်မိသားစု၏ အိမ်ငယ်လေးဆီ ပုံမှန်လမ်းကြောင်းအတိုင်းသွားလျှင် အိမ်ကလေးဆီသို့ ရောက်ရန် ဆယ့်ငါးမိနစ်အောက်သာ အချိန်ယူရသည်။
ယခုမူ ဗုံးပစ်စီနီယာ အင်မော်တယ်က ထိုလမ်းကြောင်းအတိုင်း တိုက်ရိုက်သွားရန် မဖြစ်နိုင်တော့ပေ။
မိစ္ဆာဓားနတ်ဘုရား၏ ရက်စက်ကြမ်းကြုတ်သော စရိုက်ကို တွေးတောကာ အပြစ်မဲ့ လမ်းသွားလမ်းလာများကို မထိခိုက်စေလိုချေ။
ထို့ကြောင့် သူက သူ၏ တောက်ပသော အောင်ပွဲခံဓားကို စီးနင်း၍ လူနေကျဲပါးသော နေရာများမှ တစ်ဆင့် လှည့်ပတ်၍ သွားလာခဲ့၏။
သို့သော် ထိုသို့လုပ်လျှင် မိနစ်လေးဆယ်မှသာ ဝမ်မိသားစု အိမ်ငယ်လေးဆီသို့ သူရောက်ရှိနိုင်မည် ဖြစ်သည်။
ယနေ့ သူ အသက်ရှင်မရှင်.ဆိုသည်မှာ ဤမိနစ်လေးဆယ်ပေါ်တွင်သာ မူတည်သည်။
ထိုအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ယာဉ်ထိန်းရဲ မဟန့်တားစေရန် မျှော်လင့်ခဲ့သည်။
သူ၏ ပျံသန်းနှုန်းက ကန့်သတ်ချက်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
ယာဥ်ထိန်းရဲများ၏ လှည့်ဖြားခံရခြင်းနှင့် အကျင့်ပျက်ခြစားခံရခြင်း၊ ဒဏ်ကြေးပေးဆောင်ရခြင်း သို့မဟုတ် ၎င်း၏ ယာဥ်မောင်းလိုင်စင်ကို ရုတ်သိမ်းခံရခြင်းတို့သည် သေခြင်းရှင်ခြင်း ကိစ္စနှင့် ယှဥ်လျှင် သေးငယ်သည့် ကိစ္စများသာ ဖြစ်၏။
မိစ္ဆာဓားနတ်ဘုရားက အစမှအဆုံးအထိ လှုပ်ရှားမှုမရှိခဲ့ပေ။
သူ့မျက်လုံးထဲတွင် နတ်ဆိုး ခရမ်းရောင် အလင်းတန်းများ စတင် တောက်ပလာသည်။
၎င်းက ခရမ်းရောင် ထောက်လှမ်းရေး နတ်ဆိုးမျက်လုံး ကျင့်စဥ်၏ အကိုင်းအခက်တစ်ခု ဖြစ်သည့် "မိုးကုတ်စက်ဝိုင်းကို မျက်လုံးတစ်ဖက်ဖြင့် ကြည့်ခြင်း" ဟုခေါ်သော နည်းစနစ်တစ်ခု ဖြစ်သည်။
ထိုအချိန်က သူ့ဆရာကို သူ့လက်ဖြင့် ကိုယ်တိုင် သတ်ဖြတ်ပြီးနောက် သူ၏ ဒုတိယ ပစ်မှတ်မှာ သူ့ဆရာနှင့် ဆက်ဆံရေးကောင်းများရှိသည့် ထန်ဂိုဏ်း ဖြစ်သည်။
ထိုအချိန်က ထန်ဂိုဏ်း၏ ဆယ့်ကိုးဆက်မြောက် သခင်၏ တပည့် ထန်ရှစ်ကျိုး နှင့် ရင်ဆိုင်ခဲ့ရပြီး သူ၏ ခရမ်းရောင် စုံစမ်းစစ်ဆေးရေး နတ်ဆိုး မျက်လုံးများ ထုတ်ယူခံခဲ့ရသည်။
နောက်ပိုင်းတွင် သူမျက်လုံးများကို မှော်မျက်လုံးဖြင့် ပြုပြင်ခဲ့၏။
ယင်းမှော်မျက်လုံးတစ်စုံနှင့် "မိုးကုတ်စက်ဝိုင်းကို မျက်လုံးတစ်ဖက်ဖြင့် ကြည့်ခြင်း" ဟူသော မျက်လုံးနည်းစနစ်ကို အသုံးပြုကာ အဝေးမှ ကြည့်၍ မြင်နိုင်ခဲ့သည်။
"လူသူကျဲပါးတဲ့ နေရာတွေကို ဦးတည်ပြီး သွားနေတာလား.. စိတ်ကူးကောင်းသားပဲ.. ကံဆိုးတာက ဒါက ငါ့ကို တားဆီးဖို့ အသုံးမဝင်ဘူး"
မိစ္ဆာဓားနတ်ဘုရားက စိတ်နှလုံးထဲကနေ လှောင်ပြောင်လိုက်၏။
သူက နေရာမှာပင် တည်ငြိမ်စွာ မတ်တပ်ရပ်နေပြီး လက်တစ်ဖက်ကို ဟန်ပါပါနောက်ပစ်ကာ ကျန်လက်တစ်ဖက်ဖြင့် အာကာပြင်ကို ဆွဲဖြဲလိုက်သည်။
"စိတ်ဝင်စားဖို့ ကောင်းတယ်.. ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ မင်းက မျိုးမစစ်လေးပဲ"
အာကာပြင်ကို ဆွဲဖြဲ၍ ဖွင့်လှစ်ပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပြေးလမ်းကြောင်းကို တွက်ချက်ပြီးနောက် အာကာပြင် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ကာ ပျောက်ကွဲသွားခဲ့သည်။
လေထဲတွင် ဓားပျံကို အရှိန်ပြင်းပြင်းဖြင့် စီးနင်းနေသော.ဗုံးပစ်စီနီယာ အင်မော်တယ်က ချက်ချင်းပင် ထိတ်လန့်သွားသည်။
သူ့ကိုယ်သူ အတော်လေး ဝေးလာပြီဟု ထင်ခဲ့သော်လည်း မိစ္ဆာဓားနတ်ဘုရားထံမှ တစ်ချိန်လုံး တွန်းအားပေးနေသည့် ဖိအားက မပျောက်ကွယ်သေးပေ။
မျက်လုံးတစ်စုံက သူ့နောက်ကျောကို စူးစိုက်ကြည့်နေသလို ခံစားနေရသည်။
"ညီနောင်လင်းရဲ့ အိမ်ကို မရောက်သေးတဲ့အထိ တောင့်ထားရမယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က သွားများကို အံကြိတ်ကာ မှော်ဂါထာများကို ရွတ်ဆိုရင်း အနက်ရောင် လက်ပစ်ဗုံးအများအပြားကို အဆက်မပြတ် ပစ်ချလိုက်သည်။
"ကောင်းကင်ဗုံးရဲ့ အဆင့်မြင့်ဗားရှင်း"
တစ်ခဏအတွင်း ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
စက္ကန့်ပိုင်းမှာပင် ကောင်းကင်၏ မိုင်ထောင်ပေါင်းများစွာ အတွင်း မီးခိုးမြူများ ပြည့်နှက်နေခဲ့သည်။
"ဝုန်း.. ဝုန်း.. ဝုန်း"
ကောင်းကင်ဗုံး၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းက နားမခံသာအောင် ဖြစ်ပြီး ၎င်းဖန်တီးထားသည့် ထူထဲသော မီးခိုးမြူကလည်း သာမန်မဟုတ်ပေ။
ယင်းက လူအများကို ခဏတာ အမြင်အာရုံ ဆုံးရှုံးစေ၏။
အာကာပြင် အက်ကွဲကြောင်းကနေ ထွက်လာသောအခါ
မိစ္ဆာဓားနတ်ဘုရားက မီးခိုးမြူများဖြင့် ဖုံးလွှမ်းနေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။
"ကောင်းကင်ဗုံးလား"
မိစ္ဆာဓားနတ်ဘုရားက အေးစက်စွာ ရေရွတ်လိုက်သည်။
သူက လှုပ်ရှားမှု မပြုသေးဘဲ အသံလှိုင်း မှော်စွမ်းအားဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဂျူနီယာ.. ဒီမီးခိုးမြူလောက်နဲ့ ငါ့ကို တားနိုင်မယ်လို့ ထင်နေလား"
နောက်ထပ် အခိုက်အတန့်တွင် နဂါး မျက်လုံးများကဲ့သို့ သူ၏ ခရမ်းရောင် ထောက်လှမ်းရေး နတ်ဆိုးမျက်လုံးများမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး မီးခိုးမြူများကြားထဲ တည့်မတ်စွာ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
"ဟူးလား"
ခရမ်းရောင် စုံစမ်းစစ်ဆေးရေး နတ်ဆိုးမျက်လုံးများက မိုင်ထောင်ချီ ပျံ့နှံ့နေသော မီးခိုးမြူများကို ဖယ်ရှားပစ်လိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဤမြင်ကွင်းကို မြင်သောအခါ တုန်လှုပ်သွားသည်။
သူ၏ ကောင်းကင်ဗုံးက ဘိုးဘွားစဉ်ဆက် လျှို့ဝှက်လက်နက်ဖြစ်သည်။
ထိုအချိန်က သူ့ဘိုးဘေး၏ ခေါင်းကိုင်ဖခင်သည် ထန်ဂိုဏ်းမှဆင်းသက်လာသူ ဖြစ်ပြီး ကောင်းကင်ဗုံးအား အထူးကောင်းမွန်အောင် ပြုလုပ်ပေးခဲ့သည်။
သာမန် ကောင်းကင်ဗုံးက ဟင်းလင်းပြင် မွမ်းမံခြင်းအဆင့် ကျင့်ကြံသူကို မျက်ခြေဖြတ်ရန် လုံလောက်သည်။
ထိုထက် ပိုမိုကောင်းမွန်သော ဗားရှင်းကမူ ပကတိအင်မော်တယ်ကိုပင် နှောင့်နှေးစေနိုင်၏။
အနည်းဆုံး ခဏမျှတော့ အချိန်ဆွဲနိုင်မည် ဖြစ်သည်။
သူသယ်လာတဲ့ လက်ကျန်ဗုံး လေးခုလုံးကို သုံးပြီးသွားပြီ ဖြစ်၏။
သို့သော် မိစ္ဆာဓားနတ်ဘုရားက ထူထပ်သော မီးခိုးမြူများကို အလွယ်တကူပင် ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။
ဤသည်ကို အခြေခံ၍ မိစ္ဆာဓားနတ်ဘုရား၏ တိုက်ပွဲဝင်စွမ်းရည်က ပကတိအင်မော်တယ် အဆင့်ကို ကျော်လွန်နေပြီ ဖြစ်ကြောင်း သူဆုံးဖြတ်နိုင်ခဲ့သည်။
ရှင်းလင်းစွာ ဆိုရလျှင် မိစ္ဆာဓားနတ်ဘုရားက အင်မော်တယ်အရှင်မြတ် အဆင့်နှင့် အလွန်ပင် နီးစပ်နေပြီ ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ထွက်ပြေးရင်း ချွေးများ တသွင်သွင် စီးကျလာသည်။
သူက စိတ်ထဲကနေ သက်ပြင်းချမိလိုက်ပြီး စိတ်ပျက်အားငယ်သလို ခံစားလိုက်ရသည်။
ဤသည်မှာ အလွန်ဆိုးရွားသော ဟောကိန်းမှ ဖြစ်ပေါ်လာသော သေခြင်းရှင်ခြင်း ပြဿနာပင်လော။
အမှန်စင်စစ် ရှေးခေတ်ကတည်းက အလွန် ဆိုးရွားလှသော ဟောကိန်းကို လက်ခံရရှိသူ မည်သူမဆို လွတ်မြောက်ခဲ့သည်ဟု သူမကြားဖူးပေ။
အဖြူရောင်ဝတ် လူငယ်လေးက ပြေးမလွတ်တော့မှန်း တွက်ဆမိလိုက်ပြီး ဝမ်မိသားစု၏ အိမ်ငယ်လေး ရှိသည့် အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်သည်။
သူက ယခုမှ လမ်းတစ်ဝက်မှာသာ ရောက်သေး၏။
သူ့အတွက် ထွက်ပြေးဖို့ အလွန် နောက်ကျနေပြီ ဖြစ်သည်။
မိစ္ဆာဓားနတ်ဘုရားက သူ့နောက်ကို လိုက်မီလာပြီ မဟုတ်ပါလား။
"မျိုးမစစ် ကျင့်ကြံသူ. လက်လျှော့လိုက်ပြီလား"
မိစ္ဆာဓားနတ်ဘုရား၏ အသံလှိုင်း မှော်စွမ်းအားကြောင့် လေထဲမှ ဗုံးပစ်စီနီယာ အင်မော်တယ်၏ ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။
သူတို့နှစ်ဦး၏ ကျင့်ကြံခြင်း အဆင့် ကွာဟချက်က အလွန် ကြီးမားလွန်း၏။
ပုံမှန်ဆိုလျှင် သူ့အနေဖြင့် မည်သို့မှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သူ မပြိုလဲဘဲ လေထဲမှာ ရပ်တည်နိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ အသားကပ်ဝတ်စုံကြောင့်ဖြစ်သည်။
မဟုတ်လျှင် သူ့အနေဖြင့် မိစ္ဆာဓားနတ်ဘုရားနှင့် စကားပြောရန်ပင် အခွင့်အရေး ရှိမည်မဟုတ်ပေ။
သူ့နေရာတွင် အဆင့်တူ အခြားတစ်ယောက် ဆိုလျှင် ထိုကဲ့သို့ ပြင်းထန်သော ဝိညာဉ်ရေး ဖိအားအောက်တွင် မတ်မတ်ရပ်နိုင်ဖို့ပင် မတတ်နိုင်လောက်ချေ။
"ဂျူနီယာက စီနီယာ မိစ္ဆာဓားနတ်ဘုရားရဲ့ စွမ်းရည်ကို ကြားဖူးတာ ကြာပါပြီ.. ဒီဂျူနီယာက စီနီယာကို အရှုံးပေးပါတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က လက်သီးကို ခပ်တင်းတင်းဆုပ်၍ ပြောလိုက်သည်။
"ဂျူနီယာ.. အချိန်ဆွဲဖို့ ကြိုးစားနေရင်အပိုပဲ.. ငါသတ်ချင်ရင် ဘယ်သူမှ ငါ့လက်ထဲကနေ လွတ်မှာ မဟုတ်ဘူး"
မိစ္ဆာဓားနတ်ဘုရားက ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
"မျိုးမစစ် ကျင့်ကြံသူ.. မင်းကို မေးပါရစေ.. မင်းဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာနဲ့ ပတ်သက်ပြီး ပြောပြပါလား"
"မင်းငါ့ကို အမှန်အတိုင်းပြောရင် မင်းကို အေးအေးချမ်းချမ်း သေနိုင်အောင် ငါလုပ်ပေးမယ်"
"ဝမ်လင်းလို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်.. ဒီချပ်ဝတ်က သူလုပ်ထားတဲ့ ချပ်ဝတ်ပဲ.. သူ့အိမ်က ဒီနေရာကနေ သိပ်မဝေးဘူး.. စီနီယာ မိစ္ဆာဓားနတ်ဘုရားသာ အသံကျယ်ကျယ်နဲ့ ငါ့ကို အော်ခေါ်ခိုင်းရင် သူသေချာပေါက် ကြားလိမ့်မယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဖြေလိုက်သည်။
အခြေအနေက ဤအထိ ရောက်လာပြီ ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က မလွတ်မြောက်နိုင်မှန်း သိသော်လည်း သူ့တွင် နောက်ဆုံး မျှော်လင့်ချက်ရောင် ခြည်တစ်ခု ရှိနေပါသေး၏။
"ဒါဆို ဘာလို့ သူ့ကို အော်မခေါ်သေးတာလဲ"
"...???..."
မိစ္ဆာဓားနတ်ဘုရားက ခနဲ့၍ ပြောလိုက်သည်။
"နောက်ဆုံးတော့လည်း မင်းက မျိုးမစစ် ကျင့်ကြံသူပဲ.. မင်းသူငယ်ချင်းကို လွယ်လွယ်နဲ့ ရောင်းစားပစ်လိုက်တယ်"
မိစ္ဆာဓားနတ်ဘုရားက ဗုံးပစ်စီနီယာ အင်မော်တယ် လိမ်ပြောနေခြင်း မဟုတ်မှန်း သိသည်။
သူ၏ ခရမ်းရောင် စုံစမ်းစစ်ဆေးရေး နတ်ဆိုးမျက်လုံးက လူတစ်ဦး၏ မျက်နှာမှ သိမ်မွေ့သော အမူအရာ ပြောင်းလဲမှုများကို ထောက်လှမ်းနိုင်၏။
ထို့ကြောင့် တစ်ဖက်လူသာ လိမ်နေလျှင် သူချက်ချင်း သိနိုင်မည် ဖြစ်သည်။
"မင်းစိတ်ချပါ.. မင်းကို ငါသတ်ပြီးရင် မင်းသူငယ်ချင်းကလည်း မင်းရှိတဲ့ ငရဲကို မကြာခင် လိုက်လာစေရမယ်"
စကားဆုံးသည်နှင့် မိစ္ဆာဓားနတ်ဘုရားက သူ့လက်ကို မြှောက်လိုက်ရာ ကောင်းကင်ပိုင်းဖြတ်ဓားက ပျံထွက်သွားခဲ့သည်။
အားလုံးပြီးသွားပြီ...
သူ့ဘဝ၏ နောက်ဆုံး အခိုက်အတန့်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်လျော့ထားလိုက်တော့သည်။
ဓား၏ ပြင်းထန်သော အလင်း၌ သူက ပုံရိပ် တစ်ခုကို မြင်လိုက်ရသည်။
သူက ဝမ်လင်းကို တွေ့လိုက်ရသလို ခံစားမိလိုက်၏။
သူ့အနေဖြင့် မိစ္ဆာဓားနတ်ဘုရား၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိ၍ ကောင်းကင်ဓား၏ အရိပ်ကိုပင် မမြင်နိုင်ခဲ့ပေ။
နောက်ထပ် အခိုက်အတန့်တွင် ကောင်းကင်ပိုင်းဖြတ်ဓားက သူ့ခန္ဓာကိုယ်အား ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး ဓားတာအို၏ စွမ်းအားက သူ့ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်ကာ သူ့ခန္ဓာကိုယ်ကို သွေးမြူများ အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
"ဟားဟား.. နောက်ဆုံးတော့ မင်းဟာ မျိုးမစစ် ကျင့်ကြံသူပဲ..
တစ်ချက်လောက် ထိုးနှက်တာကိုတောင် မခံနိုင်ဘူး"
မိစ္ဆာဓားနတ်ဘုရားက လှောင်ပြောင်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်၏ တောက်ပသော အောင်ပွဲခံဓားကို ဆွဲယူရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ဓားကိုယူပြီးနောက်တွင် သူက လီတစ်ထောင်အတွင်း စိတ်ချင်း ဆက်သွယ်၍ ပြောဆိုသော နည်းစနစ်ကို အသုံးပြုပြီး အော်ဟစ်လိုက်သည်။
"ဝမ်လင်း.. မျိုးမစစ် ကျင့်ကြံသူ ဝမ်လင်း ဘယ်မှာလဲ.. မျိုးမစစ်ကျင့်ကြံသူ ဝမ်လင်း အခုထွက်လာပြီး သေခြင်းတရားကို ရင်ဆိုင်လိုက်စမ်း"
"ထွက်လာပြီး သေခြင်းတရားနဲ့ ရင်ဆိုင်စမ်း.."
"သေခြင်းတရားနဲ့ ရင်ဆိုင်စမ်း."
ယင်းအချိန်မှာပင် သူ့အသံက ရုတ်တရက် ပြတ်တောက်သွားသည်။
အဘယ်ကြောင့်ဆိုသော် နောက်ထပ် အခိုက်အတန့်တွင် သူနှင့် ဆန့်ကျင်ဘက် အရပ်တွင် ရပ်နေသော ဆယ်ကျော်သက် တစ်ဦးကို မိစ္ဆာဓားနတ်ဘုရား မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ထို့အပြင် ဤဆယ်ကျော်သက်က ဘာမှမပြောဘဲ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်သည်နှင့် မိစ္ဆာဓားနတ်ဘုရား ရှေ့တွင် ချက်ချင်း ပေါ်လာသည်။
အဆုံးသတ်တွင် မိစ္ဆာဓားနတ်ဘုရားက အေးစက်သော ချွေးစေးများ ထွက်ပေါ်လာ၏။
ယင်းမှာ သူ၏ ခရမ်းရောင် ထောက်လှမ်းရေး နတ်ဆိုးမျက်လုံးများက လူငယ်၏ လှုပ်ရှားမှုများအား လုံးဝ ဖမ်းဆုပ်နိုင်ခြင်း မရှိသည်ကို သူနားလည်လိုက်သောကြောင့်ပင်။
မိစ္ဆာဓားနတ်ဘုရားက ဝမ်လင်းကို စိုက်ကြည့်လိုက်သည်။
"ဒါဆို မင်းက မျိုးမစစ်.."
သူ့စကားမဆုံးခင်မှာပင် ဝမ်လင်းက သူ့ပါးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
မိစ္ဆာဓားနတ်ဘုရားက လှောင်ပြောင်လိုက်သည်။
"ဟမ့် ကလေးကွက်နဲ့.."
သူက ဝမ်လင်း၏ လက်ကို ဖယ်ထုတ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော်...
နောက်ထပ် အခိုက်အတန့်မှာအင် လက်အရိုး ကွဲအက်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
လက်ဝါးက မိစ္ဆာဓားနတ်ဘုရား၏ မျက်နှာပေါ်သို့ တိကျပြတ်သားစွာ ကျရောက်သွားသည်။
သူ့မျက်နှာက မထင်မှတ်ထားသည့် နာကျင်မှုကို ခံစားလိုက်ရ၍ သနားစရာညီးညူသံပင် နှုတ်ဖျားမှ ထွက်လာသည်။
သူ့နှာခေါင်းမှ သွေးများ စီးကျလာကာ သွားများလည်း ကျွတ်ထွက်သွား၏။
အလွန်အမင်း ထိတ်လန့်နေ၍ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
သူက ဥက္ကာပျံလို အရှိန်ဖြင့် လွင့်ထွက်သွားသည်။
ဝမ်လင်းက သူ့ကို လေထဲရှိ မီတာတစ်သောင်း အမြင့်ကနေ မြေကြီးပေါ်သို့ ရိုက်ချလိုက်ခြင်း ဖြစ်၏။
ဝမ်လင်း၏ ပါးရိုက်ချက်က ဘယ်လိုမှ အဓိပ္ပါယ်မရှိသလို ယုံနိုင်စရာလည်း မရှိပေ။