သူ့ကိုသွားခုတ်လိုက်
Vol. 30 Ch. 441
ဗုံးပစ်စီနီယာအင်မော်တယ်က ဓားတာအို၏ စွမ်းအားကိုအသုံးပြုထားသော ကောင်းကင်ပိုင်းဖြတ်ဓားဖြင့် အထိုးခံရပြီးနောက် သွေးမြူများအဖြစ် ပေါက်ကွဲသွားသည့် အခိုက်အတန့်သို့ ပြန်လည် ရောက်ရှိလာသည်။
ထိုအချိန်က အလွန်နာကျင်မည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် ထင်ခဲ့သော်လည်း တကယ်တမ်းတွင် နာကျင်မှုကို မခံစားခဲ့ရပေ။
ဓားတာအို၏ စွမ်းအားက သူ့ကြွက်သားများနှင့် သွေးကြောများတစ်လျှောက် ဖိအားပေးခဲ့၍ အသားစပင် မကျန်ရစ်တော့ဘဲ ခန္ဓာကိုယ်က လုံးလုံးလျားလျား ကြေမွကာ သွေးအမှုန်အမွှားများ အဖြစ်သို့ လုံးလုံးလျားလျား ပြိုကွဲသွားခဲ့ရသည်။
သို့သော် သူ၏ ဝိညာဉ်ကိုမူ နဂိုအတိုင်း အပြစ်ကင်းစင်စွာ ထိန်းသိမ်းထားနိုင်သေးမှန်း ဗုံးပစ်စီနီယာ အင်မော်တယ် တွေ့ရှိခဲ့သည်။
လတ်တလောတွင် သူက မမြင်နိုင်သော ဝိညာဉ်တစ်ခုအနေဖြင့် လေထဲတွင် လွင့်မျောနေကြောင်း သဘောပေါက်ခဲ့သည်။
သို့သော် မျက်စိရှေ့မှ မြင်ကွင်းက သူ့အတွက် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။
မိစ္ဆာဓားနတ်ဘုရားထံမှ စိန်ခေါ်သံ ထွက်လာပြီးနောက် ညီနောင်လင်းက မျက်စိတစ်မှိတ်အတွင်း ပေါ်လာပြီး မိစ္ဆာဓားနတ်ဘုရားကို လျှပ်တပြက် ပါးရိုက်ချလိုက်သည်။
[အရမ်းသန်မာလွန်းတယ်]
သေချာ၏။ ညီနောင်လင်း၏ ခွန်အားက သူထင်ထားသည်ထက်ပင် ပိုကြောက်စရာကောင်းသည်။
[ဒါပေမယ့် ဒါက ဘယ်လိုဖြစ်တာလဲ]
ဗုံးပစ်စီနီယာအင်မော်တယ် နားမလည်ခဲ့ပေ။
ကျိုးကြောင်း ဆီလျော်စွာ ပြောရလျှင် ဓားတာအို၏ စွမ်းအားဖြင့် ပံ့ပိုးထားသော ကောင်းကင်ပိုင်းဖြတ်ဓား၏ စွမ်းအားသည် ရုပ်ခန္ဓာတစ်ခုကိုမဆိုထားနှင့်၊ ဝိညာဉ်ကိုပါ ချက်ချင်း ဖျက်ဆီးပစ်နိုင်၏။
သို့ရာတွင် ဗုံးပစ်စီနီယာ အင်မော်တယ် ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး သူ၏ ဝိညာဉ်က အနည်းငယ်ပင် ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ထို့အပြင် အချိန်အတော်ကြာပြီး နောက်တွင် လေထဲ၌ ပျံ့နှံနေသော သွေးမြူများက အမှန်တကယ် ပြန်လည် ပေါင်းစည်းသွားသည်ကို သူသဘောပေါက်လာခဲ့သည်။
သူ၏ သွေးကြောများက သူ့အလိုလို ပြန်လည် တည်ဆောက်နေပြီး၊ ဒဏ္ဍာရီလာ မဟာသွေးလွတ်မြောက်ခြင်း မှော်စွမ်းရည် ကဲ့သို့ပင် သူ့ခန္ဓာကိုယ်က အသစ်စက်စက် ခန္ဓာကိုယ် အဖြစ် တဖြည်းဖြည်း ဖြစ်တည်လာသည်။
ယင်းအပြင် သူ့အဝတ်အစားများကိုပင် ပြန်ပြင်ပေးထား၏။
"ပြီးပြည့်စုံသော ရှင်ပြန်ထမြောက်ခြင်း"
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ ဘယ်လက် လက်သူကြွယ်ရှိ စိတ်ဝိညာဥ်ဖိနှိပ်ခြင်း လက်စွပ်ကနေ ကြီးမားသော ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာသည်ကို ယခု အခိုက်အတန့်တွင် သဘောပေါက်လိုက်သည်။
ဤသည်မှာ ကောင်းကင်ပိုင်းဖြတ်ဓားဖြင့် သူ၏ဝိညာဉ်ကို မငြိမ်းသတ်နိုင်အောင် တားဆီးထားသည့် မှော်လက်စွပ်မှ အထူး ထုတ်လွှတ်ပေးသော ဝိညာဉ်စွမ်းအား ဖြစ်၏။
ယင်းက သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို အသစ်တဖန် ပြုပြင်တည်ဆောက် ပေးခဲ့သေးသည်။
ဗုံးပစ်စီနီယာ အင်မော်တယ် သက်ပြင်းချလိုက်၏။
အကယ်၍ ၎င်းက သူကြုံတွေ့ရမည့် အလွန်ဆိုးရွားသော ဘေးဆိုးကြီး ဖြစ်ခဲ့လျှင် စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်ဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီဟု ဆိုရမည် မဟုတ်လော။
လူသားများက ၎င်းတို့၏ ဘဝတစ်သက်တာတွင် အလွန်ဆိုးရွားသည့် ဘေးဆိုးများကို ကြုံဖူးတတ်ကြသည်။
ထိုသို့ ကြုံတွေ့ရသောအခါ အများအားဖြင့် အနိုင်ယူနိုင်ခြေ နည်းပါးလု နီးပါးဟု ဆိုနိုင်သည်။
ထို့အပြင် ယင်းက ရှေ့ဖြစ်ဟောနတ်သခင် သူ့ကံကြမ္မာကို ဖတ်ကြည့်သော အခါ၌ မျှော်လင့်ချက်မရှိဟု တွက်ဆခဲ့သော အကြောင်းရင်း ဖြစ်နိုင်၏။
သူက ညီနောင်လင်း အပေါ် ကြီးမားသော ကျေးဇူးတရား ထပ်တင်ခဲ့ပုံရသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းပြီး လုံးဝ ရှင်ပြန်ထမြောက် လာပြီးနောက်တွင် စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
ဤလက်စွပ်ကြောင့်သာ မဟုတ်လျှင် ဤဘေးဆိုးကြီးကို သူကျော်လွှားနိုင်မည် မဟုတ်လောက်ပေ။
သူ နောက်တဖန် အသက်ပြန်ရှင်လာသော အခါတွင် မိစ္ဆာဓားနတ်ဘုရားက ညီနောင်လင်း၏ ဒုတိယအကြိမ်မြောက် ရိုက်ချက်ဖြင့် အားကစားကွင်းဆီသို့ ပျံသန်းသွားကြောင်း တွေ့ရှိခဲ့သည်။
.................
မိစ္ဆာဓားနတ်ဘုရားက တစ်ကိုယ်လုံး တုန်ယင်နေသည့် အပြင် ဒူးများပင် ထိန်းမနိုင်သိမ်းမရ တုန်ယင်နေ၏။
သူက အတော်လေး ထိတ်လန့်သွားခဲ့သည်။
ဆယ်မီတာဓားနတ်ဘုရားဟု နာမည်ကျော်သည့် သူလိုလူက တစ်ခါမှ ဤကဲ့သို့ အရှက်မရခဲ့ဖူးပေ။
သူက ဤပါးရိုက်ချက် နှစ်ချက်ကို တုံ့ပြန်ဖို့ ခွန်အားပင် မရှိခဲ့ပေ။
သူ၏ ဝိညာဉ်ဓားနှစ်ချောင်းကိုလည်း တစ်ဖက်လူက သိမ်းသွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ လုံးဝ အရှက်ကွဲခြင်း ဖြစ်ပြီး မိစ္ဆာဓားနတ်ဘုရားက ပထမဆုံးအကြိမ်အဖြစ် ရှက်ရွံ့ခြင်းကို ခံစားခဲ့ရသည်။
သူက အံကြိတ်ကာ မတ်တပ်ထရပ်လိုက်သည်။
သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေပြီး သူ့ဦးခေါင်းတွင် သွေးများထွက်နေသည့် အပြင် သွားကြားရှိ နေရာလွတ်များမှလည်း သွေးများ စီးကျနေ၏။
လူငယ်၏ ပါးရိုက်ချက်က သူ့ရှေ့သွားများကိုပင် ကျွတ်ထွက်စေခဲ့သည်။
ဤလူငယ်လေးက ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့် မဟုတ်လောက်ပေ။
မိစ္ဆာဓားနတ်ဘုရားက ဤအချက်ကို သေချာနေပြီ ဖြစ်သည်။
ပါးရိုက်ချက် နှစ်ချက်တည်းဖြင့် သူ့အပေါ် ယခုလို ထိခိုက်အောင် လုပ်နိုင်သည်မှာ သာမန်လူ မဟုတ်လောက်ပေ။
သို့ရာတွင် သူက ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိခဲ့ချေ။
သူက မိစ္ဆာဓားနတ်ဘုရား ဖြစ်ပြီး ကျင့်ကြံခြင်း လောကသို့ ဝင်ရောက်လာချိန်မှ စ၍ လူ့အဖွဲ့အစည်းကို အုံးအုံးကျက်ကျက် ဖြစ်အောင် ကိုင်လှုပ်နိုင်ခဲ့သူ ဖြစ်သည်။
သူသတ်ချင်လျှင် မည်သူမျှ သူ့လက်ကနေ မလွှတ်မြောက်ခဲ့ပေ။
သူ ယခင်က ယခုလို အရှက်ခွဲမခံရဖူးပေ။
သို့သော် အစောပိုင်းက လေထဲတွင် သွေးမှုန်များ အဖြစ် ပြောင်းလဲသွားသော ဗုံးပစ်စီနီယာ အင်မော်တယ်၏ ခန္ဓာကိုယ်က သူ့အလိုလို တည်ဆောက်ခဲ့ပြီး လုံးဝ ပြန်လည် ရှင်သန်လာသည်ကို မြင်လိုက်ရသောအခါတွင် သူ့မျက်နှာ၌ ရှားရှားပါးပါး တုန်လှုပ်ခြောက်ခြားသော အမူအရာ ပေါ်လာသည်။
"မဖြစ်နိုင်ဘူး.. ဒါဘယ်လိုဖြစ်ရတာလဲ"
မိစ္ဆာဓားနတ်ဘုရားက အံကြိတ်လိုက်သည်။
အဖြူရောင်ဝတ်စုံဝတ် လူငယ်လေး၏ အားနည်းသော ခွန်အားကြောင့် ရှင်ပြန်ထမြောက်ခြင်း နည်းစနစ် အတွက် လိုအပ်သော ဝိညာဥ် စွမ်းအင်ကို စုဆောင်းထားရန်မှာ လုံးဝမဖြစ်နိုင်ပေ။
သူ့ ကောင်းကင်ပိုင်းဖြတ်ဓား၏ စွမ်းအားတွင် မဟာတာအို သုံးထောင်ထဲမှ ကောင်းကင်ဥပဒေသ ဖြစ်သည့် ဓားတာအို နှင့် ရောနှောပေါင်းစပ်ထားသည်။
ထိုစွမ်းအားက လူ၏ကိုယ်ကို ဖြတ်၍ စီးဆင်းသွားသောအခိုက်တွင် ကပ်ဘေး ပြစ်ဒဏ်နှင့် တန်းတူနီးပါး ဖြစ်၍ ခန္ဓာငါးပါးကို မဆိုထားနှင့် ဝိညာဥ်ပင် မျက်စိတစ်မှိတ်အတွင်း လုံးလုံး ပြိုကွဲသွားရမည် ဖြစ်၏။
ဤနည်းအားဖြင့် အစအနပင် ကျန်ရစ်လိမ့်မည် မဟုတ်ပေ။
သူက ထိုစွမ်းအားဖြင့် မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သည်။
သူ မှတ်မိသလောက် မည်သူမှ မလွတ်မြောက်ခဲ့ပေ။
ယနေ့တွင် ဤကဲ့သို့ ဖြစ်ရပ်မျိုး ကြုံတွေ့လိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။
သူက လုံးလုံးလျားလျား ရှင်ပြန်ထမြောက်သွားသော ဗုံးပစ်စီနီယာ အင်မော်တယ်ကို စူးစမ်း၍ ကြည့်လိုက်သည်။
အဖြူရောင်ဝတ်လူငယ်၏ အဝတ်အစားများက အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ယင်းက အချိန်ကို နောက်ပြန်ဆုတ်လိုက်သလိုပင်။
ထိုခဏဝယ် မိစ္ဆာဓားနတ်ဘုရားက အလွန်လေးနက်သွားခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲမှာ ငါ့ရဲ့ အစွမ်းထက်ဆုံး နည်းစနစ်နဲ့ တုံ့ပြန်ရမယ်.. ဒီလူငယ်လေးဆီမှာ နောက်တစ်ကြိမ် ငါ ထပ်မခံစေရဘူး"
သူ့ဆရာ ဓားအင်မော်တယ်ဖန်လွေက စီနီယာအကို ရီကျန့်ချွမ်ကို သူ့နေရာ ဆက်ခံဖို့ ရွေးချယ်လိုက်သည့် အခိုက်တွင် သူ့ နာကြည်းမှုများက စတင်ခဲ့သည်။
ဤနှစ်များတစ်လျောက် သူက ဓားသိုင်းကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီး ဓားတာအိုကို အဆင့်တစ်ခု အထိ ပေါက်မြောက်အောင် ကျင့်ကြံခဲ့သည်။
"စီနီယာအစ်ကိုက ငါ့ပြိုင်ဘက် မဟုတ်တော့ဘူးလို့ ယုံကြည်တယ်.. ဒါပေမဲ့"
သူ၏ စီနီယာအစ်ကို ရီကျန့်ချွမ် နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ပိုကြီးမားသော စိန်ခေါ်မှုတစ်ခု နှင့် ရင်ဆိုင်နေရပြီမှန်း မိစ္ဆာဓားနတ်ဘုရား ထိုအခိုက်အတန့်တွင် သဘောပေါက်ခဲ့သည်။
ထိုအချိန်က သူလုပ်ဆောင်ခဲ့သမျှသည် သူ၏ခွန်အားကို သက်သေပြရန် သက်သက်သာ ဖြစ်သည်။
သူက သူ့ဆရာကို သတ်ခဲ့ပြီး သူ၏ စီနီယာအကိုဖြစ်သူ ရီကျန့်ချွမ်ကို တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သတ်ဖြတ်နိုင်ရန် အတွက် ဓားပညာကို လုံ့လစိုက်ထုတ်၍ လေ့ကျင့်ခဲ့သည်။
သို့သော် ယနေ့တွင်မူ သူက ပို၍ကြီးမားသော ပြိုင်ဘက်တစ်ဦးကို ရင်ဆိုင်နေရကြောင်း ထင်ရှားသည်။
မိစ္ဆာဓားနတ်ဘုရားက အသက်ခပ်ပြင်းပြင်းရှူကာ သူ့စိတ်ကို တည်ငြိမ်အောင် အရင်လုပ်လိုက်သည်။
[ဘာပဲဖြစ်ဖြစ် ဒီကောင်လေးကို အလေးအနက် ထားရမယ်]
................
မိစ္ဆာဓားနတ်ဘုရား မတ်တတ် ရပ်လိုက်ပြီးနောက်တွင် သူ၏ ဒဏ်ရာများကို သိသိသာသာနှင့် လျင်မြန်စွာ ကုစားရန် ပကတိအင်မော်တယ်အဆင့် ဝိညာဥ်စွမ်းအားက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
တိုက်ပွဲများတွင် လူအများစုက ဆက်လက် တိုက်ပွဲဝင်နိုင်စေရန် အတွက် မှော်ဆေးလုံး သောက်ဖို့ကိုသာ ရွေးချယ်ကြသည်။
သို့သော် မိစ္ဆာဓားနတ်ဘုရား အတွက်မူ သူ့မာနက သူ့ကို ခွင့်မပြုခဲ့ပေ။
သူက ဓားတာအိုတွင် အမြင့်ဆုံး အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီ မဟုတ်လော။
ဓားတာအိုနှင့် ပတ်သက်လျှင် မည်သူမှ သူ့ကို ကျော်လွန်နိုင်မည်ဟု သူမထင်ပေ။
"ဓားဝိညာဉ်စာချုပ်"
သူက စာချုပ်စွမ်းအားကို အတင်းအကျပ် ထိန်းချုပ်ရန် လက်ဟန်များကို ပြုလုပ်ခဲ့သည်။
ထိုခဏဝယ် ဝမ်လင်း၏ လက်ထဲမှ ကောင်းကင်ပိုင်းဖြတ်ဓားက ပျောက်ကွယ်သွားပြီး မိစ္ဆာဓားနတ်ဘုရား၏ လက်ထဲတွင် အလင်းမှုန်များအဖြစ် ပြန်လည်စုစည်းကာ ပြန်ပေါ်လာသည်။
ဝမ်လင်းက ဝိညာဉ်ဓားနှစ်လက်ကို သိမ်းယူထားသော်လည်း ၎င်းတို့၏ စာချုပ်စွမ်းအားကို မဖျောက်ဖျက်ထားခဲ့ပေ။
မိစ္ဆာဓားနတ်ဘုရားက ဤအချက်ကို အခွင့်ကောင်းယူခဲ့ခြင်းပင်။
သို့ရာတွင် ဝမ်လင်းက ဂရုမစိုက်ခဲ့ပေ။
ဤမိစ္ဆာဓားနတ်ဘုရားက ဓားတာအို အပေါ်တွင် အလွန် ယုံကြည်မှု ရှိနေသည်ကို ဝမ်လင်း မြင်နိုင်သည်။
ထို့ကြောင့် တန်ပြန် တိုက်ခိုက်ရာတွင် ဓားတာအိုကိုပင် အသုံးပြုကာ တစ်ဖက်လူ၏ ယုံကြည်မှုကို ကောင်းကောင်းကြီး ရိုက်ချိုးသင့်သည် မဟုတ်ပါလော။
"ညီနောင်လင်း.."
ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။
"အခု ငါတို့ ဘာလုပ်သင့်လဲ"
ဝမ်လင်းက လက်ဟန်တစ်ခု ထုတ်ဖော်လိုက်ရာ မူလစိတ်ဝိညာဥ်နယ်ပယ်၌ အာကာပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
ထို့နောက်တွင် ဝမ်လင်းက မက်မွန် သစ်သားဓားကို အက်ကွဲကြောင်းမှ တိုက်ရိုက် ဆွဲယူလိုက်သည်။
ဝမ်လင်းက ဘာစကားမှ ပြောမနေဘဲ ကျင့်ခယ်ကို ဗုံးပစ်စီနီယာအင်မော်တယ်၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။
ကျင့်ခယ်ကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် ဗုံးပစ်စီနီယာအင်မော်တယ်၏ လက်များက တုန်ယင်သွားခဲ့သည်။
"သူ့ကိုသွားခုတ်"
ဝမ်လင်းက မိစ္ဆာဓားနတ်ဘုရားအား ညွှန်ပြပြီး ဗုံးပစ်စီနီယာ အင်မော်တယ်ကို စိတ်ချင်းဆက်သွယ်၍ ပြောခဲ့သည်။
သူက မလိုအပ်သည့် အပိုစကားများကို မပြောတော့ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်သာ မိစ္ဆာဓားနတ်ဘုရားကို မတိုက်ခိုက်နိုင်ခဲ့လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့ရတော့မည် မဟုတ်ပါလား။