ကမ္ဘာပေါ်ကပြိုင်ဘက်ကင်းဓားကို ဆုပ်ကိုင်ခွင့်ရတာ ဘယ်လိုခံစားရလဲ
Vol. 30 Ch. 442
အကယ်၍ တစ်စုံတစ်ယောက်သာ ဤအချိန်တွင် ဗုံးပစ်စီနီယာအင်မော်တယ်ကို "ကမ္ဘာပေါ်က ပြိုင်ဘက်ကင်းဓားကိုဆုပ်ကိုင်ခွင့်ရတာ ဘယ်လိုခံစားရလဲ"ဟု မေးလာခဲ့လျှင် သူပြန်မဖြေနိုင်မည်မှာ သေချာသည်။
သူယခင်က ဝမ်လင်းကို မစ်ရှင်တစ်ခု အတွက် ကျင့်ခယ်ကို ဌားပေးနိုင်မလား မေးချင်ခဲ့၏။
အင်မော်တယ်စံအိမ်နှင့် တိုက်ပွဲအပြီးတွင် သူက ထိုစိတ်ကူးကို လုံးဝ လက်လျှော့လိုက်သည်။
ထိုတိုက်ပွဲတွင် ကျင့်ခယ်က ချန်ယွီက ပြတ်ပြတ်သားသားပင့ အောင်ပွဲရခဲ့သည်။
ဤသည်မှာ စစ်မှန်သော "အထင်ကရဓားတစ်လက်" ဖြစ်သည်။
ထိုအချိန်မှာပင် ကျင့်ခယ်ကို ဆုပ်ကိုင်ထားရင်း ဗုံးပစ်စီနီယာအင်မော်တယ်၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။
"ညီနောင်လင်း.. ဒါ.. ဒါက တကယ်ပဲ အဆင်ပြေပါ့မလား"
ဝမ်လင်းက ဘာစကားမပြောဘဲ သူ့ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။
ထို့နောက်တွင် ဝမ်လင်းက မြေပြင်သို့ ဆင်းသက်ကာ လေထဲမှ တိုက်ပွဲကို ဗုံးပစ်စီနီယာအင်မော်တယ်ထံ ဝကွက် အပ်လိုက်တော့၏။
သူ အဘယ်ကြောင့် ကိုယ်တိုင် မပါဝင်ခဲ့သနည်း။
အကြောင်းပြချက်က အလွန် ရိုးရှင်းသည်။
အဘယ်ကြောင့်ဆိုသော် ယင်းက မိစ္ဆာဓားနတ်ဘုရားကို ရင်ဆိုင်ရမည့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဆိုးရွားသော ကံကြမ္မာကြောင့် ဖြစ်သည်။
ဤကပ်ဆိုးကြီးကို ဖြတ်ကျော်ချင်လျှင် ဗုံးပစ်စီနီယာအင်မော်တယ် ကိုယ်တိုင် အဆုံးသတ်ဖို့ လိုအပ်၏။
"ညီနောင်လင်း ငါစဉ်းစားမိတာရှိတယ်.. ငါတို့ ဒီတိုက်ပွဲကို ဖြေရှင်းဖို့ ပိုပြီး ပျော့ပြောင်းတဲ့ နည်းလမ်းကို သုံးသင့်လား.. ထိုင်ပြီး လက်ဖက်ရည်တူတူ သောက်တာတို့. တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောတာတို့ လုပ်မယ်ဆိုရင်ရော"
ကျင့်ခယ်ကို ကိုင်ထားသည့် ဗုံးပစ်စီနီယာအင်မော်တယ်၏ မျက်နှာက ကူကယ်ရာမဲ့ ဖြစ်နေသည်။
ပြီးခဲ့သော ရက်အနည်းငယ် အတွင်း သူ့စတိုင်လ်က ရုတ်တရက် ပြောင်းလဲသွားသလို ခံစားရသည်။
ရိုးရှင်းစွာပြောရလျှင် ကျင့်ခယ်ကို သူ့လက်ဖြင့် ဆုပ်ကိုင်မိသည့်အခိုက်တွင် ဤတိုက်ပွဲ၏ ရလဒ်က မည်သို့ဖြစ်လာမည်ကို သူသိထားပြီ ဖြစ်သည်။
မိစ္ဆာဓားနတ်ဘုရားက ပကတိအင်မော်တယ် ဝိညာဉ်စွမ်းအား၏ အကျိုးသက်ရောက်မှုကြောင့် ဒဏ်ရာ အများစု ပြန်လည် သက်သာလာခဲ့သော်လည်း နှုတ်ခမ်းထောင့်ရှိ သွေးစများကမူ မခြောက်သေးပေ။
အဆုံးသတ်တွင် သူက ပကတိအင်မော်တယ် တစ်ယောက်ဖြစ်သည်။
သူက အခြားသူ၏ မူလစိတ်ဝိညာဉ်နယ်ပယ်တွင် ရှိနေသည့်တိုင် သူ့ခန္ဓာကိုယ် အတွင်း၌ ပင်လယ်ကဲ့သို့ အကန့်အသတ် မရှိသော ဝိညာဉ်စွမ်းအားများ ရှိနေသေး၏။
[သစ်သားဓားလား.. မဟုတ်သေးဘူး... ဒါက လှည့်ကွက်တစ်ခု ဖြစ်မှာ သေချာတယ်]
ဗုံးပစ်စီနီယာအင်မော်တယ်၏ လက်ထဲမှ ဓားကို မြင်လျှင် မိစ္ဆာဓားနတ်ဘုရား၏ နှုတ်ခမ်းများက ချက်ချင်းပင် လှုပ်ယမ်းသွားသည်။
"မင်းသူငယ်ချင်းက ဒီဓားကို ဘယ်ကနေ ရလာတာလဲ"
နှစ်ခါတိတိ ဆုံးမခံရပြီးနောက်တွင် မိစ္ဆာဓားနတ်ဘုရားက လူငယ်လေး၏ အစွမ်းသတ္တိကို လျော့မတွက်ဝံ့တော့ပေ။
လူငယ်လေးက မက်မွန် သစ်သားဓားကို အာကာပြင်အက်ရာကနေ ဆွဲထုတ်လိုက်သည်ကို မြင်သည်နှင့် ဤဓားက သာမန်ဓားတစ်လက် မဟုတ်မှန်း သိဖို့ မခဲယဥ်းချေ။
ဝမ်လင်း၏ အခင်ဆုံး သူငယ်ချင်းတစ်ယောက် အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ကျင့်ခယ်၏ ဇာစ်မြစ်ကို သိရှိခဲ့သည်။
အဖြူရောင်ဝတ် လူငယ်လေးက ခဏလောက် တွေးပြီးမှ ပြန်ဖြေလိုက်သည်။
"အင်း... ဒါက မက်မွန် သစ်သားဓားတစ်လက်ဖြစ်ပါ.. လမ်းဘေးစျေးကနေ 998 HNY နဲ့ ဝယ်ခဲ့တာလေ"
"မျိုးမစစ်ကျင့်ကြံသူ.. မင်း ငါ့ကို နောက်ပြောင်နေတာလား"
လေထဲတွင်ပျံဝဲနေသော မိစ္ဆာဓားနတ်ဘုရား၏ လက်ထဲတွင် နတ်ဆိုးခရမ်းရောင်ဓားချီ ပါရှိသော ကောင်းကင်ပိုင်းဖြတ်ဓားကို ဆုပ်ကိုင်ထားသည်။
"ဆယ်မီတာဓားနတ်ဘုရား ဆိုတဲ့ ဘွဲ့ကို ငါ ဘာကြောင့် ရခဲ့တာလဲ သိလား"
ဗုံးပစ်စီနီယာအင်မော်တယ် "...???..."
ဝမ်လင်းက ပေါ့ပေါ့ပါးပါးနှင့် သက်တောင့်သက်သာ ရှိသော ကိုယ်ဟန်အနေအထားဖြင့် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။
သူက မျှော်ကြည့်စရာ မလိုဘဲ မူလစိတ်ဝိညာဉ်နယ်ပယ် အတွင်း ဖြစ်ပျက်နေသည့် အရာအားလုံးကို သိနိုင်၏။
မိစ္ဆာဓားနတ်ဘုရား ဆိုလိုရင်းကို သူ အနည်းနှင့် အများ သိသည်။
ဓားတာအိုကို ကျွမ်းကျင်ပြီး ဓားတာအို၏ စွမ်းအားကို အသုံးပြုသူချင်း တူလျှင်ပင် ဓားတာအို နှင့် ပတ်သက်၍ တစ်ဦးချင်းစီ၏ ဉာဏ်အလင်းမှာ မတူညီကြပေ။
ဆယ်မီတာဓားနတ်ဘုရား..
သို့ဆိုလျှင် မိစ္ဆာဓားနတ်ဘုရားက ဆယ်မီတာအတွင်း မည်သူ့ကိုမဆို သတ်ဖြတ်နိုင်သည့် ဓားတာအို၏ အဆုံးစွန်သော စွမ်းရည်ကို ကျွမ်းကျင်ခဲ့ပါသလော။
မိစ္ဆာဓားနတ်ဘုရားက ရယ်မောလိုက်သည်။
"ပကတိအင်မော်တယ် တစ်ယောက်က မူလစိတ်ဝိညာဉ်နယ်ပယ်ကို ပုံသွင်းနိုင်တယ်.. ဒါပေမဲ့ ငါ့ရဲ့ မူလစိတ်ဝိညာဉ် နယ်ပယ်ကတော့ ကွဲပြားတယ်"
"ဆယ်မီတာ အတွင်းက ဘယ်အရာမဆို ဓားတာအိုရဲ့ စွမ်းအားနဲ့ တည်ဆောက်ထားတဲ့ ငါ့ မူလစိတ်ဝိညာဉ် နယ်ပယ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ.. တစ်နည်း ပြောရရင်တော့ ငါ့ရဲ့ ဓားတာအို စွမ်းအားကို အမြင့်ဆုံး မြှင့်တင်ထားသရွေ့ ဆယ်မီတာအတွင်းမှာ ငါ့ကို ဘယ်သူမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
ဝမ်လင်း "............."
ဗုံးပစ်စီနီယာအင်မော်တယ် "............."
ဤရှင်းပြချက်ကြောင့် ပတ်ဝန်းကျင်က ခဏမျှ တိတ်ဆိတ်သွားသည်။
ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့၏ နှုတ်ခမ်းများ က လှုပ်ယမ်းသွားသည်။
"ဆယ်မီတာဓားနတ်ဘုရား" ဆိုတဲ့ ဘွဲ့က ဒီလိုဖြစ်လာတာလား"
"ဒီဓားတာအိုရဲ့ အစွမ်းက ဘယ်လိုကြီးလဲဟ"
အကယ်၍ မိစ္ဆာဓားနတ်ဘုရားကို ဆယ်မီတာအတွင်း အနီးကပ် တိုက်ပွဲ၌ အနိုင်မယူနိုင်လျှင် ဆယ်မီတာ အပြင်ကနေ တိုက်ခိုက်နေသ၍ အောင်နိုင်မည်ဟု ဆိုလိုပါသလော။
"..........."
ဗုံးပစ်စီနီယာအင်မော်တယ်က ကူကယ်ရာမဲ့စွာဖြင့် ချွေးများကို သုတ်လိုက်သည်။
မျှော်လင့်ထားသလိုပဲ ဤမိစ္ဆာဓားနတ်ဘုရားက သာမန်လူတစ်ယောက် မဟုတ်ပေ။
တစ်ဖက်မှလူက ဆယ်မီတာ အတွင်း တိုက်ပွဲ၌ ပြိုင်ဘက်မရှိဟု အလွန်အမင်း ယုံကြည်နေ၏။
မိစ္ဆာဓားနတ်ဘုရားက ဗုံးပစ်စီနီယာ အင်မော်တယ်ကို သူ၏ဓားဖြင့် ချိန်ရွယ်လိုက်သည်။
"လွတ်မြောက်ဖို့အတွက် အဝေးကနေ တိုက်ခိုက်မှုတွေကို အားကိုးဖို့ မစဉ်းစားနဲ့.. တည်နေရာရွှေ့ပြောင်းခြင်း မှော်စွမ်းရည်ကို ငါ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးပြီ.. ဓားတာအို ရဲ့ စွမ်းအားကို အသက်သွင်းပြီးတာနဲ့ မင်းကို ကော်လို ကပ်လိုက်နေမယ်"
ထို့နောက် သူက လေးနက်သော အသံဖြင့် ဆက်လက် ပြောဆိုလိုက်သည်။
"ဒီနေ့ မင်းရော မင်း သူငယ်ချင်းကိုပါ ငါ သတ်ဖြတ်ပစ်မယ်.. ပြီးရင် အရက်စက်ဆုံးနည်းလမ်း နဲ့ ညှဉ်းပန်းနှိပ်စက်ဖို့ မင်းတို့ရဲ့ ဝိညာဉ်တွေကို ငါဆွဲထုတ်မယ်"
ဝတ်စုံဖြူဝတ် လူငယ်လေးတွင် အသက်အပို ပါသကဲ့သို့အသုံးဝင်သည့် ရှင်ပြန်ထမြောက်သည့် မှော်ရတနာ တစ်မျိုးမျိုး ရှိနိုင်သည်ဟု သူ ခန့်မှန်းခဲ့သည်။
ကျင့်ကြံခြင်းကမ္ဘာတွင် ဤကဲ့သို့ မှော်ရတနာမျိုး မရှိသည်တော့ မဟုတ်ပေ။
ယင်းက အလွန်ရှားပါးပြီး အဖိုးဖြတ်မရသော မှော်ရတနာမျိုးဖြစ်၏။
အဖြူရောင်ဝတ်စုံဝတ် လူငယ်က ၎င်းကို တစ်ကြိမ် အသုံးပြုထားပြီ ဖြစ်သောကြောင့် ယခုအခါတွင် လူငယ်လေးက ယခင်က ကဲ့သို့ ပြန်လည် ရှင်ပြန်ထမြောက်ရန် နည်းလမ်း မရှိတော့ကြောင်း သေချာနေပြီ ဖြစ်သည်။
ဤကမ္ဘာကြီးမှာ အကန့်အသတ်မရှိ အသက်ပြန်ရှင်စေနိုင်သည့် မှော်ရတနာမျိုး အဘယ်မှာ ရှိနိုင်အံ့နည်း။
ထို့အပြင် ဤလူက အဆုံးမဲ့ ရှင်ပြန်ထမြောက်ရန်.အတွက် Ajin လည်း မဟုတ်ပေ။
{Ajin = စက္ကန့်ပိုင်းအတွင်း ပြန်လည်ရှင်သန်နိုင်စွမ်းရှိသူ}
"မျိုးမစစ်ကျင့်ကြံသူ သေလိုက်စမ်း"
မိစ္ဆာဓားနတ်ဘုရားက လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ရာ ခရမ်းရောင်ဓားချီက ကောင်းကင်ပိုင်းဖြတ်ဓား၏ ပတ်ပတ်လည်တွင် ရစ်သိုင်းသွားသည်။
မိစ္ဆာဓားနတ်ဘုရား၏ ကျောဘက်တွင် ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် ဧရာမအရိုးစုတစ်ခု ပေါ်လာ၏။
ဤသည်မှာ ကောင်းကင်ပိုင်းဖြတ်ဓား၏ ဓားဝိညာဉ် ဖြစ်သည်။
ဤချပ်ဝတ်တန်ဆာက ဤပုံသဏ္ဍာန်ကို ပုံဖော်ရန် ဓားတာအို၏ စွမ်းအားဖြင့် ပေါင်းစည်းထားမှန်း ဝမ်လင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်၏။
ဓားတာအို၏ စွမ်းအားနှင့် ပကတိအင်မော်တယ် အဆင့်၏ ဝိညာဉ်စွမ်းအားကို ပေါင်းစပ်ထားသည့် ချပ်ဝတ်တန်ဆာနှင့်အတူ အရိုးစုဓားဝိညာဉ်က ပေါ်ထွက်လာခဲ့သည်။
မိစ္ဆာဓားနတ်ဘုရားက ဓားတာအို၏ စွမ်းအားကို အပြည့်အ၀ ဆုပ်ကိုင်ထားခဲ့ပြီ ဖြစ်၍ ဤတစ်ချီတွင် အစွမ်းကုန် တိုက်ခိုက်တော့မည့်ပုံ ရသည်။
သို့သော် ဝမ်လင်း၏ မျက်နှာအမူအရာက မပြောင်းလဲခဲ့ပေ။
ကျင့်ခယ်ကို ဆင့်ခေါ်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်ဆီ လွှဲအပ်လိုက်ကတည်းကပင် ကစားပွဲက ပြီးသွားခဲ့ပြီ ဖြစ်၏။
"သေလိုက်စမ်း"
မိစ္ဆာဓားနတ်ဘုရားက သူ၏ သွားများကို ခပ်တင်းတင်း အံကြိတ်၍ ရေရွတ်လိုက်သည်။
မိစ္ဆာဓားနတ်ဘုရား၏ ပြင်းထန်သော ဖိနှိပ်မှုကို ရာနှုန်းပြည့် မခံနိုင်သောကြောင့် မူလစိတ်ဝိညာဥ် နယ်ပယ်ထဲရှိ အာကာပြင်က အက်ကွဲလာသည်။
"ချီးပဲ ငါဘာလုပ်သင့်လဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က ဤကဲ့သို့သော တိုက်ပွဲမျိုး တစ်ခါမှ မကြုံဖူးပေ။
သူ၏ လက်ရှိ နယ်ပယ်အဆင့်အရ ပကတိအင်မော်တယ်ကို တွန်းလှန်ရန်မှာ မဖြစ်နိုင်ပေ။
"ဒါက ငါ့ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုပဲ.. ငရဲကို သွားစမ်း"
မိစ္ဆာဓားနတ်ဘုရား အော်ဟစ်လိုက်သည်။
သူက ကောင်းကင်ပိုင်းဖြတ်ဓားကို ကိုင်ဆောင်ရင်း တစ်ချိန်တည်းမှာပင် သူ့ကျောဘက်မှ ဓားဝိညာဉ်က အရိုးစုလက်ကို ကောင်းကင်ဆီသို့ ဆန့်ထုတ်လိုက်သည်။
ကြီးမားလှသော နတ်ဆိုးခရမ်းရောင် ဓားအလင်းက အရိုးစုဓားဝိညာဉ် ဆီကနေ ပျံထွက်သွားပြီး ဗုံးပစ်စီနီယာ အင်မော်တယ်ဆီသို့ အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲ၍ ဦးတည်သွားသည်။
"အဆင့်လွန်လျှပ်စစ်လှိုင်းတန်းလား"
ထိုအခိုက်အတန့်တွင် အလင်းတန်းကြောင့် မူလစိတ်ဝိညာဥ်နယ်ပယ်က လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သလို တုန်ခါသွားပြီး အာကာပြင်ပါ အက်ကွဲသွားခဲ့သည်။
ယင်းက တားဆီး၍ မဖြစ်နိုင်သည့် စွမ်းအားတစ်ခုပင်။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ကို ကာကွယ်ရန် စိတ်ဝိညာဥ်ဖိနှိပ်ခြင်း လက်စွပ် ရှိမှန်း သိသော်လည်း ထိုအလင်းတန်းသာ သူ့ကို ထိမိလျှင် သွေးမှုန်များပင် ကျန်ရစ်ခဲ့မည် မဟုတ်ကြောင်း သူခံစားမိသည်။
သို့သော် နောက်ထပ် အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်က သူ့ဘာသာသူ လှုပ်ရှားနေသည်ကို သိလိုက်ရ၏။
"သခင်ကျင့်ခယ်လား"
သူ့လက်ထဲက ဓားက သူ့အလိုလို ရွေ့လျားသွားရာ သူတုန်လှုပ်သွားခဲ့သည်။
ကျင့်ခယ်က အဆင့်လွန်လျှပ်စစ်လှိုင်းနှင့် ထိပ်တိုက်တွေ့ရန် ရှေ့သို့ ပြေးတက်သွားသည်။
အဆင့်လွန်လျှပ်စစ်လှိုင်းသည် ပိုကီမွန်၏ အလင်းတန်း တစ်ခု အသွင်ဆောင်သည့် အားကောင်းသော တိုက်ခိုက်မှု တစ်ခု ဖြစ်သည်။