ကောင်းကင်မှကျဆင်းလာသောဓား
Vol. 30 Ch. 444
ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်လုံးများက အညိုရောင် ဝိညာဉ်အလင်းရောင်များ တောက်ပလာချိန်တွင် ပတ်ဝန်းကျင်ရှိ လေထုက ချက်ချင်း ပြောင်းလဲသွားသည်။
မိစ္ဆာဓားနတ်ဘုရားက သူ၏ ဆယ်မီတာ ဓားစက်ကွင်း အတွင်း၌ ရပ်နေ၏။
သူက သူ၏ မူလစိတ်ဝိညာဉ်နယ်ပယ်ကို သူ၏ဓားတာအိုနှင့် တမင်တကာ ပေါင်းစပ်ထားသည်။
ယင်းသို့ပြုလုပ်ခြင်းက မူလစိတ်ဝိညာဉ် နယ်ပယ်၏ သက်ရောက်မှု စက်ကွင်းကို အတိုင်းအတာ တစ်ခုအထိ လျော့ကျသွားစေသော်လည်း ၎င်း၏ အားသာချက်မှာ အခြားသူတစ်ဦး၏ မူလစိတ်ဝိညာဉ် နယ်ပယ် အတွင်း တိုက်ခိုက်ရာတွင် အားမနည်းသွားခြင်း ဖြစ်သည်။
ထို့ကြောင့် မူလစိတ်ဝိညာဉ် နယ်ပယ်ကို ဝမ်လင်း အသက်သွင်းလိုက်သော အခါတွင် မိစ္ဆာဓားနတ်ဘုရားက အနည်းငယ်မျှ မကြောက်ရွံ့ခဲ့ခြင်း ဖြစ်၏။
မူလစိတ်ဝိညာဉ်နယ်ပယ်၏ အကြီးမားဆုံးသော အားသာချက်မှာ ရန်သူ၏ ဝိညာဉ်စွမ်းအားကို ဖိနှိပ်နိုင်ခြင်း ဖြစ်သည် မဟုတ်ပါလား။
လက်ရှိအခြေအနေက သူနားလည်နိုင်သည်ထက် အနည်းငယ် ကျော်လွန်နေပြီဟု မိစ္ဆာဓားနတ်ဘုရား ခံစားရသည်။
ယခင်ကဆိုလျှင် ဓားတာအို၌ သူ့ထက်ပို၍ စေ့စေ့စပ်စပ် နားလည်သောသူ ဤကမ္ဘာပေါ်တွင် အခြားမည်သူမျှ မရှိနိုင်ဟု သူ ခံစားမိသည်။
သူက အင်မော်တယ်အရှင်မြတ် တစ်ယောက် မဟုတ်သော်လည်း "ဓားတာအိုစွမ်းအား"ကို နားလည်နိုင်ခဲ့ပြီး ဆယ်မီတာ ဓားတာအိုကို ကျွမ်းကျင်ကာ မူလစိတ်ဝိညာဥ်နယ်ပယ်နှင့် ပေါင်းစပ်နိုင်သည်အထိ ထက်မြက်ခဲ့သည်။
သို့သော် ဓားတာအို၏ အမြင့်ဆုံးစွမ်းရည်မှာ လူနှင့်ဓား တစ်သားတည်း ပေါင်းစည်းခြင်း ဖြစ်သည်။
ကောင်းကင်ပိုင်းဖြတ်ဓားက သူ့ဆရာဆီက ယူလာသောကြောင့် ပတ်သက်ဆက်နွယ်မှုအရ သူနှင့် မသက်ဆိုင်ပေ။
ထို့ကြောင့် သူ့အနေဖြင့် လူနှင့်ဓားတစ်သားတည်း ပေါင်းစည်းခြင်းကို ဘယ်သောအခါမျှ ပြုလုပ်နိုင်မည် မဟုတ်ချေ။
မိစ္ဆာဓားနတ်ဘုရားက သံသယများ ပြည့်နှက်နေသောမျက်ဝန်းဖြင့် မြေပြင်ပေါ်မှ ကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။
ဤမက်မွန်သစ်သားဓားရှည်က ဤလူငယ်လေး၏ လက်နက်ဖြစ်ကြောင်း ထင်ရှား၏။
သို့ဆိုလျှင် သူ့ သူငယ်ချင်းနှင့် အဘယ်ကြောင့် တစ်သားတည်း ဖြစ်သွားရသနည်း။
သူက တောက်ပနေသော မျက်လုံးများဖြင့် ဝမ်လင်းကို စိုက်ကြည့်နေသည်။
ထို့နောက် လျင်မြန်စွာပင် သူ့ပါးစပ်ထောင့်များက တလှုပ်လှုပ် ဖြစ်သွား၏။
အဘယ်ကြောင့်ဆိုသော် ဤကောင်လေးက လေထဲမှ တိုက်ပွဲကို လုံးဝ ဂရုမစိုက်ကြောင်း သူသဘောပေါက်လိုက်သောကြောင့် ဖြစ်သည်။
ကောင်လေးက တင်ပျဉ်ခွေထိုင်နေပြီး လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထား၏။
မိစ္ဆာဓားနတ်ဘုရားက သူ၏ ခရမ်းရောင် ထောက်လှမ်းရေး နတ်ဆိုးမျက်လုံးကို ဖွင့်ပြီး "မိုးကုတ်စက်ဝိုင်းကို မျက်လုံးတစ်ဖက်တည်းဖြင့် ကြည့်ခြင်း" နည်းစနစ်ကို အသက်သွင်းလိုက်ရာ ကောင်လေး ဖတ်ရှုနေသည့် စာအုပ်၏ ခေါင်းစဉ်ကို မြင်လိုက်ရသည်။
အစီအရင်.. ကျောင်းသုံးပြဌာန်းစာအုပ်..
သူက ကောင်းမွန်စွာ ရိုက်နှက်ထားသော ပုံနှိပ်စာကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
ကျင့်ကြံသူ ရာပေါင်းများစွာဖြင့် စေ့စေ့စပ်စပ် ပြုစုထားသော ဤစာအုပ်သည် အထက်တန်းကျောင်းတွင် အသုံးပြုသည့် တာအိုအစီအရင် သင်တန်းအတွက် ပညာရေးဌာနမှ သတ်မှတ်ထားသော ကျောင်းသုံးပြဌာန်း စာအုပ် ဖြစ်၏။
မိစ္ဆာဓားနတ်ဘုရား၏ မျက်နှာက တုန်လှုပ်သွားသည်။
"............"
ထို့နောက်တွင် အဖြူရောင်ဝတ် လူငယ်လေး၏ ဓားကိုင်လက်တွင် အလင်းတန်းတစ်ခုကို သူမြင်လိုက်ရသည်။
ဓားက အလင်းမှုန်များ အဖြစ်သို့ ပြောင်းလဲကာ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
ဤသည်မှာ လူနှင့်ဓားတို့ကြားရှိ စစ်မှန်သော ပေါင်းစည်းခြင်း ဖြစ်သည်။
လူနှင့်ဓား တစ်သားတည်း ဖြစ်သွားသောအခါ ဓားကိုယ်ထည်က လူနှင့် ပေါင်းစပ်ပြီး ပျောက်ကွယ်သွားလိမ့်မည်။
ထိုလူ၏ ခန္ဓာကိုယ်ရှိ လက်နှင့် ခြေထောက်တို့က ဓားသွားများ ကဲ့သို့ ထက်မြက်လာပြီး ဓားချီက ခန္ဓာကိုယ်တစ်ခုလုံးကို စိမ့်ဝင်သွားလိမ့်မည် ဖြစ်သည်။
ဆယ်မီတာ ဓားစက်ကွင်းက ပြိုင်ဘက်ကင်း စွမ်းဆောင်ရည် ရှိသော်လည်း ယခုအခါတွင် အခြေအနေက ပြောင်းပြန်ဖြစ်လာနေမှန်း မိစ္ဆာဓားနတ်ဘုရား သဘောပေါက်ကာ ဒေါသတကြီး ဖြစ်လာသည်။
အဖြူရောင်ဝတ် လူငယ်လေးက ဓားနှင့် တစ်သားတည်း ဖြစ်သွားပြီးနောက် ခန္ဓာကိုယ်မှ ထွက်လာသော အညိုရောင်ဓားချီက တန်ခိုးအာဏာ အားလုံးကို ကိုင်စွဲထားသည့် နတ်ဘုရင်တစ်ပါးကဲ့သို့ အလွန်ကြောက်စရာ ကောင်းနေ၏။
ထိုဓားချီက ကောင်းကင်ပိုင်းဖြတ်ဓား၏ ခရမ်းရောင်ဓားချီကို နောက်သို့ ဆုတ်သွားစေခဲ့သည်။
ယင်းက သာမန်အသိတရားနဲ့ လုံးဝမကိုက်ညီပေ။
သူ၏ဆယ်မီတာ ဓားစက်ကွင်းက ဓားတာအို၏ အစွမ်းဖြင့် တီထွင်ထားသော နည်းစနစ် ဖြစ်သည်။
သို့သော် ယနေ့ ပြိုင်ဆိုင်မှုတွင် သူ ကျွမ်းကျင်သော ဓားတာအို၏ စွမ်းအားက သူ့အမိန့်ကို နားမထောင်ပုံ ပေါ်သည်ဟု သူခံစားမိသည်။
ထိုထက်ကြောက်စရာ အကောင်းဆုံးမှာ သူခံစားနေရသည့် ပြင်းထန်တဲ့ဖိအားပင်။
သူက ဆယ်မီတာ ဓားစက်ကွင်းထဲတွင် လုံးဝ မလှုပ်ရှားနိုင် ဖြစ်နေသည်။
"အောက်တန်းစား.."
ကျင့်ခယ်၏ အသံက ဗုံးပစ်စီနီယာအင်မော်တယ် ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
အညိုရောင်ဓားအလင်းက မိစ္ဆာဓားနတ်ဘုရားကို ခေါင်းစခြေဆုံး လွှမ်းခြုံထား၏။
ဆယ်မီတာ ဓားစက်ကွင်း ထဲမှာပင် သူ့ အော်ရာများက ရုန့်ရင်းနေခဲ့သည်။
ယင်းက မိစ္ဆာဓားနတ်ဘုရားကို အမှန်တကယ် ထိတ်လန့်စေ၏။
ကျင့်ခယ်၏ အသံက သူ့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာအထိ ကြောက်ရွံ့ ထိတ်လန့်စေခဲ့သည်။
သူ၏ ကျောပြင်တွင် အေးစက်သော ချွေးများက ချက်ချင်း ဖုံးလွှမ်းသွားသည်။
သူက စကားပင် မပြောနိုင်ခဲ့၍ ကောင်းကင်ပိုင်းဖြတ်ဓား၏ အရိုးစုဓားဝိညာဉ်ကို သူ့ပါးစပ်အဖြစ် အသုံးချရန် ဓားဝိညာဉ်စာချုပ်ကို အသုံးချခဲ့သည်။
အရိုးစုဓားဝိညာဥ်က ငရဲတမန်လို အသံနက်ကြီးဖြင့် မေးခွန်းထုတ်လိုက်သည်။
"မင်း ဘယ်သူလဲ"
"မင်းကို နှိမ်နင်းမဲ့သေမင်း"
ကျင့်ခယ်က ဗုံးပစ်စီနီယာအင်မော်တယ်၏ ခန္ဓာကိုယ်ကနေ တစ်ဖက်လူ၏ မေးခွန်းကို ပြန်ဖြေခဲ့သည်။
နောက်ထပ် အခိုက်အတန့်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ခြေတစ်ချက် ဆောင့်လိုက်ရာ မြေပြင်က တုန်ခါသွားသည်။
စက္ကန့်ပိုင်းလေး အတွင်းမှာပင် ဆယ်မီတာ ဓားစက်ကွင်း အတွင်းရှိ နေရာလွတ်က တစ်လက်မချင်းစီ ပြိုကျလာပြီး မျစ္ဆာဓားနတ်ဘုရား၏ ဓားချီတွေ အားလုံးက သန့်စင်ခံလိုက်ရသလို ပျောက်ကွယ်သွားခဲ့သည်။
အရိုးစုဓားဝိညာဉ်နှင့် မိစ္ဆာဓားနတ်ဘုရား နှစ်ပါးစလုံးက အံသြသွားကြသည်။
တစ်ဖက်လူက ခြေတစ်ချက်ဆောင့်ရုံဖြင့် သူ့ဆယ်မီတာဓားတာအိုက ထိုကဲ့သို့ပင် ရှုံးနိမ့်သွားခဲ့၏။
ဤမက်မွန်သစ်သားဓားမှ ဓားဝိညာဉ်၏ သရုပ်မှန်က အဘယ်နည်း။
မိစ္ဆာဓားနတ်ဘုရားက လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။
သူဂုဏ်အယူရဆုံး ဓားတာအို၏ စွမ်းအားက သူ့ရှေ့တွင် လုံးဝ ထိရောက်မှု မရှိခဲ့ပေ။
ထို့အပြင် ကြောက်စရာ အကောင်းဆုံး အချက်မှာ သူက ယခုအချိန်အထိ ဓားဝိညာဉ်၏ မူလအစကို မရှာဖွေနိုင်သေးခြင်းပင်။
လူသားမျိုးနွယ်က အမည်မဖော်နိုင်သောအရာကို အမြဲတစေ ကြောက်ရွံ့သော မျိုးစိတ်တစ်ခု ဖြစ်သည်။
ပကတိ အင်မော်တယ်များလည်း ချွင်းချက်မရှိပေ။
မိစ္ဆာဓားနတ်ဘုရားက ဓားတာအို၏ အထွတ်အထိပ်ကို ရောက်နေပြီဟု သူ့ကိုယ်သူ ထင်ခဲ့သော်လည်း ကျင့်ခယ်၏ အသွင်အပြင်က သူ့စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေခဲ့သည်။
ပထမဆုံးအကြိမ် အဖြစ် သူ့မျက်လုံးထဲတွင် ထိတ်လန့်သောအရိပ်အယောင် ပေါ်လာသည်။
သူ အတော်လေး စိတ်မချမ်းမသာ ဖြစ်သွား၏။
သူ ထိတ်လန့်တုန်လှုပ်ခဲ့ရသည့် နောက်ဆုံးအကြိမ်မှာ သူ့ဆရာ ဓားအင်မော်တယ် ဖန်လွေကို သတ်ခဲ့သည့်အချိန် ဖြစ်သည်။
လွန်ခဲ့သည့်ရာစုနှစ် အနည်းငယ် အတွင်း ဓားတာအို၏ အဆုံးစွန်သော ဆရာသခင် ဖြစ်ကြောင်း သက်သေပြရန် သူက အားစိုက်ထုတ်၍ ကျင့်ကြံခဲ့သော်လည်း ယခုအခါတွင် မရှုမလှရှုံးနိမ့်ခဲ့ရ၏။
မြေပြင်ပေါ်တွင် စာလုပ်နေသော ကောင်လေးနှင့် ထိုကောင်လေးကို သခင်အဖြစ် အသိအမှတ်ပြုသည့် အမည်မသိ ဓားဝိညာဉ်..
[သူတို့က ဘယ်သူတွေလဲ]
အခြားနိုင်ငံမှ ပြိုင်ဘက်များကို အပြင်းအထန် ဒဏ်ရာရအောင် ပြုလုပ်ခဲ့သည့် နန်ဟန်ပင်းကျီ၏ ရေခဲနယ်မြေထက် ပို၍ တုန်လှုပ်စရာကောင်းသည်ဟု မိစ္ဆာဓားနတ်ဘုရား ခံစားခဲ့ရသည်။
ဆယ်မီတာ ဓားစက်ကွင်း ပျက်ပြယ်သွားသည်နှင့် အမျှ အရိုးစုဓားဝိညာဉ်၏ ပုံသဏ္ဍာန်ကလည်း ပုံမှန် အရွယ်အစားသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
"ပြီးသွားပြီ.."
ထိုခဏတွင် မိစ္ဆာဓားနတ်ဘုရားက အဖြူရောင် ဝတ်စုံဝတ် လူငယ်လေး သူ့မျက်လုံးရှေ့ကနေ လျှပ်တစ်ပြက် ပျောက်ကွယ်သွားသည်ကို အထိတ်တလန့် တွေ့လိုက်သည်။
"သူဘယ်ရောက်သွားတာလဲ"
မိစ္ဆာဓားနတ်ဘုရားက သူ၏ ခရမ်းရောင် ထောက်လှမ်းရေးမျက်လုံးကနေ ကျင့်ခယ်ကို ရှာမတွေ့သောကြောင့် ကြောက်ရွံ့နေမိသည်။
ထိုအချိန်တွင် ပြင်းထန်သော အရှိန်အဟုန်နှင့်အတူ ကြီးမားသော ဖိအားက အပေါ်စီးကနေ သက်ဆင်းလာ၏။
ဒါက..
[ကောင်းကင်က ဆင်းသက်လာတဲ့ ဓားလား]
ထိုအချိန်တွင် မိစ္ဆာဓားနတ်ဘုရားက အဖြူရောင်ဝတ်လူငယ်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးနောက် အမည်မသိ ဓားဝိညာဥ်ပြောသည့် စကားကို ရုတ်တရက် အမှတ်ရသွားသည်။