ကျင့်ခယ်၏အဆုံးစွန်ရွေ့လျားမှု
Vol. 30 Ch. 445
လေထဲရှိ အမြင့်ပေ မီတာတစ်သောင်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ခန္ဓာကိုယ် အတွင်းရှိ ကျင့်ခယ်က အညိုရောင် တောက်ပနေသော ဓားတစ်ချောင်းကို ခေါင်းစမှ ခြေဖျားအထိ ဖုံးအုပ်ထားခဲ့သည်။
ကြီးမားသောဖိအားက ကောင်းကင်မှ ကျဆင်းလာပြီး မိစ္ဆာဓားနတ်ဘုရားကို ချက်ချင်း အကျဉ်းချကာ မှော်စွမ်းရည် အသုံးမပြုနိုင်စေရန် ကန့်သတ်လိုက်သည်။
မိစ္ဆာဓားနတ်ဘုရား အလွန်တုန်လှုပ်သွား၏။
ကောင်းကင်မှ ကျဆင်းလာသော ဤဓားက သူ၏ စိတ်ဝိညာဉ်ကို တစ်ပြိုင်နက်တည်း တံဆိပ်ခတ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။
ကျင့်ခယ်က လေထဲကနေ မြေပြင်ဆီသို့ ကျဆင်းလာသည်နှင့်အမျှ မိစ္ဆာဓားနတ်ဘုရား အပေါ်၌ ဖိအားများ တိုးလာသည်။
ကျင့်ခယ်က မီတာ တစ်သောင်းမှ ငါးထောင်အထိ ဆင်းသက်ပြီးနောက်တွင် မိစ္ဆာဓားနတ်ဘုရားက မှော်စွမ်းအားများ၏ ဖိအားကို ခံနိုင်ရည် မရှိတော့ဘဲ ခန္ဓာကိုယ် တစ်ခုလုံးက မြေပြင်နှင့် တိုက်ရိုက် ဖိကပ်သွားကာ ထုရိုက်ခံရသော ဖားတစ်ကောင်လို ခြေကားယား လက်ကားယား ဖြစ်သွားသည်။
သူ၏ ဦးခေါင်း၊ ခြေလက် လေးခုနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက တင်းတင်းကျပ်ကျပ် ဖိခံထားရသည်။
မိစ္ဆာဓားနတ်ဘုရားက ဤကဲ့သို့ မြေပြင်ကို နောက်ဆုံးအကြိမ် နမ်းဖူးခဲ့သည်မှာ မည်သည့်အချိန်က ဖြစ်သည်ကိုပင် မမှတ်မိတော့ပေ။
ဖိအားမြင့်လာသည် နှင့်အမျှ မြေပြင်က သူနှင့်အတူ အက်ကွဲစပင် ပြုလာသည်။
မိစ္ဆာဓားနတ်ဘုရားက သူ၏တစ်ကိုယ်လုံး မြေကြီးထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားသဖြင့် အသက်ကိုပင် မရှူနိုင်တော့ပေ။
[ငါတကယ် ရှုံးနိမ့်တော့မှာလား]
မိစ္ဆာဓားနတ်ဘုရားက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ကောင်းကင်ပိုင်းဖြတ်ဓား၏ ဓားဝိညာဉ်သာ သူ့ကို ကာကွယ်မပေးထားလျှင် သူ့အဆုံးသတ်က ပို၍ပင် ဆိုးရွားသွားနိုင်၏။
[ဒါက ဘယ်လိုဖိအားမျိုးလဲ]
ယင်းက ပကတိအင်မော်တယ် များပင် ခံနိုင်ရည်ရှိရန် ခဲယဉ်းလှသော ဖိနှိပ်ချုပ်ချယ်သော စွမ်းအား တစ်ခု ဖြစ်သည်။
ယခုအခါတွင် ကောင်းကင်ပိုင်းဖြတ်ဓား၏ ဓားဝိညာဉ်သည်လည်း ထုရိုက်ခံရျသာ ဖားကဲ့သို့ မြေပြင်ပေါ်၌ ပြားကပ်နေသည်။
သခင်နှင့် အစေခံတို့က တူညီသော ကိုယ်ဟန် အနေအထားဖြင့် ရှိနေသည်မှာ အလွန်ရယ်စရာ ကောင်းနေ၏။
မိစ္ဆာဓားနတ်ဘုရားက စကားမပြောနိုင်သော်လည်း စိတ်ချင်း ဆက်သွယ်၍ ပြောဆိုနိုင်သေးသည်။
သူအတော်လေး စိတ်လှုပ်ရှားနေ၍ သူ၏ ဘဝင်လေဟပ်သော လေသံပင် ပျောက်သွားခဲ့သည်။
"ကောင်းကင်ပိုင်းဖြတ်ရေ.. ဒီဓားဝိညာဉ်ရဲ့ ဇစ်မြစ်က ဘာလဲဆိုတာ မင်းသိလား"
အရိုးစုဓားဝိညာဉ် "ငါလည်းမသိဘူး"
မိစ္ဆာဓားနတ်ဘုရား ".........."
သူတို့ပြောနေကြစဉ် ဓားတာအို၏ စွမ်းအားများ စုစည်းမှုဖြင့် ဖန်တီးထားသည့် အရိုးစုဓားဝိဉာဉ်၏ ချပ်ဝတ်တန်ဆာက ပြင်းထန်သော ဖိအားအောက်တွင် တစ်လက်မချင်းစီ ကျိုးပျက်စပြုလာသည်။
မီတာလေးထောင်...
မီတာသုံးထောင်...
မီတာနှစ်ထောင်...
ဖိအားများက ဆက်တိုက် တိုးမြင့်လာသည်။
မြေပြင်မှ မီတာတစ်ထောင်ခန့် ရောက်သော အခိုက်တွင် မိစ္ဆာဓားနတ်ဘုရား နှင့် သူ၏ ဓားဝိညာဉ်တို့က မြေကြီးထဲသို့ မီတာများစွာ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။
သူတို့က လုံးဝ မလှုပ်ရှားနိုင်ခဲ့ပေ။
မိစ္ဆာဓားနတ်ဘုရားက သူ၏ သွားများကို ခပ်တင်းတင်း အံကြိတ်လိုက်ပြီး ဓားဝိညာဉ်စာချုပ်ဖြင့် ဓားဝိညာဉ်၏ အမြင်အာရုံကို မျှဝေကာ သူ၏ ခရမ်းရောင် ထောက်လှမ်းရေး နတ်ဆိုးမျက်လုံး စွမ်းအားကို အသုံးပြုခဲ့သည်။
ထိုအချိန်တွင် သူ၏ ခရမ်းရောင် ထောက်လှမ်းရေး နတ်ဆိုးမျက်လုံးမှ တဆင့် ကောင်းကင်ယံကို မြင်ကွင်းကျယ် အဖြစ် ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဤမြင်ကွင်းက သူဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်သော မြင်ကွင်းတစ်ခုဟု မိစ္ဆာဓားနတ်ဘုရား ခံစားမိသည်။
ကောင်းကင်ပြာအောက်တွင် အဖြူရောင်ဝတ်စုံဝတ် လူငယ်လေး၏ ခန္ဓာကိုယ်ထဲမှ အမည်မသိ ဓားဝိညာဉ်က ကောင်းကင်ကနေ ဆင်းသက်လာသည့် ဓားတစ်လက် အဖြစ် အသွင်ပြောင်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုဓားက ကြီးမား နက်မှောင်သည့် ရွှေဓားတစ်လက် အဖြစ် ပြောင်းလဲသွားခဲ့၏။
၎င်းက အရာအားလုံးကို အပျက်သဘော ဆောင်သည့် ဖိအားများ လွှမ်းခြုံထားနိုင်သည့် နတ်ဧကရာဇ် တစ်ပါးလိုပင်။
ဤဧရာမ အလင်းဓား ပြုတ်ကျလာသည် နှင့်အမျှ မူလစိတ်ဝိညာဉ်နယ်ပယ် ပတ်ပတ်လည်ရှိ အာကာပြင်ကလည်း ပြိုကျလာသည်။
သို့သော်လည်း ဝမ်လင်း၏ မူလစိတ်ဝိညာဉ် နယ်ပယ်မှာ သူ့အလိုလို ပြန်လည် ထိန်းသိမ်းနိုင်စွမ်း အမှန်တကယ် ပြင်းထန်လွန်းလှသည်။
ဤဧရာမ အလင်းဓား၏ အဖျက်စွမ်းအားက ဆိုးရွားလှသော်လည်း မူလစိတ်ဝိညာဉ်နယ်ပယ်၏ သူ့ကိုယ်သူ ပြန်လည် ထူထောင်နိုင်စွမ်းမှာ ၎င်းနှင့် တန်းတူ ဖြစ်သည်။
ထို့ကြောင့် ဝမ်လင်းက လက်တွေ့ကမ္ဘာကို မထိခိုက်စေဘဲ ဧရာမ အလင်းဓား၏ အဖျက်စွမ်းအားကို မူလစိတ်ဝိညာဥ်နယ်ပယ် အတွင်း၌ပင် ထိန်းထားနိုင်ခဲ့သည်။
သို့မဟုတ်လျှင် ဤဓား၏ အဖျက်စွမ်းအားက စုန့်ဟိုင် တစ်မြို့လုံးကို သုတ်သင်နိုင်လောက်၏။
စိတ်ဝိညာဉ်ပေါ်၌ အကြွင်းမဲ့ဖိနှိပ်မှုကို ခုခံရန်မှာ မဖြစ်နိုင်ပေ။
ခရမ်းရောင် ထောက်လှမ်းရေး နတ်ဆိုးမျက်လုံး၏ အမြင်အာရုံကို မျှဝေနိုင်မှု အကူအညီဖြင့် အရိုးစုဓားဝိညာဉ်သည်လည်း အဆုံးသတ်တွင် ဓား၏ ဇစ်မြစ်ကို သိရှိသွားခဲ့သည်။
"ကမ္ဘာဖျက်ဓား"
သူက မိစ္ဆာဓားနတ်ဘုရားထံ စိတ်ချင်း ဆက်သွယ် ပြောဆိုရင်း ချွေးများ အထိန်းအကွပ်မဲ့ စီးကျလာသည်။
သူ့သခင် မိစ္ဆာဓားနတ်ဘုရားက မွန်းစတားများကို ရန်စမိခဲ့ပုံရ၏။
"ကမ္ဘာ.. ကမ္ဘာ.. ကမ္ဘာဖျက်ဓားလား"
မိစ္ဆာဓားနတ်ဘုရားက အံ့သြတကြီး ရေရွတ်လိုက်သည်။
အရိုးစုဓားဝိညာဉ်က စိတ်ပျက်အားငယ်မှု အပြည့်နှင့် ပြောလိုက်သည်။
"သခင် ငါတို့ ကစားပွဲက ပြီးသွားပြီ... ဒီလိုအချိန်မျိုးမှာ ပဲ့တင်သံ မှော်စွမ်းရည်တွေနဲ့ သောက်ခွက် မပြောင်ပါနဲ့..."
မိစ္ဆာဓားနတ်ဘုရား "ငါ စကားထစ်တာပါကွာ"
အရိုးစုဓားဝိညာဉ် "............."
သခင်နှင့် အစေခံက ဤကဲ့သို့ ဖြစ်တည်မှုကို အမှန်တကယ် ရန်စမိလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားမှန်း ထင်ရှားနေသည်။
ကမ္ဘာဖျက်ဓား...
၎င်းက ဓားတာအို အယူအဆနှင့် မသက်ဆိုင်သော်လည်း မဟာဓားတာအို၏ နက်နဲသိမ်မွေ့သော အမှန်တရားနှင့် ပတ်သက်နေသည်။
ထို့အပြင် ဤအဆင့်တွင် ဓားတာအို၏ စွမ်းအားကို အသုံးပြုနိုင်သူမှာ မဟာတာအို ၃၀၀၀ကို ဖန်တီးသူမှ လွဲ၍ ကမ္ဘာပေါ်တွင် တစ်ဦးတည်းကိုသာ အရိုးစုဓားဝိညာဉ် တွေးမိခဲ့၏။
ဖြစ်နိုင်ပါ့မလား...
ထိုအခိုက်အတန့်တွင် အရိုးစုဓားဝိညာဉ်က အေးစက်သော ချွေးများ ထွက်လာသည်။
"အရှင်မင်းကြီး."
ယင်းက ဓားဝိညာဉ်အားလုံးအတွက် တားမြစ်ချက်တစ်ခုဖြစ်သောကြောင့် နာမည်ကို သူမပြောဝံ့ပေ။
ကောင်းကင်မှ ကျဆင်းလာသော ကမ္ဘာဖျက်ဓား၏ စွမ်းအားက ရပ်တန့်မသွားသေး၍ အရိုးစု ဓားဝိညာဉ်က ၎င်းတို့၏ ပျက်စီးခြင်း နီးကပ်လာပြီဟု ခံစားသိရှိခဲ့သည်။
ဆယ်စက္ကန့်မပြည့်မီမှာပင် သူနှင့် မိစ္ဆာဓားနတ်ဘုရားက ဤနေရာတွင် ပျက်သုဉ်းသွားတော့မည် ဖြစ်သည်။
မဟာတာအို ၃၀၀၀၏ တာအို တစ်ခုစီတွင် လေးနက်သောအမှန်တရား တစ်ခုစီရှိသော်လည်း ကျင့်ကြံသူ အနည်းငယ်သာ ၎င်းတို့ကို အသုံးပြုနိုင်သည်။
တခဏအတွင်း အတွေးများက အရိုးစုဓားဝိညာဉ်၏ စိတ်ထဲ၌ လွင့်ပျံလာသည်။
ဒါက အရှင်မင်းကြီးပဲ..
မဟာဓားတာအို မှော်စွမ်းရည် ရဲ့ပြယုဂ်.. ဓားဝိညာဉ်များရဲ့ အရှင်မင်းကြီး
ဤကောင်လေးကို သူ၏သခင်အဖြစ် ဓားဝိညာဉ်များ၏ အရှင်မင်းကြီးက အမှန်တကယ် အသိအမှတ်ပြုလိမ့်မည်ဟု အရိုးစုဓားဝိညာဥ် လုံးဝ မထင်မှတ်ခဲ့ပေ။
ကောင်လေးက မိစ္ဆာဓားနတ်ဘုရားကို ပါးရိုက်၍ ပျံသန်းစေခဲ့သည့် မြင်ကွင်းကို သူ အမှတ်ရမိသည်။
ကောင်းကင်ပိုင်းဖြတ် ဓားဝိညာဉ်က သူ့သခင် တွက်ချက်မှု မှားယွင်းသွားကြောင်း ခံစားခဲ့ရ၏။
ဤတိုက်ပွဲကို အစောပိုင်းကပင် ရပ်တန့်သင့်သည်။
သို့သော် ယခုအခါတွင် သူ့ထံ၌ တခြား ရွေးချယ်စရာ မရှိတော့ပေ။
ဓားဝိညာဉ်အနေဖြင့် သူ့အလုပ်က သူ့သခင်ကို စောင့်ရှောက်ဖို့သာ ဖြစ်သည်။
သူ့သခင်က မည်မျှ ဆိုးသွမ်းသော အပြစ်ကို ကျူးလွန်နေပါစေ၊ သူက ဝိညာဥ်ဓားစာချုပ်၏ ကတိကို လိုက်နာရပေမည်။
ကမ္ဘာဖျက်ဓားဖြင့် ထိမှန်ခါနီး စက္ကန့်ပိုင်းအတွင်း.. အရိုးစုဓားဝိညာဉ်က ဝိညာဉ်ဓားစာချုပ်ထဲမှ"အုပ်ထိန်းသူ ဝိညာဥ်ဓား" အသွင်ပြောင်းစွမ်းရည်ကို အသက်သွင်းရန် ပြင်လိုက်သည်။
မိစ္ဆာဓားနတ်ဘုရားက ဤဓားတိုက်ခိုက်မှု အောက်တွင် သေချာပေါက် သေကြေပျက်စီးမည်ကို အရိုးစု ဓားဝိညာဉ်က ကောင်းစွာ သိရှိထားသော်လည်း သူ့အသက်ကို စတေး၍ သူ၏သခင် အသက်ရှင်ရန် လမ်းကြောင်းကို ရှာဖွေရပေမည်။
လက်ရှိတွင် သူတို့ထံ၌ သိပ်မကျန်တော့ပေ။
ဤအရေးကြီးသော အခိုက်အတန့်တွင် အရိုးစုဓားဝိညာဉ်က လုံးဝ မတွန့်ဆုတ်ခဲ့ပေ။
သူက ဝိညာဥ်ဓား စာချုပ်ကို လိုက်နာခဲ့သည်။
ဝိညာဉ်ဓား စာချုပ်ကြောင့် မိစ္ဆာဓားနတ်ဘုရားက အရိုးစုဓားဝိညာဉ် သူ့ကိုယ်သူ စတေးတော့မည်ကို သိသွားခဲ့သည်။
"ကောင်းကင်ပိုင်းဖြတ်.."
မိစ္ဆာဓားနတ်ဘုရားက ဤဓားကို သူ့ဆရာထံမှ သိမ်းယူခဲ့သည်။
သို့သော် အဆုံးသတ်တွင် သူတို့က နှစ်ပေါင်း ရာကျော် လက်တွဲခဲ့ကြသောကြောင့် ၎င်းတို့ကြား၌ ခံစားချက်များ ဖြစ်ပေါ်လာခဲ့၏။
"ကမ္ဘာ့ဖျက်ဓား" သူတို့ကို မထိမီတွင် မိစ္ဆာဓားနတ်ဘုရား၏ မျက်ဝန်းထောင့်မှ ထူထဲသော မျဥ်းကြောင်းနှင့် လည်ကုပ်မှ နောက်ကျောအထိ မိစ္ဆာဆန်ဆန် ဖြစ်ပေါ်နေသော သွေးကြောမျှင်များက မှိန်ဖျော့သွားသည်။
သခင်နှင့်အစေခံတို့က ကမ္ဘာဖျက်ဓား၏ ပြစ်ဒဏ်ကို ခံယူရန် မျက်စိကို စုံမှိတ်ထားကြသည်။
သို့သော် မျှော်လင့်ထားသည့် နာကျင်မှုက ရောက်မလာခဲ့ပေ။
ဧရာမ အလင်းဓား ဆင်းသက်လာသော အခါတွင် အသံ သို့မဟုတ် ပေါက်ကွဲစေသော အကျိုးသက်ရောက်မှုများပင် မရှိခဲ့ပေ။
ဝမ်လင်းက အစီအရင်ကို ရုတ်သိမ်းလိုက်ပြီး မြေပြင်မှထလိုက်သည်။
ထို့နောက် သူ့အဝတ်အစားပေါ်မှ ဖုန်မှုန့်များကို ခါလိုက်သည်။
လေပြင်းတစ်ချက်က အဖြူအမည်း လက်တိုရှပ်အင်္ကျီပေါ်မှ ထင်းထွက်နေသော ညှပ်ရိုးများကို ပေါ်လွင်စေသည်။
ကမ္ဘာဖျက်ဓား၏ အကျိုးသက်ရောက်မှုများကို အမျိုးအစားများ ပိုင်းခြားနိုင်သည်။
တစ်မျိုးက ကမ္ဘာကြီးကို သုတ်သင် ချေမှုန်းပစ်နိုင်သည့် ပြစ်ဒဏ် ဖြစ်သည်။
ယင်းက အရာအားလုံးကို အမှန်တကယ် ဖျက်ဆီးပစ်နိုင်သည့် အင်အားကြီးမားသော အဖျက်စွမ်းအား တစ်မျိုး ဖြစ်၏။
နောက်တစ်မျိုးက ဓားတာအို၏ စွမ်းအားကို ဖယ်ထုတ်နိုင်သည့် ကမ္ဘာ့သန့်စင် မှော်စွမ်းရည် ဖြစ်သည်။
ဓားဝိညာဉ်က ၎င်း၏သခင်အပေါ် သစ္စာစောင့်သိသောကြောင့် ဝမ်လင်းက နောက်ဆုံးတွင် သက်ညှာရန် ဆုံးဖြတ်ခဲ့သည်။
မိစ္ဆာဓားနတ်ဘုရား အလွန် ဂုဏ်ဆာခဲ့ရသည့် ဓားတာအိုကို မိစ္ဆာဓားနတ်ဘုရားထံကနေ ဖယ်ထုတ်လိုက်ခြင်းက မိစ္ဆာဓားနတ်ဘုရား အတွက် အကောင်းဆုံးသော ပြစ်ဒဏ် ဖြစ်နေပြီဟု သူခံစားမိသည်။
ကျင့်ခယ်က ဝမ်လင်း၏ ဆန္ဒကို လိုက်နာခဲ့သည်။
..................
ဗုံးပစ်စီနီယာ အင်မော်တယ်က မူလစိတ်ဝိညာဉ် နယ်ပယ်၏ အလယ်ဗဟိုရှိ နက်ရှိုင်းသောတွင်း ထဲသို့ တွင်းအစွန်းကနေ ငုံ့ကြည့်လိုက်ရာ မိစ္ဆာဓားနတ်ဘုရား နှင့် ကောင်းကင်ပိုင်းဖြတ် ဓားဝိညာဉ်တို့က အချင်းချင်း ထပ်လျက် ဖြစ်နေသည်ကို သူမြင်လိုက်ရသည်။
ဗုံးပစ်စီနီယာ အင်မော်တယ် ".........."
ဝမ်လင်း "..........."
ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းကို လှည့်ကြည့်ကာမေးလိုက်သည်။
"ညီနောင်လင်း.. အခု ငါတို့ ဘာလုပ်သင့်လဲ"
ဝမ်လင်း "............."
"ဘာလုပ်နိုင်မှာလဲ ထုံးစံအတိုင်း ကျိုးရီကို ခေါ်ရတော့မှာပေါ့"