← Chapters

အင်မော်တယ်တစ်ယောက်ရဲ့ ပုခုံးထမ်းတာဝန်၊အဆုံးမဲ့မှော်ပညာ

Vol. 30 Ch. 446

အင်မော်တယ်တစ်ယောက်ရဲ့ ပုခုံးထမ်းတာဝန်၊အဆုံးမဲ့မှော်ပညာ

Vol. 30 Ch. 446

ကျင့်ခယ် သူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဘာမှ မခံစားခဲ့ရပေ။

ထိုအချိန်က လုံးဝ အံ့သြစရာကောင်းပြီး ခန္ဓာကိုယ်တစ်ခုတည်းကို အသုံးပြုထားသလိုမျိုး ဖြစ်နေသည်။

ဤခံစားချက်မျိုးကို အသေးစိတ် ဖော်ပြရန် မလွယ်ကူလှပေ။

မည်သို့ပင်ဆိုစေကာမူ သူက ပိုမို အားကောင်းလာသည်ဟု ခံစားမိသည်။

ဤဖြစ်ရပ်မှတဆင့် ဗုံးပစ်စီနီယာ အင်မော်တယ်က "ခွန်အား" ၏ အဓိပ္ပါယ်ကို ထပ်မံ၍ နားလည်ခဲ့သည်။

အစွမ်းထက်သည့် အရာကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်ထားနိုင်သရွေ့ ဘယ်အရာကိုမှ ကြောက်စရာ မလိုအပ်ပေ။

ကျင့်ခယ်က ဗုံးပစ်စီနီယာ အင်မော်တယ်၏ ခန္ဓာကိုယ်ထဲကနေ "ကမ္ဘာဖျက်ဓား"ကို အသုံးပြုလိုက်သော အခိုက်တွင် ဓား၏ အကျိုးသက်ရောက်မှုကြောင့် သူကြောက်ရွံ့ခဲ့ရသည်။

ဓားတာအို၏ အမြင့်မြတ်ဆုံးသော လေးနက်သိမ်မွေ့သည့် အမှန်တရားသည် ကောင်းကင်ကိုပင် အံတုနိုင်စွမ်း ရှိ၏။

၎င်းက သူ့ကိုယ်ပိုင် စွမ်းအားဖြင့် အသုံးချသည့် နည်းစနစ် မဟုတ်သော်လည်း ကောင်းကင်ကို အံတုနိုင်သော ဓားတာအို၏ လေးနက်သိမ်မွေ့သော အမှန်တရားကို သူ့ခန္ဓာကိုယ်ဖြင့် ဤတစ်သက်တာ၌ အသုံးပြုခွင့် ရလိမ့်မည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် မထင်ထားခဲ့ပေ။

ယင်းက သူ့ဘဝ၏ ကျေနပ်မှုအရှိဆုံး လုပ်ရပ် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဓားတာအို၏ နက်နဲသော အမှန်တရားတစ်ခု ဖြစ်သည့် "ကမ္ဘာ့ဖျက်ဓား"သည် သီအိုရီအရ သူ့အတွက် ဖြစ်နိုင်ချေမရှိ၍ သူတစ်ခါမှ မစဉ်းစားခဲ့ဖူးသော အရာ ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲ၏ အရသာသည် ဗုံးပစ်စီနီယာအင်မော်တယ် နှင့် ဒွန်တွဲနေ၏။

ကျင့်ကြံသူများ၏ သက်တမ်း တစ်လျှောက်တွင် ဤကဲ့သို့သော ပြိုင်ဘက်ကင်းဓားနှင့် အတူတကွ တိုက်ပွဲဝင်ရန် အခွင့်အလမ်း ရှိမည့်သူ အလွန် နည်းပါးသည်။

သို့သော်လည်း အခွင့်အရေး ရရှိသူမှာမူ အတိုင်းအတာ တစ်ခုအထိ အကျိုးကျေးဇူးများ ရရှိမည်မှာ သေချာသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဓားတာအိုနှင့် ပတ်သက်လျှင် ပမွှား ကျင့်ကြံသူသာ ဖြစ်၏။

သူ၏ ထူးခြားချက်မှာ တကယ်တမ်းတွင် လျှို့ဝှက်လက်နက်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ကျင့်ခယ်က သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားပြီး ရူးသွပ်လောက်သည့် တိုက်ခိုက်မှု တချို့ကို လုပ်ဆောင်ခဲ့၏။

ယခုအခါတွင် ကျင့်ခယ်က သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားပြီ ဖြစ်သော်လည်း မှတ်ဉာဏ်က သူ့ထံ ကျန်ရှိနေသေးသည်။

အကယ်၍ သူသာ ဤမှတ်ဉာဏ်ကို သေသေချာချာ လေ့လာခဲ့မည်ဆိုလျှင် ဓားနည်းစနစ် အပိုင်းတွင် ပိုမို တိုးတက် ကောင်းမွန်လာစေရန် အတွက် များစွာ အထောက်အကူ ဖြစ်လာပေလိမ့်မည်။

ထို့အပြင် သူ၏ လျှို့ဝှက်လက်နက် အသုံးပြုသည့် ကျွမ်းကျင်မှုသည်လည်း အချိန်တိုအတွင်း တိုးတက်လာနိုင်ဖွယ် ရှိသည်။

တူညီသော အင်အားရှိသည့် ရန်ဘက်နှင့် ရင်ဆိုင်ရသော အခြေအနေတွင် လျှို့ဝှက်လက်နက်သည် တိုက်ခိုက်ရန်နှင့် ကာကွယ်ရာတွင် အသုံးကျသည့်အပြင် တိုက်ပွဲ၌ မမျှော်လင့်ထားသော ရလဒ်ကိုပင် ဖန်တီးနိုင်သောကြောင့် အမှန်တကယ်ပင် ကောင်းမွန်သော နည်းစနစ်တစ်ခု ဖြစ်သည်။

သို့သော် ယနေ့ကဲ့သို့ ကပ်ဆိုက်မှုတွင် သူ၏ ကောင်းကင်ဗုံးက မလုံလောက်ခဲ့ပေ။

ယင်းက လျှို့ဝှက်လက်နက် အသုံးပြုမှု၏ ကန့်သတ်ချက်ဖြစ်၏။

ဗုံးပစ်စီနီယာ အင်မော်တယ်က တွင်းအစွန်းတွင် ရပ်ကာ မေးစေ့ကို ပွတ်သပ်၍ စဉ်းစားခန်းဝင်နေသည်။

တိုက်ပွဲအပြီးတွင် ပြန်လည် သုံးသပ်ချက်သည် လုံးဝမရှိမဖြစ် လိုအပ်၏။

ယနေ့ ငြိမ်းချမ်းရေးခေတ်တွင် တိုက်ပွဲမည်မျှ တိုက်နိုင်ပါမည်နည်း။

သူ့မျက်စိရှေ့မှ မြင်ကွင်း ပျောက်ကွယ်သွားပြီး နောက်တွင် တွင်းထဲ၌ အချင်းချင်း ထပ်လျက်ရှိနေသော သခင်နှင့် အစေခံက လက်တွေ့ကမ္ဘာတွင် ပြန်ပေါ်လာသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မူလစိတ်ဝိညာဉ်နယ်ပယ်ကို ဝမ်လင်း ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိလိုက်သည်။

ပတ်ပတ်လည်ကို အကဲခတ် ကြည့်လိုက်ရာ သူတို့က မြို့စွန်ရှိ တောင်တက်လမ်းဘေးမှ အတော်လေး ဝေးလံခေါင်သီသည့် အရပ်ကို ရောက်နေမှန်း သိလိုက်ရသည်။

ဤကဲ့သို့ နေရာမျိုးတွင် အမှန်တကယ် တိုက်ပွဲ ဖြစ်ခဲ့ကြသည်။

ကြံဖန် ကျေးဇူးတင်ရမည်ဆိုလျှင် ဤနေရာ၌ လူသားများ နေထိုင်သည့် အရိပ်အယောင် မရှိခဲ့ပေ။

ထို့အပြင် မိစ္ဆာဓားနတ်ဘုရားက ဤနေရာကို ဖြတ်သွားသောအခါ နတ်ဆိုးဓားချီကြောင့် အီလက်ထရွန်းနစ် ပစ္စည်းများ အားလုံး ပျက်စီးသွားခဲ့သည်။

ယခုအချိန်တွင် ဝမ်လင်းက ကျိုးရီထံ မက်ဆေ့ချ် တစ်စောင် ပေးပို့ထားပြီ ဖြစ်၏။

ဗုံးပစ်စီနီယာ အင်မော်တယ်က နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းရန် တောင်တက်လမ်းဘေးတွင် စောင့်နေသည်။

ဆယ်စက္ကန့်ကြာသောအခါ ကောင်းကင်ပိုင်းဖြတ်ဓား၏ အရိုးစုဓားဝိညာဉ်က ပျောက်ကွယ်သွား၏။

ဤတိုက်ပွဲအပြီးတွင် သူ၏ ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားခဲ့ရာ သူ၏ ပုံရိပ်ယောင် အခြေအနေကို မထိန်းသိမ်းနိုင်တော့ပေ။

မိစ္ဆာဓားနတ်ဘုရား အတွက်မူ ဗုံးပစ်စီနီယာ အင်မော်တယ် လုံးဝ စိတ်ပူမည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာဖျက်ဓားက မိစ္ဆာဓားနတ်ဘုရား၏ ဓားတာအို စွမ်းအား အလုံးစုံကို သိမ်းယူသွားခဲ့ပြီး မိစ္ဆာဓားနတ်ဘုရား၏ စိတ်ဝိညာဥ်ပေါ်ရှိ စည်းတံဆိပ်ကလည်း အလွန်ကြာရှည်စွာ သက်ရောက်မှုရှိမည် ဖြစ်သောကြောင့်ပင်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းကို ကျေးဇူးတင်စကား ဆိုကာ လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

"ညီနောင်လင်း မင်းကို ကျေးဇူးတင်လိုက်တာ"

သို့သော် သူ့စကားမဆုံးခင်မှာပင် ဝမ်လင်း၏ ခန္ဓာကိုယ်က လေညင်းလေးလို ပျောက်ကွယ်သွားခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်

"...???..."

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အခင်းဖြစ်ပွားရာ နေရာအနီးသို့ ချဉ်းကပ်လာသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က စူးစမ်း၍ ကြည့်လိုက်ပြီးမှ မေးခွန်းထုတ်လိုက်သည်။

"ညီနောင် ထွင်ထျန်းဟာပါလား.. ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

ထွင်ထျန်းဟာ "ငါ့သခင်လေးက စာကျက်နေတာမို့ ကိုယ်စား လာကြည့်ခိုင်းတာ.. ဒီနေရာက ဝေးလွန်းတယ်.. မင်းရဲ့ အနံ့ကို အတော်လေး ခြေရာခံပြီးမှ ငါရှာတွေ့ခဲ့တယ်"

"စာကျက်နေတာလား"

ဗုံးပစ်စီနီယာ အင်မော်တယ် အံ့သြတကြီး ရေရွတ်လိုက်သည်။

"ဒါဆို အစောပိုင်းက ဒီကို ရောက်လာတဲ့သူက..."

ထွင်ထျန်းဟာ "ဟုတ်ပါတယ်.. အဲဒါက သခင်လေးရဲ့ ကိုယ်ပွားပါ"

"............."

ဗုံးပစ်စီနီယာ အင်မော်တယ် ကူကယ်ရာမဲ့စွာ ချွေးများ ထွက်လာသည်။

မိစ္ဆာဓားနတ်ဘုရားက ကမ္ဘာဖျက်ဓား၏ နောက်ဆုံး လှုပ်ရှားမှုကြောင့် ရှုံးနိမ့်ခဲ့ရသော်လည်း ဝမ်လင်းက သာသာယာယာပင် ပါးနှစ်ချက် ရိုက်ပစ်ခဲ့သည်။

အဆုံးသတ်တွင် ယင်းက ညီနောင်လင်း၏ ကိုယ်ပွားတစ်ခုသာ ဖြစ်နေ၏။

ပါးရိုက်ရုံမျှဖြင့် မိစ္ဆာဓားနတ်ဘုရား၏ စိတ်ပိုင်းဆိုင်ရာကို ထိုးနှက်ခဲ့သည်။

ယင်းအပြင် မူလစိတ်ဝိညာဉ်နယ်ပယ်ကို အသက်သွင်းခဲ့သည်။

မျှော်လင့်ထားသည့် အတိုင်းပင် သူ့ပတ်ဝန်းကျင်၌ ပုံမှန်မဟုတ်သောလူမှာ ညီနောင်လင်းပင် ဖြစ်သည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော မိစ္ဆာဓားနတ်ဘုရားကို ကြည့်ပြီး ထွင်ထျန်းဟာက အနည်းငယ် ထိတ်လန့်သွားသည်။

အစောပိုင်းက ဤနေရာသို့ သွားရာလမ်းတွင် သူက တိုက်ပွဲမြင်ကွင်းကို ကြည့်ရှုရန် စိတ်ဝိညာဉ်အိမ်မွေး တိရိစ္ဆာန်စာချုပ်မှတစ်ဆင့် ဝမ်လင်း၏ အမြင်အာရုံ မျှဝေနိုင်စွမ်းကို အသုံးပြုခဲ့သည်။

ထို့နောက်တွင် မိစ္ဆာဓားနတ်ဘုရား၏ ဦးခေါင်းပေါ်သို့ ဧရာမ အလင်းဓား တစ်စင်း ထိုးဆင်းလာသည်ကို မြင်တွေ့ခဲ့ရသည်။

ကမ္ဘာဖျက်ဓား...

မိစ္ဆာဓားနတ်ဘုရား ကဲ့သို့ ဓားတာအိုကို ရူးသွပ်သူ အနေဖြင့် ဓားတာအိုကို ဖယ်ရှားခံရသည်ထက် ဓားထိုးခံရပြီး သေသည်ကပင် ပိုကောင်းသည်ဟု ထွင်ထျန်းဟာ ခံစားမိခဲ့သည်။

သူက သက်ပြင်းချလိုက်ပြီး လှည့်ကြည့်လိုက်သည်။

"ချီးပဲ.. ဒီနေရာက နည်းနည်းမှောင်နေတယ်"

ထို့အပြင် ဤနေရာက မြို့နှင့် အနည်းငယ် အလှမ်းဝေးသည်။

ကျိုးရီက ဤနေရာကို ချောချောမောမော ရှာမတွေ့နိုင်မည်ကို သူအနည်းငယ် စိုးရိမ်နေမိသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ထွင်ထျန်းဟာကို ကြည့်ပြီး ပြောလိုက်သည်။

"ဒါပေမဲ့ သိပ်မဆိုးသေးပါဘူး.. မိစ္ဆာဓားနတ်ဘုရားကြောင့် အနီးတစ်ဝိုက်က အီလက်ထရွန်နစ် ပစ္စည်းတွေ အားလုံး ပျက်စီးသွားပေမဲ့ ညီနောင် ထွင်ထျန်းဟာ ဒီနေရာမှာ ရှိနေတာပဲဟာ.. ငါတို့ မင်းကို အလင်းရောင်အဖြစ် အသုံးပြုနိုင်ပါတယ်"

ထွင်ထျန်းဟာ "...???..."

ဗုံးပစ်စီနီယာ အင်မော်တယ်

"ညီနောင် ထွင်ထျန်းဟာ.. မင်းသဘောမပေါက်သေးဘူးလား"

ထွင်ထျန်းဟာ "ဘာကို သဘောပေါက်ရမှာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ် "မင်းရဲ့ခွေးမွေးတွေက မီးချောင်းတွေလို တောက်ပနေတယ်လေ"

ထွင်ထျန်းဟာ "..........."

.............

မတော်တဆမှု အပြီး နာရီဝက်ခန့်အကြာတွင် ကျိုးရီက ဗုံးပစ်စီနီယာ အင်မော်တယ်၏ တည်နေရာသို့ ရောက်ရှိခဲ့သည်။

တောင်တက်လမ်းတလျှောက် လမ်းမီးတွေ အကုန်ပျက်စီးနေ၏။

ဘယ်နေရာကို ကြည့်ကြည့် အမှောင်ထုကသာ စိုးမိုးနေသည်။

လွန်ခဲ့တဲ့ နှစ်နာရီလောက်ကစပြီး စုန့်ဟိုင်မြို့၏ အရေးပေါ် စင်တာသည် လူအများ၏ တိုင်တန်းချက်များကို ဆက်တိုက် ရရှိခဲ့၏။

၎င်းတို့နေရာများတွင် မီးအကြီးအကျယ် ပျက်နေကြောင်းနှင့် ၎င်းတို့၏ အီလက်ထရွန်းနစ် ထုတ်ကုန်အားလုံး အလုပ်မလုပ်တော့ကြောင်း အခိုင်အမာဆိုခဲ့ကြသည်။

ယင်းအချိန်တွင် ကျိုးရီက ဆိုးရွားသော ခံစားချက်ကို ရရှိနေပြီ ဖြစ်သည်။

ထို့နောက် စုန့်ဟိုင်မြို့ အထက်ရှိ လေထုတွင် တစ်စုံတစ်ဦးမှ မီးခိုးဗုံးများ ပစ်လွှတ်ခဲ့ပြီး မိုင်ပေါင်းထောင်ချီ အတွင်း ထူထပ်သော မီးခိုးမြူများ ဖုံးလွှမ်းစေခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဤထူထပ်သော မြူခိုးများက မြို့ပြင်မှ စီးဆင်းလာသော်လည်း ကိုင်တွယ်ဖြေရှင်းရန်မှာ အတော့်ကို ခက်ခဲနေသည်။

မြူခိုးများက ဘာမှန်း အတိအကျ မသိသောကြောင့် လေထဲတွင် ကင်းလှည့်နေသော ယာဉ်ထိန်းရဲများက ၎င်းအနားကို လုံးဝ မချဉ်းကပ်ရဲပေ။

လောလောဆယ်တွင် မြူထူထပ်သည့် ဧရိယာကို ပိတ်ထားပြီး အရေးပေါ် ကယ်ဆယ်မှုများ လုပ်ဆောင်ထားခဲ့ကာ မည်သူ့ကိုမှ ချဉ်းကပ်ခွင့် မပေးခဲ့ချေ။

ညနေပိုင်းတွင် ကျိုးရီ၏ WeChatက အလွန် အသက်ဝင်လာသည်။

စုန့်ဟိုင်ထောင်မှ ထောင်အုပ်လျန့် နှင့် ခရိုင်အသီးသီးမှ ခရိုင်ရဲမှူးများ၊ ကျင့်ကြံခြင်းရဲဌာနမှ ရဲအုပ်များက တိုင်ကြားစာများ ပေးပို့ခဲ့ကြသည်။

ကျိုးရီက WeChat တွင် ၎င်းတို့ကို နှစ်သိမ့်ပေးခဲ့ပြီး ကိုယ်တိုင်လည်း မှန်းဆချက် လုပ်နေခဲ့၏။

ဤညနေခင်း၏ အဖြစ်အပျက် အားလုံးက ဆက်စပ်မှု ရှိနေနိုင်သည်ဟု သူတွေးမိခဲ့သည်။

ကြီးမားသော အဖြစ်အပျက် များစွာကို ဖြတ်သန်းခဲ့ပြီးနောက်တွင် ကျိုးရီက တစ်ခုခုဖြစ်တော့မည်ဟု ကြိုသိနိုင်နေပြီ ဖြစ်သည်။

သူက အတော်လေး စိတ်မသက်မသာ ခံစားနေရ၏။

ထို့အပြင် ၎င်းက အလွန်ပြင်းထန်သော ခံစားချက်တစ်ခု ဖြစ်ခဲ့သည်။

ထို့ကြောင့် ညနေခင်းတွင် ကျိုးရီက ကျောင်းပေါင်း 100 ၏ အထွေထွေအုပ်ချုပ်ရေး ရုံးခန်းတွင် ထိုင်ပြီး သူ၏ WeChat ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

သိပ်မကြာခင်မှာပင် သူ့ဆရာ ဝမ်လင်းထံမှ မက်ဆေ့ချ် တစ်စောင်ကို သူတွေ့လိုက်ရသည်။

All Chapters