တာဝန်က သူ့အလိုလိုပေါ်လာသည်
Vol. 30 Ch. 449
မိစ္ဆာဓားနတ်ဘုရားကို ဖမ်းမိခဲ့သော်လည်း အဆုံးသတ်တွင် သူ၏ အထောက်အထားအရ အဖြစ်အပျက်ကို ဖုံးဖိခဲ့သည်။
ပုံမှန်မဟုတ်သည့် ကြီးမားသော မီးပျက်မှုနှင့် ဧရိယာအတွင်းရှိ အီလက်ထရွန်နစ် ပစ္စည်းများ ချွတ်ယွင်းမှု နှင့် ပတ်သက်၍ စုန့်ဟိုင်မြို့၏ လျှပ်စစ်ဌာနက နောက်ဆုံးတွင် တာဝန်ယူခဲ့ရသည်။
နောက်တစ်နေ့တွင် အဆိုပါ မတော်တဆမှု အကြောင်းကို စက်ပစ္စည်း ချို့ယွင်းမှုကြောင့်ဟု ထုတ်ပြန်ခဲ့သည်။
အဆုံးသတ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နေသူများသာ အမှန်တကယ် ဖြစ်ရပ်များကို သိရှိခဲ့သည်။
မိစ္ဆာဓားနတ်ဘုရား အဖမ်းခံရပြီး သိပ်မကြာခင်မှာပင် ကျိုးရီက ဖုန်းခေါ်ဆိုမှု နှစ်ခုကို လက်ခံခဲ့ရသည်။
ပထမခေါ်ဆိုမှုမှာ သူ၏ ခေါင်းဆောင် ဖြစ်သည့် အတွင်းရေးမှူး တာခန်း ထံမှ ဖြစ်သည်။
"မင်္ဂလာပါ ကျိုးရီလေး..."
ကျိုးရီက အတွင်းရေးမှူး တာခန်း၏ ရင်းနှီးသော အခေါ်အဝေါ်ကို ကြားလိုက်ရသည်။
ကျိုးရီ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ငါက အတွင်းရေးမှူး တာခန်းပဲ"
ဖုန်း၏ အခြားတစ်ဖက်မှ အတွင်းရေးမှုး တာခန်း က အနည်းငယ် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"မင်းပတ်ဝန်းကျင်မှာ အဆင့်မြင့် ကျင့်ကြံသူတွေ ပုန်းအောင်းနေတယ်လို့ ငါအမြဲတွေးမိခဲ့တယ်... ဟားဟား မိစ္ဆာဓားနတ်ဘုရားကို ဖမ်းမိတဲ့အချိန်မှာတော့ ငါ့သံသယက ရှင်းသွားခဲ့ပြီ"
ထိုစကားကို ကြားလိုက်သည်နှင့် ကျိုးရီ၏ စိတ်က ဟာခနဲ ဖြစ်သွားသည်။
မိစ္ဆာဓားနတ်ဘုရားကို နှိမ်နင်းခဲ့သည့်သူက သူ့ဆရာမှန်း ပေါ်ပေါက်သွားလျှင် သူ့ဆရာ သူ့ကို မုန်းသွားမည်မှာ သေချာ၏။
"အတွင်းရေးမှူး တာခန်း.. အဲဒီလိုမဟုတ်ပါဘူး..."
ဖုန်းထဲမှ အတွင်းရေးမှူး တာခန်း အသံကို ကြားလျှင် ကျိုးရီ ဆင်ခြင်ပေးရန် ပြင်လိုက်သည်။
"မစိုးရိမ်ပါနဲ့"
အတွင်းရေးမှူးတာခန်းက ဆက်ပြောလိုက်သည်။
"မင်းလူ့အဖွဲ့အစည်းအတွက် စေတနာထားနေသ၍ မင်းပတ်ဝန်းကျင်မှာ အဆင့်လွန်ကျင့်ကြံသူ ဘယ်နှစ်ယောက်ရှိရှိ ငါဂရုမစိုက်ပါဘူး...ဒါပေမယ့် မိစ္ဆာဓားနတ်ဘုရားကို နှိမ်နင်းနိုင်တဲ့ ဒီစီနီယာရဲ့ အစွမ်းသတ္တိက သာမန်တော့ မဟုတ်ဘူး.. သူက ငါနဲ့ ဗိုလ်ချုပ်ရီထက် လုံးဝအားမနည်းဘူး"
"အတွင်းရေးမှူး ကျနော်.."
"အဆင်ပြေပါတယ်.. မင်းရှင်းပြစရာမလိုပါဘူး.. ငါ မင်းကို နားလည်တယ်"
အခြားတစ်ဖက်တွင် အတွင်းရေးမှူး တာခန်းက ခေါင်းညိတ်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
"လူတိုင်းမှာ လျှို့ဝှက်ချက်တွေရှိတာ ငါနားလည်ပါတယ်...မင်းက ငါတို့ ပညာရေးနယ်ပယ်ရဲ့ ဂုဏ်ယူစရာ တစ်ခုပါ.. အခု မင်းက ကလေးတိုင်းအတွက် စံပြလည်း ဖြစ်နေပါပြီ.. အဲဒီအတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ်.. သိပ်မကြာခင် အဖိုးကြီးရီဆီက ဖုန်းလာလိမ့်မယ်.. အဲဒီအခါကျရင် မင်းနောက်ကွယ်က စီနီယာက ငါလို့သာ ပြောချလိုက်.. ငါမင်းကို နောက်ပြောင်နေတာ မဟုတ်ဘူးနော်"
".........."
ကျိုးရီက ဖုန်းနားထောင်ရင်း ရုတ်တရက် အနည်းငယ် စိတ်ရှုပ်သွားသည်။
ရှင်းပြရန်မဖြစ်နိုင်ဟု ထင်ခဲ့သည့်အရာက အမှန်တကယ်ပင် ရှင်းလင်းပြတ်သားစွာ ဖြေရှင်းပြီးသွားပါသလော။
"အဖိုးကြီးရီရဲ့ အကျင့်စရိုက် အရဆို ဒီကိစ္စကို သိတာနဲ့ စုန့်ဟိုင်မြို့ဆီ ချက်ချင်း ခရီးထွက်လာလိမ့်မယ်.. မင်းကိုလည်း ဖုန်းခေါ်ပါလိမ့်မယ်.. ပိုအရေးကြီးတာ အဖိုးကြီးရီက အရမ်း လိမ္မာပါးနပ်တဲ့ အတွက် ငါတို့ အတိုင်အဖောက် မလွဲအောင် သေချာလေး တိုင်ပင်ထားသင့်တယ်"
ဤအချက်ကို ပြောရင်း အတွင်းရေးမှူး တာခန်းက အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။
"အရင်တုန်းက ငါရယ် သူရယ် ကျန်းအဖိုးကြီးရယ်က ချန်နန်ရွှယ်ကို ဘယ်သူ အရင်ဖမ်းနိုင်မလဲ ဆိုပြီး လောင်းကြေးထပ်ခဲ့ကြတယ်...နောက်ဆုံးမှာ ငါအနိုင်ရမယ်လို့ ဘယ်သူက တွေးမိမှာလဲ...ကျိုးရီလေး မင်းငါ့ကို မျက်နှာရအောင် လုပ်ပေးပြန်ပြီ"
ကျိုးရီ "..........."
အတွင်းရေးမှူး တာခန်း
"ဒါ့အပြင် မင်းက အခြေအနေတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်.. မီဒီယာကို ချက်ချင်း ဖိနှိပ်ခဲ့ပြီး သတင်းမပေးခဲ့ဘူး.. ဘာပဲဖြစ်ဖြစ် မိစ္ဆာဓားနတ်ဘုရားကို အဖိုးကြီးရီဆီ လွှဲပေးလိုက်တာက ပိုကောင်းပါတယ်လေ"
"............."
"ကျိုးရီလေး စိတ်မပူပါနဲ့.. ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ဖော်ပြမှုမျိုး ရှိလာမှာ မဟုတ်ပေမယ့်.. မင်းကတော့ အထက်အရာရှိတွေရဲ့ ချီးကျူးမှုတွေ အများကြီး ခံရမှာ သေချာတယ်"
"နောက်ကျရင် မင်းရာထူးတိုးဖို့အတွက် အဖိုးကြီးရီက စကားကောင်း ပြောပေးပါလိမ့်မယ်"
"ကောင်းပါပြီ အတွင်းရေးမှူး..."
ကျိုးရီက ကျေးဇူးတင်ကြောင်း ပြောပြီးနောက် ဖုန်းကို ချလိုက်ကာ သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါဖြင့် ချွေးများကို သုတ်လိုက်သည်။
နေရင်းထိုင်ရင်း ဝန်ထုပ်ဝန်ပိုးက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာ၏။
သူက ဤဝန်ထုပ်ဝန်ပိုးကို ထမ်းရန် လုံလောက်သည့် စွမ်းအားမရှိခဲ့ပေ။
အဆုံးသတ်တွင် ၎င်းမှာ ကံကြမ္မာက စီရင်ဆုံးဖြတ်ထား၍ ကောင်းကင်ပေါ်က ပြုတ်ကျလာခြင်း ဖြစ်လောက်၏။
..................
အတွင်းရေးမှူးတာခန်း ဖုန်းခေါ်ပြီး သိပ်မကြာခင်မှာပင် ကျိုးရီ၏ ဝန်ထမ်းတိုက်ခန်းတွင် ဖုန်းထပ်မြည်လာသည်။
၎င်းက အမည်မသိ နံပါတ်တစ်ခု ဖြစ်သော်လည်း ဗိုလ်ချုပ်ရီ ထံမှ ဖြစ်နိုင်ခြေအရှိဆုံးဟု ကျိုးရီ သိလိုက်သည်။
သူနှင့် ဗိုလ်ချုပ်ရီက ကျောင်းခြောက်ကျောင်း ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွင် တစ်ကြိမ် တွေ့ဆုံဖူးသော်လည်း မရင်းနှီးခဲ့ပေ။
ဗိုလ်ချုပ်ရီက နိုင်ငံတည်ထောင်သူ ဖခင်၊ သူ့ကိုယ်ပိုင်အစွမ်းဖြင့် နတ်ဆိုးများကို တိုက်ခိုက်ခဲ့သည့် ဒဏ္ဍာရီဆန်ဆန် တည်ရှိမှု တစ်ခု ဖြစ်ပြီး၊ အရာများစွာကို အမှန်တကယ် အေးအေးဆေးဆေး လျစ်လျူရှုထားနိုင်သူ ဖြစ်သည်။
သူ့လိုဂျူနီယာက ဗိုလ်ချုပ်ရီနှင့် ပနံသင့်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤဖုန်းခေါ်ဆိုမှုက တကယ်တမ်းတွင် အခွင့်အရေးတစ်ခုဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် ကျိုးရီ၏ ထိပ်တန်းဦးစားပေးမှာ သူ့ဆရာ သူ့အား ပေးအပ်ထားသည့် တာဝန်ကို ထမ်းဆောင်ရန် ဖြစ်သည်။
ဆိုရလျှင် သူ့ဆရာ ပျော်ရွှင်စေရန်မှာ သူ့အတွက် အရေးကြီးဆုံး ဖြစ်သည်။
သူ့ဆရာထံမှ ဘာမှ များများစားစား မသင်ယူရသေးသော်လည်း သူတို့၏ ဆရာတပည့် ဆက်ဆံရေးဖြင့် ဆိုလျှင် အချိန်တစ်ခုသာ လိုအပ်သည်ဟု ကျိုးရီ ခံစားခဲ့ရသည်။
ကျိုးရီက ဖုန်းကို ကောက်ကိုင်လိုက်သည်။
ရှေးခေတ် အောင်သွယ်တော်လို အသံထွက်လေ့ ရှိသော အတွင်းရေးမှူး တာခန်း နှင့် နှိုင်းယှဥ်ကြည့်လျှင် ဗိုလ်ချုပ်ရီ၏ အသံက ပိုမိုနက်ရှိုင်းပြီး ပိုလေးနက်၏။
"မင်းက ကျိုးရီလား"
ကျိုးရီ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်"
ဖုန်း၏ အခြားတစ်ဖက်တွင် ဗိုလ်ချုပ်ရီက အနည်းငယ်တိတ်ဆိတ်သွားပြီးမှ မေးလိုက်သည်။
"တာခန်းက မင်းရဲ့ဆရာလား"
ကျိုးရီ "ဗိုလ်ချုပ်ရီ နားလည်မှုလွဲနေပါပြီ... ကျနော်တို့က ခေါင်းဆောင်နဲ့ လက်အောက်ငယ်သား ဆက်ဆံရေးပဲ ရှိတာပါ"
"ဒါဆို သူက မင်းကို တပည့်တစ်ယောက်လို ဘာလို့ ဆက်ဆံနေတာလဲ.. ဒီအဖိုးကြီးသာ မင်းအကြောင်းကို သေချာ မစစ်ဆေးခဲ့ဘူး ဆိုရင် မင်းကို သူ့ရဲ့ တရားမဝင် ကလေး တစ်ယောက်လို့တောင် ထင်မိလိမ့်မယ်"
ကျိုးရီ၏ မျက်နှာက ရှုံ့မဲ့သွားသည်။
"............"
ဗိုလ်ချုပ်ရီက သူ့လည်ချောင်းကို ရှင်းလိုက်သည်။
"ဒီအဖိုးကြီးက သတင်းပို့ချက်ကို ရခဲ့တယ်.. မင်းတို့က နှစ်ပေါင်းများစွာ ခြေရာခံလို့မရတဲ့ ငါ့ဆရာတူညီလေးကို ဖမ်းနိုင်ခဲ့တယ်ဆို"
တကယ်တမ်းတွင် ဗိုလ်ချုပ်ရီက ဖုန်းလက်ခံရရှိသည့် အခိုက်တွင် ထိုသတင်းကို မယုံရဲခဲ့ပေ။
သူ့ ဂျူနီယာညီလေးက ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှုကင်းမဲ့သည်။
၎င်းက လူများကို မြက်ပင်ကဲ့သို့ သဘောထားကာ သတ်ဖြတ်ခဲ့သည့်အပြင် သူ့ဆရာကိုပါ သတ်ပစ်ခဲ့သည်။
ထိုအချိန်ကတည်းကပင် သူ့ညီငယ်၏ ခွန်အားက အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်ပြီး နှစ်ရာပေါင်းများစွာကြာအောင် ပျောက်ကွယ်သွားပြီးနောက် ရုတ်တရက် ဖမ်းမိခဲ့သည်ဆိုသည်မှာ ဗိုလ်ချုပ်ရီကို အလွန်သံသယ ဖြစ်စေခဲ့သည်။
ကျိုးရီက အသက်ခပ်ပြင်းပြင်းရှူ၍ ပြန်ဖြေလိုက်သည်။
"ဗိုလ်ချုပ်ရီ.. မိစ္ဆာဓားနတ်ဘုရားကို ဖမ်းမိတဲ့ သတင်းက အမှန်ပါပဲ.. သူ့ဆီက ကောင်းကင်ပိုင်းဖြတ်ဓားကို သက်သေအဖြစ် ရထားပြီးပါပြီ.. ဗိုလ်ချုပ် ကိုယ်တိုင် လာပြီး စစ်ဆေးလို့ရပါတယ်"
"ကောင်းပြီလေ.. ဒီအဖိုးကြီးက အစစ်ဟုတ်၊မဟုတ် ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်လိမ့်မယ်.. မနက်ဖြန် စုန့်ဟိုင်မြို့ကို ငါထွက်လာခဲ့မယ်"
ဗိုလ်ချုပ်ရီက စကားဆက်လိုက်သည်။
"ဒါပေမယ့် ဒီအဖိုးကြီး မေးစရာရှိသေးတယ်"
ကျိုးရီ "ဗိုလ်ချုပ်.. ကျေးဇူးပြုပြီး မေးပါ"
ဗိုလ်ချုပ်ရီ
"မင်းက ဒီကိစ္စကို တိုက်ရိုက် တာဝန်ယူတဲ့ ခေါင်းဆောင်လို့ ငါကြားတယ်.. ဒါကြောင့် ဒီအဖိုးကြီးကို အမှန်အတိုင်း ပြောပြပေးလို့ရမလား.. ငါ့ရဲ့ မိုက်မဲတဲ့ ဂျူနီယာညီလေးက ဘယ်လို ရှုံးနိမ့်သွားတာလဲ.. မင်း ငါ့ကို လှည့်ဖြားတဲ့ စကားတွေ မပြောဘူးလို့ ငါမျှော်လင့်ပါတယ်"
"ဒီအဖိုးအို ဖုန်းခေါ်လိုက်ကတည်းက မင်းက ကျိန်စာသင့်သွားခဲ့ပြီ .. မင်း ငါ့ကို တစ်ခုခု ဖုံးကွယ်ခဲ့ရင် မိုးရွာတဲ့ အချိန်တိုင်းမှာ သည်းမခံနိုင်တဲ့ ယားယံမှုကို ခံစားရလိမ့်မယ်"
ကျိုးရီ ".........."
မိစ္ဆာဓားနတ်ဘုရားကို မည်ကဲ့သို့ အနိုင်ယူခဲ့ကြောင်း နှင့် မည်သူက အနိုင်ယူခဲ့သည်ကို ဗိုလ်ချုပ်ရီ မသိသေးသောကြောင့် ကျိုးရီ သက်ပြင်းချနိုင်ခဲ့သည်။
သူ့ဆရာဝမ်လင်းမှန်း မသိသ၍ လုံးဝ အဆင်ပြေသည်ဟု ကျိုးရီ ခံစားရ၏။
ကျိုးရီက တိုက်ပွဲကို သူ့မျက်လုံးများဖြင့် အမှန်တကယ် မမြင်ဖူးသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ် ထံမှ ထိုအကြောင်းကို အားလုံး ကြားခဲ့ရသည်။
ဗိုလ်ချုပ်ရီက အမှန်တရားကို ကြားချင်နေပုံရ၏။
ကျိုးရီက တိုက်ပွဲနှင့် ပတ်သက်၍ ဗုံးပစ်စီနီယာ အင်မော်တယ် ပြောသည်ကို ပြန်အမှတ်ရပြီး ပြောပြလိုက်သည်။
"အင်း.. ဗိုလ်ချုပ်.. အဖြစ်ပျက်က ဒီလိုပါ..."
"ပထမတော့ ပါးနှစ်ချက် အရိုက်ခံရတယ်."
"အမ်..."
"အဲဒီနောက်မှာ မှော်ဓားရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရတယ်"
"အမ်.. ပြီးတော့ရော"
"အဲဒါပဲလေ..."
"............."