ဓားတာအိုစွမ်းအား၏ အမွေအနှစ်
Vol. 30 Ch. 450
ဇူလိုင်လ 11 ရက်နေ့သည် စာသင်နှစ်၏ 12 ပတ်မြောက် အင်္ဂါနေ့ ဖြစ်သည်။
မိစ္ဆာဓားနတ်ဘုရားကို တရားဝင် ဖမ်းဆီးပြီးသည်မှာ ဆယ်နာရီကျော်ကျော်လောက် ရှိပြီ ဖြစ်၏။
ကျောင်းမှ အိမ်ပြန်ရောက်သောအခါ ဝမ်လင်းက အစီအရင်ရေးဆွဲရာတွင် အထူးလိုအပ်သော ကိရိယာ တန်ဆာပလာများကို သူ့စားပွဲပေါ်တွင် တင်လိုက်သည်။
စုတ်တံ၊ စက္ကူနှင့် သစ်ကြံပိုးခေါက်။
သူက မိစ္ဆာဓားနတ်ဘုရား၏ ဓားတာအိုကို ယူဆောင်သွားခဲ့သော်လည်း ဓားတာအိုက ပျောက်ကွယ်သွားသည်ဟု မဆိုလိုပေ။
ဝမ်လင်း၏ မဟာဓားတာအို စွမ်းရည်မှာ "အလုံးစုံသိမြင်တော်မူသောဉာဏ်" ဖြစ်ပြီး မိစ္ဆာဓားနတ်ဘုရား၏ စွမ်းရည်မှာ "ဆယ်မီတာ ဓားစက်ကွင်း" ဖြစ်သည်။
ဤဂုဏ်ရည်တော်များ၏ အရည်အသွေး အဆင့်ကို ကြည့်လျှင် ဝမ်လင်း ဆုပ်ကိုင်ထားသည့်အရာက အကောင်းမွန်ဆုံးဖြစ်သည်မှာ သေချာ၏။
သို့တိုင် မိစ္ဆာဓားနတ်ဘုရား၏ ဆယ်မီတာာ ဓားစက်ကွင်းကို အားနည်းသည်ဟု မယူဆနိုင်ပေ။
အနည်းဆုံးတော့ ဆယ်မီတာဓားစက်ကွင်းက ခွန်အားကို အလွန်အမင်း မြှင့်တင်နိုင်ပြီး အနီးကပ် တိုက်ပွဲများတွင် ရလဒ်ကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိပေသည်။
ဝမ်လင်းနှင့် ထိပ်တိုက် ရင်ဆိုင်မိသည်မှာ မိစ္ဆာဓားနတ်ဘုရား၏ ကံဆိုးမှုသာ ဖြစ်သည်။
သို့မဟုတ်လျှင် ဆယ်မီတာဓားစက်ကွင်း အစွမ်းကို မိစ္ဆာဓားနတ်ဘုရားရဲ့ စီနီယာအစ်ကို ဗိုလ်ချုပ်ရီပင် အနိုင်ရရန်် ခက်ခဲလိမ့်မည်ဟု ဝမ်လင်းခံစားမိသည်။
ဝမ်လင်း ဤတစ်ကြိမ် ရေးဆွဲရန် ပြင်ဆင်ထားသည့် တာအိုအစီအရင်မှာ အမွေဆက်ခံ အစီအရင် ဖြစ်သည်။
ထိုအစီအရင်ကို သူက မိစ္ဆာဓားနတ်ဘုရား ထံမှ သိမ်းယူခဲ့သော ဓားတာအိုမှော်စွမ်းရည် နှင့် ပေါင်းစပ်မည် ဖြစ်သည်။
၎င်းက ဒဏ္ဍာရီလာ တာအိုအစီအရင် အမျိုးအစား ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၎င်းနှင့်ပတ်သက်သော မှတ်တမ်းများ မရှိတော့ပေ။
လက်ထဲတွင် စုတ်တံ ကိုင်ထားရင်း စားပွဲရှေ့တွင် ရပ်နေသော ဝမ်လင်းက အာရုံစူးစိုက်မှု အပြည့်ဖြင့် ရေးဆွဲနေသည်။
ထွင်ထျန်းဟာက ဝမ်လင်း၏ ကုလားထိုင်ပေါ်ကနေ စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။
ကလေးမလေးက စားပွဲဘေးတွင် ရပ်နေသည်။
အမွေဆက်ခံ အစီအရင်..
ထွင်ထျန်းဟာက ဤတာအို အစီအရင်မျိုးကို တစ်ခါမျှ မမြင်ဖူးပေ။
ထိုအစီအရင်က အစီအရင် ပညာရှင် တစ်ဦးပင်လျှင် အောင်မြင်ရန် အခွင့်အလမ်း အလွန်နည်းပါးသော အစီအရင်မျိုးဖြစ်သည်။
အဆုံးသတ်တွင် ဤသည်က မဟာတာအို ၃၀၀၀ ကို အမွေဆက်ခံနိုင်ရန် အတွက် အထူး တာအိုအစီအရင် တစ်မျိုး ဖြစ်၏။
ဤကဲ့သို့ အစီအရင်ကို ရေးဆွဲရာတွင် မည်သည့်အခါမျှ လွယ်ကူမည် မဟုတ်ပေ။
"ဘယ်သူ့အတွက်လဲ"
ထွင်ထျန်းဟာက ကုလားထိုင်ပေါ်ကနေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးလိုက်သည်။
ဝမ်လင်းက အစီအရင်ရေးဆွဲရန် အာရုံစိုက်နေသဖြင့် သူ့ကို ဂရုမစိုက်အားပေ။
ကလေးမလေးက ထွင်ထျန်းဟာကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
"သေချာပါတယ်.. အဲဒါက နင့်အတွက်ပဲ"
ထွင်ထျန်းဟာ အံ့အားသင့်သွားသည်။
သူ၏ သခင်လေး သိမ်းယူထားသည့် မိစ္ဆာဓားနတ်ဘုရား၏ ဓားတာအိုက သူ့ဆီ အမှန်တကယ် ရောက်လာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
"ဒါပေမယ့်.. ငါက ဓားကို အသုံးပြုလို့ မရဘူးလေ.."
ထွင်ထျန်းဟာ ချွေးများ ထွက်လာသည်။
လူပုံသဏ္ဍာန်ကို မကျင့်ကြံနိုင်သေးခင် ဓားကိုင်ရန်မှာ သူ့အတွက် အဆင်မပြေပေ။
ပြဿနာမှာ သူက ဒုတိယတန်းစား သားရဲ အဆင့်ကို ရောက်နေပြီ ဖြစ်၍ ပထမတန်းစား သားရဲအဆင့်ကို တက်ရန်မှာ အချိန်အတော်ကြာ လိုဦးမည် ဖြစ်သည်။
ဒုတိယတန်းစား အဆင့်မှ ပထမတန်းစား အဆင့်သို့ တိုးတက်လာခြင်းတွင် သားရဲပုံစံမှ လူသားအသွင်သို့ ပြောင်းလဲခြင်းလည်း ပါဝင်၏။
ထိုအဆင့် ဝိညာဉ်သားရဲများသည် "စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်" ကျင့်ကြံသူနှင့် ညီမျှသည်။
အဆုံးသတ်တွင် ဝိညာဉ်သားရဲများက ပထမတန်းစားသားရဲ အဆင့် အထိ ကျင့်ကြံခြင်း မပြုမီ ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ရဦးမည် မဟုတ်ပါလား။
ထွင်ထျန်းဟာက သူ၏ လက်ရှိ တိုးတက်မှုနှုန်းကို တွက်ချက်ခဲ့သည်။
သူက ဆရာလေးလင်း ပြုပြင်ထားသော "နတ်ဆိုးဘုရင်နှလုံးသားကျမ်းကို အသုံးပြု၍ ကျင့်ကြံမှုကို အရှိန်မြှင့်မည်ဆိုလျှင်ပင် နောက်ထပ် အနှစ်ငါးဆယ်ခန့် လုံ့လစိုက်ထုတ်၍ ကျင့်ကြံရဦးမည် ဖြစ်၏။
အနှစ်ငါးဆယ် အတွင်း ဒုတိယတန်းစား အဆင့်မှ ပထမတန်းစား အဆင့်သို့ တိုးတက်လာခြင်းမှာ ကျိုးကြောင်းဆီလျော်မှု မရှိသော အရှိန်ဟု ယူဆနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် သာမန် ဝိညာဥ်သားရဲ တစ်ကောင် အတွက် ဒုတိယတန်းစား အဆင့်မှ ပထမတန်းစား အဆင့်သို့ တိုးတက်ရန်မှာ အနည်းဆုံး အနှစ်တစ်ထောင်ခန့် လိုအပ်မည် ဖြစ်သောကြောင့်ပင်။
ဆရာလေးလင်း မွမ်းမံထားသော "နတ်ဆိုးဘုရင်နှလုံးသားကျမ်း"ကမူ အမြန်နှုန်းကို အဆနှစ်ဆယ်ခန့် မြှင့်တင်နိုင်ခဲ့သည်။
ထွင်ထျန်းဟာက သူတော်စင်သားရဲ မျိုးဆက်လည်း မဟုတ်၍ လက်ရှိ အခြေအနေနှင့်ပင် အတော်လေး ကျေနပ်နေပြီ ဖြစ်သည်။
...................
မကြာခင်မှာပဲ ဝမ်လင်းက တာအိုအစီအရင်ကို ရေးဆွဲပြီးသွားခဲ့သည်။
ထို့နောက် သူက ထွင်ထျန်းဟာကို ကြည့်လိုက်၏။
ဓားတာအိုနှင့် ပတ်သက်၍ ထွင်ထျန်းဟာ နားလည်မှု လွဲနေသည်ကို သူသိသည်။
သို့သော် လူအများစုက ဓားတာအိုကို လွဲမှားစွာ နားလည်ထားသည်ဟု သူထင်၏။
စစ်မှန်သည့် ဓားတာအို ဆိုသည်မှာ ဓားကိုင်စရာ မလိုအပ်ပေ။
မဟာတာအို ၃၀၀၀မှ တာအိုများသည် လူတစ်ဦးချင်းစီ၏ နားလည်မှုအပေါ် လိုက်၍ အမျိုးအစားများ ကွဲပြားသွားသည်။
အယူအဆသည် အယူအဆသာ ဖြစ်သည်။
လေးနက်သော အမှန်တရားသည် လေးနက်သော အမှန်တရားသာ ဖြစ်သည်။
ဓားတာအို၏ အမြင့်ဆုံး အဆင့်မှာ "မမြင်နိုင်သော စိတ်နှလုံးဓား" ဖြစ်၏။
ထိုအဆင့်၏ နောက်တွင် "လူနှင့်ဓား တစ်သားတည်း ပေါင်းစည်းခြင်း" အဆင့်ရှိသည်။
လက်ထဲတွင် ဓား မရှိသော်လည်း နှလုံးသားထဲတွင် ဓားရှိနေသည်မှာ ဓားတာအို၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။
သို့သော် ယနေ့ကမ္ဘာပေါ်တွင် ဤအဆင့်ကို ဆုပ်ကိုင်နိုင်သူ အလွန်တရာ နည်းပါးသည်။
ကျင့်ကြံသူများ အနေဖြင့် မတူညီသော ဓားတာအိုများကို ဖမ်းဆုပ်မိလျှင် အဆုံးသတ်၌ "လူနှင့်ဓား တစ်သားတည်း ပေါင်းစည်းခြင်း" သို့မဟုတ် "မမြင်နိုင်သော စိတ်နှလုံးဓား"အဆင့်ကို ရောက်ရှိနိုင်ပေသည်။
ထို့အပြင် နက်နဲသိမ်မွေ့သော "ကမ္ဘာ့ဖျက်ဓား"ကိုပါ ဖော်ထုတ်နိုင်မည် ဖြစ်သည်။
ဤအဆင့်ကို ဝမ်လင်းနှင့် ကျင့်ခယ်တို့က ရောက်ရှိနေပြီ ဖြစ်၏။
ကျင့်ခယ်က မိစ္ဆာဓားနတ်ဘုရားကို တိုက်ခိုက်ရာတွင် ကမ္ဘာဖျက်ဓားကို အသုံးမပြုမီ ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် တစ်သားတည်း ဖြစ်ရန် ရွေးချယ်ခဲ့ခြင်းမှာ ဝမ်လင်း၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်သည်။
ရှင်းလင်းစွာ ပြောရလျှင် ယင်းက ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကောင်းချီးပေးလိုက်ခြင်းပင်။
ဝမ်လင်းက အမွေဆက်ခံ အစီအရင်ကို ထွင်ထျန်းဟာထံ ပေးအပ်လိုက်ပြီး အားလပ်ချိန်တွင် နဖူး၌ ကပ်ထားရန် မှာကြားလိုက်သည်။
ဓားတာအို၏ နည်းစနစ်များက အလွန် ရှုပ်ထွေးသော်လည်း အမွေဆက်ခံ အစီအရင်ကို ထွင်ထျန်းဟာ အသုံးပြုနေသ၍ စိုးရိမ်စရာ မရှိပေ။
နေ့စဉ် နည်းနည်းချင်းစီ စုပ်ယူနိုင်သ၍ ဓားတာအိုကို အနှေးနှင့် အမြန်ဆိုသလို ကျွမ်းကျင်လာမည် ဖြစ်သည်။
"တကယ် ဓားတာအိုကို သင်ယူရမှာလား"
ထွင်ထျန်းဟာက အမွေဆက်ခံ အစီအရင်ကို လက်ခံရရှိပြီးနောက် အလွန်သံသယ ဖြစ်နေမိသည်။
သူ၏ လက်ရှိ နယ်ပယ်အဆင့်က ဒုတိယတန်းစား အဆင့်မျှသာဖြစ်၍ အခြေတည် စိတ်ဝိညာဉ် အဆင့်တွင်သာ ရှိသည်။
ဆိုရလျှင် မဟာတာအို ၃၀၀၀က ပကတိ အင်မော်တယ် အထွတ်အထိပ် အဆင့်မှသာလျှင် ထိတွေ့ဆုပ်ကိုင် နိုင်သောအရာ ဖြစ်သည် မဟုတ်ပါလား။
သူနှင့် ဓားတာအို ထိတွေ့သည်က နည်းနည်းများ စောနေမလားဟု သူ တွေးမိခဲ့သည်။
ကလေးမလေးက ထွင်ထျန်းဟာ၏ အမွေးများကို ပွတ်သပ်ရင်း ပြောလိုက်သည်။
မဟာတာအို သုံးထောင်က တကယ်ပဲ နားလည်ရခက်ခဲတယ်.. တကယ်တမ်းမှတော့ ဘယ်သူမဆို မဟာတာအိုကို ကျွမ်းကျင်နိုင်ပါတယ်.. ငါဘာလို့ ဒီလောက်မြန်မြန် ပြေးနိုင်တယ်လို့ နင်ထင်လဲ"
"..........."
ထိုစကားကြောင့် ထွင်ထျန်းဟာ ဆွံ့အသွား၏။
သုံးဘီးဆိုင်ကယ် စကားကို ကြားလျှင် သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ဆရာလေးလင်း ဉာဏ်အလင်းပေးခဲ့သော ဤအိမ်ကြီးအတွင်းရှိ မှင်စာ တစ်ဦးစီသည် အနည်းဆုံး မဟာတာအို တစ်ခုစီကို ဆုပ်ကိုင်ထားခဲ့ကြသည်။
၎င်းတို့က ဉာဏ်အလင်းရပြီးနောက် မဟာတာအိုများကို ဝမ်လင်းထံမှ တိုက်ရိုက် အမွေဆက်ခံခဲ့ရသည်။
ကလေးမလေးက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်တွင် ထင်ရှားစွာ ရှိနေသော်လည်း မဟာလေအလျင် တာအိုကို ကျွမ်းကျင်၏။
ဤအိမ်ငယ်လေး ထဲတွင် အမြင့်ဆုံးသော နယ်ပယ်အဆင့်ကို ပိုင်ဆိုင်ထားသူမှာ သခင်မာ ဖြစ်သည်။
သူက ဝမ်လင်းဆီမှ ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့် ဉာဏ်အလင်းကို တိုက်ရိုက် ရရှိခဲ့သည်။
ထို့အပြင် "မဟာဝါးမျိုခြင်းမှော်စွမ်းရည်"ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့သေး၏။
မဟာတာအို ၃၀၀၀က အဆင့်တစ်ခုသို့ ရောက်မှသာ သဘာဝကျကျ နားလည်နိုင်သော အရာ ဖြစ်သည်။
ထို့အပြင် မဟာတာအိုက နားလည်ရန် အလွန်ခက်ခဲ၏။
လူများစွာက မဟာတာအိုကို အရူးအမူး လိုက်စားခဲ့ကြသော်လည်း ဖမ်းမဆုပ်နိုင်ခဲ့ကြပေ။
သို့သော် မဟာတာအိုကို အမွေဆက်ခံနိုင်လျှင်မူ ယင်းမှာ လုံးဝကွဲပြားသော ကိစ္စဟု ဆိုရမည်။
ကလေးမလေး "သခင်လေးက နင့်ကို ပေးရင် လက်ခံဖို့က နင့်ကံကြမ္မာပဲ"
ထွင်ထျန်းဟာ "ဒါပေမယ့် ငါ့မှာ ဓားမရှိဘူးလေ..."
ကလေးမလေး "နင့်မှာ ခြေသည်းတွေ ရှိတယ် မဟုတ်လား"
ထွင်ထျန်းဟာ "............"
..........
ထိုညတွင် တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေသော အဖိုးအို တစ်ဦးသည် စုန့်ဟိုင်ထောင်၏ ပင်မတံခါးတွင် ပေါ်လာသည်။
သူက အမြဲလိုလို အနီရောင်ခါးစည်း နှင့် ကိုယ်ခံပညာ ဝတ်စုံကို ဝတ်ဆင်ထားလေ့ ရှိသည်။
ထို့အပြင် သူက လမ်းလျှောက်ရသည်ကို မကြိုက်သဖြင့် မြေပြင်မှ လက်မပေါင်း များစွာ အကွာအဝေးရှိ လေထဲတွင် ပျံဝဲနေ၏။
"ဘယ်သူလဲ"
တံခါးဝတွင် လူတစ်ယောက် ရှိနေပုံရသဖြင့် ထောင်အရာရှိက အော်ဟစ်လိုက်သည်။
ထိုခဏတွင် သူ့မျက်နှာက ချက်ချင်းပင် ချွေးများဖြင့် ရွှဲနစ်သွားခဲ့သည်။
"ဗိုလ်ချုပ်.. ဗိုလ်ချုပ်ရီလား"
ဗိုလ်ချုပ်ရီက ခေါင်းညိတ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
"တံခါးဖွင့်ပါ"
စံလုပ်ထုံးလုပ်နည်းအရ ထောင်ထဲသို့ ဝင်ရောက်မည့် သူတိုင်းမှာ ထောင်အုပ်၏ ကိုယ်ရေးကိုယ်တာ ခွင့်ပြုချက်ကို လိုအပ်မည် ဖြစ်သည်။
ဗိုလ်ချုပ်ရီ ဆိုင်းမဆင့်ဘုံမဆင့် ရောက်ချလာမည်ဟု ထောင်အုပ်လျန့် တိတိကျကျ မသိထား၍ ထောင်ထဲ၌ ဗိုလ်ချုပ်ရီကို ကြိုဆိုရန် ပြင်ဆင်မှုများ ပြုလုပ်မထားခဲ့ပေ။
ဗိုလ်ချုပ်ရီက မည်သူ့ကိုမှ အသိမပေးဘဲ ကိုယ်တိုင် တိတ်တဆိတ် ရောက်လာခဲ့သည်။
ဤနေ့နံနက်တွင် ရာဇဝတ်ကောင် တစ်ယောက်ကို ထောင်အုပ်လျန့် ကိုယ်တိုင်ကိုယ်ကျ ထောင်သွင်းအကျဉ်းချထားခဲ့၏။
ဗိုလ်ချုပ်ရီက ထိုရာဇ၀တ်ကောင် အတွက် ဤနေရာသို့ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ထောင်အရာရှိ တွေးမိခဲ့သည်။
မိစ္ဆာအင်ပါယာနှင့် အင်မော်တယ်စံအိမ်သခင် တို့နှင့်အတူ အကျဥ်းကျနေသည့်လူက သာမန်လူ တစ်ယောက် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ဤရာဇ၀တ်ကောင်က ဗိုလ်ချုပ်ရီကို လူကိုယ်တိုင် ရောက်လာစေ၍ ထောင်အရာရှိက မယုံနိုင်သလို ခံစားခဲ့ရသည်။