သွေးကြွေးအတွက် သွေးနဲ့ပြန်ပေးဆပ်
Vol. 45 Ch. 661
ကြီးမားသည့် ထိုခန္ဓာကိုယ်ကြီးပေါ်ရှိ အသားများက ပြန့်ကားလာပြီး သွေးကြောစိမ်းများက စိတ်ဝိညာဉ်မြွေများ သူ့ခန္ဓာကိုယ်ပေါ်မှာ တွယ်တက်နေသလိုပင်။ သူ့ခန္ဓာကိုယ်က ဖျက်ဆီးလို့ မရနိုင်သော သတ္တုရောင်ဖြင့် ပြောင်လက်နေ၏။
ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် အင်းကွက်ကျမ်းစာတစ်လွှာက ရှိနေဆဲဖြစ်၏။
သားရဲထုတ်ဖော်ကြေးမုံသုံးချပ်က ပြုတ်ကျသွားသော်လည်း သားရဲနှိမ်နင်းဝင်္ကပါက ရှိနေဆဲဖြစ်ပြီး လုံးလုံးပျက်ပြယ်သွားခြင်း မရှိပေ။
ဝင်္ကပါကနေ ဖွဲ့တည်ထားသော အလင်းအကာအရံက ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်မှာ တင်းကျပ်စွာ ကပ်ငြိနေဆဲဖြစ်၏။
သို့သော်လည်း အလင်းအကာအရံက အချိန်မရွေး ပျက်ဆီးတော့မည့်အလား တဖျပ်ဖျပ်ဖြစ်လာနေပြီဖြစ်၏။
ကြောက်မက်ဖွယ်ရာ အကြည့်နှင့်အတူ ဆူဇီမို၏ လက်နှစ်ဖက်က ပြန့်ကားရှည်ထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက နောက်တစ်ဖန် ထပ်မံကြီးထွားလာပြန်လေသည်။
ဖျောက်.. ဖျောက်.. ဖျောက်..
ဘေးပတ်လည်ရှိ အလင်းအကာအရံက ချက်ချင်းကြေမွသွား၏။
၎င်းပေါ်ရှိ အင်းကွက်ကျမ်းစာများကလည်း လုံးဝ မှိန်ကျသွားလေပြီ။
ဝုန်းကနဲ မြည်သံနှင့်အတူ အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါက ပေါက်ကွဲထွက်သွား၏။
ဆူဇီမိုသည် လွတ်မြောက်သွားပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲမှ သားရဲချီများက ရုန်းကန်ထွက်လာ၏။ သူ့ဘေးပတ်လည်တွင် ရှေးကျသော သားရဲများက တစ်ကောင်ပြီးတစ်ကောင် ပေါ်လာလေသည်။
ကျွဲရိုင်း၊ ကျောက်တုံးဝက်ဝံ၊ အနာကွန်ဒါ၊ မျှော်လင့်ချက်မျောက်ဝံ၊ နတ်မြင်း၊ ငရဲကျားနှင့် တိမ်လွှာကျားသစ်။
သူတို့က အားလုံးပေါင််း ခုနှစ်ကောင်ဖြစ်၏။
ရှေးဟောင်းမြို့ထဲရှိ ကျင့်ကြံသူများမှာ လွန်မင်းစွာ ထိတ်လန့်နေကြပြီဖြစ်၏။
သည့်အရင်က ဆူဇီမိုသည် ဤပြဿနာက သူ့နှင့် ဖန်သားနန်းတော်ကြားက ရန်ငြိုးရန်စဖြစ်ပြီး သူတို့နှင့်မဆိုင်၍ ဝင်မပါဖို့ နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့၏။
ထိုအချိန်တုန်းကတော့ သူတို့အားလုံးသည် ဆူဇီမိုကို ဟာသတစ်ခုလို မြင်ခဲ့ကြ၏။
သို့သော် ထိုအချိန်တုန်းက ထွက်ခွာခဲ့ခြင်းကသာလျှင် သူတို့၏ ရှင်သန်နိုင်မှုအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နိုင်ခဲ့ကြောင်း ယခုမှ သူတို့ နားလည်သဘောပေါက်လာကြ၏။
ဘန်း.. ဘုန်း.. ဘုန်း..
ဧရာမအရိပ်ကြီးက ကောင်းကင်တစ်ခွင် အုပ်မိုး၍ ထိုးကျလာ၏။
အကြီးအကဲရှိုထုတ်ဖော်ခဲ့သော အနက်ရောင်တောင်ထွတ်က နောက်ဆုံး ပိကျလာသော်လည်း ဆူဇီမိုက မရှောင်ပေ။ သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်၍ နက်ရှိုင်းစွာ မာန်သွင်းဟိန်းဟောက်ပြီး တောင်ထွတ်၏ အခြေကို သူ၏ လက်ဝါးကြီးများဖြင့် ထောက်ခံထားလိုက်၏။
ဘုန်း..
ဘာပဲပြောပြော တောင်ထွတ်ထဲမှာက ချိတ်ပိတ်ထားသူတစ်ယောက်၏ ဓမ္မစွမ်းအားများ ပါဝင်နေသောကြောင့် အဲ့ဒါက အလွန်တရာ လေးလံလေသည်။
တောင်ထွတ်နှင့် သူ့လက်က ထိမိသွားချိန်တွင် ဆူဇီမို၏ ပုံရိပ်က ကျုံ့ဝင်သွားပြီး သူ့ခြေထောက်အောက်ရှိ ကျောက်တမံတလင်းက ပေါက်ကွဲထွက်ကာ သူ့ခြေထောက်များက မြေကြီးထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားလေသည်။
သို့သော် သူ့ဒူးနှစ်ဖက်က ညွှတ်သွားခြင်း မရှိဘဲ သူ့ကျောရိုးက မတ်နေဆဲဖြစ်၏။ နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ အနက်ရောင်တောင်ထွတ်ကို သူ့ခန္ဓာကိုယ်ဖြင့် မထား၏။
အကြီးအကဲရှို နောက်ဆုံးမြင်တွေ့သွားသည်မှာ ထိုမြင်ကွင်းပင် ဖြစ်လေသည်။
“အားယာ..”
သူ့မျက်လုံးနှစ်ဖက်ကို မှိတ်ချ၍ လေးတွဲ့စွာ သက်ပြင်းချလိုက်၏။
ရှေးဟောင်းမြို့တော်ထဲရှိ ကျင့်ကြံသူများကတော့ သွားရှာပြီဆိုတာ သူသိလိုက်၏။
ဖန်သားနန်းတော်ကျင့်ကြံသူများကတော့ ဒီနေရာမှာပင် အကုန်လုံးသေရဖို့ အခွင့်များသွားလေပြီ။
အကြီးအကဲရှို၏ နောက်တွင် အက်ကွဲကြောင်းတစ်ခုက တိတ်တဆိတ် ပေါ်လာပြီး အမှောင်ထုထဲကနေ မကောင်းဆိုးဝါးလေစိမ်းက တိုက်ခတ်လာ၏။
အက်ကွဲကြောင်းက အကြီးအကဲရှိုကို တစ်ချက်တည်းဖြင့် စုပ်ယူဝါးမျို၍ တဖြည်းဖြည်း ပြန်လည်စေ့ပိတ်သွား၏။
“မြန်မြန်လုပ်ဟ.. ပြေးကြဟေ့.. ပြေးကြ”
နောက်ဆုံးမှာတော့ ဖြစ်ပျက်နေသည့် အခြင်းအရာကို ကျင့်ကြံသူအချို့က နားလည်သွားပြီး အားကုန်သုတ်ကာ ပြေးကြတော့၏။
ဆူဇီမိုက ကြောက်မက်ဖွယ်ရာ အကြည့်နှင့်ပင် မကောင်းဆိုးဝါးတစ်ကောင်လို ပြုံးလိုက်၏။ သူသည် ထွက်ပြေးနေကြသော လူအုပ်ကြီးထဲသို့ သူ့လက်ထဲရှိ တောင်ထွတ်ဖြင့် ရက်ရက်စက်စက် ပစ်ထုချလိုက်၏။
ဘုန်း..
တောင်ထွတ်ကျဆင်းသွားသောအခါ အနောက်ဘက်မြို့ရိုးတစ်ဝက်က ကြေမွပြိုကျသွားလေသည်။
ဆူဇီမိုက တောင်ထွတ်ကြီးကို ထမ်းထားနိုင်သော်လည်း အခြားသူများကတော့ မတတ်နိုင်ပေ။ သူတို့၏ ခွန်အားများကို ပေါင်းစပ်လိုက်လျှင်တောင် တောင်ထွတ်၏ ဖိအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ချက်ချင်းပင် ရာနှင့်ချီသော ကျင့်ကြံသူများက အသားပျော့ဖတ်များအဖြစ် ပိပြားသွားကြလေသည်။
“သတ်!”
ဆူဇီမို၏ မျက်လုံးများက တောက်ပပြူးကျယ်လာပြီး သူ့သွေးချီက လေထဲသို့ တလိပ်လိပ်တက်လာ၏။ ထွက်ပြေးနေသော ကျင့်ကြံသူများဘက်သို့ သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။
တစ်ပြိုင်နက်တည်းဆိုသလိုပင်..
ဆူဇီမိုကို ဝန်းရံထားသော ရှေးဟောင်းသားရဲဘုရင် ခုနှစ်ပါးကလည်း သူတို့၏ ပါးစပ်များကို ဖြဲ၍ ကြောက်မက်ဖွယ်ရာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြ၏။
ဖောင်း.. ဖောင်း.. ဖောင်း..
များစွာသော ကျင့်ကြံသူများသည် ဝေးဝေး မပြေးနိုင်ခင်မှာပင် ထိုဟိန်းဟောက်သံများမှ တုန်ခါလှိုင်းကြောင့် ပေါက်ကွဲထွက်ပြီး နေရာမှာတင် သေကုန်ကြ၏။
မြို့ထဲသို့ ပြေးဝင်ချလာသော သားရဲတောကောင် အရေအတွက်ကလည်း ဆက်တိုက် မြင့်တက်လာနေ၏။
“ဂါး”
သူတို့ကို ကြည့်ပြီး ဆူဇီမိုက နက်နက်ရှိုင်းရှိင်း မာန်ဖီလိုက်၏။
သားရဲတောကောင်များအားလုံးက သူ့စိတ်ဆန္ဒကို နားလည်လိုက်ကြပြီး အဖွဲ့အစည်းနှင့် ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများနောက်သို့ ပြေးလိုက်ကြလေသည်။
မည်သည့်သားရဲတောကောင်ကမှ ဆူဇီမို၏ အမိန့်ကို မငြင်းဆန်ရဲပေ။
သားရဲများမှ တောတွင်းဥပဒေ ရှိလေသည်။
အသန်မာဆုံးဖြစ်သည့် မည်သူမဆို သူတို့ကိုယ်သူတို့ ဘုရင်အဖြစ် ကြေညာနိုင်လေသည်။
ဤကဲ့သို့သော အချိန်မှာ ဆူဇီမို၏ အမိန့်ကို မနာခံသည့်သူက သေရမည်သာ။
ဆူဇီမိုက မျောက်၊ စိတ်ဝိညာဉ်ကျား၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့ကို ထောင့်တစ်ထောင့်မှာ ချပေးပြီး သူ့သိုလှောင်အိတ်ထဲမှ ဆေလုံးများအားလုံးကို သွန်ချပေးလိုက်၏။
မျောက်နှင့် စိတ်ဝိညာဉ်ကျား၏ ဒဏ်ရာများက အပြင်းထန်ဆုံးပင်။
သို့သော်လည်း အစကတည်းက မျောက်၏ မျိုးဆက်သွေးက ထူးခြားသည့်အတွက် အခုဆို သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓါတ်က ပြန်လည်အားပြည့်လာနေပြီဖြစ်၏။
စိတ်ဝိညာဉ်ကျားက ဗလာနယ်မိုးကြိုးအတတ်ကို ကျင့်ကြံပြီးနောက် အသွင်တစ်မျိုး ပြောင်းလဲသွားပြီဖြစ်ကာ သူလည်းပဲ စတင်၍ သက်သာလာနေပြီဖြစ်၏။
ရွှေခြင်္သေ့၏ အခြေအနေကလည်း သိပ်မဆိုးလှဘဲ အသက်အန္တရာယ် မရှိနိုင်ပေ။
သူတို့သုံးဦး လိုအပ်သည်မှာ ဆေးလုံးအချို့ကို စားသုံးပြီး ပြန်လည်အားဖြည့်ဖို့ပင်။
မြေခွေးလေးကတော့.. သူမသည် တုန်လှုပ်ချောက်ချားခဲ့ရုံသာဖြစ်ပြီး ဒဏ်ရာ မရှိခဲ့ပေ။
သို့သော်လည်း ဘာကြောင့်ရယ်မသိ.. သူမ၏ အစစ်အမှန်ပုံစံကို ပြောင်းထားပြီး ဆူဇီမိုကို စိုးရိမ်ထိတ်လန့်ရှက်ရွံ့ဟန်ဖြင့် ကြည့်နေတတ်၏။
သူတို့လေးဦးကို နေရာချပေးပြီးနောက် ဆူဇီမိုသည် ကြန့်ကြာမနေဘဲ ချက်ချင်း ပြန်လှည့်ထွက်သွား၏။ သူသည် ခြေလှမ်းကျဲကြီးများဖြင့် သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို သယ်ဆောင်ပြီး ဖန်သားနန်းတော်ကျင့်ကြံသူများနောက်သို့ အမဲလိုက်လေတော့သည်။
ရှေးဟောင်းမြို့တော်ရှိ အခြားသော ကျင့်ကြံသူများကိုတော့ သားရဲတောကောင်အုပ်က တာဝန်ယူသွားလေသည်။
သူတို့ထဲမှ တချို့တလေ လွတ်မြောက်သွားမည်ဆိုလျှင်တောင် ဆူဇီမိုက အရေးမစိုက်ပေ။
သူအလွတ်မခံနိုင်သည်မှာ ဖန်သားနန်းတော်ကျင့်ကြံသူများသာ။
ယန်တိုင်းပြည်၏ မြို့ ၁၃ မြို့မှ အပြစ်မဲ့မော်တယ်များ သတ်ဖြတ်ခံရမှုအတွက် ဖန်သားနန်းတော်က သွေးနှင့် ပြန်ပေးဆပ်ရလိမ့်မည်ဟု ဆူဇီမိုက ကြွေးကြော်ထားခဲ့၏။
ဒါ့အပြင် ဖန်သားနန်းတော်သည် မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သည့်အတွက်လည်း ပြန်ပေးဆပ်ရပေမည်။
ဆူဇီမို၏ လိုက်လံသတ်ဖြတ်မှုအောက်တွင် ဤနေရာကနေ အသက်ရှင်လျက် ထွက်နိုင်ဖို့က သူတို့အတွက် အလွန်တရာကို ခဲယဉ်းပေလိမ့်မည်။
သူ့ခန္ဓာကိုယ်က အလွန်ကြီးမားပြီး သူ၏ ရုန်းကန်ပေါက်ကွဲအားကလည်း တုန်လှုပ်စရာကောင်းလွန်း၏။ သူသည် မည်သူကိုမဆို ခြေလှမ်းအနည်းငယ်အတွင်း အမီလိုက်နိုင်လေသည်။
ဒါ့အပြင် သူ၏ အာရုံငါးပါးကလည်း အလွန်တရာ ထက်မြက်ပြီး ကြောက်စရာကောင်းလောက်အောင် သန်မာသောကြောင့် သူ၏ ထောက်လှမ်းခြင်းကနေ မည်သူမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ဖန်သားနန်းတော်ကျင့်ကြံသူတစ်အုပ်စုနောက်သို့ အမီပြေးလိုက်ပြီး သူ၏ ကြီးမားသည့် လက်ဝါးကြီးဖြင့် အုပ်မိုးကာ ရိုက်ချလိုက်၏။ သူသည် မည်သည့်နည်းစနစ်ကိုမှ ထုတ်သုံးစရာ မလိုပေ။ ပကတိခွန်အားသက်သက်ဖြင့် အကုန်လုံးကို ဖိနှိမ်နိုင်၏။
ဘုန်း..
လက်ဝါးကြီးက မြေပြင်ပေါ်သို့ ဆင်းသက်သွားသောအခါ ရှေးဟောင်းမြို့တော်က တုန်ခါ၍ ဖုန်များက တထောင်းထောင်း ထသွား၏။
ဆူဇီမိုက သူ့လက်ဝါးကို ပြန်မလိုက်ချိန်တွင် မြေပြင်ပေါ်၌ ဧရာမလက်ဝါးရာချိုင့်ခွက်ကြီးက ကျန်ခဲ့ပြီး ထိုအထဲတွင် အသွေးအသားများက အရည်ပျော်၍ မြေကြီးထဲသို့ စိမ့်ဝင်သွား၏။
ဖန်သားနန်းတော်ကျင့်ကြံသူတစ်အုပ်စုက အကုန်သေလေပြီ။
ဆူဇီမိုဘေးကနေဖြတ်၍ ပွတ်ကာသီကာ ထွက်ပြေးလွတ်မြောက်သွားကြသော ကျင့်ကြံသူအချို့က စိတ်သက်သာစွာ သက်ပြင်းခိုးချလိုက်ကြ၏။
ကံဆိုးစွာနှင့်ပင် ဆူဇီမိုကို ဝန်းရံထားသော ရှေးကျသည့် သားရဲဘုရင်များက ပြေးထွက်လာကြ၏။
ကျွဲရိုင်းက သူ့ဦးချိုဖြင့် ပြေးဝှေ့၊ ကျောက်တုံးဝက်ဝံက သူ့လက်ဝါးကြီးများဖြင့် လွှဲရိုက်၊ အနာကွန်ဒါက ရစ်ပတ်၊ မျှော်လင့်ချက်မျောက်ဝံက သူ၏ လက်သီးချိတ်စည်းဖြင့် ပစ်ထိုးကာ နတ်မြင်းက ခွာဖြင့်ပေါက်ချ....
လှုပ်ရှားမှုတစ်ကွက်ချင်းက သတ်ဖြတ်ခြင်းနည်းစနစ်များသာ..
မည်သည့်ကျင့်ကြံသူကမှ အဲ့ဒါကို ခံနိုင်ရည် မရှိကြပေ။
ဆူဇီမိုက ရှေးဟောင်းမြို့တော်တစ်လျှောက် ဖြတ်သန်းသွားပြီး သူ့ဘေးပတ်လည် ပေတစ်ထောင်အတွင်း မည်သူမှ ချမ်းသာရာ မရပေ။ သူသည် လူသားလက်နက် သို့မဟုတ် သတ်ဖြတ်ခြင်းစက်တစ်လုံးကဲ့သို့ သက်ရှိအားလုံးကို အညှာတာမဲ့စွာ သတ်ဖြတ်ပစ်ခဲ့၏။
ရွှေအမြုတေနယ်မြေကို ထုတ်ဖော်နိုင်သော ဖန်သားနန်းတော်ကျင့်ကြံသူများပင်လျှင် သူတို့၏ ကံကြမ္မာကို မပြောင်းလဲနိုင်ကြပေ။
အဲ့ဒါက ရှီးဝူယာ သို့မဟုတ် ယဲ့ထျန်းချန်တို့လို အဆင့်ရှိသူများကနေ ထုတ်ဖော်သော ရွှေအမြုတေနယ်မြေဆိုလျှင်တော့ ဆူဇီမို၏ သတ်ဖြတ်မှုကို ခုခံနိုင်ကောင်းခုခံနိုင်ပေလိမ့်မည်။
သို့သော် ကျန်ရှိနေသော ဖန်သားနန်းတော်ကျင့်ကြံသူများ၏ ရွှေအမြုတေနယ်မြေများက ဆူဇီမိုအတွက် အားနည်းလွန်းလှလေသည်။ သူတို့က ဆူဇီမိုကို တစ်ချက်တစ်လေပင် ထိရောက်အောင် မတိုက်ခိုက်နိုင်ကြပေ။
ဆူဇီမိုထံမှ ထိုးချက်ကန်ချက် အနည်းငယ်က သူတို့၏ အမြုတေနယ်မြေများကို ကြေမွပျက်စီးသွားစေဖို့ လုံလောက်လေသည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက ဆက်လက်ဖြစ်ပွားနေဆဲပင်။
တဖြည်းဖြည်းနှင့် ရှေးဟောင်းမြို့တော်က တိတ်ဆိတ်ငြိမ်သက်လာ၏။
ဆူဇီမိုသည် ရှေးဟောင်းမြို့တော်၏ အပြင်ဘက် ကွင်းပြင်ထိ သူ့လမ်းတစ်လျှောက် သတ်ဖြတ်သွားခဲ့၏။
ဖန်သားနန်းတော်မှ ကျင့်ကြံသူများအားလုံးသည် သူ့လက်အောက်မှာ အကုန်သေကုန်ကြ၏။ သူတို့က ကီလိုမီတာထောင်နှင့်ချီ၍ ထွက်ပြေးနိုင်ခဲ့လျှင်တောင် သူ့လက်ထဲကနေ မလွတ်မြောက်နိုင်ပေ။
အချိန်ကြာလာသည်နှင့်အမျှ ညက တဖြည်းဖြည်းဖယ်ခွာလာ၏။
အရုဏ်တက်ချိန်သို့ ရောက်ချိန်တွင် ရှေ့တူရူမှ အစိမ်းရောင်ပုံရိပ်တစ်ခုက အဝတ်စလှုပ်ခတ်သံ တဖျပ်ဖျပ်နှင့် ပေါ်လာ၏။ သူ့ဆံပင်များက လေနှင့်အတူ ကခုန်နေပြီး မနက်ခင်းနေအလင်းရောင်အောက်တွင် သူက ပြန်လည်ရောက်ရှိလာလေသည်။