← Chapters

ညီအစ်ကိုများအကြား နက်ရှိုင်းစွာ ချည်နှောင်ကြခြင်း

Vol. 45 Ch. 662

ညီအစ်ကိုများအကြား နက်ရှိုင်းစွာ ချည်နှောင်ကြခြင်း

Vol. 45 Ch. 662

ညတွင်းချင်းမှာပင် ရှေးဟောင်းမြို့တော်က ဖျက်ဆီးခံလိုက်ရ၏၊

အဲ့ဒီမှာ ချိတ်ပိတ်ထားသူ ခြောက်ယောက်အပါအဝင် ဖန်သားနန်းတော်ကျင့်ကြံသူပေါင်း နှစ်ထောင်ကျော် ရှိခဲ့ကြ၏။ သို့သော် တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့ကြပေ။

ထန်ရှစ်ယွင်သည် မြို့ရိုးပေါ်မှာ တည့်တည့်ရပ်ကာ အလောင်းများ၊ သွေးများဖြင့် ပေရေညစ်ပွ ပြန့်ကျဲနေသော ရှေးဟောင်းမြို့ပျက်ကြီးကို ငေးငိုင်ကြည့်ရှုနေမိ၏။

အခုဆို ရှေးဟောင်းမြို့တော်ကို သားရဲတောကောင်များက လုံးလုံးလျားလျား နေရာယူထားကြလေပြီ။

သူမသာလျှင် တစ်ဦးတည်းသော ရှင်သန်ကျန်ရစ်သည့် ကျင့်ကြံသူဖြစ်၏။

ဆူဇီမိုကသာ သူမကို မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့ထံ အပ်နှံမထားခဲ့လျှင် သားရဲတောကောင်များ၏ စုတ်ဖြဲမှုဖြင့် သူမက သေနေပြီမှာ ကြာနေလေပြီ။

တစ်ညတာက တိုတောင်းသော်လည်း ထန်ရှစ်ယွင်အတွက်တော့ အတော်ကို ကြာမြင့်သည်ဟု ခံစားနေရ၏။

သူမ၏ ဂိုဏ်းသားအဖော်များကို တစ်စုံတစ်ယောက်က မညှာမတာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ရ၏။

သို့သော်လည်း ထိုလူက သူမ၏ အသက်ကို ကယ်တင်ပေးခဲ့သော ကျေးဇူးရှင်လည်း ဖြစ်နေပြန်၏။

သောင်းသိန်းချီသော ကျင့်ကြံသူများက ဤနေရာ၌ ကျဆုံးခဲ့ကြသည်ကို သူမ မြင်တွေ့ခဲ့ရ၏။

စည်ကားသိုက်မြိုက်လှသော ရှေးဟောင်းမြို့တော်က ညတွင်းချင်း အပျက်အစီးပုံဘဝသို့ ကျရောက်ပြောင်းလဲသွားခဲ့သည်ကိုလည်း သူမ မြင်တွေ့ခဲ့ရ၏။

ထန်ရှစ်ယွင်သည် ဆူဇီမိုကို မုန်းတီးသင့်လေသည်။

ဘာပဲပြောပြော ထိုလူက သူမတို့၏ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းသားများကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး သားရဲတောကောင်အုပ်ကို ဦးဆောင်ကာ ဤရှေးဟောင်းမြို့တော်ထဲရှိ ကျင့်ကြံသူ တစ်ဝက်ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့၏။

သို့သော်လည်း သူမက ထိုလူကို မုန်းလို့ မရကြောင်း သူမကိုယ်သူမ သိလိုက်ရ၏။

အဲ့ဒါသည် ဆူဇီမိုက သူမ၏ အသက်ကို ကယ်တင်ခဲ့ဖူးတာ တစ်ခုတည်းကြောင့် မဟုတ်ပေ။

အဲ့ဒါထက်.. သူမ၏ နှလုံးသားထဲမှာ မည်သူက မှန်သည်၊ မည်သူက မှားသည် ဆိုတာကို ခွဲခြားဖို့ ခက်ခဲနေသောကြောင့် ဖြစ်လေသည်။

ထိုစဉ်မှာပင် ထိုလူက မနက်ခင်းနေရောင်ခြည်ကို လွှမ်းခြုံ၍ ပြန်ရောက်လာ၏။

မျောက်က သွားဖြဲ၍ စိတ်ဝိညာဉ်ကျားက ဝမ်းမြောက်ဝမ်းသာ အော်လိုက်၏။ ရွှေခြင်္သေ့ကလည်း သူ့ခေါင်းကို မော့၍ ဟိန်းဟောက်လိုက်ပြီး မြေခွေးလေးက စိတ်ခံစားချက်အပြည့်ဖြင့် သူမ၏ လက်သီးလေးနှစ်ဖက်ကို ဆုပ်လိုက်၏။

ထန်ရှစ်ယွင်က အသံတိတ်နေစဉ်မှာပင် ထိုလူက မြို့ရိုးပေါ်သို့ ဆင်းသက်လာခဲ့လေသည်။

ထန်ရှစ်ယွင်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့၍ ရှေ့သို့တက်ကာ လက်သီးနှစ်ဖက်ဆုပ်ပြီး ပြောလိုက်၏။

“ကျမကို မသတ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.. တာအိုရောင်းရင်း.. ကျမ.. ဒီနေရာကနေ ထွက်သွားပါတော့မယ်”

ဒီနေရာမှာ သူမရှိနေလျှင် ကျန်တဲ့သူများအတွက် အဆင်မပြေနိုင်ကြောင်း သူမ နားလည်ခဲ့ပြီးဖြစ်၏။

သူမက ဒီနေရာမှာ အံဝင်ခွင်ကျ ဖြစ်မနေသည့်အတွက် ဆက်နေစရာ အကြောင်းမရှိပေ။

“အင်း”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“အခုက နေ့ဘက်ဆိုပေမယ့် ရှေးဟောင်းတိုက်ပွဲမြေထဲမှာ အန္တရာယ်တွေ အများကြီးက ရှိနေတုန်းပဲ.. မင်းမှာ အလောတကြီးသွားစရာ မရှိဘူးဆိုရင် ဒီမှာ ခဏတဖြုတ် နားနေဦးပေါ့.. ပြီးမှ တခြားလူစုလူဝေး တစ်နေရာဆီ မင်းကို ငါပို့ပေးမယ်”

သူပြောသည့် ခဏတဖြုတ်ဆိုသည်မှာ မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် အခြားသောသားရဲများ ပြန်လည်သက်သာကောင်းမွန်လာမည့်အချိန်ထိ ဖြစ်လေသည်။

ထန်ရှစ်ယွင်က ခေါင်းခါလိုက်၏။

နောက်ပိုင်းမှာ ဆူဇီမိုနှင့် အတူယှဉ်တွဲ သွားသင့်သလားဆိုတာ သူမ တစ်ကယ်ကို မသိပေ။

ထိုသည်ကို မြင်သောအခါ ဆူဇီမိုသည် သူမကို ဖိအားမပေးတော့ဘဲ ပြောလိုက်၏။

“အဲ့ဒါဆိုလဲ လမ်းမှာ သေချာဂရုစိုက်သွားပါ”

ထန်ရှစ်ယွင်က ခေါင်းညိတ်ပြီး လှည့်ထွက်သွား၏။

သူမသည် ရှေးဟောင်းမြို့တော်ထဲကနေ ထွက်လာ၍ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် မနေနိုင်ဘဲ အစိမ်းရောင်ဝတ်ကျင့်ကြံသူဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။

“ဒီနေရာက သတင်းက ရှေးဟောင်းတိုက်ပွဲမြေရဲ့ တခြားနေရာတွေဆီ ရောက်သွားဖို့ သိပ်ကြာလိုက်မှာ မဟုတ်ဘူး.. ရှင်လဲပဲ... ဂရုစိုက်ပါ”

“ကောင်းပါပြီ”

ရှေးဟောင်းမြို့တော်ထဲမှ ပြန်ဖြေသံက ထွက်ပေါ်လာ၏။

ထန်ရှစ်ယွင်သည် စိတ်ထဲကနေ သက်ပြင်းချ၍ အနည်းငယ် နှမြောတသနှင့် လှည့်ထွက်လာခဲ့တော့၏။

. . .

မြို့ရိုးပေါ်တွင်..

ဆူဇီမိုသည် မျောက်၊ စိတ်ဝိညာဉ်ကျား၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့က ဖြတ်ကြည့်လိုက်၏။ သူတို့က အခြေအနေ ပြန်ကောင်းလာကြပြီကို တွေ့သောအခါ နောက်ဆုံးသူက ပြုံးလိုက်ပြီး သူ့မျက်လုံးထဲမှာ ဝမ်းသာပျော်ရွှင်မှုက ပေါ်လာ၏။

သူငယ်ချင်းဟောင်းများနှင့် ပြန်ဆုံစည်းရတာလောက် ပိုပျော်ရွှင်ရတာ မရှိနိုင်တော့ပေ။

ဆူဇီမို၊ မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့အကြားမှာ ပြောစရာများက အတောမသတ်နိုင်အောင် ရှိနေကြလေသည်။

“ဆူဇီမို”

မျောက်က သူ့ဒဏ်ရာများကို လျစ်လျူရှု၍ ရှေ့သို့လျှောက်လှမ်းလာပြီး ဆူဇီမို၏ ရင်ဘတ်ကို ပစ်ထိုးချလိုက်၏။

ဘုန်း..

ဆူဇီမိုက မရှောင်ဘဲ ထိုထိုးချက်ကို ခံယူလိုက်၏။

လူနှင့်မျောက်က တစ်ဦးကိုတစ်ဦး ကြည့်ပြီး ပြုံးလိုက်ကြ၏။

ထိုအချိန်၌ သူတို့သည် ကန်းလန်ရိုးမမှာ နှစ်ဦးသား ရင်ဘောင်တန်း၍ တိုက်ခိုက်ခဲ့ကြသော အချိန်သို့ ပြန်လည်ရောက်ရှိသွားကြသလိုပင်။

ရွှေခြင်္သေ့က ငေးကြည့်ပြီး သူတို့၏ ဓါတ်ကျမှုနှင့် ဆက်ဆံရေးကို မနာလိုအားကျသလို ခံစားမိလိုက်၏။

ဆူဇီမိုခွန်အား၏ တစ်ကယ်ကြောက်စရာကောင်းမှုကို မြင်တွေ့ရပြီးနောက် ၎င်းသည် သူ့အကြောင်းကို ပိုသိချင်လာမိ၏။

သို့သော် ဒီနေ့အထိ ဆူဇီမိုကို သူသိခဲ့ရသည်မှာ ရက်အနည်းးငယ်သာ ရှိသေး၏။ သည့်အရင်က သူသည် ဆူဇီမို၏ အစီးအနင်းတောကောင်တစ်ကောင်မျှသာ ဖြစ်ခဲ့သည့်အတွက် သူက မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့၏ အဆင့်အတန်းနှင့် ဘယ်လိုမှ ယှဉ်လို့ရမည် မဟုတ်ပေ။

စိတ်ဝိညာဉ်ကျားက လျှောက်လှမ်းလာပြီး သူ့ခေါင်းကို တွန့်ခါကာ ရယ်မောလိုက်၏။

“ခေါင်းဆောင်က သူ့အတွင်းအမြုတေကို ဖွဲ့တည်ပြီးတဲ့နောက် သူပထမဆုံး ပြောတဲ့ လူသားစကားက ခင်ဗျားနာမည်ပဲ”

ဆူဇီမိုသည် ရင်ထဲမှာ နွေးထွေးသွား၏။

သည့်အရင်က မျောက်ဖြစ်စေ၊ စိတ်ဝိညာဉ်ကျားဖြစ်စေ.. မည်သူမှ အတွင်းအမြုတေကို မဖွဲ့တည်ရသေးသည့်အတွက် လူသားစကားကို မပြောနိုင်ခဲ့ကြပေ။

သူတို့၏ ထိတွေ့ဆက်ဆံမှုများက များသောအားဖြင့် ဆူညံအော်ဟစ်သံများနှင့်သာ။

မျောက်ပါးစပ်မှ ပထမဆုံး ထွက်လာသည့်စကားလုံးက သူ့နာမည်ဖြစ်နေသည်ဆိုတော့...

သူတို့သည် တစ်ဦးကိုတစ်ဦး မတွေ့ရသည်မှာ နှစ် ၂၀ ကျော်ခဲ့လေပြီ။

မျောက်က အတော်လေး ပြောင်းလဲသွားခဲ့၏။

သူ့ထံတွင် မပြောင်းလဲဘဲ ကျန်ရှိနေသည့် အရာများမှာ သူ၏ အရိုင်းဆန်သောသဘာဝ၊ သူ့မျက်လုံးထဲမှ ဂုဏ်ယူဝင့်ကြွားမှုနှင့် ဆူဇီမိုအပေါ် သူ၏ ခံစားချက်သဘောထားတို့သာ ဖြစ်လေသည်။

စိတ်ဝိညာဉ်ကျားက ရွှင်ပျစွာ ပြောလိုက်၏။

“ငါတို့က လူသားသွင်ပြင် ပြောင်းပြီးတဲ့နောက် ဒီလောကထဲ ကျင်လည်ကျက်စားတဲ့အခါ ပိုပြီးတော့ အဆင်ပြေအောင်လို့ ငါတို့ကိုယ်ငါတို့ နာမည်ပေးထားခဲ့ကြတယ်”

မျောက်က အထင်သေးစွာဖြင့် နှုတ်ခမ်းစူလိုက်၏။

စိတ်ဝိညာဉ်ကျားက ရင်ကိုကော့၍ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တစ်ကယ့်ကို အရေးပါသည့် ကိစ္စကြီးတစ်ခုကို ကြေညာသလို ပြောလိုက်၏။

“ကျုပ်နာမည်က... ဟူပါးထျန်”

(ကမ္ဘာကြီးကို အုပ်စိုးမည့်ကျားဟု အဓိပ္ပါယ်ရလေသည်။)

“ခိ”

မြေခွေးလေးက မအောင့်နိုင်ဘဲ ခိကနဲ အသံထွက် ရယ်မိသွား၏။

ဆူဇီမိုသည်လည်း မနည်းအောင့်အည်းထားရ၏။

ထိုသည်ကို မြင်သောအခါ စိတ်ဝိညာဉ်ကျားက မချင့်မရဲ ဖြစ်သွား၏။

“မင်းတို့တွေ ဘာကို ရယ်နေကြတာလဲ.. အဲ့နာမည်က ဘာဖြစ်နေလို့လဲ”

“အရှက်မရှိလိုက်တာကွာ”

မျောက်က မာန်မဲလိုက်၏။

စိတ်ဝိညာဉ်ကျား၏ မျက်နှာက အနည်းငယ် နီမြန်းသွားပြီး ခေါင်းကိုမော့ကာ မျက်လုံးပြူး၍ ငြင်းဆိုလိုက်၏။

“ဘယ်နားမှာ အရှက်မရှိတာ ဘာပါလို့လဲ.. ဒီလောက်ကြီးမြတ်တဲ့နာမည်က ကမ္ဘာပေါ်မှာတောင် ရှားရှားပါးပါးပဲ.. ဘယ်လောက် လွှမ်းမိုးနိုင်စွမ်း ရှိလိုက်လဲ”

ဆူဇီမိုက ရယ်မောလိုက်၏။

“နာမည်က နဲနဲအရိုင်းဆန်ပြီးတော့ လွန်ကျူးနေသလိုပဲ.. ဒါပေမယ့်လို့ အဲ့ဒါက မင်းစရိုက်နဲ့တော့ တော်တော်လေး ကိုက်ပါတယ်”

“မင်းတို့တွေ အကုန်လုံးက မနာလို ဖြစ်နေကြတာပဲ”

စိတ်ဝိညာဉ်ကျား၏ မျက်နှာက ညိုမည်းသွားပြီး အံကြိတ်ရင်း နဖူးမှခြေဖျားထိ တစ်ကိုယ်လုံး တုန်ယင်လာသည့်အတွက် သူ့ဒဏ်ရာများက ပြန်လည်ပွင့်ဟလာ၏။

“မင်းကရော.. မင်းကိုယ်မင်း နာမည်သက်သက် ပေးမထားဘူးလား”

ဆူဇီမိုက မျောက်ဘက်သို့ လှည့်လိုက်၏။

မျက်က နှုတ်ခမ်းစူ၍ သူ့မျက်လုံးထဲမှာ အထင်သေးမှုက ပြည့်လာပြီး ခေါင်းမော့ကာ ပြောလိုက်၏။

“ငါက ငါပဲ.. ငါ့မှာ နာမည် မလိုဘူး.. ဒီနေ့ကစပြီး ဒီကမ္ဘာပေါ်မှာ ငါက အသန်မာဆုံး မျောက်သားရဲ ဖြစ်လာရမယ်.. ဘယ်သူမဆို မျောက်သားရဲတစ်ကောင်ဆိုတဲ့ စကားကို ဖော်ပြချိန်မှာ သူတို့စိတ်ထဲ ပထမဆုံးပေါ်လာတာက ငါပဲ ဖြစ်ရမယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

အဲ့ဒါကမှ တစ်ကယ့် လွှမ်းမိုးခြယ်လှယ်ခြင်း၏ အဓိပ္ပါယ်ပင်။

မျောက်၏ ရည်မှန်းချက်က ဘယ်တုန်းကမှ မသေးငယ်ခဲ့ပေ။

ကန်းလန်ရိုးမမှာတုန်းက သူသည် ရိုးမတစ်ခုလုံး၏ သားရဲဘုရင် ဖြစ်ချင်ခဲ့၏။

နောက်ပိုင်းတွင် တစ်ကယ်လည်း သူ့မှာ ထိုသို့ဖြစ်နိုင်သည့် အစွမ်းအစရှိကြောင်း ပြသနိုင်ခဲ့၏။

သူ့မျိုးဆက်သွေးက အလွန်တရာကို ထူးခြားလေသည်။

မြို့ရိုးပေါ်မှာတုန်းက မျောက်သည် ဒေါသယမ်းမီးပေါက်ကွဲသည့်အဆင့်ကို မည်သို့မည်ပုံ ဝင်ရောက်ခဲ့ကြောင်း ဆူဇီမို မြင်တွေ့ခဲ့ရ၏။

မျိုးဆက်သွေး၏ စွမ်းအားကနေ နှိုးဆွ၍ ထွက်ပေါ်လာသော ဤလျှို့ဝှက်ပညာရပ်မျိုးက သေချာပေါက် အလွန်တရာ စွမ်းအားကြီးသည့် မျိုးနွယ်စုတစ်ခု၏ အမွေအနှစ်ပင်။

ရုတ်တရက် ဆူဇီမို၏ စိတ်ထဲသို့ အခြားတစ်ခုက ဝင်ရောက်လာ၏။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို တတ်မြောက်ထားသည့်လူက သူသာဖြစ်ပြီး မျောက်ကလည်း ထိုအထဲမှ အပိုင်းတစ်ပိုင်းကို တတ်မြောက်ထား၏။ အရွတ်အသွင်ပြောင်းလဲခြင်းအပိုင်းပင်။

အဲ့ဒါကို မျောက်အား တျဲယွဲ့က ကိုယ်တိုင်ကိုယ်ကျ သင်ပေးခဲ့တာ ဖြစ်ဖို့ များလေသည်။

ထိုအချက်ကပင် မျောက်၏ နောက်ခံက မရိုးရှင်းကြောင်း ဖော်ပြပေးနေလေသည်။

ဆူဇီမိုက မေးလိုက်၏။

“မင်းတို့တွေ ဆန်းကြယ်တောင်ထွတ်ကနေ ထွက်ပြီးတဲ့နောက် ဘယ်ကို သွားခဲ့ကြတာလဲ.. ဘယ်လိုဖြစ်လို့ မင်းတို့က ရှေးဟောင်းတိုက်ပွဲမြေထဲကို ဝင်လာပြီး ဒီနေရာကို ရောက်လာခဲ့ကြတာလဲ”

“မင်းက ပျောက်ဆုံးသွားပြီး မင်းသေသလား၊ ရှင်သလား ဘာသတင်းမှ မကြားရတဲ့နောက် ခေါင်းဆောင်က ဆန်းကြယ်တောင်ထွတ်မှာ ဆက်မနေတော့ဘူး”

စိတ်ဝိညာဉ်ကျားက ဆက်ပြော၏။

“နောက်ပိုင်းမှာ ခေါင်းဆောင်က မင်းကို လိုက်ရှာချင်တယ်ပြောပြီး ငါလဲ သူ့နောက်ကို လိုက်သွားခဲ့တယ်.. မင်းမရှိတဲ့နောက် ဆန်းကြယ်တောင်ထွတ်မှာ ငါတို့ ဆက်နေရတာက ဘာအဓိပ္ပါယ်မှ မရှိတော့ဘူးလေ”

“အစတုန်းကတော့ ဟိုငှက်ရူးလေးကပါ ငါတို့နဲ့ ခိုးလိုက်မလို့.. ဒါပေမယ့် အင်မော်တယ်ကြိုးကြာအိုကြီးက သိသွားတဲ့အတွက် သူလဲ ဘာမှ မတတ်နိုင်ဘဲ ဆန်းကြယ်တောင်ထွတ်မှာ နေခဲ့ရတော့တာပဲ”

ငှက်ရူးလေးဟူသော စကားကို ဖော်ပြချိန်တွင် စိတ်ဝိညာဉ်ကျား၏ မျက်လုံးထဲမှာ စားမြုံ့ပြန်လိုသောပုံက ပေါ်လာပြီး ရှားရှားပါးပါး စိတ်ခံစားချက်တစ်မျိုးကို ထုတ်ပြလာလေသည်။

“အဲ့ဒီငှက်ရူးလေး ဘာတွေများ လုပ်နေမလဲ ငါသိချင်လိုက်တာ.. သူ့အတွင်းအမြုတေကို သူဖွဲ့တည်ပြီးလောက်ပြီလား”

စိတ်ဝိညာဉ်ကျားပြောသော ငှက်ရူးလေးဆိုသည်မှာ ဆန်းကြယ်တောင်ထွတ်က အင်မော်တယ်ကြိုးကြာကြီး၏ ကလေးပင် ဖြစ်လေသည်။

စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့က အချိန်အတော်ကြာကြာ အတူကုန်ဆုံးခဲ့ကြဖူးသည့်အတွက် သူတို့၏ ဆက်ဆံရေးက အတော်လေး ရင်းနှီးမှု ရှိလေသည်။

All Chapters