မင်းက ခွေးလား
Vol. 45 Ch. 663
ဆူဇီမိုသည် ကြိုးကြာလေးကို နောက်ဆုံးအကြိမ် တွေ့ခဲ့ရသည်မှာ ဆန်းကြယ်တောင်ထွတ်တိုက်ပွဲတွင် ဖြစ်လေသည်။
ထိုအချိန်တုန်းက သွေးကျီးကန်းနန်းတော်သခင်သည် ဆန်းကြယ်တောင်ထွတ်ကို ဖျက်ဆီးချေမှုန်းဖို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်လာချိန်ဖြစ်ပြီး ကြိုးကြာလေးက သူမ၏ အတွင်းအမြုတေကို မဖွဲ့တည်ရသေးပေ။
သို့သော်လည်း အင်မော်တယ်စီနီယာကြိုးကြာ၏ လမ်းညွှန်ပြသမှုနှင့်ဆို ကြိုးကြာလေးက နှစ် ၂၀ ကြာပြီးနောက် သူမ၏ အတွင်းအမြုတေကို ဖွဲ့တည်နိုင်ဖို့က အခက်အခဲ မရှိနိုင်ပေ။
အခုအချိန် ပြန်စဉ်းစားကြည့်သောအခါ ဆန်းကြယ်တောင်ထွတ်မှာ မျောက်၊ စိတ်ဝိညာဉ်ကျား၊ ကြိုးကြာလေး၊ ညဝိညာဉ်တို့နှင့် အတူတကွ ရှိခဲ့ကြသည့်အချိန်က တစ်ကယ်ကို ပျော်စရာအချိန်များ ဖြစ်ခဲ့လေသည်။
သူသည် ထိုနေ့ရက်များကို ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။
အခုအချိန်မှစ၍ ရှေးဟောင်းတိုက်ပွဲမြေမှာဖြစ်စေ၊ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာဖြစ်စေ.. ဆူဇီမိုသည် သတိဝီရိယဖြင့် လှုပ်ရှားသွားလာရပေတော့မည်။
စိတ်ဝိညာဉ်ကျားက ပြော၏။
“ငါတို့နှစ်ယောက် ဆန်းကြယ်တောင်ထွတ်ကနေ ထွက်လာပြီးတဲ့နောက် တန်လင်းတောင်ကြားမှာ မင်းကို သွားရှာဖို့ ကြိုးစားခဲ့ကြသေးတယ်.. နောက်ပိုင်း မင်းအကြောင်း စုံစမ်းမေးမြန်းရင်းနဲ့ပဲ.. ဒါပေမယ့်.. မင်းနဲ့ပတ်သတ်တဲ့ သတင်းအစအနက လုံးဝ ပျောက်နေတာ.. မင်းသိလား အဲ့ဒီအချိန်တုန်းက ခေါင်းဆောင်နဲ့ ငါနဲ့က...”
မျောက်က မျက်မှောင်ကြုတ်၍ စိတ်ဝိညာဉ်ကျားကို တစ်ချက်စိုက်ကြည့်လိုက်၏။
စိတ်ဝိညာဉ်ကျားက ဆက်မပြောတော့ပေ။
ထိုအချိန်တုန်းက ဆူဇီမိုသည် သွေးကျီးကန်းနန်းတော်သခင်၏ လိုက်လံဖမ်းဆီးမှုကို မျက်ခြေဖြတ်ဖို့အတွက် သွေးစတေးထွက်ပြေးခြင်းကိုသုံးကာ တန်လင်းတောင်ကြားကနေ ကီလိုမီတာ ထောင်ပေါင်းများစွာကို ရောက်ရှိသွားခဲ့၏။ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ တားမြစ်နယ်မြေကိုးခုထဲမှ တစ်ခုဖြစ်သော နဂါးအရိုးတောင်ကြားသို့ ပြေးဝင်ခဲ့မိလေသည်။
အဲ့ဒီနောက် သူနှင့် ညဝိညာဉ်သည် နဂါးဥကို ခွဲဝေစားသောက်ကြပြီးနောက် အကြီးအကျယ် ပြဿနာတက်ကာ လင်းရွှမ်ကျီနှင့်အတူ မဟာကျိုးမြို့တော်သို့ ထပ်မံထွက်ပြေးခဲ့ရ၏။
နဂါးမျိုးနွယ်၏ လိုက်လံဖမ်းဆီးမှုကနေ ပုန်းကွယ်ဖို့အတွက် သူသည် မြို့တော်ထဲကနေ ထွက်ခွာလို့ မရတော့ဘဲ အမှတ်တမဲ့နှင့် သူ့နာမည်ကို မိုလင်းဟု ပြောင်းပြီး သုံးနှစ်ကြာအောင် မြို့တော်ထဲမှာ ဇာတ်မြှုပ်နေခဲ့ရ၏။
မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့ကို မပြောနှင့် ဆန်းကြယ်တောင်ထွတ်တောင်မှ သူဘယ်မှာလဲ၊ သေသလား၊ ရှင်သလား ဘာမှ မသိခဲ့ရပေ။
ထိုအချိန်တုန်းက မျောက်နှင့် စိတ်ဝိညာဉ်ကျားသည် လူသားသွင်ပြင်ကို မပြောင်းနိုင်သေးသည့်အတွက် ကျင့်ကြံသူများ ထောက်လှမ်းသိရှိသွားလျှင် သူတို့က အသတ်ခံရနိုင်လေသည်။
စိတ်ဝိညာဉ်ကျားက ဆက်မပြောသော်လည်း ဆူဇီမိုသည် ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်းတော့ ခန့်မှန်းလိုက်နိုင်၏။ သူတို့နှစ်ယောက်သည် အခက်အခဲပေါင်း သောင်းခြောက်ထောင်နှင့် ကြုံတွေ့ခဲ့ရပြီး သူ့ကို ရှာဖွေဖို့အတွက် အန္တရာယ်များနှင့် အကြိမ်ကြိမ် ရင်ဆိုင်ကြုံတွေ့ခဲ့ရပေလိမ့်မည်။
ချင့်ချိတ်တွက်ဆပြီးနောက် စိတ်ဝိညာဉ်ကျားက ဆက်ပြော၏။
“အဲ့ဒီနောက်မှာတော့ အချိန်ကာလတစ်ခုအထိ ငါတို့ မဟူရာကျီးတောင်ကုန်းမှာ နေခဲ့ကြသေးတယ်.. မဟာချွမ်အပျက်အစီးက ပြိုင်စံရှားတိုက်ပွဲမှာ မင်းသေပြီဆိုတဲ့ သတင်းကို ငါတို့ ကြားခဲ့ရလို့ မင်းကို လေးစားသမှုပြုဖို့အတွက် နဂါးသင်္ချိုင်းတောင်ကြားကိုတောင် ငါတို့ ရောက်ခဲ့ကြသေးတယ်”
ဆူဇီမိုက ပြုံးလိုက်၏။
“အဲ့ဒီနောက်မှာတော့ ငါတို့လဲ နေရာအနှံ့လျှောက်သွားကြရင်းနဲ့ ခြင်္သေ့ရိုင်းတောင်ကြောရိုးကို ရောက်ခဲ့ကြတယ်” စိတ်ဝိညာဉ်ကျားက ပြောလိုက်၏။
ထိုအသံကို ကြားသောအခါ ရွှေခြင်္သေ့၏ အမူအယာက ပြောင်းလဲသွား၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးလိုက်၏။
“သားရဲနယ်မြေရှစ်ခွင်ထဲက တစ်ခုလား”
“အင်း ဟုတ်တယ်”
စိတ်ဝိညာဉ်ကျားက ခေါင်းညိတ်လိုက်၏။
“ငါတို့ အဲ့မှာ နှစ် ၂၀ လောက် နေခဲ့ကြပြီးတော့ ဒီနေရာကို ဝင်လာဖို့လဲ အစက စိတ်ကူး မရှိဘူး.. ဒါပေမယ့် ကန်းလန်ရိုးမတိုက်ပွဲက ပေါ်လာပြီး ဖန်သားနန်းတော်ကို မင်းစစ်ကြေညာလိုက်တဲ့အချိန်မှာတော့ မင်း အသက်ရှင်နေတုန်းပဲဆိုတာ ငါတို့ သိလိုက်ရတယ်”
“အဲ့ဒီနောက်မှာတော့ အဲ့နယ်မြေမှာ ငါတို့လဲ ခွဲတမ်းနှစ်နေရာ ရအောင်ယူပြီးတော့ အဆင့်မြင့်မိစ္ဆာသားရဲကြီးတွေရဲ့ အကူအညီနဲ့ ဒီနေရာကို ပို့ဆောင်ခံလိုက်ရတာပဲ”
ရွှေခြင်္သေ့သည် ဘေးကနေ အတန်ကြာအောင် နားထောင်နေရင်း နောက်ဆုံး ဝင်ရောဖို့ အခွင့်အရေးတစ်ခုကို ရှာတွေ့သွားပြီး မျက်နှာကိုမော့ကာ အလောတကြီး ဝင်ပြောလိုက်၏။
“သားရဲနယ်မြေရှစ်ခွင်မှာ နေရာတိုင်းက အန္တရယ်တွေ၊ မရေမတွက်နိုင်တဲ့ တောကောင်တွေ၊ နေရာတစ်ဝှမ်း ကျင်လည်ကျက်စားနေတဲ့ ကြမ်းကြုတ်ငှက်တွေနဲ့ ပြည့်နှက်နေတာလေ.. ပြောရရင် အဲ့ဒီမှာ မဟာသားရဲနဲ့ သားရဲအိုကြီးတွေတောင် ရှိတယ်”
မဟာသားရဲက လူသားမျိုးနွယ်ရှိ ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် အဆင့်ချင်းတူလေသည်။
သားရဲအိုကြီးတွေကတော့ မဟာယာနအဆင့် မျိုးနွယ်စုခေါင်းဆောင်များနှင့် ညီမျှလေသည်။
သားရဲနယ်မြေရှစ်ခွင်က သားရဲများနွယ်များ သီးသန်စုဝေးနေထိုင်ရာ မဟာနယ်မြေများ ဖြစ်လေသည်။
စိတ်ဝိညာဉ်တောကောင်လေးများကနေ စွမ်းအားကြီး မဟာသားရဲကြီးများထိ အစုံအလင်ကို သားရဲနယ်မြေရှစ်ခွင်မှာ တွေ့နိုင်လေသည်။
ပြောကြသည်မှာ သားရဲနယ်မြေရှစ်ခွင်၌ သားရဲဧကရာဇ်များတောင် ရှိကြသည်ဆို၏။
ကျင့်ကြံသူများတောင် သားရဲနယ်မြေရှစ်ခွင်ကို အလွယ်တကူ ခြေမချရဲပေ။
ရွှေခြင်္သေ့က ပြောလိုက်၏။
“ကွဲပြားတဲ့ ပိုက်နက်ခွင်တွေကြားမှာ သတ်ဖြတ်မှုတွေကလဲ အရမ်းပြင်းထန်လွန်းတယ်.. ဘယ်သူမဆို နယ်မြေအရှင်နေရာကို ရဖို့ တိုက်ခိုက်နိုင်တယ်.. ခင်ဗျားတို့နှစ်ယောက်က ဘယ်မျိုးနွယ်စုနောက်ခံမှ မရှိဘဲနဲ့ နေရာနှစ်နေရာ ရအောင်ယူနိုင်ခဲ့တယ်ဆိုတော့ တော်တော့်ကို အထင်ကြီးလောက်ပါပေရဲ့ဗျာ”
ရွှေခြင်္သေ့အတွက်ကတော့ သူ့မှာ ရွှေခြင်္သေ့မျိုးနွယ်နောက်ခံရှိပြီး သူတို့၏ ကိုယ်ပိုင်နယ်မြေလည်း ရှိလေသည်။
သူတို့၏ အမည်နာမအရ ခြင်္သေ့ရိုင်းတောင်ကြောရိုးကို ခြင်္သေ့မျိုးနွယ်က အုပ်ချုပ်ပြီး ရွှေခြင်္သေ့ကလည်း ထိုအထဲတွင် ပါဝင်လေသည်။
ရွှေခြင်္သေ့အတွက်တော့ မျောက်နှင့် စိတ်ဝိညာဉ်ကျားသည် ခြင်္သေ့ရိုင်းတောင်ကြောရိုးမှာ နှစ် ၂၀ ကြာ မည်သည့်နောက်ခံမှ မရှိဘဲ ကျင်လည်ကျက်စားနိုင်ခဲ့သည့်အပြင် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ခွင့်နှစ်နေရာစာကိုပါ ယူနိုင်ခဲ့ခြင်းက အတော်ကို အထင်ကြီးစရာ ကောင်းနေလေသည်။
မျောက်က ရွှေခြင်္သေ့ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
မျောက်ထံမှ ထိုကဲ့သို့ အသိအမှတ်ပြု တုံ့ပြန်မှုမျိုး ရရှိဖို့က သိပ်မလွယ်ကူပေ။
စောစောက တိုက်ပွဲမှာတုန်းက.. ရွှေခြင်္သေ့သည် မြေခွေးလေးကို ကယ်တင်ပြီး ဖန်သားနန်းတော်ကျင့်ကြံသူများအား တစ်ကောင်တည်း တားဆီးခဲ့ပုံကို မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့က မြင်တွေ့ခဲ့ရလေသည်။
ထို့ကြောင့်ပင် ရွှေခြင်္သေ့ကို သူတို့နှင့် အတူထိုင်ဖို့ ခွင့်ပြုပေးထားခြင်း ဖြစ်လေသည်။
ရွှေခြင်္သေ့၏ ချီးမွမ်းစကားတွင် စိတ်ဝိညာဉ်ကျားက အူမြူးသွား၏။ သို့သော် သူက လေးနက်သယောင် ဟန်ဆောင်ကာ ခေါင်းညိတ်လိုက်၏။
“မွှေးဝါ.. မင်းက အမြင်ကောင်းသားပဲ.. မဆိုးဘူးဟေ့.. ငါတော့ သဘောကျတယ်”
မွှေးဝါဟု အခေါ်ခံလိုက်ရချိန်တွင် ရွှေခြင်္သေ့က မျက်မှောင်ကြုတ်၍ မျက်လုံးလှန်ကြည့်လိုက်၏။
ဘေးမှာထိုင်နေသော မြေခွေးလေးက သူမ၏ ပါးစပ်ကိုအုပ်ပြီး တခစ်ခစ်ရယ်နေ၏။
သူမသည် ငယ်ငယ်ကတည်းက မြေအောက်လိုဏ်ဂူထဲမှာ ဧရာမမိချောင်းကြီးနှင့် အတူနေထိုင် အကျဉ်းချခံထားခဲ့ရပြီး နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်စွာ ရှင်သန်ခဲ့ရ၏။
ယခု သူမက ဆူဇီမိုနှင့် ပြန်ဆုံပြီး အပေါင်းအဖော်တွေလဲ အများကြီးရှိလာကာ သူတို့စကားပြောနေသည်ကို နားထောင်ရခြင်းကပင် သူမအတွက် တစ်ကယ်ကို ပျော်ရွှင်ကြည်နူးစရာ ကောင်းလှလေသည်။
မြေခွေးလေး၏ အပြုံးကို မြင်သောအခါ စိတ်ဝိညာဉ်ကျားသည် မလုံမလဲ ပြုံး၍ မျက်နှာချိုသွေးသည့်ပုံစံဖြင့် သူ့အမြီးကို နှန့်လိုက်၏။ သူ့အပြုအမူမှာ ခက်ထန်ကြမ်းကြုတ်မှုက လုံးဝ မပါရှိတောပေ။
ဖြန်း..
မျောက်က ဆက်လက်၍ ကြည့်မရတော့ဘဲ စိတ်ဝိညာဉ်ကျား၏ မျက်နှာကို ဖြန်းကနဲ ရိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ကြိမ်းမောင်းလိုက်၏။
“လခွမ်းပဲ.. ဒီအမြီးကို ထပ်နှန့်ပြန်ပြီ.. ဘာလဲ မင်းက ခွေးလား”
“ဟဟဟား”
ဆူဇီမိုသည် အတိတ်ကာလကို ပြန်ရောက်သွားသည့်အလား အော်ရယ်လိုက်၏။
စိတ်ဝိညာဉ်ကျားက မျောက်ကို ပြန်လှန်မတိုက်ခိုက်ဝံ့ဘဲ ကျုံးထကာ အမြီးကိုသိပ်ပြီး ညည်းညူလိုက်၏။
“ခင်ဗျား ဘာလို့ အမြဲတမ်း လက်ပါနေရတာလဲ.. ပါးစပ်နဲ့ ပြောလဲ ရတာပဲကို.. နောက်ပြီး ဒီမှာမိတ်ဆွေသစ်တွေလဲ ရှိနေတာကို.. ကျုပ်ကို မျက်နှာသာလေးတော့ ပေးဦးမှပေါ့”
မျောက်က နှာတစ်ချက်ရှုံ့၍ လက်နှစ်ဖက်နောက်ပစ်ကာ ကောင်းကင်ကို မော့ကြည့်ပြီး စိတ်ဝိညာဉ်ကျားကို လျစ်လျူရှုလိုက်၏။
စိတ်ဝိညာဉ်ကျားက ဆူဇီမိုကို မကျေမချမ်းကြည့်၍ မြေခွေးလေးအနားသို့ ကပ်သွားပြီး တိုးတိုးပြောလိုက်၏။
“ညှို့မြေခွေးလေး.. ငါ နင့်ကို ပြောပြမယ်.. ငါ အရင်တုန်းက အဲ့လို အမြီးမနှန့်တတ်ဘူးသိလား.. အဲ့ဒါတွေ အကုန်လုံးက ဆူဇီမိုရဲ့ အမှားပဲ”
စိတ်ဝိညာဉ်ကျား၏ ခေါ်ဆိုမှုတွင် မြေခွေးလေးက မြေခွေးလေးက ဆတ်ကနဲတုန်သွားပြီး ကြက်သီးမွေးညင်းထကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။
ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။
အဲ့ဒါက ဘာလို့ သူ့အပြစ် ဖြစ်သွားရတာလဲ။
စိတ်ဝိညာဉ်ကျားက အသိရခက်သောပုံစံဖြင့် ပြောလိုက်၏။
“ညှို့မြေခွေးလေး.. နင် နောက်ကျရင်ဆူဇီမိုနဲ့ ခပ်ခွာခွာနေသင့်တယ် ကြားလား.. သူက ကာမစိတ်လွန်ကဲနေတဲ့သူပဲ”
“အဲ့တုန်းက သူ ငါ့ကို ဖမ်းပြီးတဲ့နောက်.. ငါ့လည်ချောင်းတွေ ခြောက်ကပ်ပြီး ကွဲသွားတဲ့အထိ ငါ့ကို အတင်းအကျပ် အော်ခိုင်းခဲ့တာ.. ထားလိုက်ပါတော့လေ.. အဲ့ချိန်ကစပြီး ငါ့အမြီးကို အလိုလို နှန့်တတ်လာတာပဲ.. ဆူဇီမိုနဲ့ မတွေ့ရခင်ကဆို ငါက အရမ်းကို ယောက်ျားဆန်တာ”
ဆူဇီမိုက ပြုံးလိုက်၏။
စိတ်ဝိညာဉ်ကျားကို သူဖမ်းခဲ့စဉ်က သူသည် ၎င်း၏ ဟိန်းဟောက်သံကိုသုံးပြီး အန္တိမသားရဲကျင့်စဉ်မှ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ချင်ခဲ့၏။
ထို့ကြောင့်ပင် သူက စိတ်ဝိညာဉ်ကျားကို အတင်းအကျပ် ဟိန်းဟောက်စေခဲ့ခြင်း ဖြစ်၏။
အခုချိန်ထိကို စိတ်ဝိညာဉ်ကျားက ထိုအကြောင်းကို နားမလည်သေးဘဲ ဆူဇီမိုက လိင်စိတ်ဖောက်ပြန်နေခြင်း ဖြစ်သည်ဟု တွေးထင်နေ၏။
မြေခွေးလေးက စက်ဆုပ်ရွံ့ရှာသလို နှုတ်ခမ်းဆူလိုက်၏။
ဆူဇီမိုကို မကောင်းပြောသည့်သူများကို သူမ မနှစ်သက်ပေ။
“လိင်စိတ်ဖောက်ပြန်နေတာက ရှင်လေ.. အဲ့ဒါကြောင့် ရှင့်အမြီးကို နှန့်နေတာ.. ရှင်က ခွေးနဲ့ တူနေတာ”
ထိုသို့ပြောပြီးသည်နှင့် မြေခွေးလေးက ဆူဇီမိုဘက်သို့ လှစ်ကနဲ လှည့်ပြေးလိုက်၏။ စိတ်ဝိညာဉ်ကျားက မကျေမနပ်နှင့် စိတ်တိုဒေါသထွက်ပြီး ကျန်ခဲ့လေသည်။
“ငါက ခွေးမဟုတ်ဘူး.. ငါက ဟူပါးထျန်ဟ!”
မြေခွေးလေးသည် အရင်တုန်းကလို ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်ချင်မိ၏။
မမျှော်စွာနှင့် ဆူဇီမိုက နောက်ဆုတ်သွားပြီး သူမကို ပြုံးစစနှင့် စိုက်ကြည့်နေ၏။
“မြေခွေးလေး.. နင်ဘယ်အချိန်တုန်းက လူသားပုံစံ ပြောင်းနိုင်သွားတာလဲ”
“နဲနဲတော့ ကြာသွားပြီ”
မြေခွေးလေးက ရှက်ကိုးရှက်ကန်းနှင့် သူမ၏ ခေါင်းကို ငုံလိုက်ပြီး.. အနှိုင်းမဲ့လှပသော မိန်းမပျိုလေးတစ်ယောက်အဖြစ် ပြောင်းလဲကာ အနီရောင်ဇာဝတ်စုံကို ဝတ်ဆင်ထား၏။
သူမက ဆူဇီမိုကို ဦးညွှတ်ပြီး နူးညံ့ချိုသာစွာ ပြောလိုက်၏။
“နှုတ်ဆက်ပါတယ်.. ဆရာ”
(တစ်ခုခုသင်ပေးသော ဆရာကို ပြောခြင်းမဟုတ်ဘဲ.. အမျိုးသားတစ်ယောက်ကို လေးစားသမှုဖြင့် ခေါ်ဆိုခြင်း ဖြစ်၏။)
ဘေးဘက်မှ ထူးဆန်းသည့်အသံတစ်သံက ထွက်လာ၏။
စိတ်ဝိညာဉ်ကျားသည် မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားနှင့် သွားရည်များ စီးကျနေ၏။ နောက်ဘက်ရှိ သူ၏ အမြီးကိုလည်း အရူးအမူး နှန့်နေလေသည်။
မျောက်က ခေါင်းကိုမော့၍ သက်ပြင်းတစ်ချက်ချပြီး စိတ်ဝိညာဉ်ကျားကို စင်ထွက်သွားအောင် ရိုက်ချလိုက်၏။
“အားနာပေမယ့်.. ငါမနေနိုင်တော့ဘူးကွ”