တိုက်ပွဲမြေကို ရှင်းလင်းခြင်း
Vol. 45 Ch. 664
သူတို့သည် တစ်ယောက်ကိုတစ်ယောက် မတွေ့ရသည်မှာ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့လေပြီ။
စိတ်ဝိညာဉ်ကျားက တက်ကြွနေဆဲဖြစ်သလို မျောက်ကလဲ အရင်လို မာနတစ်ခွဲသားနှင့်ဖြစ်၏။ အကုန်လုံးက အတိတ်ကအတိုင်း ရှိနေကြဆဲပင်။
ဆူဇီမိုသည် ရင်ထဲမှာ နွေးထွေးနေပြီး အကုန်လုံးကို လှည့်ပတ်ကြည့်ရှုလိုက်၏။
သားရဲများနှင့် နေထိုင်ရသည်က ပို၍ လွယ်ကူရိုးရှင်းလေသည်။
အဲ့ဒီမှာ အကောက်ကြံတာတွေ၊ အကွက်ချတာတွေ ရှိမနေပေ။
တစ်ဖက်မှာတော့ လူသားများ၏ စရိုက်က များစွာပို၍ ရှုပ်ထွေးနက်နဲလေသည်။
မျောက်နှင့် ကျားအတွက်တော့.. ရှေးဟောင်းတိုက်ပွဲမြေသို့ သူတို့ဝင်ရောက်လာပြီးနောက် ကိစ္စများက ပို၍ လွယ်ကူရှင်းလင်းလာလေသည်။
ဆူဇီမို ရောက်လာမည်ဆိုတာကို ဖန်သားနန်းတော်က ကြိုတင်တွက်ချက်ခဲ့သလို သူတို့နှစ်ယောက်ကလည်း တူညီစွာ စဉ်းစားမိပြီး သားရဲတောကောင်များကို နှိမ်နင်းကာ တောကောင်အုပ်တစ်အုပ်ကို စုစည်းထားခဲ့၏။
မြေခွေးလေးမှာလည်း တူညီသော စိတ်ကူးရှိခဲ့၏။
သို့သော်လည်း စိတ်မကောင်းစရာ တစ်ချက်မှာ မင်းကျန်၏ သတင်းကို မရရှိသေးခြင်း ဖြစ်လေသည်။
“အရင်ဆုံး ဒီမှာနေပြီး အားဖြည့်ထားကြဦး.. ငါ တိုက်ပွဲမြေကို သွားရှင်းလိုက်ဦးမယ်”
ဆူဇီမိုသည် မျောက်နှင့် အခြားသူများကို နေရာချပေးပြီးနောက် ပြန်လှည့်ထွက်သွား၏။
ဤတိုက်ပွဲမှာ သိန်းနှင့်ချီသော လူများက ကျဆုံးခဲ့ကြ၏။
ထိုကျင့်ကြံသူများ၏ သိုလှောင်အိတ်များကို လိုက်သိမ်းရပေမည်။
အခုအချိန်မှာ ဆူဇီမိုအတွက် မူလစိတ်ဝိညာဉ်လက်နက် သို့မဟုတ် ရှားရှားပါးပါး ရှေးဟောင်းရတနာများမှလွဲလျှင် အခြားမည်သည့်စိတ်ဝိညာဉ်လက်နက်ကမှ သူ့ကို မဆွဲဆောင်နိုင်တော့ပေ။
သို့သော်လည်း သူသည် သိုလှောင်အိတ်များကို ဒီတိုင်း မထားခဲ့နိုင်ပေ။
ဝိညာဉ်အားဖြည့်သွေးဂျင်စင်း၊ စိတ်ဝိညာဉ်စုဆောင်းသစ်သီးနှင့် အခြားသော ဆေးလုံးများက ဆူဇီမိုအတွက်လည်း အရေးပါလေသည်။
အဲ့ဒါတွေကို စိတ်ဝိညာဉ်အမြုတေအား အားဖြည့်ကျင့်ကြံရန်အတွက် အသုံးတည့်ပြီး များများရလေ ပိုကောင်းလေ ဖြစ်လေသည်။
ရှေးဟောင်းမြို့တော်၏ နေရာတစ်ဝှမ်းမှာ သားရဲတောကောင်များ ရှိနေကြ၏။
သို့သော် ဆူဇီမို လျှောက်လာသည့်အခါ သူတို့အကုန်လုံးက သူ့ကို အလိုလို ရှောင်ကွင်းသွားကြလေသည်။
ကျိုးနွံသိမ့်မွေ့၍ ရှိုးတိုးရှန့်တန့်ဖြစ်နေသော မိန်းမပျိုလေးတစ်ယောက်က သူ့နောက်ကနေ လိုက်လာ၏။ သူမကတော့ လူသားသွင်ပြင် ပြောင်းထားသော မြေခွေးလေး ဖြစ်လေသည်။
“ပြောစရာ တစ်ခုခု ရှိလို့လား”
ဆူဇီမိုက သူ့ခြေလှမ်းကို မရပ်တန့်ဘဲ ဘေးဘက်ကို လှည့်ကြည့်လိုက်၏။
မြေခွေးလေးက သူမ၏ ခေါင်းကို စောင်းငဲ့၍ ဆူဇီမိုကို သူမ၏ မျက်လုံးရွဲကြီးများနှင့် ခိုးကြည့်ပြီး တိုးတိုးမေးလိုက်၏။
“ဆရာ.. ကျမကို စိတ်ဆိုးနေတာလား”
မြေခွေးလေးသည် လူသားသွင်ပြင်သို့ ပြောင်းလဲနိုင်သည်မှာ အတော်ကြာခဲ့ပြီဖြစ်၏။ သို့သော် သူမက အကြောင်းပြချက်တချို့ကြောင့် ရှက်ရွံ့သည့်အတွက် ထိုအချက်ကို ဖုံးကွယ်ထားခဲ့၏။
သူမသည် အဲ့ဒါအတွက် လိပ်ပြာမလုံသလို ခံစားနေရဆဲဖြစ်၏။
ခဏမျှ စဉ်းစားပြီးနောက် ဆူဇီမိုက တမင်သက်သက် ပြောလိုက်၏။
“မင်းက ငါ့ကို မယုံမှတော့.. အခုကစပြီး ငါ့နောက်ကို လိုက်စရာ မလိုတော့ဘူး”
မြေခွေးလေးသည် ထိုစကားကို ကြားချိန်တွင် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ သူမသည် နေရာမှာတင် ငေးငိုင်ရပ်သွားပြီး သူမ၏ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်များက တွဲခိုလာကာ အချိန်မရွေး ကျဆင်းလာနိုင်လေသည်။
“ကျမ အမေကလဲ သေပြီ.. အခု ရှင်ကပါ ကျမကို အလိုမရှိတော့ဘူးပေါ့.. ကျမမှာ ဆွေမျိုးသားချင်းလဲ တစ်ယောက်မှ မရှိဘူး”
“အခုချိန်ကစပြီး ငါ့ကို ဘယ်သူ့မှ မလိုချင်ကြတော့ဘူးပေါ.. အီးဟီးဟီး”
မြေခွေးလေးသည် ကုန်းအော်ပြီး ငိုချလိုက်၏။
ဆူဇီမိုသည် တုန်လှုပ်သွားလေသည်။
သူသည် မြေခွေးလေးကို ဒီတိုင်းကျီစယ်လိုက်ခြင်းသာဖြစ်ပြီး သူမက အဲ့ဒါကို အတည်ယူမည်ဟု မထင်ခဲ့မိပေ။
မြို့ရိုးထိပ်ကနေ ဦးခေါင်းအချို့က ပြူထွက်လာကြ၏။
မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့တို့သည် မြို့ရိုးထိပ်ကနေ ပြူထွက်ပြီး တိတ်တဆိတ် လှမ်းကြည့်လိုက်ကြ၏။ သူတို့သုံးယောက်စလုံး၏ မျက်လုံးများက စပ်စုလိုစိတ်ဖြင့် တောက်လောင်နေကြ၏။
စိတ်ဝိညာဉ်ကျားက ပြောလိုက်၏။
“ဆူဇီမိုက ညှို့မြေခွေးလေးကို ဆိုးဆိုးရွားရွား ဆက်ဆံပြီး အနိုင်ကျင့်နေတာ ဖြစ်ရမယ်.. ငါ အောက်ဆင်းသွားပြီး သူမကို သွားကယ်တင်ရင် ကောင်းမလား”
မျောက်က ပြန်ဖြေပေးလိုက်၏။
“သွားလေ”
ရွှေခြင်္သေ့ကလည်း မှတ်ချက်ပေးလိုက်၏။
“အေးချမ်းစွာ အနားယူနိုင်ပါစေ.. ရဲဘော်”
စိတ်ဝိညာဉ်ကျား “.....”
ဆူဇီမိုက မြေခွေးလေးဘက်သို့ လှည့်ပြီး မျက်ရည်များကို ညင်သာစွာ သုတ်ပေးကာ ခါးသက်စွာ ပြုံးလိုက်၏။
“ငါက မင်းကို စနေတာလေ.. အဲ့လိုကိစ္စလေးအတွက်နဲ့ ငါက မင်းကို ဘယ်လို စိတ်ဆိုးနိုင်ပါ့မလဲ”
“တစ်ကယ် ပြောနေတာလား”
မြေခွေးလေးသည် ငိုနေတာကို ရပ်တန့်ပြီး သူမ၏ခေါင်းကို အနည်းငယ်စောင်းကာ သိပ်မယုံသေးဟန်ဖြင့် မေးလိုက်၏။
“သေချာတာပေါ့”
“အဲ့ဒါဆို ရှင် ကျမကို နောက်ကျရင်လဲ မောင်းမထုတ်ဘူးမလား”
“ဘာလို့ မောင်းထုတ်ရမှာလဲ”
“ကျေးဇူးတင်ပါတယ် ဆရာ”
မြေခွေးလေး၏ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်က ဖူးပွင့်လာ၏။
. . .
အတော်လေး ကြာပြီးနောက် ဆူဇီမိုသည် တိုက်ပွဲမြေကို ရှင်းလင်းလို့ ပြီးသွား၏။
သူသည် သိုလှောင်အိတ်များအတွင်းမှ ပစ္စည်းအတော်များများကို စုစည်းလိုက်၏။ အဲ့ဒီမှာ စိတ်ဝိညာဉ်လက်နက်ပေါင်း တစ်သိန်းနီးပါး၊ အမျိုးမျိုးသော ဆေးလုံးများနှင့် မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များ ပါဝင်လေသည်။
ထိုပစ္စည်းများက ဆူဇီမိုအတွက်တော့ သိပ်ပြီး အသုံးမတည့်လှပေ။
သူသည် သာမန်စိတ်ဝိညာဉ်လက်နက်များကို အရေးမလုပ်တော့ပေ။
ဆေးလုံးများကတော့.. သူသည် ဆေးကြိုးငါးခုပါသော ပကတိအဆင့်ဆေးလုံးများကိုသာလျှင် စားသုံးလေသည်။
စိတ်ဝိညာဉ်လက်နက်ပေါင်း တစ်သိန်းလောက်ကြားထဲတွင် မူလစိတ်ဝိညာဉ်လက်နက်က တစ်ခုသာလျှင် ပါ၏။
အဲ့ဒါကတော့ ယခင် ယဲ့ထျန်းချန် ဝတ်ခဲ့သော လက်အိတ် ဖြစ်လေသည်။
အဲ့ဒါက တစ်ခုတည်းဆိုပေမယ့်လဲ ဆူဇီမိုအတွက်တော့ လုံလောက်လေသည်။
သူ့ညာလက်ထဲမှာက နတ်ဖီးနစ်အရိုးရှိသောကြောင့် ဓမ္မလက်နက်များတောင်မှ အဲ့ဒါကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။
သူ၏ ဘယ်ဘက်လက်မှာ ထိုမူလလက်အိတ်ကို စွပ်ထားလိုက်ပါက မည်သည့်လက်နက်မဆိုနီးပါးကို သူ၏ လက်နှစ်ဖက်ဖြင့် ဖမ်းယူနိုင်တော့မည် ဖြစ်လေသည်။
သူက လက်နက်ပီးသလောက် ဖြစ်လာပေလိမ့်မည်။
အဲ့ဒီမှာ စိတ်ဝိညာဉ်စုဆောင်းသစ်သီးကလည်း တစ်ရာကျော် ရှိ၏။
ကျင့်ကြံသူဖြစ်စေ၊ သားရဲဖြစ်စေ.. သူတို့၏ အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံစဉ် အဲ့ဒါကို အများဆုံး နှစ်ခုလောက်သာ စားသုံးရမည်ဖြစ်ပြီး ပိုမိုစားသုံးခြင်းက ပို၍ အကျိုးများလိမ့်မည် မဟုတ်ပေ။
၎င်းအရေအတွက် တစ်ရာကျော်က သူတို့အဖွဲ့ ခွဲဝေယူဖို့ လုံလောက်လေသည်။
အဲ့ဒီမှာ ဝိညာဉ်အားဖြည့်သွေးဂျင်စင်းပင်က စုစုပေါင်း ၁၂၀၀၀ ရှိ၏။
ကြည့်လိုက်မည်ဆိုလျှင်တော့ ထိုအရေအတွက်က အတော်လေး များပြားသည်ဟု ထင်ရလေသည်။
သို့သော်လည်း သူလိုအပ်မည့် ဝိညာဉ်အားဖြည့်သွေးဂျင်စင်းအရေအတွက်က သာမန်ကျင့်ကြံသူများထက် အဆများစွာ ပိုလိမ့်မည်ဟု ဆူဇီမိုသည် ခံစားမိနေ၏။၊
အဲ့ဒါသည် သူက သားရဲနှင့် အင်မော်တယ် လမ်းစဉ်နှစ်ခုလုံးကို လျှောက်လှမ်းနေသောကြောင့်သာ မဟုတ်ပေ။
အဲ့ဒါထက် သူ၏ ရွှေအမြုတေ သို့မဟုတ် အတွင်းအမြုတေက သာမန်ကျင့်ကြံသူများနှင့် မတူကွဲပြားသောကြောင့် ဖြစ်လေသည်။
ဒါ့အပြင် မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် အခြားသော သားရဲတို့ကလည်း နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းရာတွင် ဝိညာဉ်အားဖြည့်သွေးဂျင်စင်းကို လိုအပ်ကြဦးမည် ဖြစ်လေသည်။
ဒါ့ကြောင့် ဆူဇီမိုသည် ရှေးဟောင်းတိုက်ပွဲမြေမှာ ဝိညာဉ်အားဖြည့်သွေးဂျင်စင်းများကို သူတတ်နိုင်သမျှ များများ စုဆောင်းထားဖို့ လိုလေသည်။
. . .
ဆယ်ရက်ကြာပြီးနောက်..
မျောက်၏ မျိုးဆက်သွေးက အလွန်တရာ သန်မာ၏။
စိတ်ဝိညာဉ်ကျားက ဗလာနယ်မိုးကြိုးအတတ်ကို ကျင့်ကြံပြီးနောက် သူ၏ မျိုးဆက်သွေးမှာ မိုးကြိုးစွမ်းအား ပါဝင်လာခဲ့၏။
အစကတည်းက မိုးကြိုးထဲမှာ အသက်ဓါတ်စွမ်းအာကို တွေ့မြင်နိုင်လေသည်။
မျောက်နှင့် စိတ်ဝိညာဉ်ကျားက အဆိုးရွားဆုံး ဒဏ်ရာများကို ရရှိခဲ့ကြသော်လည်း ဆယ်ရက်ကြာပြီးနောက် သူတို့၏ ဒဏ်ရာအများစုက သက်သာပျောက်ကင်းသွားခဲ့ကြလေပြီ။
သူတို့နှစ်ယောက်၏ နဂိုပင်ကိုဗီဇကိုက တက်ကြွသောကြောင့် ရှေးဟောင်းမြို့တော်ထဲမှာ ဆက်လက်နေလိုစိတ် မရှိကြတော့ပေ။
ဆူဇီမိုက မေးလိုက်၏။
“ရှေးဟောင်းမြို့တော်ထဲက ထွက်ပြီဆို.. မင်းတို့မှာ ဘာအစီအစဉ်တွေ ရှိကြသေးလဲ”
“ငါက မင်းနောက်ကို လိုက်မယ်” မျောက်က ပြန်ဖြေ၏။
အစကတည်းက ရှေးဟောင်းတိုက်ပွဲမြေသို့ သူဝင်ရောက်ခဲ့ရသည့် အကြောင်းရင်းမှာ ဆူဇီမိုပင် ဖြစ်လေသည်။
စိတ်ဝိညာဉ်ကျားက သူ့ခေါင်းကိုကုတ်ပြီး ချောင်းဟန့်လိုက်၏။ သူ့မျက်နှာကိုသူ လျှာဖြင့်သပ်၍ မြေခွေးလေးနားသို့ လျှောက်လာပြီး အမြီးကိုနှန့်ရင်း မရိုးမသားပြုံးကာ မေးလိုက်၏။
“ညှို့မြေခွေးလေး.. နင်က ဘယ်နေရာကို ဆက်သွားမှာလဲ”
မြေခွေးလေးက ပြန်ဖြေလိုက်၏။
“ကျမက ဆရာ့နောက်ကို လိုက်မှာပေါ့”
ဖြောင်း..
စိတ်ဝိညာဉ်ကျားက သူ့ပေါင်ကိုသူ လက်ဖြင့်ရိုက်ပြီး အော်လိုက်၏။
“တိုက်ဆိုင်လိုက်တာကွာ.. ငါတို့နှစ်ယောက်စလုံးရဲ့ အတွေးက သွားတူနေတာပဲ ကြည့်စမ်း”
ဘန်း..
ဘေးဘက်ကနေ လက်ဝါးကြီးတစ်ဖက်က ပေါ်လာပြီး စိတ်ဝိညာဉ်ကျား၏ မျက်နှာကို လွင့်ပျံသွားအောင် ရိုက်ချလိုက်၏။
“လခွမ်းထဲမှ”
စိတ်ဝိညာဉ်ကျားသည် လေထဲကနေ ထိုအသံကို ကြားလိုက်ရ၏။
မြေခွေးလေးက တခစ်ခစ် ရယ်မောလိုက်လေသည်။
ဆူဇီမိုက ရွှေခြင်္သေ့ဘက်သို့ လှည့်ကြည့်လိုက်၏။
“မင်းရော ဘယ်လိုလဲ.. မင်းထွက်သွားချင်တယ်ဆိုရင် မင်းအတွက် စိတ်ဝိညာဉ်စုဆောင်းသစ်သီးနဲ့ ဝိညာဉ်အားဖြည့်သွေးဂျင်စင်းအချို့ကို ဝေစုခွဲပေးလိုက်မယ်”
ရွှေခြင်္သေ့က ပြန်ဖြေလိုက်၏။
“ကျုပ်မှာ သွားစရာနေရာလဲ မရှိပါဘူး”
ခဏမျှ စဉ်းစားပြီးနောက် ရွှေခြင်္သေ့က တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်၏။
“ခင်ဗျား စိတ်မရှိဘူးဆိုရင်.. ကျုပ် ခင်ဗျားရဲ့ အစီးအနင်းအဖြစ် ဆက်နေပေးလို့ ရပါတယ်”
ရှေးဟောင်းမြို့တော်က တိုက်ပွဲမှတစ်ဆင့်.. ဆူဇီမို ဘယ်လောက်သန်မာကြောင်း သူမြင်တွေ့ခဲ့ရပြီးဖြစ်၏။
သူ့ရင်ထဲမှာ သိပ်ပြီးတော့ ဆန္ဒမရှိသော်လည်း.. ဤကဲ့သို့ သန်မာလှသော လူတစ်ယောက်၏ အစီးအနင်းဖြစ်ရတာ ရှက်စရာကောင်းလှသည်ဟု သူ မခံစားရတော့ပေ။
“ဟဟဟားဟား”
ဆူဇီမိုက ခေါင်းမော့၍ ရယ်မောလိုက်ပြီး ရွှေခြင်္သေ့၏ ပုခုံးကို ပုတ်လိုက်၏။
“အဲ့အချိန်တုန်းက မင်း ငါ့ဘက်က ရပ်တည်ပေးခဲ့တာကိုပဲ ငါက ကျေးဇူးတင်နေပါပြီ.. ငါက ဘယ်လိုလုပ် မင်းကို အစီးအနင်းတောကောင်တစ်ကောင်လို သဘောထားနိုင်ဦးမှာလဲ.. မွေးဝါ.. ငါ့ကို သိပ်ပြီး အထင်မသေးစမ်းပါနဲ့”
ဆူဇီမို၏ ပထမစကားတွင် ရွှေခြင်္သေ့သည် ရင်ထဲ ထိသွား၏။
သို့သော်လည်း မွေးဝါဆိုသော စကားကို ကြားချိန်တွင် သူ့မျက်နှာက ညိုမည်းသွား၏။
“အဲ့မှာ တခြားနာမည် ပေးစရာ မရှိကြတော့ဘူးလား”
“မွေးဝါဆိုတဲ့နာမည်က မဆိုးပါဘူးဟ”
မျောက်က နှစ်သိမ့်လိုက်၏။
“ငါ့သဘောနဲ့ငါသာဆို မင်းကို ခွေးခြင်္သေ့လို့ ခေါ်တယ်”
“အယ်”
ရွှေခြင်္သေ့က ကမန်းကတန်း ပြောလိုက်၏။
“မွေးဝါပဲ ကောင်းပါတယ်လေ”
ဆူဇီမိုက အားမာန်တက်ကြွစွာဖြင့် ရှေ့သို့ လက်ပြလိုက်၏။
“ကဲ.. အဲ့လိုဆိုမှတော့လဲ.. ရှေးဟောင်းတိုက်ပွဲမြေရဲ့ အလယ်ဗဟိုဆီကို သွားကြမယ်ဟေ့.. ရွှေအမြုုတေနယ်မြေအဆင့်သတ်မှတ်ချက်နဲ့ ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ ပြိုင်စံရှားဆိုတာတွေကို တစ်ချက်သွားကြည့်ရတာပေါ့.. ငါ သေချာပေါက် အဲ့ဒီအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးကို ရအောင်ယူပြမယ်”
“သွားကြစို့”
“ထွက်ခွာဖို့ အချိန်ကျပါပြီ”
“ညှို့မြေခွေးလေး.. ငါ့ကို စောင့်ပါဦးဟ...”