← Chapters

တောကောင်အုပ်

Vol. 45 Ch. 665

တောကောင်အုပ်

Vol. 45 Ch. 665

ဆူဇီမို၊ မျောက်၊ စိတ်ဝိညာဉ်ကျား၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့သည် ရှေးဟောင်းတိုက်ပွဲမြေ၏ အလယ်ဗဟိုဆီသို့ ချီတက်လိုက်ကြ၏။

ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲကို နောက်နှစ်ဝက်ကြာမှ ကျင်းပပေလိမ့်မည်။

တည်နေရာကတော့ ရှေးဟောင်းတိုက်ပွဲမြေ၏ အလယ်ပိုင်းနယ်မြေဖြစ်သော.. အသင်္ချေနယ်မြေမြို့တော်မှာ ဖြစ်လေသည်။

ဒီတစ်ခေါက်မှာ ရှောင်းနင်ရော ဝင်ရောက်လာသလား၊ မင်းကျန်ကရော ဘယ်နေရာမှာလဲ ဆူဇီမို မသိပေ။

သို့သော်လည်း သူတို့နှစ်ယောက်စလုံးကို ရှာဖွေဖို့အတွက် ဖြစ်နိုင်ခြေ အမြင့်မားဆုံး တည်နေရာမှာ အသင်္ချေနယ်မြေမြို့တော်သာ ဖြစ်လေသည်။

အကြောင်းမှာ ရှေးဟောင်းတိုက်ပွဲမြေထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူတိုင်းလိုလိုသည် အသင်္ချေနယ်မြေမြို့တော်သို့ ရောက်အောင် အကောင်းဆုံး ကြိုးစား၍ သွားရောက်ကြမည် ဖြစ်သောကြောင့်ပင်။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နေရာတစ်နေရာ မရနိုင်ဟု သူတို့ကိုယ်သူတို့ သိထားသော ကျင့်ကြံသူများတောင်မှ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ ပြိုင်စံရှားများ၏ ဂုဏ်ကျက်သရေနှင့် မြောက်များလှစွာသော ရှေးဟောင်းအမြုတေနယ်မြေများအကြား ထိတွေ့ရိုက်ခတ်ပြိုင်ဆိုင်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရဖို့အတွက် အရောက်ပြေးလာကြပေလိမ့်မည်။

အဲ့ဒါက နှစ်တစ်ရာမှ တစ်ကြိမ်ပေါ်ပေါက်သော ရှားရှားပါးပါးတိုက်ပွဲတစ်ပွဲ ဖြစ်သည့်အတွက် မည်သူ့မှ လက်လွတ်မခံလိုကြပေ။

သူတို့သည် ဘေးကနေ စောင့်ကြည့်ခွင့်ရမည်ဆိုလျှင်တောင် အဲ့ဒါက သူတို့၏ ကျင့်ကြံမှုအပေါ် အကျိုးများနိုင်လေသည်။

ဒါ့အပြင် ရှေးဟောင်းတိုက်ပွဲမြေက အကန့်အသတ်မဲ့ ကျယ်ပြောလှပြီး သဲလွန်စမရှိဘဲ လူနှစ်ယောက်ကို လိုက်ရှာရခြင်းက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသည်နှင့် တူနေပေလိမ့်မည်။

နှစ်ဝက်ကြာပြီးလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အဖွဲ့အစည်းပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံက ထိပ်သီးအဖွဲ့အစည်းကြီးများ၊ ထိပ်သီးဂိုဏ်းကြီးများနှင့်အတူ အသင်္ချေနယ်မြေမြို့တော်မှာ စုဝေးလာကြပေလိမ့်မည်။ ထိုသို့ စည်ကားသိုက်မြိုုက်သည့် လူစုလူဝေးမှာ သတင်းအစအန ရှာဖွေဖို့က ပို၍ လွယ်ကူလေသည်။

အဲ့ဒီမှာ ဆူဇီမိုသည် သူတို့နှစ်ယောက်ကို ရှာမတွေ့လျှင်တောင် အသုံးဝင်သော သတင်းအချက်အလက်အချို့ကို ရနိုင်ဖို့ များလေသည်။

တစ်ကယ်တော့ ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာသော ကျင့်ကြံသူပေါင်း သန်းနှင့်ချီ ရှိကြသော်လည်း နောက်ဆုံးမှာ အသင်္ချေနယ်မြေမြို့တော်သို့ ရောက်လာမည့်သူက တစ်ဝက်ပင် ရှိလိမ့်မည် မဟုတ်ပေ။

အစကတည်းက ရှေးဟောင်းတိုက်ပွဲမြေထဲမှာ မြောက်များလှစွာသော သားရဲတောကောင်များနှင့် ရှေးဟောင်းသက်ရှိများ နေထိုင်ကျက်စားကြသည့်အပြင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ သားရဲမျိုးနွယ်များကိုလည်း ဤနေရာမှာ ရတနာနှင့် အရင်းအမြစ်များအတွက် တိုက်ခိုက်ဖို့ ပို့ဆောင်ပေးခဲ့ကြ၏။

အကုန်လုံးက အလယ်ဗဟိုရှိ အသင်္ချေမြို့တော်ဆီသို့ အပြင်းနှင် ဦးတည်လာကြသောကြောင့် လမ်းခရီးတစ်လျှောက်က အလွန်တရာ အန္တရာယ်များလှလေသည်။

ကျင့်ကြံသူအများစုကတော့ နေ့အချိန်မှာသာ ခရီးဆက်ကြမည် ဖြစ်လေသည်။ ညအချိန်ဆို သူတို့က နားနေစုဝေးရာကုန်းမြေတစ်ခုကို အကောင်းဆုံးကြိုးစား ရှာဖွေကြမည် ဖြစ်လေသည်။

မိုးလင်းမှသာ သူတို့က ခရီးဆက်လက်ထွက်ခွာကြမည် ဖြစ်လေသည်။

ကြမ်းကြုတ်ငှက်များနှင့် တောကောင်များ ကျင်လည်ကျက်စားရာ ရှေးဟောင်းတိုက်ပွဲမြေတွင် ညဘက် ခရီးသွားလာရဲသည့်သူက များများစားစား မရှိလှပေ။

သို့သော်လည်း ဆူဇီမိုတို့အုပ်စုအတွက်တော့ နေဖြစ်စေ၊ ညဖြစ်စေ သိပ်မကွာခြားလှပေ။

ဆူဇီမိုကလွဲလျှင် အခြားလေးယောက်စလုံးက စိတ်ဝိညာဉ်သားရဲစစ်စစ်များ ဖြစ်ကြ၏။

သူတို့အုပ်စုက ငါးယောက်သာ ပါရှိသော်လည်း မည်သူကမှ သွားရှုပ်လို့ရသောသူများ မဟုတ်ပေ။

ဆူဇီမိုကို အသာထား.. မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့နှင့်ပင်....

ရွှေခြင်္သေ့သည် ဆူဇီမို၏ အလွယ်တကူ ဖိနှိမ်ခြင်းကို ခံခဲ့ရသော်လည်း သူက အစကတည်းက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်ဖြစ်၏။ ဒါ့အပြင် သူက ခြင်္သေ့ရိုင်းတောင်ကြောရိုး၏ ရွှေခြင်္သေ့မျိုးနွယ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး တစ်မူထူးခြားသော မျိုးဆက်သွေးနှင့်အတူ သားရဲအများစုကို ဖိနှိမ်နိုင်လေသည်။

သားရဲတောကောင်အများစုမှာ အားအနည်းဆုံးဟု ထင်ရသော မြေခွေးလေးအနားသို့ပင် မချဉ်းကပ်နိုင်ကြပေ။

မြေခွေးများက မွေးရာပါ ညှို့ငင်ဆွဲဆောင်ဓါတ်ဖြင့် မွေးဖွားလာကြခြင်းဖြစ်ပြီး နေရာမှာတင် ရပ်နေခြင်းဖြင့်ပင် အများသူငါကို ညှို့ယူဖမ်းစားနိုင်ကြလေသည်။ သူမထံမှ လက်တစ်ချက်ယပ်ခေါ်ခြင်း သို့မဟုတ် မွှေးရနံ့တစ်မျိုး ထုတ်လွှတ်လိုက်ခြင်းကပင် သားရဲများကို အုပ်စုလိုက် ဖိနှိမ်နိုင်လေသည်။

စိတ်ဝိညာဉ်ကျားပင်လျှင် မြေခွေးလေး၏ ညှို့ငင်ဓါတ်အောက်မှာ မိနေပြီးဖြစ်၏။

လမ်းတစ်လျှောက်တွင် စိတ်ဝိညာဉ်ကျားက မြေခွေးလေးနောက်ကနေ ကပ်လိုက်လာပြီး သူ့အမြီးကို မသိလိုက်မသိဘာသာ နှန့်နေတတ်၏။ သူက မြေခွေးလေးအတွက် အစီးအနင်းတောကောင်တစ်ကောင် ဖြစ်လုနီးပါးပင်။

ထို့ကြောင့် မျောက်ထံမှ ဖြတ်ရိုက်ချက်များကိုလည်း မကြာမကြာဆိုသလို သူခံစားရတတ်လေသည်။

သို့သော်လည်း မြေခွေးလေးကတော့ သူချဉ်းကပ်လာတိုင်း တတ်နိုင်သမျှ ဝေးဝေးသို့ ရှောင်ရှားတတ်လေသည်။ သူမ ရှောင်လို့ မရတော့ဘူးဟု ထင်မိလျှင် သူမ၏ အစစ်အမှန်ပုံစံသို့ ပြောင်း၍ ဆူဇီမို၏ ရင်ခွင်ထဲသို့ ခုန်ဝင်တတ်လေသည်။

စိတ်ဝိညာဉ်ကျားက မချင့်မရဲနှင့် ဒီတိုင်းသာ ကြည့်နေရလေသည်။

ဘာလိုလိုနှင့် တစ်လတာက ကုန်ဆုံးသွား၏.

ဤအချိန်အတောအတွင်း သူတို့သည် အခြားသော သားရဲများနှင့် တိုက်ခိုက်ခဲ့ရသော်လည်း လုံးဝအဆင်ပြေချောမွေ့ခဲ့လေသည်။

ရွှေခြင်္သေ့သည်လည်း မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့နှင့် စတင်၍ ခင်မင်ရင်းနှီးလာပြီး သူတို့အုပ်စုထဲမှာ အသားကျလာ၏။

ဤညတွင် ဆူဇီမိုတို့အုပ်စုက ရှေ့သို့ ဆက်လက်ချီတက်နေကြဆဲဖြစ်၏။

အမျိုးသားက ကြော့ရှင်းခံ့ညားသောသွင်ပြင်ရှိပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ မိန်းမပျိုလေးက အနှိုင်းမဲ့ချောမောလှပသော သွင်ပြင်နှင့် လူအများကို ဖမ်းစားနိုင်လေသည်။ ပြောရလျှင် ဆူဇီမိုနှင့် မြေခွေးလေးက ရှေ့ကနေ အတူယှဉ်တွဲလျှောက်လှမ်းသွားကြသည့်အခါ အလွန်တရာ လိုက်ဖက်ညီတင့်တယ်နေလေသည်။

မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့က နောက်ကနေ လိုက်လာကြ၏။

စိတ်ဝိညာဉ်ကျား၏ ဦးခေါင်းက အသက်မဲ့စွာ ငိုက်စိုက်ကျလာ၏။

ရွှေခြင်္သေ့က စပ်စု၍ မေးလိုက်၏။

“အစ်ကိုကျား.. ခင်ဗျား ဘာလို့ မြေခွေးလေးနားကို လိုက်မကပ်တော့တာလဲ”

စိတ်ဝိညာဉ်ကျားက လက်နှစ်ဖက်ကိုနောက်ပစ်၊ ခေါင်းကို အနည်းငယ်မော့ပြီး ဉာဏ်အမြော်အမြင်ရှိသယောင်ပုံစံဖြင့် သက်ပြင်းချလိုက်၏။

“အား.. ငါတော့ အချစ်မှာ ကျရှုံးသွားပြီဟေ့”

မျောက်က မျက်လုံးစွေကြည့်ပြီး နှာတစ်ချက်မှုတ်လိုက်၏။

ရွှေခြင်္သေ့က နှစ်သိမ့်ပေးလေသည်။

“မပူပါနဲ့ အစ်ကိုကျားရယ်.. ကျုပ်တို့ ခြင်္သေ့ရိုင်းတောင်ကြောရိုးကို ပြန်ရောက်တဲ့အခါ ခင်ဗျားကို အလှပဂေးမလေးတွေနဲ့ မိတ်ဆက်ပေးမယ်”

“တစ်ကယ်ကြီးလားဟ”

စိတ်ဝိညာဉ်ကျား၏ မျက်လုံးက ဝင်းလက်သွားပြီး ၎င်း၏ စိုးရိမ်ပူပန်မှုများက ချက်ချင်းပျောက်ကွယ်သွားကာ သွားရည်များ ကျလုနီးပါးပင်။

“ကျိန်းသေတာပေါ့ဗျာ”

ရွှေခြင်္သေ့က သူ၏ ရင်ဘတ်ကို ကျယ်လောင်စွာ ပုတ်ပြလိုက်၏။

“ဒါမှ ငါ့ညီကိုကွ”

စိတ်ဝိညာဉ်ကျားက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ရွှေခြင်္သေ့၏ ပုခုံးကို သူ့လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်၏။

မျောက်က နှုတ်ခမ်းစူပြီး သူတို့နှစ်ယောက်ကို အရေးလုပ်မနေတော့ပေ။

ထိုစဉ်မှာပင် ဆူဇီမိုက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ သူ့နားရွက်နှစ်ဖက်က တွန့်သွားပြီး တည်တံ့စွာဖြင့် ပြောလိုက်၏။

“အားလုံးပဲ.. သတိထားကြမယ်.. ဒီဘက်ကို တောကောင်အုပ်တစ်အုပ် ချီတက်လာနေတယ်”

တောကောင်အုပ်လား!

မျောက်က သူ့အကြည့်ကို မှေးကျဉ်းလိုက်ပြီး သူ့မျက်လုံးများက သွေးနီရောင်ဖြင့် တောက်ပလာ၏။

စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့ကလည်း သူတို့အချင်းချင်း စနောက်နေကြတာကို ရပ်တန့်လိုက်ပြီး သူတို့၏ အကြည့်များက သုန်မှုန်သွား၏။

တောကောင်များက အုပ်လိုက်လာသည်ဆိုလျှင် ထိုအထဲမှာ သားရဲဘုရင်တစ်ပါး ပါသည်ဟုလည်း အဓိပ္ပါယ်ရလေသည်။

ဒါ့အပြင် သူတို့ယခု ရောက်ရှိလာသည်က ရှေးဟောင်းတိုက်ပွဲမြေ၏ အပြင်ဘက်အစပ် မဟုတ်တော့ပေ။

ဤကဲသို့သောနေရာမှာ သားရဲတစ်အုပ်ကြီးကို နှိမ်နင်း၍ တောကောင်အုပ်တစ်အုပ်အဖြစ် စုဖွဲ့နိုင်သော သားရဲဘုရင်က သေချာပေါက် ကြောက်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားမည်ဖြစ်ပြီး သွားနောက်လို့ မရပေ။

တစ်ယောက်-တစ်ယောက်ချင်း တိုက်ခိုက်ကြကြေးဆို သူတို့သည် မည်သူ့ကိုမှ ကြောက်မနေပေ။

သို့သော်လည်း တောကောင်အုပ်ကြီးတစ်အုပ်နှင့် ရင်ဆိုင်ရပါက အဲ့ဒါက ခါးသက်သက် တိုက်ပွဲတစ်ပွဲ ဖြစ်လာပေလိမ့်မည်။

ခဏကြာပြီးနောက်..

မျောက်နှင့် အခြားသူများသည် နောက်ဆုံး တုန်ခါလာသော မြေပြင်ကို ခံစားသိရှိလိုက်ကြ၏။

ဒုန်း.. ဒုန်း.. ဒုန်း..

ကြီးမားသည့် စစ်တပ်ကြီးတစ်တပ်က ချီတက်တိုက်ခိုက်လာသည့်အတိုင်းပင်။

ညဘက်ဖြစ်သော်လည်း ဆူဇီမို၏ မျက်လုံးများက ထက်ရှပြီး ခပ်လှမ်းလှမ်းမှ တထောင်းထောင်းထလာနေသော ဖုန်လုံးကြီးကို မြင်နိုင်လေသည်။

သူတို့ငါးယောက်သည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

သိပ်မကြာမီ တောကောင်အုပ်ကြီးက သူတို့ရှေ့သို့ ရောက်လာလေသည်။

တောကောင်အုပ်တွင် ရှေးဦးအဆက်နွယ်တောကောင်များက အများဆုံး ပါဝင်ပြီး မူလသွေးမျိုးဆက်ကြမ်းကြုတ်တောင် အနည်းငယ်လည်း ပါဝင်လေသည်။ သူတို့တစ်ကောင်ချင်းစီက ဆူဇီမိုတို့အုပ်စုကို အပိုင်းပိုင်းစုတ်ဖြဲပစ်ချင်သည့်အလား သူတို့၏ ဘေးပတ်လည်တွင် သားရဲချီများက တဝုန်းဝုန်းထ၍ ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။

သို့သော် ထူးဆန်းသည့်အချက်မှာ တောကောင်အုပ်ကြီး၏ အလယ်၌ လူသားတစ်ထောင်ကျော်လောက် ပါလာခြင်းပင်။

သူတို့က လူသားပုံစံဖြစ်ကြသော်လည်း သူတို့အားလုံးထံမှ သားရဲချီက ဖြာထွက်နေပြီး သူတို့က အသွင်ပြောင်းထားသော သားရဲများဖြစ်ကြသည်မှာ သိသာလေသည်။

ထိုအုပ်စု၏ အလယ်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ထပ်ရှိ၏။ သူတို့က စစ်ရထားလုံးတစ်တစ်စင်းပေါ်မှာ မတ်တပ်ရပ်နေကြပြီး အနားယူနေကြသည်ဟု ထင်ရလေသည်။

အမျိုးသားက ပိန်ပိန်လှီလှီမျက်နှာနှင့် သူ့အမူအယာက တည်တံ့နေပြီး အလွန်တရာ ထင်ပေါ်လွန်းသော ရောင်စုံအဝတ်အစားများကို ဝတ်ဆင်ထား၏။

သူ့ဘေးရှိ အမျိုးသမီးကတော့ အသက် ၂၈ နှစ်လောက်ပင် ရှိသေးပုံမရဘဲ သူမသည်လည်း အသွင်ပြောင်းထားသော သားရဲတစ်ကောင် ဖြစ်လေသည်။ အစိမ်းရောင်ဝတ်ရုံနှင့် ဘောင်းဘီရှည်ကို ဝတ်ထားပြီး သူမ၏ အနက်ရောင်ဆံကေသာများကို ခေါင်းနောက်မှာ ဆံထုံး ထုံးထားလေသည်။ သူမက အလွန်တရာ ချောမောလှပသော ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားလေသည်။

သူမ၏ ခြေထောက်များက သေးသွယ်ရှည်လျားပြီး ပကတိပြီးပြည့်စုံသည်ဟု ဖော်ပြနိုင်လေသည်။

ထိုအမျိုးသမီး၏ ခြေထောက်များကို တွေ့သောအခါ စိတ်ဝိညာဉ်ကျား၏ မျက်လုံးများက နောက်တစ်ဖန် ပြူးကျယ်လာ၏။

ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ထိုအမျိုးသမီးက သေးငယ်ပါးလွှာသော သက်တံရောင်ချည်မျှင်လေးတစ်ချောင်းဖြင့် ရစ်ပတ်တုတ်နှောင်ခံထားရပုံရ၏။ သူမက လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိဘဲ သူမ၏ နှုတ်ခမ်းများကိုပင် ချိတ်ပိတ်ခံထားရပုံရပြီး စကားလည်း မပြောနိုင်ပေ။

သက်တံရောင်ချည်မျှင်များက တောကောင်အုပ်ထဲရှိ ကြမ်းကြုတ်တောကောင်များအားလုံးကိုလည်း ရစ်ပတ်ထားပုံရ၏။

သက်တံရောင်ချည်မျှင်၏ အခြားအစွန်းဘက်များကို လူသားပုံစံသားရဲတောကောင်တစ်ထောင်ကျော်ကျော်၏ လက်ထဲမှာ တွေ့နိုင်လေသည်။

ဤတောကောင်အုပ်ကို လူသားပုံစံသားရဲတောကောင်များက နှိမ်နင်းလာခဲ့သည်မှာ သိသာလေသည်။

တစ်ဖက်မှာတော့ ထိုသားရဲတောကောင်တစ်ထောင်ကျော်ကျော်က စစ်ရထားပေါ်ရှိ ရောင်စုံဝတ်ရုံနှင့်လူ၏ အစေခံများ ဖြစ်ကြပုံရ၏။

ရောင်စုံဝတ်ရုံနှင့်လူက ဤတောကောင်အုပ်၏ သားရဲဘုရင်ပင် ဖြစ်လေသည်။

ဆူဇီမိုတို့အုပ်စုကို မြင်ချိန်တွင် စစ်ရထားပေါ်ရှိ ခြေထောက်ရှည်ရှည်နှင့် အမျိုးသမီးက စိတ်ခံစားချက်မြင့်တက်ကာ မချင့်မရဲ ဖြစ်လာပုံရပြီး သူမ၏ မျက်လုံးများဖြင့် ဖော်မပြတတ်အောင် အတောမသတ် ငိုယိုနေပုံရလေသည်။

All Chapters