ပင့်ကူတစ်ထောင် သဲတောင်
Vol. 45 Ch. 666
သားရဲတောကောင်များ တစ်ကောင်နှင့်တစ်ကောင်အကြား ဖိနှိမ်ခံရခြင်းနှင့် ဖမ်းဆီးခံရခြင်းတို့က မကြာခဏဆိုသလို ဖြစ်ပျက်နေကြပင်။
ခြေတံရှည်ရှည်နှင့် အမျိုးသမီးက အကူအညီတောင်းခံတောင်းပန်နေခြင်း ဖြစ်သည်ကို သူတို့ ခန့်မှန်းမိသော်လည်း ဆူဇီမိုတို့အုပ်စုက တန်းပြီးဝင်ပါကြလိမ့်မည် မဟုတ်ပေ။
အသန်မာဆုံးသူများသာ ရှင်သန်နိုင်သော တောတွင်းဥပဒေအရ နေရာတိုင်းမှာ သူတို့ဝင်ပါနေလို့ မရပေ။
ဒါ့အပြင် ဒါက ရှေးဟောင်းတိုက်ပွဲမြေ ဖြစ်၏။
ဆူဇီမိုက သူ့အကြည့်ကို ပြန်ရုတ်လိုက်သော်လည်း ခြေတံရှည်ရှည်အမျိုးသမီးက လက်မလျှော့ဘဲ သူမတတ်နိုင်သမျှ အစွမ်းကုန်ကြိုးစား၍ ဆက်လက်အော်ဟစ်နေ၏။ သို့သော်လည်း သူမသည် တအင်းအင်းတအဲအဲ အသံကိုသာ ထွက်နိုင်လေသည်။
ရောင်စုံဝတ်ရုံနှင့်လူက ပြုံးလိုက်၏။
“ကဲ အရေးမပါတာကို လျှောက်အော်မနေနဲ့.. အဲ့ဒီသားရဲတောကောင်တွေက မင်းကို ကယ်ဖို့နေနေသာ သူ့တို့ကိုယ်သူတို့ ကယ်ဖို့တောင် အနိုင်နိုင်ရယ်.. အသာတကြည် ငြိမ်ငြိမ်နေစမ်း.. ငါ မင်းကို အတင်းအကျပ် ထပ်မလုပ်ချင်ဘူး”
“ဂါး”
တစ်ထောင်ကျော်ကျော်အုပ်စုထဲမှ အမျိုးသားတစ်ယောက်၏ အမူအယာက ပြောင်းလဲသွားပြီး သူ့လက်ထဲမှ ချည်မျှင်ကို ရုတ်တရက် လျှော့ပေးလိုက်၏။
ရှေးဦးအဆက်နွယ်တောကောင်တစ်ကောင်က ဟိန်းဟောက်၍ ရှေ့သို့ ခုန်တက်လာ၏။ ၎င်းက ချက်ချင်းဆိုသလိုပင် ဆူဇီမိုရှေ့သို့ ရောက်လာ၏။
ရှေးဦးအဆက်နွယ်တောကောင်က ကြောက်မက်ဖွယ်ရာ အကြည့်နှင့်အတူ သူ၏ သွေးသံရဲရဲပါးစပ်ကို ဖြဲလိုက်သောအခါ သူ့ပါးစပ်ထဲမှ မနှစ်မြို့ဖွယ်ရာ အနံ့ဆိုးက လှိုင်ထွက်လာလေသည်။
ဆူဇီမို၏ အမူအယာက လုံးဝ ပြောင်းလဲမသွားဘဲ ထိုသားရဲတောကောင်က သူ့အနားသို့ ကပ်လာမှသာ တိုက်ခိုက်လိုက်၏။
သူသည် မည်သည့်နည်းစနစ်ကိုမှ မသုံးဘဲ သူ့လက်တစ်ဖက်ကို ရိုးရှင်းစွာ ဖြန့်ထုတ်ပြီး ရှေးဦးအဆက်နွယ်တောကောင်၏ ပါးပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်၏။
ဘန်း..
ရှေးဦးအဆက်နွယ်တောကောင်၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးက လေထဲသို့ လွင့်ထွက်သွားပြီး ပြန်ကျလာသောအခါ အသက်မရှိတော့ပေ။
သူ့ခေါင်းက ပုံမပျက်သေးသော်လည်း အထဲမှာရှိသော အရာအကုန်လုံးက ကြေမွ၍ ပျော့ပြဲကုန်လေပြီ။
ထိုရိုက်ချက်က ရှင်းလင်းတိကျလွန်း၏။
ရောင်စုံဝတ်ရုံနှင့်အမျိုးသားက သူ့အကြည့်ကို ဖြည်းဖြည်းချင်း မှေးကျဉ်းလိုက်၏။
ရှေးဟောင်းတိုက်ပွဲမြေတွင် ရှေးဦးအဆက်နွယ်တောကောင်များကို သတ်ဖြတ်နိုင်သော ကျင်ကြံသူများစွာ ရှိလေသည်။
သို့သော်လည်း ဤလူသတ်ဖြတ်သလိုပုံစံနှင့် သတ်ဖြတ်နိုင်သောသူက သိပ်များများစားစား မရှိပေ။
“မင်းတို့ကောင်တွေကတော့ သေချင်နေပြီပဲ”
မျောက်က အရင်ဆုံး ဒေါသထောင်းကနဲ ထွက်သွားပြီး သူ့မျက်လုံးများက နီရဲလာကာ သူ့သွေးချီကို လှည့်ပတ်၍ သားရဲချီများကို ဖြန့်ကျက်လိုက်၏။ တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲသွားပြီး သူ၏ ကြီးမားသည့် ခြေဖဝါးကြီးဖြင့် မြေပြင်ကို ပြင်းထန်စွာ ပေါက်ချလိုက်၏။
ဘုန်းကနဲ မြည်သံနှင့်အတူ မြေပြင်က ပြင်းထန်စွာ တုန်ခါသွားလေသည်။
ဝင့်ကြွားသော အမူအယာ၊ ကြမ်းကြုတ်သော အကြည့်နှင့်အတူ သူက စစ်ရထားပေါ်ရှိ ရောင်စုံဝတ်လူကို စိုက်ကြည့်နေ၏။ ဆူဇီမိုက အချက်ပြလိုက်သည်နှင့် သူက အရင်ဆုံး ပြေး၍ တိုက်ခိုက်တော့မည် ဖြစ်လေသည်။
မျောက်အတွက်တော့.. သူ့ပြိုင်ဘက်က ဘယ်သူဖြစ်ဖြစ် သို့မဟုတ် ရှေ့က အခြေအနေက ဘယ်လိုပဲရှိရှိ ကိစ္စ မရှိပေ။
သူတိုက်ခိုက်ချင်လာပြီဆို တိုက်ခိုက်မည်သာ ဖြစ်လေသည်။
“ဝေါင်း”
“ဂါး”
ရွှေခြင်္သေ့နှင့် စိတ်ဝိညာဉ်ကျားတို့ကလည်း တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ အရိုးများမှ တဖျောက်ဖျောက်မြည်သံများက ထွက်ပေါ်လာ၏။ သူတို့၏ ခန္ဓာကိုယ်က တွန့်လိမ်သွားပြီးနောက် သူတို့၏ အစစ်အမှန်ပုံစံသို့ ပြောင်းလိုက်ကြလေသည်။
သားရဲများအတွက်တော့ သူတို့၏ အထွတ်အထိပ်ခွန်အားကို သူတို့၏ အစစ်အမှန်ပုံစံမှာသာ ထုတ်ဖော်နိုင်လေသည်။
ဆူဇီမိုက မြေခွေးလေးရှေ့ကနေ ကာရပ်ပြီး အေးစက်စက်အကြည့်နှင့်အတူ သူ့သွေးချီကို ထုတ်လွှတ်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ခြေတံရှည်ရှည်အမျိုးသမီးက အလွန်တရာ စိတ်အားတက်ကြွသွား၏။
သို့သော် ရောင်စုံဝတ်လူ၏ သူငယ်အိမ်များက တင်းကျပ်သွားပြီး သူ့အကြည့်က သိသိသာသာ သုန်မှုန်လာ၏။
မျောက်၊ ကျားနှင့် ခြင်္သေ့တို့က သန်မာသော အော်ရာနှင့် ကြွယ်ဝသော သားရဲချီများကို ပိုင်ဆိုင်ထားကြသော်လည်း မည်သူကမှ သူ့ကို ခြိမ်းခြောက်နိုင်သည်ဟု မခံစားရပေ။
သို့သော်လည်း အစိမ်းရောင်ဝတ်လူထံမှ အားကောင်းသည့် အန္တရာယ်အငွေ့အသက်ကို သူခံစားမိနေ၏။
အဲ့ဒါက အရမ်းကို အန္တရာယ်များလွန်းလှလေသည်။
ထိုလူ၏ သွေးက ကြွယ်ဝလွန်းနေ၏။
သူတို့နှစ်ဖက်အကြားမှာ တိုက်ပွဲဖြစ်ပွားပါက တောကောင်အုပ်၏ အကူအညီဖြင့် သူသည် သူတို့ငါးယောက်ကို သတ်ဖြတ်နိုင်သော်လည်း သူ့ဘက်မှာလည်း ကြီးမားစွာ ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း ရောင်စုံဝတ်လူက ခံစားမိနေ၏။
သုန်မှုန်နေသော အမူအယာနှင့်အတူ ရောင်စုံဝတ်လူက စိတ်ထဲကနေ အကြိတ်အနယ် စဉ်းစားပိုင်းခြားကြည့်နေ၏။
တစ်ဖက်မှာတော့ ဆူဇီမိုတို့ကလည်း လှုပ်ရှားမှု မပြုကြသေးပေ။
ဘာပဲပြောပြော.. သူတို့အကြားမှာ နက်ရှိုင်းသည့် အမုန်းတရားများ မရှိကြပေ။
ဒါ့အပြင် ထိုရောင်စုံဝတ်လူ၏ နောက်ခံက မရိုးရှင်းကြောင်း သူခံစားမိနေ၏။ တောကောင်အုပ်ကြီးလည်း ရှိနေသည့်အတွက် ကိစ္စက မတိုက်ခိုက်ရဘဲ ပြီးစီးသွားမည်ဆိုလျှင် အကောင်းဆုံး ဖြစ်လေသည်။
တစ်ကယ်တော့ ဆူဇီမိုက အကြောက်အလန့် မရှိပေ။
ထိုအချိန်တွင် သူအများဆုံး တွေးတောအာရုံစိုက်နေသည်မှာ ရောင်စုံဝတ်လူ၏ ဘေးရှိ ခြေတံရှည်ရှည်နှင့် အမျိုးသမီးကို ဖြစ်လေသည်။
ဘာကြောင့်ရယ်မသိ ထိုခြေတံရှည်ရှည်နှင့် အမျိုးသမီး၏ အကြည့်ကို သူရင်းနှီးသလို ခံစားမိနေ၏။
သို့သော်လည်း ဘယ်လိုပင် သူစဉ်းစားတွေးတောကြည့်ပါစေ.. ဤအမျိုးသမီးကို သူအရင်က မမြင်ဖူးသည်မှာ သေချာလေသည်။
“သူတို့က သားရဲနယ်မြေရှစ်ခွင်က တစ်ခုဖြစ်တဲ့ ပင့်ကူတစ်ထောင်သဲတောင်က အဆိပ်ပင့်ကူမျိုးနွယ်ဝင်တွေဖြစ်မယ်ထင်တယ်.. ကြည့်ရတာတော့ တောကောင်အုပ်ရဲ့ သားရဲဘုရင်ဖြစ်တဲ့ အဲ့ဒီရောင်စုံဝတ်လူက သက်တံပင့်ကူမျိုးနွယ်ရဲ့ တော်ဝင်မျိုးနွယ်က ဖြစ်ပြီးတော့ သက်တံဝံပုလွေပင့်ကူတစ်ကောင် ဖြစ်လိမ့်မယ် ထင်တယ်”
သုန်မှုန်နေသော အမူအယာနှင့်အတူ ရွှေခြင်္သေ့က တိုးတိုး ပြောပြလိုက်၏။
“အားလုံးပဲ.. ဂရုစိုက်ကြနော်.. အဲ့ဒီပင့်ကူတွေက အရမ်းအဆိပ်ပြင်းတယ်.. ပြောကြတာ သက်တံဝံပုလွေပင့်ကူတစ်ကောင်ရဲ့ ပင့်ကူအိမ်ကတောင် အဆိပ်နဲ့ ယက်လုပ်ထားတာတဲ့.. သူတို့ရဲ့ ပင့်ကူအိမ်ကို ဝင်တိုးမိတဲ့ကောင်ကတော့ သိပ်မကြာလိုက်ဘူး တစ်ခါတည်း အရည်ပျော်ကျသွားလိမ့်မယ်”
ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
ဥပစာရှေးဟောင်းတိုက်ပွဲမြေက ပြိုင်စံရှားများနှင့် သားရဲများအတွက် တစ်ကယ့်ကို စုဝေးရာနေရာတစ်ခု ဖြစ်လေသည်။
တစ်လလောက်အချိန်လေးအတွင်းမှာ.. သူတို့သည် သားရဲနယ်မြေနှစ်ခွင်မှ သားရဲတောကောင်များနှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်၏။
“ဟီးဟီး”
ရောင်စုံဝတ်လူက ရုတ်တရက် ရယ်ချလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။
“ရွှေခြင်္သေ့မျိုးနွယ်လဲ ပါတယ်ဆိုတော့.. ခင်ဗျားတို့အကုန်လုံးက ခြင်္သေ့ရိုင်းတောကြောရိုးက ဖြစ်ကြမှာပေါ့.. ခင်ဗျားပြောတာ မှန်ပါတယ်.. ကျုပ်ရဲ့ အစစ်အမှန်ပုံစံက သက်တံဝံပုလွေပင့်ကူ ဖြစ်ပြီးတော့ ကျုပ်က ပင့်ကူတစ်ထောင်သဲတောင်ကပဲ”
“ခင်ဗျားက ခြင်္သေ့ရိုင်းတောင်ကြောရိုးက တာအိုရောင်းရင်း ဖြစ်နေမှတော့လဲ.. ကျုပ်တို့ တိုက်ခိုက်ကြဖို့ မလိုတော့ပါဘူး”
စဉ်းစားတွေးတောခဲ့ပြီးနောက် ရောင်စုံဝတ်လူက မတိုက်ခိုက်ဖို့ ရွေးချယ်ခဲ့လေသည်။
သူ့ရည်ရွယ်ချက်က ဝိညာဉ်အားဖြည့်သွေးဂျင်စင်းလို အရင်းအမြစ်များနှင့် ရတနာများအတွက် တိုက်ခိုက်ဖို့ ဖြစ်လေသည်။ သူ့အနေနှင့် သူ့ရှေ့က ဤလူငါးယောက်နှင့် မလိုအပ်ဘဲနှင့် အသေအလဲ တိုက်ခိုက်စရာ မလိုပေ။
ရောင်စုံဝတ်လူ၏ ပြေလည်ရာပြေလည်ကြောင်း စကားကို ကြားသောအခါ ဆူဇီမိုကလည်း ရန်လိုမနေတော့ဘဲ တည်ငြိမ်စွာဖြင့် ခေါင်းကိုသာ ညိတ်ပြလိုက်၏။
မျောက်က ထူးမခြားနားအမူအယာဖြင့်ပင် ပုခုံးတွန့်လိုက်၏။
စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့တို့ကလည်း အကြည့်ချင်းဖလှယ်၍ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
မြေခွေးလေးသည်လည်း စိတ်တည်ငြိမ်သွားလေသည်။
ဘုန်း.. ဘုန်း.. ဘုန်း..
တောကောင်အုပ်ကြီးက တဝုန်းဝုန်းအသံပြု၍ ဆူဇီမိုတို့အုပ်စုကို ကွေ့ပတ်ပြီး ရှေ့သို့ ဆက်လက်ချီတက်လိုက်ကြ၏။
“ဝူး.. အုးး”
စစ်ရထားပေါ်ရှိ ခြေသံရှည်ရှည်နှင့် အမျိုးသမီးက စိတ်သောကများစွာသော အမူအယာဖြင့် ထပ်တလဲလဲ အော်ဟစ်လိုက်၏။
“စိတ်ရှုပ်ဖို့ ကောင်းလိုက်တာကွာ”
ရောင်စုံဝတ်လူက သူ့လက်ညိုးဖြင့် အမျိုးသမီး၏ နဖူးကို တောက်လိုက်၏။
အမျိုးသမီးက ဆတ်ကနဲ တုန်ယင်သွားပြီး သူမ၏ မျက်နှာက ခရမ်းရောင်သန်းလာ၏။ သူမသည် ဆက်လက်၍ အသံထွက်နိုင်ခြင်း မရှိတော့ဘဲ ဆူဇီမို၊ မျောက်နှင့် စိတ်ဝိညာဉ်ကျားကို မျက်လုံးပြူး၍သာ ကြည့်နေနိုင်တော့၏။
သူမ၏ ထိုမျက်လုံးများက ပကတိ စိတ်ပျက်လက်ပျက် ကူကယ်ရာမဲ့ခြင်းနှင့် ပြည့်နေလေသည်။
စစ်ရထားက ထွက်ခွာသွားပြီဖြစ်၍ သူတို့ကြား အကွာအဝေးက ပိုပို၍ ဝေးကွာသွား၏။
အမျိုးသမီးသည် သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်ပြီး ပူနွေးသော မျက်ရည်များက စီးကျလာလေသည်။
. . .
ဖုန်များက တထောင်းထောင်းထ၍ သူတို့နှစ်ဖွဲ့က တဖြည်းဖြည်း ဝေးကွာသွားကြ၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်ရင်း တောင်ကောင်အုပ် ထွက်ခွာသွားရာဘက်သို့ တွေးတွေးဆဆပုံစံဖြင့် ငေးကြည့်နေ၏။ အတန်ကြာပြီးနောက် သူက ပြန်လှည့်လိုက်ပြီး ခေါင်းခါကာ ရှေ့ဆက်လိုက်လေသည်။
“အဲ့အမျိုးသမီးက တော်တော်လေး သနားဖို့ ကောင်းတာပဲ” မြေခွေးလေးက သူမ၏ နှုတ်ခမ်းကို စုဝိုင်းပြီး ပြောလိုက်၏။
စိတ်ဝိညာဉ်ကျားကလည်း သက်ပြင်းချ၏။
“စောစောက ငါ သူမကို ကယ်ချင်စိတ်တွေ တဖွားဖွား ပေါ်လာသေးတယ်”
“တစ်ကယ်တော့.. အဲ့လို လုပ်ဖို့ မလိုပါဘူး”
ရွှေခြင်္သေ့က မှတ်ချက်ဝင်ပေး၏။
“ငါတို့ လမ်းမှာ တွေ့သမျှ သူတိုင်းကိုသာ လိုက်ကယ်ရမယ်ဆို.. ကယ်ရမယ့်သူတွေက ကုန်ခမ်းနိုင်မှာကို မဟုတ်တော့ဘူး.. ငါတို့ မြွေစားမယ့် ယုန်လေးတွေကိုလဲ ကယ်ရမယ်.. ဝံပုလွေစားမယ့် ဆိတ်လေးတွေကိုလဲ ကယ်ရမယ်.. ကမ္ဘာပေါ်မှာ ကယ်ရမယ့် သတ္တဝါတွေချည်းပဲ.. ဘယ်လိုလုပ် ငါတို့ သူတို့အကုန်လုံးကို လိုက်ကယ်နိုင့်ပါ့မလဲ”
“အဲ့ဒါလဲ ဟုတ်တာပဲ”
စိတ်ဝီညာဉ်ကျားက ခေါင်းညိတ်လိုက်၏။
ခဏနေပြီးနောက် သူ မနေနိုင်ဘဲ မျောက်ဘက်သို့ လှည့်ပြီး မေးလိုက်ပြန်၏။
“ခေါင်းဆောင်.. ခင်ဗျားရော ဘယ်လို သဘောရလဲ”
မျောက်က သရော်ရယ်လိုက်၏။
“ငါသာ မင်းနေရာမှာဆို ငါလုပ်ချင်တာ လုပ်မှာပေါ့.. တစ်ယောက်ယောက်ကို ငါကယ်တင်ချင်ရင် ကယ်လိုက်မှာပဲ.. သွေးသားက လှုံ့ဆော်လာရင် မင်းလုပ်ချင်တာကို လုပ်ချပစ်လိုက်”
“အဲ့လိုသာဆို ကျုပ်ရဲ့ ခဏတာ မိုက်ရူးရဲမှုကြောင့် ခင်ဗျားတို့ပါ ရောပါပြီး ဒုက္ခမရောက်နိုင်ဘူးလား” စိတ်ဝိညာဉ်ကျားက ခါးသက်သက်အမူအယာဖြင့် ဝေဖန်လိုက်၏။
ရွှေခြင်္သေ့က အနားကပ်လာပြီး တိုးတိုး ပြောလိုက်၏။
“အစ်ကိုကျား.. ခင်ဗျား သူမဆီမှာ ကျရှုံးသွားပြန်ပြီလား”
“သွားစမ်းပါကွာ”
စိတ်ဝိညာဉ်ကျားက မာန်မဲလိုက်၏။
“အားယား”
ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် စိတ်ဝိညာဉ်ကျားက နောက်တစ်ဖန် သက်ပြင်းချလိုက်ပြန်၏။
“ဘာလို့လဲ မသိဘူးကွာ.. အဲ့အမျိုးသမီးကို ငါသိနေသလို ခံစားနေရတယ်.. အဲ့ဒါ တစ်ကယ်ကို ထူးဆန်းတယ်”
ရုတ်တရက် မျောက်က မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်၏။
“အခု မင်းပြောမှပဲ.. ငါလဲ အဲ့လို ခံစားခဲ့ရသလိုပဲ”
ထိုစကားသံကို ကြားသောအခါ ဆူဇီမိုသည် သူ့ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်သည့်အတွက် စိတ်ဝိညာဉ်ကျားက သူ့ကို ဝင်တိုက်လုနီးပါး ဖြစ်သွားရ၏။
ဆူဇီမို၏ မျက်လုံးများထဲမှာ အေးစက်စက်အလင်းရိပ်က ပေါ်လာပြီး ဖြည်းဖြည်းချင်း လှည့်လိုက်လေသည်။