ကြီးမားသည့် တိုက်ပွဲ
Vol. 45 Ch. 668
“သတ်”
ဆူဇီမိုက ဟိန်းဟောက်၍ သွေးသောက်သူကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။ သူ့သွေးချီက တဝုန်းဝုန်းထလာပြီး ကောင်းကင်ထက်ကနေ ဆင်းသက်ကာ ရောင်စုံဝတ်လူကို အပေါ်စီးကနေ ခုတ်ပိုင်းချလိုက်၏။
သွေးရောင်အလင်းတန်းက ပေတစ်ရာအထိ ပြန့်ကားထွက်သွား၏။
ထိုခုတ်ချက်၏ အားက ရူးသွပ်သော သတ်ဖြတ်လိုစိတ်နှင့်အတူ အလွန်တရာ သန်မာလှပြီး လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်ဖို့ ခြိမ်းခြောက်နိုင်လေသည်။
ရောင်စုံဝတ်လူ၏ အမူအယာက ပြောင်းလဲသွား၏။
ထိုခုတ်ချက်ကိုသာ ထိပ်တိုက်ရင်ဆိုင်လိုက်လျှင် သူက ကြီးကြီးမားမားပေးဆပ်ရတော့မည်ဖြစ်ကြောင်း အာရုံခံမိလိုက်၏။
သူ့ဖနောင့်ကို ခပ်ပေါ့ပေါ့ပေါက်၍ ရောင်စုံဝတ်လူက ဘေးဘက်သို့ ဖျတ်လတ်စွာ ရှောင်ရှားလိုက်၏။
သွေးအလင်းတန်းက စစ်ရထားပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားလေသည်။
ဝုန်းကနဲ မြည်သံနှင့်အတူ ကြောက်စရာကောင်းသည့် စွမ်းအားက စစ်ရထားကို အပိုင်းပိုင်းကွဲထွက်သွားစေ၏။
အစိမ်းရောင်ပုံရိပ်က ဖျတ်ကနဲ လှုပ်ရှားသွား၏။
စစ်ရထားက ကြေမွပျက်စီးမသွားခင်မှာပင် ဆူဇီမိုက အမျိုးသမီးကို ကယ်ထုတ်ခဲ့ပြီးလေပြီ။
သွေးသောက်သူက အမျိုးသမီး၏ ဘေးပတ်လည်မှာ ကခုန်သွားပြီး သွေးရောင်အလင်းက ဖျတ်ကနဲ လက်သွား၏။
သွေးသောက်သူက ကြီးမားသော်လည်း ၎င်းက ဆူဇီမို၏ လက်ထဲတွင် ရေကဲ့သို့ ချောမွေ့နေ၏။ ၎င်းက အမျိုးသမီးကို ထိခိုက်စေခြင်း လုံးဝမရှိဘဲ သူမကိုယ်ပေါ်က ပင့်ကူပိုးချည်များကို ဖြတ်တောက်ပစ်လိုက်၏။
ဆူဇီမိုသည် အမျိုးသမီး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး သူ့အတွင်းအမြုတေကို လှည့်ပတ်ကာ သူမ၏ ကိုယ်ထဲသို့ ကြွယ်ဝသော သားရဲချီများကို ပို့လွှတ်ပေးလိုက်၏။ သိပ်မကြာမီ သူသည် သူမ၏ ကိုယ်ထဲရှိ ချိတ်စည်းကို ရှာတွေ့သွားလေသည်။
သားရဲချီများက ဒီရေကဲ့သို့ တလိပ်လိပ်စီးဝင်သွား၏။
ဘန်း.. ဘန်း.. ဘန်း..
အမျိုးသမီးသည် ခဏမျှ တသိမ့်သိမ့်တုန်ယင်သွားပြီး သူမ၏ ကိုယ်ထဲရှိ ချိတ်စည်းများက ပျောက်ပျက်သွားကာ သူမ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလိုက်၏။ သူမ၏ အမောက်ပေါ်တွင် အနီကွက်တစ်ကွက်ရှိပြီး သူမ၏ တောင်ပံများကို ဖြန့်ကျက်ကာ စူးစူးရှရှ အော်မြည်လိုက်၏။ သူမက တစ်ကယ်ကို ဆန်းကြယ်တောင်ထွတ်မှ အင်မော်တယ်ကြိုးကြာလေးပင် ဖြစ်လေသည်။
ကြိုးကြာလေးက သာမန်အင်မော်တယ်ကြိုးကြာများနှင့် အနည်းငယ် ခြားနားလေသည်။
သာမန်အင်မော်တယ်ကြိုးကြာများက နှင်းဖြူရောင်ကိုယ်ထည် ရှိသော်လည်း ကြိုးကြာလေး၏ ကိုယ်မှာက ကျောက်စိမ်းရောင် အစင်းလေးများ ပါရှိလေသည်။ သူ့ကို ခွဲခြားဖို့က အရမ်းကို လွယ်ကူလေသည်။
ကြိုးကြာလေး၏ ကိုယ်တွင်းရှိ သွေးချီက အတော်လေး ဆိုးရွားသည့် အတိုင်းအတာထိ ယိုယွင်းခမ်းခြောက်နေသည်ကို ဆူဇီမို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။ သူမ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလိုက်နိုင်သော်လည်း သူမမှာ တိုက်ခိုက်ဖို့ ခွန်အား ရှိမနေပေ။
“သူမကို ကာကွယ်ထား.. ဒီပင့်ကူတွေကို ငါသတ်မယ်”
ဆူဇီမိုက အေးစက်ခက်ထန်စွာနှင့် အမိန့်ပေးလိုက်၏။
မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့တို့က လျှင်မြန်စွာ ပေါင်းစုလိုက်ကြပြီး ကြိုးကြာလေးနှင့် မြေခွေးလေးကို အလယ်မှာထားကာ ဝိုင်းပတ်လိုက်ကြ၏။ ထိုသို့ဖြင့် သူတို့က ဝင်ရောက်လာမည့် တောကောင်အုပ်ကို ပြင်းထန်စွာ တားဆီးတိုက်ခိုက်နိုင်လေသည်။
ကျွိ.. ကျွိ.. ခလက်.. ခလက်..
မြေကြီးပေါ်မှ ဖုန်နှင့် ကျောက်ခဲများက လွင့်ပျံသွား၏။
ပေသုံးလေးဆယ် ရှည်လျားသော သွေးနီရောင်ဧရာမကင်းခြေများကြီးတစ်ကောင်က ရှေ့သို့ တက်လာလေသည်။
ဓါးမြှောင်များကဲ့သို့ ထက်ရှသော ရာနှင့်ချီသည့် ခြေထောက်များက မြေပြင်ပေါ်မှာ တွားသွားလိုက်တိုင်း မီးပွားများက လွင့်ပျံသွား၏။ ထူထဲသော သားရဲချီများနှင့်အတူ ၎င်းထံမှ မသတီစရာ ညှီစို့စို့အနံ့က ထောင်းထောင်းထနေ၏။
ဧရာမကင်းခြေများကြီးက ရှေ့သို့ ခုန်ဝင်လာသောအခါ စိတ်ဝိညာဉ်ကျားက သူ့ပါးစပ်ကိုဖြဲပြီး ခုန်အုပ်လိုက်၏။ သူ့လက်သည်းများကို ထုတ်ပြီး ကင်းခြေများကြီး၏ ကိုယ်ကို ကုတ်ဆွဲကာ ၎င်း၏ လည်ဂုတ်ကို ပြင်းထန်စွာ ကိုက်ချလိုက်၏။
ဂျွတ်..
စိတ်ဝိညာဉ်ကျား၏ ကိုက်ချက်ခွန်အားက ပြင်းထန်လွန်းသောကြောင့် ဧရာမကင်းခြေများကြီး၏ လည်ပင်းက ချက်ချင်း ကျိုးထွက်သွားလေသည်။
စိတ်ဝိညာဉ်ကျား၏ ကိုယ်ပေါ်သို့ စင်ကျလာသော အဆိပ်သားရဲချီများက မိုးကြိုးစွမ်းအားဖြင့် ချက်ချင်း အဝေးသို့ ဖယ်ခွာကျသွားလေသည်။
“ဝူး..”
ရွှေခြင်္သေ့၏ သားရဲချီက တလိပ်လိပ်တက်လာပြီး ရှေ့သို့ နားကွဲမတတ် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
အသံလှိုင်းက ဝဲဂယက်တစ်ခုကဲ့သို့ အဘက်ဘက်သို့ ဖြန့်ကျက်သွားလေသည်။
အခုလေးတင် ရှေ့သို့ ခုန်ဝင်လာသော မီးခိုးရောင်ဝံပုလွေ၏ ဒွာရခုနှစ်ပေါက်မှ သွေးများက ချက်ချင်းစီးကျလာ၏။ ဟိန်းဟောက်သံကြောင့် သူ့ဦးနှောက်က ကြေမွသွားပြီး နေရာမှာတင် သေဆုံးသွားလေတော့သည်။
တောကောင်များကြားမှာ ခြင်္သေ့တစ်ကောင်၏ ဟိန်းဟောက်သံက အသန်မာဆုံးဟိန်းဟောက်စွမ်းအားကို ပိုင်ဆိုင်ထားပြီး မာကြောခက်ထန်က ပြိုင်ဘက်ကင်းနေ၏။
တစ်ကယ်ဆို.. ၎င်း၏ ဟိန်းဟောက်သံက သားရဲများနှင့် မိစ္ဆာများကို ရှင်းထုတ်ပစ်နိုင်လေသည်။
ရှေးဟောင်းခေတ်တုန်းက ဗုဒ္ဓဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များက ခြင်္သေ့မျိုးနွယ်များနှင့် တိုက်ခိုက်ကြပြီးနောက် လျှို့ဝှက်အသံနည်းစနစ်တစ်ခုကို နားလည်သဘောပေါက်ခဲ့ကြလေသည်။ အဲ့ဒါက ယခုခေတ် ဗုဒ္ဓဂိုဏ်းများ၏ ခြင်္သေ့ဟိန်းသံနည်းစနစ်ပင် ဖြစ်လေသည်။
နောက်ထပ် အခြားသော ရှေးဦးအဆက်နွယ်တောကောင်အချို့သည်လည်း ခဏမျှ ကြောင်အမှင်တက်ကုန်ကြ၏။ သူတို့ ကြောင်အနေရာမှ ပြန်လည်မနိုးထခင်မှာပင် ရွှေခြင်္သေ့က ရှေ့သို့ ခုန်အုပ်ပြီး သူတို့ကို ကိုက်ဖြတ်သတ်ပစ်လိုက်လေသည်။
ရွှစ်.. ရွှစ်.. ရွှစ်..
ရေဆွဲပုံးလုံးပတ်လောက်နှင့် ပေတစ်ရာလောက်ရှည်သော မြေနဂါးတစ်ကောင်က သူ့ခေါင်းကို လှုပ်ခါပြီး အမြီးကို ဝေ့ရမ်းလိုက်၏။ သူက ကြမ်းကြုတ်ခက်ထန်စွာ စိုက်ကြည့်ပြီး မျောက်ထံသို့ ပစ်ဝင်လာလေသည်။
ပုသင်နှင့် ဆင်တူသော မြေနဂါးမှာ တစ်ကယ့်နဂါးမဟုတ်ဘဲ ဗီဇကွဲမိချောင်းမျိုးနွယ်ဝင်တစ်မျိုး ဖြစ်လေသည်။ သူတို့မှာ နဂါးသွေး တစ်စွန်းတစ်စသာ ပါဝင်လေသည်။ သူတို့က ခွန်အားကြီးမားပြီး တစ်ကိုယ်လုံးကို ထိုးဖောက်လို့ မရနိုင်သော ကြေးခွံများဖြင့် ဖုံးအုပ်ထားလေသည်။
ပကတိစိတ်ဝိညာဉ်လက်နက်များနှင့်တောင် မြေနဂါး၏ ခံစစ်ကို ချိုးဖျက်ဖို့ ခက်ခဲလေသည်။
မြေနဂါး၏ အားပျော့သည့်နေရာမှာ သူ့ဝမ်းဗိုက်ပင်။
ထိုတစ်နေရာကိုသာလျှင် သူတို့၏ ကြေးခွံများက ဖုံးအုပ်ထားခြင်း မရှိပေ။
သို့သော်လည်း မြေနဂါးများက ပါးနပ်၏။ သူတို့၏ အတွင်းအမြုတေကို ဖွဲ့တည်ပြီးတာတောင် သူတို့က လေထဲမှာ ပျံသန်းခဲပြီး သူတို့၏ ရန်ဘက်များက တိုက်ခိုက်ဖို့ အခွင့်အရေး မရစေရန် မြေပြင်မှာသာ လျှောထိုး၍ သွားလာတတ်၏။
မြေနဂါးက သူ့ပါးစပ်ကြီးကိုဖြဲ၍ ထက်ရှသော သွားစွယ်များကို ထုတ်ကာ ပြေးဝင်လာပြီး မျောက်၏ ခြေသလုံးကို လှမ်းကိုက်လိုက်၏။ သူလာရာ လမ်းတစ်လျှောက် ဖုန်များက တထောင်းထောင်းထလာလေသည်။
ထိုကိုက်ချက်သာ ကျဆင်းခဲ့လျှင် မျောက်၏ ခြေသလုံးက ချက်ချင်း ကျိုးထွက်သွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဝါးမျိုခွေးကြီးတစ်ကောင်က အခွင့်အရေးကို အသုံးချပြီး ဘေးကနေ ခုန်ဝင်လာ၏။ ကြမ်းကြုတ်ခက်ထန်သော လှုပ်ရှားမှုနှင့်အတူ ၎င်းက မျောက်၏ လည်မျိုကို ဖမ်းကိုက်ဖို့ ချိန်ရွယ်လာလေသည်။
မျောက်၏ မျက်လုံးများက ဒေါသမီးလျှံဖြင့် ပြည့်နေပြီး မြေနဂါးက ကိုက်ချလိုက်သည့်အချိန်မှာပင် သူ့ခြေထောက်ကို မြှောက်လိုက်၏။
ဖြောင်း..
မြေနဂါးက လွဲချော်သွား၏။
တစ်ချိန်တည်းမှာပင် မျောက်က မြှောက်လိုက်သော သူ့ခြေထောက်ကို ပြင်းထန်စွာ ပြန်၍ ဆောင့်နင်းချလိုက်၏။
ဘုန်း..
သူ၏ ကြီးမားသည့် ခြေထောက်ကြီးက မြေနဂါး၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ကြောက်စရာကောင်းသည့်ခွန်အားက ပေါက်ကွဲထွက်ပေါ်လာ၏။ မြေနဂါး၏ ခေါင်းက ရွှံ့ထဲသို့ နစ်ဝင်သွားပြီး ကြေမွသွားလေပြီ။
တစ်ဖက်မှာတော့ မျောက်သည် ဝင်ရောက်လာသော ကောင်းကင်ဝါးမျိုခွေးကြီး၏ အပေါ်မေးရိုးနှင့် အောက်မေးရိုးကို ဖမ်းဆုပ်လိုက်၏။
“အီး..”
“သေစမ်း”
မျောက်က မာန်သွင်း၍ သူ့လက်နှစ်ဖက်ဆီသို့ ခွန်အားကို ပို့လွှတ်ပြီး ကောင်းကင်ဝါးမျိုခွေးကြီး၏ အပေါ်မေးရိုးနှင့် အောက်မေးရိုးကို ဆန့်ကျင်ဘက်သို့ ဆွဲဖြဲလိုက်၏။
ဗြီး..
သွေးများက ပန်းထွက်လာ၏။
ညှီစို့စို့သွေးရနံ့နှင့်အတူ ကိုယ်တွင်းအင်္ဂါများက ပြန့်ကျဲထွက်သွားလေသည်။
မျောက်၏ လက်ချက်ဖြင့် ကောင်းကင်ဝါးမျိုခွေးက အရှင်လတ်လတ် နှစ်ပိုင်းဆွဲစုတ်ခံလိုက်ရလေသည်။
မျောက်၏ ကိုယ်က သွေးများဖြင့် နီစွေးသွားပြီး နှစ်ပိုင်းပြတ်သွားသော ကောင်းကင်ဝါးမျိုခွေးအသေကောင်ကို မြေပေါ်သို့ ဒီတိုင်းပစ်ချလိုက်၏။ ပြင်းထန်ကြမ်းကြုတ်သော အော်ရာနှင့်အတူ သူ၏ လက်နှစ်ဖက်ကို လွှဲရမ်းပြီး နောက်ထပ် ဝင်ရောက်လာသော ကြမ်းကြုတ်တောကောင်များကို တဘုန်းဘုန်း ပစ်ထိုးချလိုက်၏။
မြေခွေးလေးကို မျောက်နှင့် အခြားသူများက အလယ်မှာထား၍ ကာထားသော်လည်း သူမက ဒီတိုင်း မနေပေ။
တောင်တစ်လုံးနှင့်တူသော ကြီးမားသည့် ခန္ဓာကိုယ်ဖြင့် ရှေးကျသော ဧရာမဆင်ကြီးတစ်ကောင်က ပြေးဝင်ချလာ၏။ ကောင်းကင်က ကြယ်များကိုပင် ခူးဆွတ်နိုင်သည့်အလား ၎င်း၏ ကြီးမားသည့် နှာမောင်းကြီးကို လွှဲရမ်း၍ ကြောက်မက်ဖွယ်ရာ စွမ်းပကားနှင့် ဝင်ရောက်လာ၏။
ဧရာမဆင်ကြီး၏ စွမ်းအားက အလွန်တရာ ကြောက်စရာကောင်းပြီး နဂါးမျိုးနွယ်နှင့်ပင် နှိုင်းယှဉ်ရလောက်၏။
အဲ့ဒါက နဂါးဆင်တစ်ကောင်၏ စွမ်းအားဇာစ်မြစ်ဟုလည်း ပြောလို့ ရလေသည်။
ရှေးကျသော ဧရာမ ထိုဆင်ကြီးသာ ဝင်ရောက်လာမည်ဆိုလျှင် မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့တို့၏ ဖိုခနောက်ဆိုင် ဖွဲ့စည်းပုံက ချက်ချင်းလန်ကျသွားပေလိမ့်မည်။
မြေခွေးလေးက ရှေးကျသော ဧရာမဆင်ကြီး၏ မျက်လုံးထဲကို စိုက်ကြည့်ပြီး သူမ၏ လှပသော မျက်ဝန်းအိမ်ထဲမှာ သားရဲအလင်းက ဝင်းလဲ့တောက်ပလာ၏။
ရှေးကျသော ဧရာမဆင်ကြီး၏ အရှိန်က တဖြည်းဖြည်း နှေးကွေးသွားပြီး သူ၏ အသိစိတ်ကလည်း ဝေဝါးသွားလေသည်။
မြေခွေးလေးက သူမ၏ ပါးစပ်ကို အနည်းငယ်ဟပြီး မွှေးရနံ့ပါသော မြူများကို မှုတ်ထုတ်လိုက်၏။
ထိုမွှေးရနံ့ကို ရှူရှိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ဧရာမဆင်ကြီး၏ မျက်လုံးများက ငူငိုင်ကျသွား၏။
“သွား.. သူတို့ကို သွားတားပေး”
မြေခွေးလေး၏ အသံက နူးညံ့ချိုသာစွာ ထွက်ပေါ်လာ၏။
အသိစိတ်လွတ်သွားသည့်အလား ဧရာမဆင်ကြီးက မြေခွေးလေး၏ စကားကို နာခံပြီး သူ၏ တုတ်ခိုင်သော နှာမောင်းကြီးကို ရူးသွပ်စွာ လွှဲရမ်းကာ တောကောင်အုပ်ဘက်သို့ ပြန်လှည့်ပြီး ပြေးဝင်ချသွား၏။
ဆင်ကြီး၏ နှာမောင်းက ရှေးကျသော နတ်ဘုရားကျာပွတ်ကြီးနှင့်တူပြီး ၎င်းနှင့် ရိုက်ခတ်မိသော မည်သည့်သက်ရှိမဆို အရိုးများ၊ အရွတ်များ ချက်ချင်း ပြတ်သတ်ထွက်ကုန်မည်ဖြစ်၏။
သူ၏ ဧရာမခန္ဓာကိုယ်ကြီးက သူ့လမ်းကြောင်းမှာ ရှိသမျှ အရာရာတိုင်းကို ပစ်တိုက်ချသွားပြီး အချိန်မီ မရှောင်တိမ်းနိုင်သော သားရဲတောကောင်များဆိုလျှင် အပြင်းအထန် ဒဏ်ရာရရှိကာ သွေးများကို အန်ထုတ်လိုက်ကြရ၏။
တောကောင်အုပ်ကြီးအတွင်းမှာ ဝရုန်းသုန်းကားက စတင်ထွက်ပေါ်လာလေပြီ။
သို့သော်လည်း ထိုဝရုန်းသုန်းကားက ကြမ်းကြုတ်တောကောင်အုပ်ကြီးနှင့် ယှဉ်လျှင် မပြောပလောက်ဘဲ မြစ်ထဲမှာ ပွက်သော လှိုင်းဂယက်တစ်ခုလို ချက်ချင်း ပြန်လည်ပျက်ပြယ်သွားလေသည်။
ရှေးကျသော ဧရာမဆင်ကြီးက အလွန်တရာ စွမ်းအားကြီးသော်လည်း ၎င်းသည် တောကောင်အုပ်ကြီး၏ ခွန်အားကိုတော့ မခုခံနိုင်ပေ။ သိပ်မကြာမီ ၎င်းသည် အတောမသတ်သော တောကောင်အုပ်ကြီးထဲ နစ်မြှုပ်သွားပြီး နောက်ဆုံး အလောင်းသာ ကျန်ခဲ့လေတော့သည်။
မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့တို့မှာ အခြေအနေ သိပ်ကောင်းလှသည်တော့ မဟုတ်ပေ။
သူတို့တစ်ဦးချင်းက ကြမ်းကြုတ်ပြင်းထန်သော ခွန်အားကို ပြသထားကြပြီး အချိန်ခဏလေးအတွင်း သူတို့၏ ခြေထောက်အောက်မှာ ရာနှင့်ချီသော သားရဲတောကောင်အလောင်းများက ပုံထပ်လာပြီဖြစ်၏။
သို့သော်လည်း တောကောင်အုပ်က အတောမသတ် ပြေးဝင်ချလာနေကြဆဲဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်များပေါ်မှာလည်း ဒဏ်ရာများက တစ်ခုပြီးတစ်ခု မလွဲဧကန် စတင်ဖြစ်ပေါ်လာနေပြီး သွေးများက တစိမ့်စိမ့်စီးထွက်လာနေ၏။
သူတို့သည် ဤတိုက်ပွဲကနေ နောက်ဆုတ်ဖို့ လမ်းမရှိပေ။
ဆူဇီမိုသည် သက်တံဝံပုလွေပင့်ကူမျိုးနွယ်မှ ကလန်သားများအားလုံးကို ထိန်းချုပ်ကိုင်တွယ်ထားပြီးဖြစ်၏။
သက်တံဝံပုလွေပင့်ကူများသာ ပါဝင်ပတ်သတ်လာမည်ဆိုလျှင် မျောက်နှင့် အခြားနှစ်ယောက်၏ ဖိုခနောက်ဆိုင်ဖွဲ့စည်းပုံက ကျိုးပျက်သွားမည်မှာ ကြာနေလောက်လေပြီ။
တစ်ဖက်တွင်တော့..
ဆူဇီမိုနှင့် သက်တံဝံပုလွေပင့်ကူများ၏ တိုက်ပွဲက ပိုလို့တောင် ပြင်းထန်နေပြီး သူသည် သားရဲတောကောင်အုပ်ကို တစ်ယောက်တည်းနှင့် ရင်ဆိုင်တိုက်ခိုက်နေ၏။