ပိုးချည်မျှင်များ ပတ်ခြုံသွားခြင်း
Vol. 45 Ch. 669
လေထဲမှာ သွေးမြူများက ဖြန့်ကျက်လာပြီး အဲ့ဒါက အရမ်းကို ထက်ရှလေသည်။
ကွဲပြားခြားနားသော အင်မော်တယ်နှင့် မိစ္ဆာ နည်းစနစ်နှစ်ခု၊ တည်ငြိမ်ပင်လယ်နှင့် အဆူရာဆေဘာက ဆူဇီမို၏ လက်ထဲတွင် မည်သည့်လေးကန်မှုမှ မရှိဘဲ ပကတိပြီးပြည့်စုံစွာ ပေါင်းစပ်ရောနှော၍ ချော့မွေညက်နေ၏။
တန်ပြန်စီးကြောင်း.. မာန်ဟုန်ပြင်းဒီရေ.. ဝဲကတော့နှင့် လှိုင်းဂယက်....
တစ္ဆေညည်းတွားသံ၊ သွေးစီးဆင်းမှု၊ ငရဲ၊ အရိုးဖြူများ၊ ပုံရိပ်ယောင်နှင့် အလောင်း....
တိုက်ပွဲမြေတွင် ဆူဇီမိုက ဆေဘာတစ်လက်နှင့် လူတစ်ယောက်တည်း ဖြစ်သော်လည်း များစွာသော သက်တံဝံပုလွေပင့်ကူများ၏ မျက်လုံးများထဲတွင် ဒေါသူပုန်ထနေသော ဒီရေလှိုင်းများက ကမ်းခြေကို တဝုန်းဝုန်း ရိုက်ခတ်နေသလိုပင်။
ထိုအထဲတွင် တစ္ဆေညည်းတွားသံများကိုလည်း ကြားနေရပြီး သူတို့၏ ခြေထောက်များအောက်တွင် အရိုးဖြူဖြူများကလည်း ရှိနေ၏။ ပုံရိပ်ယောင်များက နေရာတိုင်းမှာ ပေါ်လာနေပြီး သွေးအိုင်များထဲမှာ အလောင်းများ ပုံထပ်၍ မသတီသွေးပျက်စရာ ငရဲခန်းတစ်ခုထဲသို့ ရောက်လာသည့်အတိုင်းပင်။
အဲ့ဒါက သက်ရောက်အားဖြစ်၏။
သက်ရောင်အားအဆင့်တွင်.. ထိုအားက ကျင့်ကြံသူများ၏ စိတ်ပိုင်းဆိုင်ရာကိုပါ စိုးမိုးလာမည်ဖြစ်ပြီး သူတို့၏ရှေ့တွင် အစစ်အမှန်ဟု ထင်ရသော၊ ရယ်စရာကောင်းသော အမျိုးမျိုးသော ပုံရိပ်ယောင်များက ပေါ်ပေါက်လာမည် ဖြစ်လေသည်။
ယခုအခါ မြေပြင်ပေါ်မှာ သက်တံဝံပုလွေပင့်ကူ သုံးလေးဆယ်၏ အလောင်းများက လဲကျနေပြီဖြစ်၏။
ကြောက်စရာကောင်းသော ဆေဘာတိုက်ကွက်များအောက်တွင် သက်တံဝံပုလွေပင့်ကူများသည် တဒင်္ဂလေး စိတ်အာရုံ ပျက်ယွင်းသွားသည်နှင့် ဆေဘာခုတ်ချက်များက သူတို့၏ ကိုယ်ပေါ်သို့ ကျဆင်းလာမည်ဖြစ်ပြီး စိမ်းဖန့်ဖန့်နှင့် စေးကပ်ကပ်သွေးများက နေရာတိုင်းမှာ စီးဆင်းလာလေသည်။
သက်တံဝံပုလွေပင့်ကူများ၏ သွေးက အဆိပ်များဖြင့် ပြည့်နှက်နေ၏။
ထိုသွေးများက မြေပြင်ပေါ် ကျဆင်းသွားသောအခါ ပတ်ဝန်းကျင်ရှိ သစ်ပင်ဝါးပင်များက တစ်ခဏအတွင်း ညှိုးခြောက်သွားကြ၏။
အစက စိုစွတ်နေသော ရွှံမြေက စတင်၍ ခြောက်သွေ့လာပြီး ကျောက်ခဲများ၊ သဲများ အဖြစ်သို့ပင် ပြောင်းလဲတော့မည့် လက္ခဏာ ပြလာ၏။
အချိန်မီ မရှောင်တိမ်းနိုင်သော သားရဲတောကောင်အချို့မှာ သက်တံဝံပုလွေပင့်ကူသွေးများ၏ ပန်းစင်ခြင်းကို ခံလိုက်ကြရ၏။ အသက်ဆယ်ရှိုက်စာအတွင်း သူတို့သည် မြေကြီးပေါ် ပစ်လဲကျသွား၏။ အဲ့ဒါက ကမ္ဘာပေါ်ရှိ ရှားရှားပါးပါး အဆိပ်ပင်။
ဆူဇီမို၏ သွေးချီက ရုန်းကြွနေပြီး ခြစ်ခြစ်တောက်ပူသော မီးဖိုတစ်ခုနှင့် တူနေ၏။ သားရဲချီများနှင့် အဆိပ်များက သူထံသို့ မချဉ်းကပ်နိုင်ခင် လေထဲမှာပင် ဘာမှမကျန်အောင် အငွေ့ပျံသွားကြ၏။
ရောင်စုံဝတ်လူသည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းထားပြီးပြီဖြစ်၏။
အခြားသော သက်တံဝံပုလွေပင့်ကူများနှင့် နှိုင်းစာလျှင် သူက အသေးငယ်ဆုံး ကိုယ်ဟန်တည်ဆောက်ပုံ ရှိလေသည်။
သူ့ခြေရှစ်ချောင်းနှင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် သူ၏ လှုပ်ရှားမှုနည်းစနစ်က တစ်မူထူးခြားပြီး အလွန်တရာ လျှင်မြန်လေသည်။ သူသည် ဆူဇီမိုနှင့် လုံးဝ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်း မရှိပေ။
“ကီ ကီ ကီ...”
ရောင်စုံဝတ်လူက ဘေးကနေ သူ့ကလန်သားများကို အမိန့်ပေး ညွှန်ကြားနေသည့်အလား စူးစူးရှရှ အော်မြည်သံများကို ထုတ်ပေးနေ၏။
သူ့အမိန့်အောက်တွင် ဘေးပတ်လည်ရှိ သက်တံဝံပုလွေပင့်ကူများက တုန်လှုပ်ဖွယ်ရာ အမြန်နှုန်းဖြင့် ဝင်္ကပါတစ်ခုကို လျှင်မြန်စွာ ဖန်တီးလိုက်ကြ၏။ သူတို့သည် ဆူဇီမိုနှင့် ဆက်လက်၍ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြခြင်း မရှိကြတော့ဘဲ ထို့အစား သူ့ကို ဘေးကနေ ဝိုက်၍ လျှင်မြန်စွာ လှည့်ပတ်နေကြ၏။
ရွှစ်.. ရွှစ်.. ရွှစ်..
သက်တံဝံပုလွေပင့်ကူများက လှစ်ကနဲ လှစ်ကနဲ ပြေးလွှားနေကြပြီး သူတို့၏ ဝမ်းဗိုက်မှ သက်တံပိုးချည်မျှင်များကို ပစ်လွှတ်ကာ သွေးသောက်သူကို ရစ်ပတ်လိုက်ကြ၏။
သွေးသောက်သူသည် အလွန်တရာ ထက်ရှပြီး ဆူဇီမို၏ ရုန်းကန်ပေါက်ကွဲအားနှင့် ပေါင်းစပ်လိုက်သောအခါ အဲ့ဒါက မည်သည့်ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ကိုမဆို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လေသည်။
သို့သော်လည်း သက်တံဝံပုလွေပင့်ကူများ၏ ပိုးချည်မျှင်များက အလွန်တရာကို ကိုင်တွယ်ရ ခက်လေသည်။
သွေးသောက်သူက အလွန်တရာ ထက်ရှသော်လည်း.. သူ့ကို အဆက်မပြတ် ရစ်ပတ်လာသော ပင့်ကူပိုးချည်မျှင်များအားလုံးကို အလွယ်တကူ ဖြတ်တောက်နိုင်ခြင်း မရှိပေ။
ဒါ့အပြင် ပိုးချည်မျှင်မှာ အစကတည်းက အဆိပ်ဓါတ်ရှိသည့်အတွက် သွေးသောက်သူပေါ်ရှိ အလင်းက မှိန်ကျလာပြီး ၎င်းထံမှ သွေးအလင်းတန်းကလည်း လျှင်မြန်စွာ ပျက်ပြယ်လာလေသည်။
ဆူဇီမိုသည် တိုက်ပွဲမြေပြင်ကို လွှမ်းမိုးထားပြီး မည်သည့်သက်တံဝံပုလွေပင့်ကူမှ သူ့ထံမှ ပေါက်ကွဲအားကို ခံနိုင်ရည် မရှိကြပေ။
သို့သော် သိပ်မကြာမီ သွေးသောက်သူသည် အဆုံးမသတ်သော ပင့်ကူပိုးချည်များ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရ၏။
ဆူဇီမိုသည် သူ့ဆေဘာကို လွှဲရမ်းလိုက်တိုင်း အဲ့ဒါက ရွှံ့နွံတောထဲကို ဖြတ်သန်းနေရသလို လေးကန်လာလေသည်။
ကျင့်ကြံသူအများစုသည် သက်တံဝံပုလွေပင့်ကူများကို ရန်မစလိုကြခြင်းမှာလည်း သူတို့၏ ပိုးချည်က ကျင့်ကြံသူများအတွက် တန်ပြန်ဝိပါက် စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်နေသောကြောင့်ပင်။
သူတို့၏ ပင့်ကူပိုးချည်များက တစ်ကယ့်ကို အံ့မခန်းပင်။
ကံကောင်းထောက်မစွာနှင့် သွေးသောက်သူက မူလစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်နေ၏။
အဲ့ဒါက သာမန်ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုသာဆိုလျှင် ပိုးချည်မျှင်များ ရစ်ပတ်ခံရပြီး သိပ်မကြာခင်ကတည်းက ပျက်စီးသွားလောက်လေပြီ။
ဆူဇီမိုသည် ထိုအချက်ကို သတိထားမိခဲ့သောကြောင့်လည်း သူ၏ မီးပဒေသာဓါးဝင်္ကပါကို မထုတ်ဖော်ခဲ့ခြင်း ဖြစ်လေသည်။
ဓါးဝင်္ကပါက စွမ်းအားကြီးသော်လည်း အဲ့ဒါကို ထိပ်တန်းအဆင့်ဓါးပျံများဖြင့် ဖန်တီးရခြင်းဖြစ်၏။
ဓါးပျံများထဲမှ တစ်လက်ကို ဆုံးရှုံးသွားသည်နှင့် ဝင်္ကပါကို အပြည့်အဝ ပုံဖော်နိုင်တော့မည် မဟုတ်ဘဲ.. အားသာချက်ကနေ အားနည်းချက် ဖြစ်လာပေလိမ့်မည်။
တစ်ကယ်တော့ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း.. ဆူဇီမိုသည် သူ့ဓါးပျံအစုံ၏ အဆင့်ကို နောက်တစ်ဖန် ဘယ်လို မြှင့်တင်ရမလဲ စဉ်းစားတွေးတောနေခဲ့၏။
သူလိုအပ်သည်မှာ ဓါးပျံတစ်လက်ချင်းစီက အနည်းငယ်ပို၍ သန်မာလာဖို့သာ ဖြစ်လေသည်။
အနည်းငယ်ဆိုသော်လည်း ဓါးပျံ ၂၇ လက်ကို ဝင်္ကပါအဖြစ် ပုံဖော်လိုက်သည့်အခါ သူတို့၏ ပေါင်းစပ်ခွန်အားက သိသိသာသာ တိုးပွားလာပေလိမ့်မည်။
မီးပဒေသာဓါးဝင်္ကပါနှင့်ဆိုပါက ၎င်း၏ စွမ်းအားက များစွာပို၍ ကြောက်စရာကောင်းလာပေလိမ်မည်။
သို့သော်လည်း တိုက်ပွဲမြေက အပြောင်းအလဲများစွာဖြင့် ပြည့်နေပြီး ဆူဇီမိုအတွက် များစွာ စဉ်းစားတွေးတောနေဖို့ အချိန်မရှိပေ။
သက်တံဝံပုလွေပင့်ကူတစ်ရာကျော်က ကျဆုံးသွားပြီး အရေအတွက်က တိုးလာနေဆဲဖြစ်သော်လည်း သွေးသောက်သူက ပင့်ကူပိုးချည်များစွာ၏ ရစ်ပတ်ခြင်းကို ခံထားရပြီဖြစ်၏။
အဲ့ဒါက ပိုးအိမ်တစ်ခုနှင့် တူနေပြီး ဆေဘာသွားကို မြင်တွေ့ရခြင်း မရှိတော့ပေ။
ဆူဇီမိုသည် ရွေးချယ်စရာ မရှိတော့ဘဲ လက်လွှတ်လိုက်ရ၏။
အဲ့ဒါသည် သွေးသောက်သူက လုံလောက်အောင် မထက်ရှသောကြောင့် မဟုတ်ပေ။ အဲ့ဒါထက် ဒီကမ္ဘာပေါ်မှာ အရာရာတိုင်း၌ သူတို့၏ တန်ပြန်ဝိပါက် ရှိသောကြောင့် ဖြစ်လေသည်။
“ဟီးဟီး...”
ရောင်စုံဝတ်လူက မကောင်းဆိုးဝါးပုံစံဖြင့် အူမြူးစွာ ရယ်မောလိုက်၏။
“မင်းမှာ မူလစိတ်ဝိညာဉ်လက်နက်တစ်ခု ရှိတာနဲ့ပဲ.. သက်တံဝံပုလွေပင့်ကူမျိုးနွယ်ကို စိန်ခေါ်နိုင်ပြီလို့ မင်းကိုယ်မင်း ထင်နေတယ်ပေါ့လေ”
“ငါကလန်သားတွေ သေဆုံးခဲ့ရတဲ့အတွက် မင်း ပြန်ပေးဆပ်စေရမယ်”
ဆူဇီမိုသည် သွေးသောက်သူကို လက်လွှတ်လိုက်ရသော်လည်း သူ့မျက်လုံးများထဲမှာ ကြောက်ရွံ့မှုတစ်စုံတစ်ရာ မရှိဘဲ လေထဲမှာရပ်ကာ လှောင်ရယ်လိုက်၏။
“ဒီနေ့ဒီအချိန်ထိတော့ မင်းက ရုပ်ဆိုးဆိုးပိုးမွှားတစ်ကောင်ထက်ကို ပိုမလာသေးဘူး.. မင်းတို့ကောင်တွေ ဘယ်လောက်ပဲ သတ်ခံရ သတ်ခံရ ဘာများ ထူးနေလို့လဲ”
“မင်းက အခုချိန်ထိတောင် ကိုယ့်အခြေနေကိုယ် သဘောမပေါက်သေးဘူးလား”
ရောင်စုံဝတ်လူက သူ့ခေါင်းကိုမော့ပြီး ရယ်မောလိုက်၏။
“မင်းက အခု ငါ့ရဲ့ သက်တံပင့်ကူအိမ်ဝင်္ကပါထဲမှာ ရောက်နေပြီ.. မင်းက ထောင်ချောက်မိထားတဲ့ ငှက်လေးတစ်ကောင်ထက် မပိုတော့ဘူး.. မင်းမှာ အခု ထွက်ပေါက်မရှိတော့ဘူးကွ”
ရွှစ်.. ရွှစ်.. ရွှစ်..
များပြားလှစွာသော သက်တံဝံပုလွေပင့်ကူများက လေထဲမှာ အဆက်မပြတ် လှည့်ပတ်၍ ပိုးချည်များကို ပစ်ထုတ်နေကြဆဲဖြစ်၏။
မသိလိုက်မသိဘာသာနှင့်ပင် သက်တံဝံပုလွေပင့်ကူများက ဆူဇီမို၏ ဘေးပတ်ပတ်လည်ကနေ ကြီးမားသည့် ပင့်ကူအိမ်ကြီးတစ်ခုကို ယက်လုပ်ထားကြပြီးဖြစ်၏။ သိပ်သည်းသော ပိုးချည်များက အတူတကွ ယှက်ဖြာသွားကြပြီး သူတို့ကြားမှာ အကြားအလပ်ဆိုတာ မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် ပင့်ကူအိမ်က ပိုပို၍ ထူထဲလာနေဆဲဖြစ်၏။
တဖြည်းဖြည်းနှင့် အဲ့ဒါက သူ့ကို အပြင်ဘက်နှင့် လုံးဝ ပိုင်းခြားလိုက်လေပြီ။
ထိုအထဲမှာ လေလည်းမရှိ၊ စိတ်ဝိညာဉ်ချီလည်း မရှိတော့ပေ။
သူသည် လုံးဝ ချိတ်ပိတ်ခံလိုက်ရပြီဖြစ်ပြီး အပြင်လောကမှ မည်သည့်စွမ်းအင်ကိုမှ အသုံးချနိုင်ခြင်း မရှိတော့ပေ။
ဆူဇီမိုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သူ့ခွန်အားအရ မည်သည့်လက်နက်မှ မသုံးဘဲနဲ့ကို ပိုးချည်တစ်မျှင်ချင်းကို ဆွဲဖြတ်နိုင်လေသည်။
သို့သော်လည်း ပိုးချည်မျှင်များက သန်းနှင့်ချီ၍ အတူတကွ တင်းကျပ်သိပ်သည်းစွာ ယှက်ဖြာယက်လုပ်ထား၍ သူ့အနေနှင့် ဘယ်လိုမှ ဖောက်မထွက်နိုင်တော့ပေ။
သူပိုရုန်းလေလေ.. အထဲသို့ ပို၍နစ်မြှုပ်လေလေ ဖြစ်မည်ပင်။
“မင်းရဲ့သွေးချီက အရမ်းကို သန်မာပြီးတော့ အသက်ဓါတ်အဆီအနှစ်က အရမ်းကို ကြွယ်ဝတယ်ဆိုတာ ငါအာရုံခံမိပြီးသား”
သက်တံဝံပုလွေပင့်ကူက ဆိုးယုတ်စွာ ပြုံးလိုက်၏။
“မပူပါနဲ့.. ငါ မင်းကို တစ်ခါထဲ မသတ်ပါဘူး.. ငါမင်းကို ထိန်းသိမ်းထားပြီးတော့ မင်းရဲ့ သွေးကို နဲနဲချင်း ဝါးမျိုရမယ်.. ဟီးဟီး.. မင်းရဲ့သွေးက အရမ်း အရသာရှိလိမ့်မယ်ဆိုတာ ငါယုံကြည်ပြီးသား”
ဆူဇီမို၏ အကြည့်က အေးစက်လာပြီး ခက်ထန်စွာ ပြန်ပြောလိုက်၏။
“ငါ့သွေးကို သောက်ဖို့ဟုတ်လား.. အဲ့လိုလုပ်ဖို့ဆို မင်းက အသက်ရှင်နေဦးမှ ရမှာပေါ့”
“ပင့်ကူအိမ်ကို ရစ်မယ်ဟေ့”
ရောင်စုံဝတ်လူက အော်လိုက်၏။
ကျွိ.. ကျွိ..
ကြီးမားသည့် ပင့်ကူအိမ်ကြီးက တဆတ်ဆတ် တုန်ခါသွားပြီး စတင်၍ ကျုံ့ဝင်လာလေသည်။
ပင့်ကူအိမ်က တောက်ပ၍ အရောင်အသွေးစုံလင်သော်လည်း အဲ့ဒါက အဆိပ်ပြင်းပြီး သတ်ဖြတ်လိုစိတ်ဆန္ဒနှင့် ပြည့်နေလေသည်။
ထူထဲသော သွေးနီရောင်သားရဲချီများက ဆူဇီမိုကို လွှမ်းခြုံလာ၏။ သို့သော် သက်တံပင့်ကူအိမ်က သူ့ကို ရစ်ပတ်လာသောအခါ သားရဲချီများက တဗျစ်ဗျစ် မြည်လာလေသည်။
“စိတ်ဝင်စားစရာပဲ”
သူ့မျက်လုံးများက တလက်လက်ထလာပြီး တီးတိုးရေရွတ်လိုက်၏။
သူသည် မဟာအရိုင်းကမ္ဘာမှ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထား၏။ သူသည် အမြုတေဖွဲ့တည်ခြင်းအပိုင်းမှာသာ ရှိသေးသော်လည်း သူ၏ သားရဲချီက ပျက်စီးထိခိုက်မှုအများစုကို ခုခံဖို့ လုံလောက်လေသည်။
အခု ဤသက်တံဝံပုလွေပင့်ကူများ၏ ပင့်ကူအိမ်က သူ၏ သားရဲချီကိုပင် တိုက်စားနိုင်သည်ဆိုတော့...
သားရဲနယ်မြေတစ်ခွင်ကို အုပ်စိုးထားသော မျိုးနွယ်တစ်စုက သွားနောက်လို့တော့ မရဘူးပဲ..
သို့သော်လည်း သက်တံပင့်ကူအိမ်က သွေးသောက်သူ၏ တန်ပြန်ဝိပါက်ဖြစ်သလိုပဲ.. ဤလောက၌ အရာရာတိုင်းမှာ အမြဲတမ်း တန်ပြန်ဝိပါက်တစ်ခုစီတော့ ရှိတတ်ကြလေသည်။