← Chapters

မိုးပျံမြွေနဂါး၏ မီးတောက်များ

Vol. 45 Ch. 670

မိုးပျံမြွေနဂါး၏ မီးတောက်များ

Vol. 45 Ch. 670

နောက်ထပ်သက်တံဝံပုလွေပင့်ကူများက စတင်၍ တက်လာကြပြီး ပိုးချည်မျှင်များကို ထပ်တလဲလဲ ထွေးထုတ်ကာ ရောင်စုံဧရာမပိုးအိမ်ကြီးကို တစ်လွှာပြီးတစ်လွှာ ထပ်မံထွေးပတ်နေကြ၏။

အဲ့ဒီမှာ မတ်တပ်ရပ်နေကြသော သက်တံဝံပုလွေပင့်ကူအချို့လည်း ရှိကြပြီး သူတို့၏ ခြေရှစ်ချောင်းကို လှုပ်ရှား၍ ပင့်ကူအိမ်ကို ရစ်ဆွဲလိုက်ကြ၏။

ထိုဧရာမပိုးအိမ်ကြီးက စတင်၍ ဆက်တိုက်ကျုံ့ဝင်လာနေ၏။

အထဲမှာ ဆူဇီမိုအတွက် နေရာလွတ်က စတင်၍ လျော့နည်းလာလေသည်။

ပိုးအိမ်ထဲတွင် ဆူဇီမိုက အမူအယာမဲ့နေ၏။ သူ့ဒါန်ထျန်၏ နက်မှောင်နေသော တွင်းထဲမှ သူ့ရွှေအမြုတေက ဖြည်းဖြည်းချင်း ပေါ်လာပြီး စတင်၍ လည်ပတ်လာလေသည်။

သူ့ခန္ဓာကိုယ်တွင်းမှ တုန်လှုပ်ဖွယ်ရာ အော်ရာက ဖြန့်ကျက်ထွက်ပေါ်လာ၏။

အဲ့ဒါက တောက်ပပြီး ခြစ်ခြစ်တောက် ပူပြင်းလေသည်။

ဖျောက် ဖျောက်.. ချပ်.. ချပ်..

ထိုခဏမှာပင် ကမ္ဘာမြေနှင့် တောင်တန်းများက လှုပ်ခါလာ၏။

တောင်တန်းများက ပြိုကျပြီး မြေပြင်က အက်ကွဲကာ အသားမကျသော ပပ်ကြားအက်များက ထွက်ပေါ်လာနေလေသည်။

ဘန်း.. ဘုန်း.. ဘုန်း..

မီးတောင်များက ပေါက်ကွဲ၍ နီရဲနေသော ချော်ရည်ပူများက လျှံတက်လာပြီး ကျောက်သားများကိုပင် အရည်ဖျော်ပစ်နိုင်သော ပင်လယ်နီတစ်ခုက ဖြစ်ပေါ်လာလေသည်။

ပိုးအိမ်အတွင်း၌ အပူချိန်က လျှင်မြန်စွာ မြင့်တက်လာလေသည်။

ချော်ရည်များက သက်တံပင့်အူအိမ်ပေါ်သို့ ရိုက်ခတ်လိုက်သောအခါ အစိမ်းရောင်မီးခိုးများက အူထွက်လာလေသည်။

ပင့်ကူအိမ်က လောင်ကျွမ်း၍ အလင်းရောင်မှိန်သွားသော်လည်း ကျိုးပျက်သွားခြင်းတော့ မရှိပေ။

အထဲမှာ ဖြစ်ပျက်နေသည့် အရာများကို အာရုံခံမိသောအခါ ရောင်စုံဝတ်လူ၏ သူငယ်အိမ်များက တင်းကျပ်သွားပြီး သူ့အမူအယာက အနည်းငယ်စတင်၍ ပြောင်းလဲလာ၏။

သက်တံဝံပုလွေပင့်ကူ၏ ပိုးချည်မျှင်က စိတ်ဝိညာဉ်လက်နက်အများစုအတွက် တစ်ကယ့်ကို တန်ပြန်ဝိပါက်တစ်ခုပင်။

သို့သော်လည်း အရာရာတိုင်းမှာ တန်ပြန်ဝိပါက်ရှိတတ်ပြီး ပိုးချည်၏ အကြီးမားဆုံး တန်ပြန်ဝိပါက်က မီးပင် ဖြစ်လေသည်။

ကံကောင်းထောက်မစွာနှင့် သက်တံဝံပုလွေပင့်ကူများက ပင့်ကူမျိုးနွယ်၏ တော်ဝင်မျိုးနွယ်ဖြစ်ပြီး စွမ်းအားကြီးသော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားလေသည်။ သူတို့သည် တစ်မူထူးခြားသည့် ကျင့်ကြံရေးနည်းစနစ်များကို ကျင့်ကြံကြပြီး အဲ့ဒါက သူတို့၏ ပိုးချည်များကို အံ့မခန်းခိုင်ခံ့စေကာ မီးအများစု၏ ဒဏ်ကို ခံနိုင်ရည် ရှိကြလေသည်။

အခြားသော ပင့်ကူများသာဆိုလျှင် ထိုပင့်ကူပိုးအိမ်က လောင်ကျွမ်းပြာကျသွားသည်မှာ ကြာနေလောက်လေပြီ။

ပိုးအိမ်က ကြီးကြီးမားမား ပျက်စီးမှု မရှိဘဲ အနည်းငယ် မည်းတူးသွားရုံလောက်သာ ရှိသည်ကို မြင်သောအခါ ရောင်စုံဝတ်လူသည် သက်ပြင်းချနိုင်သွားပြီး လှောင်ရယ်လိုက်၏။

“မင်းက အဲ့မီးတောက်လောက်နဲ့ သက်တံဝံပုလွေပင့်ကူတွေရဲ့ ပိုးချည်ကို လောင်ကျွမ်းစေချင်သေးတယ်ပေါ့လေ.. အိပ်မက်သာ ဆက်မက်နေလိုက်တော့”

ထိုသို့ သူပြောလိုက်သော်လည်း ရောင်စုံဝတ်လူသည် စောစောက ချွေးစေးများ ထွက်ခဲ့ပြီးပြီဖြစ်၏။

ရုတ်တရက်.. ရောင်စုံဝတ်လူ၏ အမူအယာက ပြောင်းလဲသွားပြန်၏။

ပိုးအိမ်ထဲရှိ အပူချိန်က ၎င်း၏ အကန့်အသတ်သို့ မရောက်သေးဘဲ ကြောက်စရာကောင်းသည့် အမြန်နှုန်းဖြင့် ဆက်တိုက်မြင့်တက်လာနေသည်ကို သူခံစားမိလိုက်သောကြောင့် ဖြစ်လေသည်။

မြေပြင်ရှိ ပပ်ကြားအက်တစ်ခုထဲမှ ကြောက်မက်ဖွယ်ရာ ဦးခေါင်းတစ်လုံးက ခြိမ်းမောင်းဖွယ်ရာ အော်ရာနှင့်အတူ ပြူထွက်လာ၏။ အဲ့ဒါက မြွေဦးခေါင်း၊ အနာကွန်ဒါကိုယ်နှင့် တစ်ကိုယ်လုံး ကြေးခွံနီများ ဖုံးအုပ်ထားသော သတ္တဝါတစ်ကောင် ဖြစ်လေသည်။

၎င်း၏ ကြေးခွံများက တစ်ခုပေါ်တစ်ခု အကြားအလပ်မရှိအောင် ထပ်နေပြီး ခပ်ပါးပါးမီးတောက်တစ်လွှာက ကခုန်နေ၏။

ရွှစ်..

ထိုသက်ရှိကြီးက တစ်ချက်ခုန်၍ မြောက်တက်လာပြီး သွေးနီရောင်တောင်ပံတစ်စုံကို တဖျပ်ဖျပ်ခတ်ကာ ကျောထက်မှ မီးတောက်များနှင့်အတူ ပျံသန်းလိုက်၏။

တောင်ပံတစ်ချက် ခတ်လိုက်တိုင်း အပူလှိုင်းတစ်ခုက ရှေ့သို့ ဖြာထွက်လာလေသည်။

ရောင်စုံဝတ်လူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး တီးတိုးရေရွတ်လိုက်၏။

“မြွေဦးခေါင်း၊ အနာကွန်ဒါကိုယ်.. နဂါးကြေးခွံ၊ ဖီးနစ်တောင်ပံ၊ ဦးချိုမရှိ ခြေလက်မပါ.. ... အဲ့ဒါက....”

သူ့မျိုးဆက်သွေး၏ အနက်ပိုင်းထဲမှာ ခပ်နှိပ်ထားသော မှတ်ဉာဏ်တစ်ခုက ဖြည်းဖြည်းချင်း သူ့စိတ်ထဲသို့ ဝင်ရောက်လာလေသည်။

“မိုးပျံမြွေနဂါး”

ရောင်စုံဝတ်လူသည် တုန်လှုပ်စွာနှင့် အံ့အားတသင့် ရေရွတ်လိုက်၏။

သူ့ဝိညာဉ်အနက်ပိုင်းထဲမှာ ကမ္ဘာဦးခေတ်ကနေ အရင်းခံလာသော ကြောက်ရွံ့မှုတစ်ခု ရှိနေပြီး အဲ့ဒါက သူ့ကို အထိန်းအကွပ်မဲ့စွာ တုန်ယင်လာစေလေသည်။

မိုးပျံမြွေနဂါးသည် ကမ္ဘာဦးခေတ်မှာ မီတောက်နတ်ဘုရားသက်ရှိဖြစ်ခဲ့ပြီး သူ၏ ဂုဏ်သတင်းက ဖီးနစ်များထက် အောက်မကျပေ။

သို့သော် ကြောက်စရာကောင်းသည့် ထိုသက်ရှိက ကမ္ဘာဦးခေတ်ကတည်းက ဆိတ်သုန်းပျောက်ကွယ်သွားခဲ့သည်မှာ ကြာလေပြီ။

၎င်းက သက်တံဝံပုလွေပင့်ကူများအတွက် အကြီးမားဆုံး တန်ပြန်ဝိပါက်ဟုပင် ပြောလို့ ရလေသည်။

မျိုးနွယ်စုပေါင်းတစ်သောင်းကျော် အုပ်စိုးသော ကမ္ဘာဦးခေတ်၏ ရွှေခေတ်တုန်းက သက်တံဝံပုလွေပင့်ကူမျိုးနွယ်များသည် မိုးပျံမြွေနဂါးများ၏ မျက်လုံးများထဲတွင် ဘာဆိုဘာမှ ဟုတ်မနေပေ။

ဆူဇီမိုက ဤကမ္ဘာဦးနတ်ဘုရားသက်ရှိကြီးကို ဆင့်ခေါ်နိုင်လိမ့်မည်ဟု ရောင်စုံဝတ်လူက လုံးဝကို ထင်မှတ်မထားမိပေ။

ပိုးအိမ်ထဲရှိ အပူချိန်က ဆက်တိုက်မြင့်တက်လာနေ၏။

ဆူဇီမိုသည် ခြစ်ခြစ်ပူပြင်းသော မီးတောက်များထဲမှာ ရပ်နေပြီး သူ့ဆံပင်များက ကခုန်နေကာ သူ့အော်ရာက ဆက်တိုက်မြင့်တက်လာနေလေသည်။

သူ့နောက်မှ ကမ္ဘာဦးမိုးပျံမြွေနဂါးကြီး၏ ပုံရိပ်က ဆက်တိုက် မြင့်တက်လာနေဆဲပင်။

အဲ့ဒါက အလွန်တရာကိုမှ တုန်လှုပ်စရာကောင်းသည့် မြင်ကွင်း ဖြစ်လေသည်။

များစွာသော သက်တံဝံပုလွေပင့်ကူများသည် နေရာမှာတင် အမြစ်တွယ် ရပ်နေမိကြပြီး ချက်ချင်း ထွက်မပြေးမိကြပေ။

သူက ချုပ်နှောင်ခံထားရသည်ကို သိသွားသောအခါ မိုးပျံမြွေနဂါးက သူ့ခေါင်းကို တွန့်ခါ၍ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။ သူ၏ အေးစက်စက် မျက်လုံးများထဲမှာ အဆုံးမဲ့ ကြမ်းကြုတ်မှုနှင့် ဒေါသူပုန်တို့က ပါဝင်နေပြီး သူ့ခေါင်းကိုမော့၊ လျှာကိုလှုပ်ကာ တွန်မြည်လိုက်၏။

အဲ့ဒါက မြင့်မြတ်သော မျိုးဆက်သွေးနှင့် မီးတောက်များကို ပိုင်ဆိုင်သော နတ်ဘုရားသက်ရှိ ဖြစ်လေသည်။

ကမ္ဘာဦးခေတ်တုန်းက သူတို့အတွက်တော့ သက်တံဝံပုလွေပင့်ကူများက ပုရွက်ဆိတ်များနှင့် မခြားနားပေ။

ယခု နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံး၍ ၎င်းက ပြန်လည် မွေးဖွားလာသောအခါ ထိုကဲ့သို့သော ပိုးမွှားများ၏ စော်ကားမော်ကား ပြုလုပ်ခြင်းကို လက်သင့်ခံနိုင်စရာ အကြောင်းမရှိပေ။

ဖလပ်.. ဖလပ်.. ဖလပ်..

ကမ္ဘာဦးမိုးပျံမြွေနဂါးက သူ၏ မီတောက်တောင်ပံများကို ခတ်၍ သူ့မျက်လုံးများထဲမှ မီးများက လျှံထွက်လာပြီး သူ၏ ဧရာမပါးစပ်ကြီးကို ဖြဲကာ ခြစ်ခြစ်တောက်ပူပြင်းသော ချော်ရည်နီစီးကြောင်းများကို ထွေးထုတ်လိုက်လေသည်။

ကမ္ဘာဦးမိုးပျံမြွေနဂါး၏ ပါးစပ်ထဲမှ ထွက်လာသော ချော်ရည်များက မြေအောက်မှာ စီးဆင်းနေသော ချော်ရည်များထက်တောင်မှ များစွာပို၍ ကြောက်ဖို့ ကောင်းနေလေသည်။

ရွှစ်..

ဧရာမပိုးအိမ်ကြီးက ချက်ချင်းပင် မီးတောက်များဖြင့် လောင်ကျွမ်းသွား၏။

“အားးး!”

ဆူဇီမိုသည် လေထဲသို့ စုတ်ဖြဲ၍ ထွက်လာပြီး သူ့ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်၏။

ပိုးအိမ်ပေါ်သို့ တက်လာနေကြသော သက်တံဝံပုလွေပင့်ကူများမှာ လုံးဝ မလွတ်မြောက်နိုင်တော့ဘဲ မီးတောက်ပင်လယ်ထဲ နစ်မြုပ်ကာ ဆိုးဆိုးရွားရွား အော်ဟစ်လိုက်ကြ၏။

ထိုမီးတောက်များက သူတို့အတွက် တစ်ကယ့်ကို ဖျက်ဆီးအား ပြင်းထန်လေသည်။

နောက်ခဏ၌ ပိုးအိမ်က ပြာကျသွား၏။

မီးတောက်များက ကွင်းပြင်ဆီသို့ ဆက်လက်ဖြန့်ကျက်သွား၏။ သက်တံဝံပုလွေပင့်ကူ ရာဂဏန်းအချို့သည် မီးတောက်ပင်လယ်ထဲမှာ အလောင်းတောင်မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားကြလေသည်။

မီးတောက်ပင်လယ်ကနေ ထွက်ပြေးလွတ်မြောက်လာသော သက်တံဝံပုလွေပင့်ကူများပင်လျှင် မီးပွားတစ်ခုက သူတို့ကိုယ်ပေါ်သို့ စင်ကျလာသည်နှင့် အဲ့ဒါက သူတို့ကို လုံးဝ လောင်ကျွမ်းပစ်လိုက်လေသည်။

အဲ့ဒါက မိုးပျံမြွေနဂါးမီးတောက်များ၏ ကြောက်စရာကောင်းမှုပင်။

ချော်ရည်များက တလိပ်လိပ်တက်လာပြီး မြေအောက် ကီလိုမီတာထောင်ပေါင်းများစွာထိ ဖြန့်ကျက်သွား၏။

တောကောင်များသည် နီရဲနေသော ချော်ရည်ပူများ လောင်ကျွမ်းခံရမည်ကို ကြောက်လန့်၍ ဆက်တိုက်ဟိန်းဟောက်ကာ ထွက်ပြေးကြသောကြောင့် တောကောင်တစ်အုပ်လုံးက ဝရုန်းသုန်းကား ဖြစ်ကုန်လေသည်။

မိုးပျံမြွေနဂါးက အသိဉာဏ်ရှိသည့်အတွက် သူက မီးတောက်များနှင့်အတူ ပျံသန်း၍ ကျန်ရှိနေသော သက်တံဝံပုလွေပင့်ကူများနောက်သို့ အမဲလိုက်သတ်ဖြတ်လေသည်။

ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး ပြေးလွှားနေသော ရောင်စုံဝတ်လူကို စိုက်ကြည့်လိုက်၏။ ချက်ချင်းပင် သူက ထိုသူနောက်သို့ ပြေးလိုက်လေသည်။

ထိုသက်တံဝံပုလွေပင့်ကူက ကြိုးကြာလေးကို ထိခိုက်ခံစားရအောင် ပြုလုပ်ခဲ့သော လက်သည်တရားခံပင် ဖြစ်လေသည်။

ရောင်စုံဝတ်လူက မြေပြင်ပေါ်မှာဝပ်၍ သူ၏ ခြေရှစ်ချောင်းဖြင့် အလွန်တရာလျှင်မြန်စွာ သုတ်ခြေတင်ပြီး ဖုန်တထောင်းထောင်းထအောင် ပြေးလွှားနေလေသည်။

“ဟမ့်.. မင်းက ထွက်ပြေးဖို့ ကြိုးစားချင်သေးတယ်ပေါ့လေ”

ဆူဇီမိုက သူ့အကြည့်ကို မှေးကျဉ်းလိုက်၏။

ဝေါ...

သူ့သွေးချီက ပေါက်ကွဲသွားပြီး စိတ်ဝိညာဉ်စွမ်းအင်က ရုန်းကန်ထွက်လာ၏။

ဝှစ်..

တစ်ချိန်တည်းမှာပင် ဆူဇီမို၏ နောက်တွင် တောင်ပံတစ်စုံက ပေါ်လာပြီး သူ့အမြန်နှုန်းကို အကန့်အသတ်ထိ မြင့်တက်လာစေ၏။ သူသည် နေရာကနေ ပျောက်ကွယ်သွားပြီး မြားတစ်စင်းကဲ့သို့ လှစ်ကနဲ ပြေးထွက်သွားလေသည်။

ရောင်စုံဝတ်လူသည် လုံးဝ မရပ်တန့်ရဲဘဲ သူ၏ ခြေရှစ်ချောင်းကို အသည်းအသန် ယက်ကာ သုတ်ခြေတင်ပြေးနေ၏။

ကံကောင်းထောက်မစွာနှင့် သက်တံဝံပုလွေပင့်ကူများက ပေါ့ပါးဖျတ်လတ်ပြီး လျှင်မြန်သော ရွေ့လျားမှုနည်းစနစ်များကို ပိုင်ဆိုင်ထားလေသည်။ သူတို့သာ တစ်ကယ်တမ်း ထွက်ပြေးချင်လျှင် သားရဲတောကောင်အများစုက သူတို့ကို လိုက်မီလိမ့်မည် မဟုတ်ပေ။

ထိုစဉ်မှာပင် ရောင်စုံဝတ်လူ၏ နားထဲမှာ တဝီဝီအသံတစ်ခုက မြည်လာ၏။

တစ်စုံတစ်ခုက သူ့နောက်ကနေ လျှင်မြန်စွာ ချဉ်းကပ်လာသည့်အတိုင်းပင်။

ရောင်စုံဝတ်လူသည် လှည့်ကြည့်လိုက်၏။

ထိုအကြည့်တစ်ချက်က သူ့ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေလေသည်။

အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူ့နောက်မှာ သိပ်မဝေးတော့ဘဲ.. အေးစက်ခက်ထန်စွာဖြင့် သူ့ကို စိုက်ကြည့်နေ၏။

ဒါ့အပြင် သူတို့နှစ်ယောက်ကြား အကွာအဝေးက လျှင်မြန်စွာ လျော့ကျလာနေ၏။

ဤတိုင်းသာ ဆက်သွားလျှင် အသက်ဆယ်ရှိုက်စာအတွင်း သူ့ကို မိပေတော့မည်။

ရုတ်တရက် ရောင်စုံဝတ်လူက ရပ်တန့်လိုက်ပြီး သူ့ခန္ဓာကိုယ်က ဆက်တိုက်ကျုံ့ဝင်သွားကာ လက်တစ်ဝါးအရွယ်လောက် ပင့်ကူတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ သူ၏ ခြေရှစ်ချောင်းဖြင့် တူးဆွပြီး မြေကြီးထဲသို့ တိုးဝင်ကာ လျှင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။

All Chapters