← Chapters

မင်းခြေထောက်တွေကို ငါချိုးပစ်မယ်

Vol. 45 Ch. 671

မင်းခြေထောက်တွေကို ငါချိုးပစ်မယ်

Vol. 45 Ch. 671

“ဟမ့်”

ဆူဇီမို၏ အကြည့်က အေးစက်သွား၏။

“မင်းက တွင်းတူးပြီး ပြေးချင်တယ်ပေါ့လေ”

သက်တံဝံပုလွေပင့်ကူများသည် ကမ္ဘာဦးခေတ်ကနေ အခုအချိန်ထိ ရှင်သန်နေကြဆဲ ဖြစ်သောကြောင့် သူတို့၏ ရှင်သန်နိုင်သော နည်းလမ်းများက အခြားသော မျိုးနွယ်များထက် သာလွန်လေသည်။ မဟုတ်ရင် သူတို့က မျိုးသုဉ်းပျောက်ကွယ်သွားသည်မှာ ကြာနေလောက်လေပြီ။

အဲ့ဒါက မြေလျှိုးနိုင်သည်ဟုပင် ပြောလို့ရသော သားရဲနည်းစနစ်တစ်ခု ဖြစ်လေသည်။

သူတို့ကိုယ်သူတို့ ကျုံ့ဝင်စေလိုက်ခြင်းအားဖြင့် သက်တံဝံပုလွေပင့်ကူများသည် ရွှံထဲသို့ တိုးဝင်နိုင်ပြီး မြေအောင်ပပ်ကြားကြောင်းသေးသေးလေးများကို ဖြတ်သန်း၍ အလွန်တရာ လျှင်မြန်သော အမြန်နှုန်းဖြင့် ရွေ့လျားနိုင်လေသည်။

အချိန်တစ်ခဏလေးအတွင်း သူတို့က ပေတစ်ရာကျော်လောက်ကို သာသာလေး ထွက်ပြေးလွတ်မြောက်နိုင်၏။

ကိုင်တွယ်ရခက်သည့်တစ်ချက်မှာ သက်တံဝံပုလွေပင့်ကူများမှာ သူတို့၏ ခြေထောက်များဖြင့် ရွှံ့အကြားအလပ်လေးများထဲမှာ ညက်ညောစွာ ရွေ့လျားသွားသည့်အတွက် ဖြစ်ပေါ်လာသော တုန်ခါလှိုင်းက အရမ်းကို သေးငယ်ပြီး အသံမထွက်လုနီးပါးပင်။ မြေပြင်ပေါ်မှ သက်ရှိများအနေနှင့် သူတို့ကို ထောက်လှမ်းနိုင်ဖို့က အရမ်းအရမ်းကိုမှ ခက်ခဲလေသည်။

ဒါအပြင် ရွှံတောထဲမှာ အခြားသော ပိုးမွှားများစွာကလည်း ရှိနေသေးလေသည်။

ထိုပိုးမွှားလေးများ တွားသွားခြင်းမှ ထွက်ပေါ်လာသော အသံများက သက်တံဝံပုလွေပင့်ကူများး၏ ခြေသံကို လုံးဝ ဖုံကွယ်ပေးထားနိုင်လေသည်။

ယခုအချိန်တွင် သက်တံဝံပုလွေပင့်ကူကို ထောက်လှမ်းနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ နိုးထဝိညာဉ်တစ်ယောက် ရောက်လာပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်မှသာ ရပေမည်။

ဆူဇီမိုသည် နေရာမှာတင် မလှုပ်မယှက် ရပ်နေပြီး သူ့မျက်လုံးများကို ရုတ်တရက် မှိတ်ချလိုက်၏။

သူသည် ဈာန်ဝင်စားသော အခြေအနေသို့ ဝင်ရောက်သွားပြီး ပိုးမွှားများ၊ ပုရွက်ဆိတ်များနှင့် လေတိုက်သံများကို တစ်ခုချင်း စစ်ထုတ်လိုက်၏။

လောကဆိုင်ရာ အကြားအာရုံ!

ဆူဇီမို၏ အာရုံငါးပါးက ယခုအခါ အလွန်တရာ ထက်ရှနေပြီဖြစ်၏။

သူ့မှာ အမြုတေစိတ်ဝိညာဉ် မရှိသော်လည်း သူ့အာရုံငါးပါးကို ဖွင့်ထုတ်လိုက်ခြင်းဖြင့် အရာရာတိုင်းကို အာရုံခံနိုင်ပြီး သူ့စိတ်အာရုံထဲမှာ ရှင်းလင်းသည့်ပုံရိပ်တစ်ခုက ပေါ်လာလေသည်။

မြေအောက် သုံးပေနှင့် ခုနှစ်ပေကြားအနက်တွင် လက်မအရွယ်လောက်ရှိသည့် ပင့်ကူတစ်ကောင်က အသည်းအသန် ပြေးလွှားနေပြီး ၎င်းက ပေ ၂၈၀ အဝေးသို့ ရောက်သွားလေပြီ။

“ဟမ့်”

ဆူဇီမိုက သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး လျှပ်စီးလက်သလို ပြေးချသွား၏။

ရွှစ်..

ဆူဇီမိုသည် သူရှိနေရာကနေ ပျောက်ကွယ်သွားလေပြီ။

နောက်ခဏ၌ သူသည် သက်တံဝံပုလွေပင့်ကူ၏ အထက်သို့ ရောက်ရှိသွား၏။

ဆူဇီမိုသည် သူ၏ လက်ချောင်းများကို တစ်မူထူးခြားသည့် လှုပ်ရှားမှုများဖြင့် ယှက်ဖြာ၍ လက်ဟန်ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်၏။ နောက်ဆုံးမှာ ဧရာမလက်ဝါးကြီးတစ်ဖက်က ပေါ်လာပြီး သက်တံဝံပုလွေပင့်ကူ ထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက်ကို အုပ်မိုးထားလိုက်၏။

“မာ!”

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ့ပါးစပ်ကို ဖွင့်ပြီး မန္တန်တစ်သံကို ရွတ်ဆိုလိုက်၏။

တာမင်းမန္တန်နှင့်အတူ သားရဲနှိမ်နင်းချိတ်စည်းက ထွက်ပေါ်လာ၏။

အစက ရွှံ့ကြားထဲမှာ ပြေးလွှားနေသော သက်တံဝံပုလွေပင့်ကူသည် တဆတ်ဆတ် တုန်ယင်သွား၏။

ဘုန်း..

ကြီးမားသည့် လက်ဝါးကြီးက ကောင်းကင်ထက်ကနေ ကမ္ဘာဖျက်စွမ်းအားနှင့်အတူ ဆင်းသက်လာပြီး သူ့လမ်းတစ်လျှောက်မှာရှိသည့် အရာရာတိုင်းကို ဖိနှိမ်ဖို့ ခြိမ်းခြောက်နေ၏။

ကြီးမားသည့်ထိုလက်ဝါးကြီးက အခုထိ မြေကြီးနှင့် မထိသေးပေ။

သို့သော်လည်း ရွှံမြေပြင်ပေါ်တွင် ဧရာမလက်ဝါးရာကြီးက နက်ရှိုင်းထင်ရှားစွာ ပေါ်လာပြီဖြစ်၏။

သက်တံဝံပုလွေပင့်ကူသည် ချက်ချင်းပင် ပေါ်ထွက်လာပြီး ဆက်လက် မပုန်းကွယ်နိုင်တော့ပေ။

“လူသား.. မင်းက ငါ့ကို ဘယ်လိုတောင် သတ်ဖို့ ကြိုးစားရဲတာလဲ”

သက်တံဝံပုလွေပင့်ကူက အော်ဟစ်လိုက်၏။

“ငါတို့သက်တံဝံပုလွေပင့်ကူမျိုးနွယ်မှာ သားရဲဧကရာဇ်တစ်ပါး ရှိတယ်ကွ..မင်းက သေချင်နေတာလား”

“သားရဲဧကရာဇ်လား”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“သားရဲဧကရာဇ်က သူ့အဆင့်နဲ့ မင်းလို ကမျောက်ကချောက် စိတ်ဝိညာဉ်သားရဲတစ်ကောင်ကို အရေးလုပ်နေမယ် ထင်လို့လား.. နောက်ပြီး မင်းအခု ရောက်နေတာက ရှေးဟောင်းတိုက်ပွဲမြေနော်”

“အခု ဒီနေရာမှာ ငါက ဧကရာဇ်ပဲ”

ထိုသို့ သူပြောလိုက်ချိန်တွင် ကမ္ဘာမြေပြင်က လှုပ်ခါသွား၏။

ထိုကဲ့သို့သော စကားမျိုးကို ဘယ်လိုလူက ပြောရဲမှာလဲ..

ဆူဇီမိုထံမှ မြောက်များလှစွာသော အော်ရာက တလိပ်လိပ်တက်လာပြီး သားရဲနှိမ်နင်းချိတ်စည်း၏ စွမ်းအားက သိပ်သည်းစုဖွဲ့၍ ကျဆင်းလာလေသည်။

“စီး..”

သက်တံဝံပုလွေပင့်ကူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိသွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးချီက လျှင်မြန်စွာ ရုန်းကြွလာပြီး တစ်ခဏအတွင်း ပေတစ်ရာအရွယ်သို့ ကြီးထွားလာလေသည်။

ဝှစ်.. ဝှစ်..

သူ့ဝမ်းဗိုက်မှ သက်တံပိုးချည်မျှင်များကို ကောင်းကင်ထက်ရှိ လက်ဝါးကြီးဆီသို့ ပစ်ထုတ်လိုက်၏။

ပိုးချည်မှာပါသော အဆိပ်က အရမ်းကို ပြင်းထန်ပြီး သားရဲနှိမ်နင်းချိတ်စည်းကနေ ဖွဲ့တည်ထားသော လက်ဝါးကြီးကို တဗျစ်ဗျစ်မြည်၍ တိုက်စားသွား၏။ လက်ဝါးပေါ်ရှိ စိတ်ဝိညာဉ်အလင်းက တဖျပ်ဖျပ် ဖြစ်လာပြီး ၎င်း၏ စွမ်းအားက သိသိသာသသာ လျော့ကျသွားလေသည်။

သူ့ခြေရှစ်ချောင်းလုံးဆီသို့ ခွန်အားများကို ပို့လွှတ်၍ သက်တံဝံပုလွေပင့်ကူသည် မြေကြီးကို ကန်ကျောက် ခုန်တက်ပြီး လေထဲရှိ သားရဲနှိမ်နင်းချိတ်စည်းကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ဘုန်း..

ကျယ်လောင်သော မြည်သံကြီးက ထွက်ပေါ်လာ၏။

သားရဲနှိမ်နင်းချိတ်စည်းက ပျက်ပြယ်သွားလေပြီ။

သက်တံဝံပုလွေပင့်ကူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်ပြုတ်ကျလာပြီး နက်ရှိုင်းသည့် တွင်းချိုင့်ကြီးတစ်ခုကို ဖြစ်ပေါ်သွားစေ၏။ သူသည် တစ်ကိုယ်လုံးမှာ ဒဏ်ရာများ ပြည့်နှက်လာပြီး ခြေထောက်တစ်ချောင်းက သွင်သွင်ကျိုးသွားကာ စိမ်းဖန့်ဖန့်သွေးများက စီးထွက်လာလေသည်။

“မဆိုးဘူးဟ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ငါ့ရဲ့ သားရဲနှိမ်နင်းချိတ်စည်းကိုတောင် ခံယူနိုင်တယ်ဆိုတော့ မင်းက တော်တော်တော့ စွမ်းသားပဲ”

သက်တံဝံပုလွေပင့်ကူသည် တွင်းထဲကနေ လူးလဲကျုံးထပြီး သွေးနီရောင်မျက်လုံးများ၊ ကြောက်မက်ဖွယ်ရာ အမူအယာနှင့်အတူ ဆူဇီမိုထံသို့ ပြေးဝင်ချသွား၏။

သူ၏ ကျန်ရှိနေသော ခြေထောက် ခုနှစ်ချောင်းက ထက်ရှသော လှံတံများနှင့် တူပြီး အဆိပ်များဖြင့် ပြည့်နှက်နေ၏။

ထိုပင့်ကူခြေထောက်များ၏ မျက်နှာပြင်ပေါ်တွင် ပြောင်းပြန်စူးချွန်လေးများတောင် ရှိနေသေး၏။

ထိုခြေထောက်များဖြင့် အသားထဲသို့ ပစ်ထိုးပြီး ပြန်ဆွဲထုတ်လိုက်သည်နှင့် အသားစများပါ ညှပ်ပါသွားပေလိမ့်မည်။

ရွှစ်.. ရွှစ်.. ရွှစ်..

သက်တံဝံပုလွေပင့်ကူက အထက်စီးကနေ ငုံ့ကြည့်ပြီး ဆူဇီမို၏ ဦးခေါင်းကို သူ၏ ခြေထောက်များဖြင့် ပစ်ထိုးချလိုက်၏။

ဆူဇီမို၏ အကြည့်က အေးစက်နေပြီး သူ့လက်ထဲရှိ သွေးသောက်သူက တဇီဇီမြည်နေ၏။

ကလန်း ကလန်း..

၎င်း၏ သွေးအလင်းတန်းက ဖြန့်ကျက်ထွက်သွား၏။

ဆူဇီမိုက သူ့၏ ပေါ့ပါးဖျတ်လတ်သည့် ရွေ့လျားမှု နည်းစနစ်နှင့်အတူ ပင့်ကူ၏ ခြေထောက်များကြား ကွေ့ပတ်ရှောင်ရှားသွားပြီး သူ့သွေးချီကို လှည့်ပတ်လိုက်၏။ သူက သွေးသောက်သူကို ကိုင်စွဲပြီး သက်တံဝံပုလွေပင့်ကူခြေထောက်များ၏ အဆစ်များကို ရက်ရက်စက်စက် ခုတ်ပိုင်းချသွား၏။

“ဖွီး”

စိမ်းဖန့်ဖန်၊ ပျစ်ချွဲချွဲ သွေးများက ပန်းထွက်လာ၏။

ဆူဇီမိုလက်ချက်ဖြင့် ပင့်ကူခြေထောက်သုံးချောင်းက ပြတ်ကျသွား၏။

ပင့်ကူအိမ်အပြင် သက်တံဝံပုလွေပင့်ကူများ၏ နောက်ထပ်လက်နက်မှာ သူတို့၏ ခြေထောက်များဖြစ်ပြီး အဲ့ဒါက ပကတိစိတ်ဝိညာဉ်လက်နက်များနှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိလေသည်။

သို့သော်လည်း ဆူဇီမို၏ တိုက်ခိုက်မှုက သူတို့၏ အားအနည်းဆုံးနေရာဖြစ်သော ခြေထောက်များ၏ အဆစ်များကို ပစ်မှတ်ထားလေသည်။

သွေးသောက်သူ၏ ထက်ရှမှုနှင့်ပါ ထပ်ပေါင်းလိုက်သောအခါ ခုတ်ချက်တစ်ချက်က သက်တံဝံပုလွေပင့်ကူ၏ ခြေထောက်သုံးချောင်းကို ပြတ်ကျသွားစေ၏။

“အ.အ.. အားး”

သက်တံဝံပုလွေပင့်ကူက သွေးပျက်ဖွယ်ရာ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

“မင်းက သူမရဲ့ သွေးကို သောက်ထားမှတော့.. ငါကလဲ မင်းခြေရှစ်ချောင်းစလုံးကို ပြန်ချိုးပစ်မယ်”

ဆူဇီမို၏ အေးစက်စက်မျက်လုံးထဲတွင် သနားညှာတာမှု လုံးဝ မရှိပေ။

သူသည် ဆန်းကြယ်တောင်ထွတ်၏ အင်မော်တယ်ကြိုးကြာအိုကြီးကို အကြွေးတင်ထားပြီး ကြိုးကြာလေးက သူ၏ လိုဏ်ဂူခန်းဝါထဲမှာ အချိန်အတော်ကြာကြာ အတူနေခဲ့ဖူး၏။

ဆူဇီမိုသည် မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့ကို သူ၏ ဆွေမျိုးများအဖြစ် သတ်မှတ်ထားခဲ့သည်မှာ ကြာခဲ့လေပြီ။

စောစောက သူသာ ပြန်မလာဖြစ်ခဲ့လျှင်.. ကြိုးကြာလေးသည် သက်တံဝံပုလွေပင့်ကူနောက် ပါသွားမည်ဖြစ်ပြီး မမျှော်မှန်းနိုင်လောက်အောင် နှိပ်စက်ညှင်းပန်းခံရပြီး သေရဖို့ ရှိလေသည်။

နောက်ပိုင်းမှ အဲ့ဒါကို သိရလျှင် သူသည် နောင်တကြီးစွာ ရမိပေလိမ့်မည်။

ထိုအတွေးက ဆူဇီမို၏ ရင်ကို တလျှပ်လျှပ် ဖြစ်သွားစေ၏။

ရွှီး.. ရွှီး..

သက်တံဝံပုလွေပင့်ကူက သူ၏ ကျန်ရှိနေသော ခြေလေးချောင်းဖြင့် သူ့ခန္ဓာကိုယ်ကို ကြိုးစား၍ ထောက်ကန်ထားလိုက်၏။

“ကျိုးစမ်းကွာ”

ရုတ်တရက် သူက သံကုန်ခြစ် အော်ဟစ်လိုက်ပြီး သူ့ခြေထောက်နှစ်ချောင်းက ကျိုးထွက်သွားကာ လှံရှည်နှစ်ချောင်းအဖြစ် ဆူဇီမိုထံသို့ အလွန်တရာ လျှင်မြန်စွာ ပျံသန်းသွားလေသည်။

“ခလေးကလားပါကွာ”

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သွေးသောက်သူကို လက်ပြန်လွှဲရမ်းကာ ညင်သာသော ဝဲဂယက်တစ်ခုကို ပျံသန်းလာသော ပင့်ကူခြေထောက်နှစ်ချောင်းဆီသို့ ပို့လွှတ်လိုက်၏။

သက်တံဝံပုလွေပင့်ကူသည် လုံးဝကို မျှော်လင့်ချက်ကင်းမဲ့သွားလေပြီ။

သားရဲနယ်မြေခွင်မှာ လွှမ်းမိုးခြယ်လှယ်ခဲ့သော သူ၏ သတ်ဖြတ်ကွက်များက ဤလူသား၏ ရှေ့မှောက်မှာတော့ ဘာမှကို သုံးစားမရတော့ပေ။

လူသားမျိုးနွယ်က ဒီလောက်ကြောက်စရာကောင်းတဲ့ ပြန်ဝင်စားမွန်းစတားကို ဘယ်လိုများ မွေးထုတ်ပေးလိုက်ပါလိမ့်။

သူ့အတွေး မဆုံးသေးခင်မှာပင် သက်တံဝံပုလွေပင့်ကူ၏ မျက်လုံးက ဝါးကနဲ ဖြစ်သွားပြီး အစိမ်းရောင်ဝတ်ရုံစကို ရိပ်ကနဲ မြင်လိုက်ရ၏။

သူ မတုံ့ပြန်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ ကျန်ရှိနေသော ခြေထောက်နှစ်ဖက်က ပြတ်ကျသွားလေသည်။

ဘုန်း..

မည်သည့်ထောက်ပံ့မှုမှ မရှိတော့သည့်အတွက် သက်တံဝံပုလွေပင့်ကူသည် မြေပြင်ပေါ်သို့ ပစ်လဲကျသွားလေသည်။

သွေးအမြောက်အများ ဆုံးရှုံးထားသောကြောင့် သူ့ခန္ဓာကိုယ်က ဆက်တိုက်ကျုံ့ဝင်လာပြီး သိပ်မကြာမီ လူတစ်ယောက်အရွယ်သို့ ရောက်ရှိသွားလေသည်။

ရွှံ့တောထဲမှာ ပစ်လဲကျနေသော သက်တံဝံပုလွေပင့်ကူက ဆူဇီမိုကို အငြိုးအတေးကြီးစွာဖြင့် စူးစိုက်ကြည့်နေ၏။

ဆူဇီမိုက သူ့သိုလှောင်အိတ်ထဲကနေ ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်ပြီး သက်တံဝံပုလွေပင့်ကူ၏ ကိုယ်ပေါ်သို့ ပစ်တင်လိုက်၏။ ချက်ချင်းပင် ထိုကြိုးက ပင့်ကူကို သူ့ဘာသာသူ ရစ်ပတ်သွားလေသည်။

ရှေးဟောင်းမြို့တော်က တိုက်ပွဲပြီးနောက် သူသည် သိုလှောင်အိတ်ပေါင်း သောင်းချီကို ရရှိခဲ့၏။

ယခုအခါ သူ့သိုလှောင်အိတ်ထဲမှာ စိတ်ဝိညာဉ်လက်နက်ပေါင်း မြောက်များစွာ ရှိနေပြီး ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ကြိုက်သလို ဆွဲထုတ်နိုင်လေသည်။

“မင်းအသက်ကိုတော့ ကြိုးကြာလေးအတွက် ငါချန်ထားပေးဦးမယ်”

ဆူဇီမိုသည် သူထွက်လာခဲ့ရာ နေရာသို့ သက်တံဝံပုလွေပင့်ကူကို တရွတ်တိုက်ဆွဲခေါ်သွားလေသည်။

All Chapters