ပီဖန်းမျိုးဆက်သွေး
Vol. 45 Ch. 672
တိုက်ပွဲမြေက တိတ်ဆိတ်သွားပြီဖြစ်ပြီး မီးကျွမ်းထားသော ကုန်းမြေမှလွဲ၍ ဘာမှ မကျန်ခဲ့ပေ။
မိုးပျံမြွေနဂါးက လေထဲမှာ ပျံသန်းကာ ချော်ရည်ပူများကို ရူးသွပ်စွာ မှုတ်ထုတ်ပြီး ကီလိုမီတာငါးရာပတ်လည်အတွင်း အကုန်လုံးကို ပြာချပစ်ခဲ့၏။ သက်တံဝံပုလွေပင့်ကူများသာ ထိုနတ်ဘုရားသက်ရှိ၏ ဖိနှိမ်ခြင်းကို ခံရသည်မဟုတ်ဘဲ အခြားသော သားရဲတောကောင်များလည်း ပါဝင်လေသည်။
သက်တံဝံပုလွေပင့်ကူအများစုက လောင်ကျွမ်း၍ သေဆုံးကုန်ကြပြီဖြစ်၏။
ကျန်ရှိနေသော သားရဲတောကောင်များမှာလည်း သက်တံဝံပုလွေပင့်ကူများ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီး လွတ်ရာကျွတ်ရာက ထွက်ပြေးကုန်ကြပြီဖြစ်၏။
တောကောင်အုပ်ကြီး ဆုတ်ခွာသွားပြီးနောက် မြေပြင်ပေါ်မှာ အသေကောင်ပုံများနှင့် အရိုးများမှလွဲ၍ ဘာမှမကျန်ခဲ့ပေ။ သူတို့ထဲမှ အချို့က စုတ်ပြဲ၍ မီးခိုးများ အူထွက်နေဆဲဖြစ်၏။
မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့တို့က ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး အတော်လေး မောဟိုက်နေကြ၏။
“ကျေးဇူးတင်ပါတယ် မျောက်နဲ့ စိတ်ဝိညာဉ်ကျား”
ကြိုးကြာလေးက လူသားစကား ပြော၍ မျောက်နှင့် စိတ်ဝိညာဉ်ကျား၏ ပါးပြင်များကို သူမ၏ နှုတ်သီးရှည်ဖြင့် ပွတ်သပ်လိုက်၏။
“ပြောစရာ မလိုပါဘူး”
မျောက်က သွားဖြဲ၍ လက်ကာပြပြီး ဘေးဘက်ရှိ စိတ်ဝိညာဉ်ကျားကို လက်ညိုးထိုးပြလိုက်၏။
“တစ်ခုခု လွဲနေတယ်ဆိုတာ ဒီဖောက်ပြန်နေတဲ့ကျားက အရင်ဆုံး သတိထားမိပြီးတော့ သူက တစ်လမ်းလုံး တတွတ်တွတ် ပြောနေတာ.. အဲ့တော့မှ ဘာလွဲနေတာလဲဆိုတာ ငါတို့လဲ သတိထားမိလာကြတာ”
စိတ်ဝိညာဉ်ကျားက ကြိုးကြာလေး၏ ရင်းနှီးကျွမ်းဝင်သော အပြုအမူကို ခံစားမိသောအခါ ပျော်ရွှင်မှုဖြင့် သူ့နှလုံးက တဒုန်းဒုန်း ခုန်လာ၏။
သို့သော်လည်း မျောက်က သူ့ကို ဖောက်ပြန်နေတဲ့ကျားဟု ဖော်ပြလိုက်ချိန်တွင် သူ့အမူအယာက အိုးတိုးအမ်းတမ်း ဖြစ်သွားပြီး ချောင်းနှစ်ချက်ဟန့်ကာ ကြိုးကြာလေး၏ အမူအယာကို ခိုးကြည့်လိုက်၏။
ကြိုးကြာလေးက အနည်းငယ် ရှုပ်ထွေးသွားလေသည်။
မျောက်က ကျိတ်ရယ်နေ၏။
ရွှေခြင်္သေ့နှင့် မြေခွေးလေးကလည်း ထိုအကြောင်းကို သိထားသည့်အတွက် ပြုံးစိစိ ဖြစ်နေကြ၏။
သူ့ရင်ဘတ်ကိုသူ ပုတ်ပြီး စိတ်ဝိညာဉ်ကျားက ပြောလိုက်၏။
“ငါ အရင်က နင့်ရဲ့ လူသားသွင်ပြင်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေမယ့်လို့လဲ.. နင့်ရဲ့ ကြီးမားဝိုင်းစက်ပြီး လှပတဲ့ မျက်လုံးတွေကို မြင်လိုက်ရပြီးကတည်းက ငါ နင့်ကို မှတ်မိသွားတာပဲ”
“ဟွန်း.. မင်းက ဘယ်တုန်းက သူ့မျက်လုံးတွေကို ကြည့်လိုက်ရတာလဲ.. တစ်ချိန်လုံး သူမရဲ့ ခြေထောက်တွေကိုပဲ မင်းကြည့်နေခဲ့တာ မဟုတ်ဘူးလား” မျောက်က နှုတ်ခမ်းစူပြီး ဝေဖန်လိုက်၏။
မျောက်ကို စိုက်ကြည့်ပြီး စိတ်ဝိညာဉ်ကျားက အလောတကြီး ပြောလိုက်၏။
“သူပြောတဲ့ ပေါက်တတ်ကရတွေကို နားထောင်မနေနဲ့.. ကြိုးကြာလေးရေ”
စိတ်ဝိညာဉ်ကျားသည် တစ်ခုခုကို ပြောချင်နေသည့်အလား ကြိုးကြာလေးကို အလေးအနက် စိုက်ကြည့်ပြီး သူ့ခံစားမှုအာရုံကို တည်ဆောက်နေ၏။
အတန်ကြာပြီးနောက် ကြိုးကြာလေးက စိတ်မရှည်နိုင်တော့သည့် အချိန်မှာပင် စိတ်ဝိညာဉ်ကျားက ထအော်လိုက်၏။
“အား!”
ရွှေခြင်္သေ့နှင့် မြေခွေးလေးသည် အငိုက်မိ၍ လန့်သွားကာ စိတ်ဝိညာဉ်ကျားကို ပဟေဠိဆန်ဆန် ကြည့်လိုက်ကြ၏။
မျောက်ကလည်း မျက်လုံးစွေကြည့်လိုက်၏။
စိတ်ဝိညာဉ်ကျားက ဆက်ပြောလေသည်။
“အား.. မင်းရဲ့ မျက်လုံးတွေက ကြယ်စင်တွေနဲ့ လမင်းလို အရမ်းလှပသိမ်မွေ့လွန်းလို့.. နေမင်းနဲ့... အမ်..”
ရွှေခြင်္သေ့က မျက်မှောင်ကြုတ်လိုက်၏။
မြေခွေးလေးသည်လည်း ကြောင်အနေလေသည်။
မျောက်က မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ကြက်သေသေနေ၏။
စိတ်ဝိညာဉ်ကျားက ကဗျာဖွဲ့နေတာလား..
ကဗျာက ခံစားလို့ မရအောင် ဆိုးရွားနေသည့်အပြင် တစ်ဝက်တစ်ပျက်နှင့် တစ်စို့နေ၏။
မျောက်က ကျုံးထလာပြီး စိတ်ဝိညာဉ်ကျားကို လွင့်ပျံသွားအောင် ဖြတ်ရိုက်ချင်မိ၏။
သို့သော်လည်း စောစောက အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် ထိုသို့လုပ်ဖို့ သူ့မှာ တစ်ကယ်ကို ခွန်အား မကျန်ရှိတော့ပေ။ မျောက်သည် သက်ပြင်းသာချ၍ တစ်ဖက်လှည့်ပြီး သူ့မျက်နှာကို ဖွက်လိုက်၏။
သူသည် တစ်ကယ်ပင် စိတ်ဝိညာဉ်ကျားကို မြင်ချင်စိတ် မရှိတော့ဘဲ သူ့နှလုံးသားထဲကနေ ထိုသူကို အထင်သေးသွားလေသည်။
စိတ်ဝိညာဉ်ကျားက ရှက်ကိုးရှက်ကန်းနှင့် သူ့ခေါင်းကို ကုတ်နေရင်း ရုတ်တရက် ဉာဏ်ကွန့်မြူးသွားသည့်အလား ထအော်လိုက်ပြန်၏။
“သမုဒ္ဒရာအနက်ပိုင်းထဲက ကြီးမားတဲ့ ကျောက်မျက်တုံးကြီးတစ်တုံးလို..ပဲ”
စိတ်ဝိညာဉ်ကျားက သူ့ခေါင်းကို ရွှင်ပျစွာ လှုပ်ခါလိုက်ပြီး သူ့ဘာသာသူ ရူးသွပ်စွာ ပြုံးဖြီးလိုက်၏။
သူ့အမြင်အရတော့ သူ၏ နောက်ဆုံး ကဗျာစာသားက အခရာကျသော အဆုံးသတ်တစ်ခုလို ထိမိလွန်းပြီး အရာရာတိုင်းကို ပြီးပြည့်စုံသွားစေသလိုပင်။
ကြိုးကြာလေးသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာပြီး တသိမ့်သိမ့်တုန်ယင်သွား၏။
“ကြိုးကြာလေး.. ဘယ်လိုလဲ”
စိတ်ဝိညာဉ်ကျားက အနားကပ်လာပြီး နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ မေးလိုက်၏။
ကြိုးကြာလေးက စိတ်ဝိညာဉ်ကျားကို စိုက်ကြည့်ပြီး အေးစက်စွာ မေးလိုက်၏။
“နင် မြိုင်ပေါ်နေတာလား”
“ခွိ..”
မြေခွေးလေးက မနေနိုင်တော့ဘဲ ရယ်ချလိုက်၏။
မျောက်နှင့် ရွှေခြင်္သေ့ကလည်း ဘေးကနေ တခွီးခွီး ကျိတ်ရယ်နေကြ၏။
ကြိုးကြာလေးက အခုလို တည့်တိုးပြီး ပြောလာလိမ့်မည်ဟု စိတ်ဝိညာဉ်ကျားက တစ်ကယ်ကို ထင်မှတ်မထားမိပေ။ ရှက်ရွံ့စိတ်ဖြင့် သူ့မျက်နှာက နီရဲတက်လာပြီး တွင်းတစ်တွင်းရှာ၍သာ ထိုးဝှက်ထားချင်မိလေတော့သည်။
ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းကနေ လူတစ်ယောက်က သူတို့ဆီသို့ ပျံသန်းလာနေ၏။
သူသည် ခြေရှစ်ချောင်း ဖြတ်တောက်ခံထားရသော ပင့်ကူတစ်ကောင်ကို ကြိုးရှည်တစ်ချောင်းဖြင့် ရစ်ပတ်၍ တရွတ်တိုက်ဆွဲလာ၏။ အဲ့ဒါကတော့ ရောင်စုံဝတ်လူ၏ အစစ်အမှန်ပုံစံပင် ဖြစ်လေသည်။
ကြိုုးကြာလေး၏ မျက်လုံးများက အဆုံးမဲ့ အမုန်းတရားများဖြင့် ပြည့်လာပြီး သူမ၏ ခန္ဓာကိုယ်က ဒေါသဖြင့် တုန်ယင်လာလေသည်။
“မင်းတို့တွေ အဆင်ပြေကြရဲ့လား”
ဆူဇီမိုက အားလုံး၏ ရှေ့သို့ ဆင်းသက်လိုက်ပြီး သူ့သိုလှောင်အိတ်ထဲကနေ ဆေးပုလင်းများကို ထုတ်ပေးလိုက်၏။
ထိုကဲ့သို့သော ပစ္စည်းများက ယခုချိန် သူ့ဆီမှာ ရှားပါးမနေပေ။
မျောက်နှင့် စိတ်ဝိညာဉ်ကျားက ဆေးဝါးတချို့ကို အသုံးပြုရင်း ကြိုးကြာလေးကိုလည်း ဂရုစိုက်ပေးလိုက်ကြ၏။
ကြိုးကြာလေးက ရောင်စုံဝတ်လူရှေ့သို့ လျှောက်သွားပြီး ထိုသူ၏ ကိုယ်ကို ဖနောင့်ဖြင့် ပေါက်ချရင်း မေးခွန်းထုတ်လိုက်၏။
“ပင့်ကူတစ်ထောင်သဲတောင်မှာ ငါနဲ့တူတဲ့ အမျိုးသားတစ်ယောက်ကို မြင်ဖူးတယ်လို့ နင်ပြောခဲ့တယ်မလား.. အဲ့ဒါ တစ်ကယ်လား”
ရောင်စုံဝတ်လူက အစကတည်းက အပြင်းအထန် ဒဏ်ရာရရှိထားပြီးဖြစ်၏။ ယခု ကြိုးကြာလေးက ဖနောင့်ဖြင့် ပေါက်လိုက်သောအခါ သူ၏ ကိုယ်တွင်းအင်္ဂါများက လှုပ်ခါသွားပြီး သွေးများကို ထွေးထုတ်ကာ မောဟိုက်နေ၏။
“ဒါပေါ့.. အဲ့ဒါ အမှန်ပဲ”
ကြိုးကြာလေးက စိုးရိမ်ပူပန်သော အမူအယာဖြင့် အလောတကြီး ထပ်မေးလိုက်၏။
“သူအခု ဘယ်မှာလဲ”
“အဲ့ဒီပီဖန်းက နင့်အဖေလား”
ယခု သူက မလွဲဧကန် သေရတော့မည်ဆိုတာ သိထားပြီး ရောင်စုံဝတ်လူက အူးမြူးအားရစွာ လှောင်ရယ်လိုက်၏။
“ကံဆိုးတာပဲ.. နင်သူ့ကို ဘယ်တော့မှ ထပ်မြင်ရမှာ မဟုတ်တော့ဘူး.. ဘာလို့လဲဆိုတော့ သူသေသွားဖြင့် ကြာလှနေပြီ.. ဟဟဟားဟား”
ကြိုးကြာလေး၏ ကိုယ်က တသိမ့်သိမ့် တုန်ယင်သွားပြီး သူမ၏ မျက်နှာက ကြောက်လန့်တကြား ဖြူဆုတ်သွားလေသည်။
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ပီဖန်းများသည် ကမ္ဘာဦးခေတ်က ကြမ်းကြုတ်ငှက်များ ဖြစ်ကြပြီး အလွန်တရာ ကြမ်းကြုတ်ခက်ထန်၏။ မီးကို ထိန်းချုပ်နိုင်သော စွမ်းရည်နှင့်အတူ သူတို့က ကြမ်းကြုတ်ခက်ထန်ဆုံးငှက်မျိုးစိတ်များထဲမှ တစ်မျိုး ဖြစ်လေသည်။
သို့သော် ဖီးနစ်ကတော့ ကြောက်စရာအကောင်းဆုံးဖြစ်ပြီး မီးဓါတ်ကို နိုင်နင်းကာ ကြမ်းကြုတ်ငှက်များအကြား ရှင်ဘုရင် ဖြစ်လေသည်။ ပီဖန်းက အဲ့လောက်တော့ ကျော်ကြားခြင်း မရှိပေ။
သို့သော်လည်း တစ်ကယ်တမ်း.. ပီဖန်းတစ်ကောင်၏ အစစ်အမှန်ခွန်အားက မီးတောက်ကိုပိုင်ဆိုင်သော နတ်ဘုရားသက်ရှိ.. မိုးပျံမြွေနဂါးနှင့် နှိုင်းယှဉ်၍ ရလေသည်။
စောစောကတည်းက ကြိုးကြာလေးသည် သာမန်အင်မော်တယ်ကြိုးကြာများနှင့် မတူကြောင်း ဆူဇီမိုသည် သတိထားမိခဲ့ပြီးဖြစ်၏။
သာမန်အင်မော်တယ်ကြိုးကြာများသည် ဟင်္သပဒါးအမောက်နှင့် နှင်းဖြူရောင်ကိုယ်ရှိကြ၏။ သို့သော် ကြိုးကြာလေး၏ ကိုယ်မှာကား ကျောက်စိမ်းရောင်ငှက်မွေးရှိပြီး အဲ့ဒါက အရမ်းကို လှပလေသည်။
သူမ၏ ကိုယ်ထဲမှာ ပီဖန်းမျိုးဆက်သွေးက စီးဆင်းနေတာဆိုလျှင် ထိုသို့ဖြစ်ရသည့်အကြောင်းက ယုတ္တိရှိလေသည်။
ပြောရမည်ဆိုလျှင် ပီဖန်းများက ကျောက်စိမ်းရောင် ရှိကြသောကြောင့်ပင်။
ဆူဇီမိုက စိတ်ထဲကနေ ရေရွတ်လိုက်၏။
“ကြိုးကြာလေးရဲ့ အဖေကို ငါတစ်ခါမှ မမြင်ဖူး၊ မကြားဖူးခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ.. ဒါဆို သူက သေသွားခဲ့တာ ကြာပြီပေါ့”
“ငါ နင်ပြောတာကို မယုံဘူး”
ကြိုးကြာလေးက သူမ၏ ခေါင်းကို သွင်သွင်ခါပြီး ရောင်စုံဝတ်လူကို စိုက်ကြည့်ကာ တုန်ယင်နေသော အသံဖြင့် ထပ်ကာထပ်ကာ မေးမြန်းနေ၏။
“နင်-နင် လိမ်နေတာ.. ဟုတ်တယ်မလား.. နင်လိမ်နေတာမလား”
“လိမ်ရမှာလား”
ရောင်စုံဝတ်လူက ခါးသက်စွာ ရယ်မောလိုက်၏။
“နင့်အဖေက သေချင်တာလေ.. သူ့ကိုယ်သူ သန်မာလှပြီထင်ပြီး ပင့်ကူတစ်ထောင်သဲတောင်ဆီ တိုးဝင်လာတာကိုး.. သက်တံဝံပုလွေပင့်ကူတွေက သူ့သွေးတွေကို ခမ်းခြောက်သွားတဲ့အထိ စုပ်ယူခဲ့ကြတာ.. ငါတို့က သူ့အသားကိုစား၊ သူ့သွေးကိုသောက်ပြီး ကျင့်ကြံခဲ့ကြတာ.. ဟဟဟားဟား”
ကြိုးကြာလေး၏ သွေးချီသည် အစကတည်းက အားနည်းနေခဲ့ပြီးဖြစ်၏။ ဤရိုက်ချက်ကို ခံစားပြီးနောက် သူမ၏ အမြင်အာရုံက မှောင်မိုက်သွားပြီး သူမ၏ ဦးခေါင်းက ချာချာလည်လာ၏။
“မမကြိုးကြာလေး”
မြေခွေးလေးက ပြေးတက်ပြီး ကြိုးကြာလေးကို ဖေးမလိုက်၏။
ဘုန်း..
ရုတ်တရက် ရောင်စုံဝတ်လူ၏ ဦးခေါင်းပေါ်သို့ ရိုက်ချက်တစ်ချက်က ကျဆင်းလာပြီး သူ၏ ဦးနှောက်ရည်များကို ပြန့်ကျဲ၍စင်ထွက်သွားစေလေသည်။
စိတ်ဝိညာဉ်ကျားက သူ့လက်ဝါးကို ခါပြီး ညည်းတွားရေရွတ်လိုက်၏။
“နားညီးလိုက်တာကွာ.. အဲ့လောက် မသတီစရာကောင်းတဲ့ အသံနဲ့ ဆက်တိုက်ရယ်ရဲသေးတယ်.. သောက်ရှက်ကို မရှိဘူး”
ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ကြိုးကြာလေး ခံစားနေရတာကို မကြည့်ရက်၍ စိတ်ဝိညာဉ်ကျားက ထိုသို့ပြုလုပ်ခဲ့သည်ဆိုတာ သူသိလေသည်။
တစ်ကယ်တော့ စိတ်ဝိညာဉ်ကျားက အဲ့ဒါကို မလုပ်ရင်တောင် သူက လုပ်တော့မည် ဖြစ်လေသည်။
ရောင်စုံဝတ်လူက သူကိုယ်သူ အသက်မရှင်နိုင်တော့ဘူးဆိုတာ သိလိုက်၍ ကြိုးကြာလေးကို တတ်နိုင်သမျှ ခံစားရစေရန် ဆွပေးသွားခြင်း ဖြစ်လေသည်။
ဆူဇီမိုက ကြိုးကြာလေး၏ ပုခုံးကို ညင်သာစွာပုတ်ပြီး နှစ်သိမ့်ပေးလိုက်၏။
“အများကြီး လျှောက်တွေးမနေနဲ့.. အဲ့ပင့်ကူကောင်က သူသေရတော့မယ်ဆိုတာသိလို့ ပေါက်ကရတွေ သက်သက်လျှောက်အော်သွားတာ.. ကိစ္စတွေက မင်းထင်သလို ဟုတ်ချင်မှ ဟုတ်နေမှာ”
ကြိးကြာလေးက ခေါင်းညိတ်လိုက်၏။ သို့သော် သူမ၏ မျက်ဝန်းထဲမှ ဝမ်းနည်းပူဆွေးမှုများကတော့ ပျောက်ကွယ်မသွားသေးပေ။