← Chapters

နန်းကြည်၏ တည်နေရာ

Vol. 45 Ch. 673

နန်းကြည်၏ တည်နေရာ

Vol. 45 Ch. 673

ကြိုးကြာလေး၏ ဝမ်းနည်းမှုကို ခံစားမိပြီး စိတ်ဝိညာဉ်ကျားသည် သူ့နားရွက်နှင့် ပါးပြင်တို့ကို ကုတ်ခြစ်လိုက်၏။ သူသည် သူမ၏ ဝန်ထုပ်ဝန်ပိုးကို ခွဲဝေမျှယူချင်သော်လည်း ဘယ်လိုပြောပေးရမလဲ မသိပေ။

ထိုကဲ့သို့သော တစ်စုံတစ်ရာအတွက် သူမကို ဘယ်လိုနှစ်သိမ့်ရမလဲ ဘယ်သူ့မှ မသိတော့ပေ။

လေထုက သိပ်သည်းလေးလံလာ၏။

ဆူဇီမိုကိုကြည့်ပြီး စိတ်ဝိညာဉ်ကျားက သူတစ်ခုခုပြောဖို့ မျှော်လင့်နေ၏။

ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုက ကြိုးကြာလေး၏ အာရုံကို ဖြိုဖျက်ဖို့ ဆုံးဖြတ်လိုက်၏။

“ကြိုးကြာလေး.. ဥပစာရှေးဟောင်းတိုက်ပွဲမြေကို မင်းဘယ်လို ရောက်လာတာလဲ”

အင်မော်တယ်စီနီယာကြိုးကြာသည် လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက အဆင့်မြင့် မိစ္ဆာသားရဲအဖြစ်သို့ ချိုးဖျက်တက်လှမ်းခဲ့ပြီး လူသားများ၏ ဓမ္မဝိသေသအဆင့်နှင့် တူညီသော်လည်း သူမတစ်ယောက်တည်းဖြင့် ဥပစာရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်နိုင်သည့် တည်နေရာရွှေ့ပြောင်းအမှတ်ကို မဖွင့်လှစ်နိုင်ပေ။

တစ်ခုခုကို အမှတ်ရသွားသည့်အလား ကြိုးကြာလေး၏ အမူအယာက ရုတ်တရက် ပြောင်းလဲသွားပြီး သူမ၏ လူသားပုံစံသို့ ပြောင်းလဲလိုက်၏။ သူမက ဆူဇီမို၏လက်ကို ဆွဲပြီး စိုးရိမ်ပူပန်စွာ ပြောလိုက်၏။

“နန်းကြည်ကို ကယ်ရမယ်.. နန်းကြည်ကို ကယ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားပေးဦး”

“အမ်”

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး အသက်ပြင်းပြင်းရှိုက်လိုက်၏။

“ဘာဖြစ်ခဲ့တာလဲ.. စိတ်ကို ငြိမ်ငြိမ်ထားပြီး ဖြည်းဖြည်းချင်း ပြောပြမှပေါ့”

နန်းကြည်သည် မဟာကျိုးမြို့တော်မှာတုန်းက သူကောက်ယူခေါ်လာခဲ့သော မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမ၏ ကိုယ်မှာ လျှို့ဝျက်ချက်များစွာ ရှိလေသည်။

ဥပမာအားဖြင့် နန်းကြည်သည် မကျင့်ကြံခင်ကတည်းက အံ့မခန်းဖြစ်ရလောက်အောင် သန်မာနေခဲ့ပြီးဖြစ်၏။

နောက်ပြီး နန်းကြည်က အသက်ကြီးမလာပေ။

တိတိကျကျ ပြောရလျှင်တော့ သူမအတွက် အချိန်ကုန်ဆုံးမှုက အလွန်တရာ နှေးကွေးနေသည်ဟု ထင်ရလေသည်။

တစ်နည်းအားဖြင့် နန်းကြည်၏ ဘဝသက်တမ်းက အဆင့်တူချင်းမှာရှိသည့် အခြားသူများထက် များစွာပို၍ ရှည်လျားကြာမြင့်နေသည်ပင်။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် နန်းကြည်ပေါ်မှာ သံသယ မရှိပေ။

လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြသည်ချည်းသာ။

ဒါ့အပြင် သူမသည် ကလေးအရွယ်သာ ရှိသေးပြီး သန့်စင်သော နှလုံးသားရှိ၏။ သူ့အပေါ်မှာဖြစ်စေ၊ ဆန်းကြယ်တောင်ထွတ်အပေါ်မှာဖြစ်စေ.. သူမမှာ မကောင်းသည့် ရည်ရွယ်ချက် လုံးဝ မရှိပေ။

ဆန်းကြယ်တောင်ထွတ်တိုက်ပွဲမှာတုန်းက သူမသည် အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ခဲ့ပြီး သေလုမတတ် ဖြစ်ခဲ့ရ၏။ ဆန်းကြယ်တောင်ထွတ်ကို သူမ၏ အိမ်အဖြစ် သတ်မှတ်ထားသည်မှာ သိသာထင်ရှားလေသည်။

ကြိုးကြာလေးက ပြန်ဖြေလိုက်၏။

“မဟာကျိုးအင်ပါယာရဲ့ မိသားစုဘိုးဘေးက နှစ်ယောက်အတူ ပူးပေါင်းပြီး တည်နေရာရွှေ့ပြောင်းအမှတ်တစ်ခုကို ဖွင့်လှစ်ဖို့ အမေ့ကို အရင်စပြီး ကမ်းလှမ်းလာခဲ့တယ်”

“အဲ့ဒီဘိုးဘေးက ဓမ္မဝိသေသအဆင့်ပဲ.. ဒါပေမယ့် သူ့ရဲ့သွေးချီက ခမ်းခြောက်ပြီးတော့ သူ့ဘဝသက်တမ်းကလဲ ကုန်ဆုံးတော့မယ်.. ဒါ့ကြောင့်လဲ သူက လျှို့ဝှက်နည်းစနစ်တစ်ခုနဲ့ သူ့ရဲ့နောက်ဆုံး အသက်ဓါတ်အဆီအနှစ်ကို လောင်ကျွမ်းစေပြီးတော့ အမေနဲ့အတူ ပူးပေါင်းပြီး တည်နေရာရွှေ့ပြောင်းအမှတ်တစ်ခု ထုတ်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာပဲ”

“ဒါပေမယ့်လို့ ရလာမယ့် တည်နေရာရွှေ့ပြောင်းဥမင်က အရမ်းကို ကျဉ်းကျုတ်တဲ့အတွက် လူနှစ်ယောက်ပဲ ဝင်ဆံ့နိုင်မယ်.. မဟာကျိုးဘိုးဘေးက နှစ်နေရာစလုံးကို ဆန်းကြယ်တောင်ထွတ်အတွက် ပေးခဲ့တယ်”

ထိုစကားကို ကြားသောအခါ ဆူဇီမိုသည် မျက်ခုံးပင့်လိုက်၏။

ထိုအပြုအမူက သူ့အသက်ကိုပင် စွန့်လွှတ်၍ ဆန်းကြယ်တောင်ထွတ်ကို မဟာလက်ဆောင်ကြီးတစ်ခု ပေးလိုက်ခြင်းနှင့် တူလေသည်။

မဟာကျိုးဘိုးဘေးက ထိုသို့လုပ်ရသည့်နောက်ကွယ်မှာ ရည်ရွယ်ချက်တစ်ခုတော့ ရှိရပေမည်။

ကြိုးကြာလေးက ဆက်ပြော၏။

“မဟာကျိုးဘိုးဘေးက သူ့ဘဝက အဆုံးသတ်တော့မယ်ဆိုတာ သိတဲ့အတွက် သူကွယ်လွန်ပြီးနောက်ပိုင်း မဟာကျိုးအင်ပါယာမှာ ကပ်ဘေးတစ်ခုခု ကျရောက်လာမှာကို သူက စိုးရိမ်နေခဲ့တယ်.. အဲ့ဒါနဲ့ သူက ‘အဲ့ဒီလက်ဆောင်’နဲ့ ‘အမေနဲ့ ဆန်းကြယ်တောင်ထွတ်ရဲ့ ကာကွယ်ပေးမှု’ကို လဲလှယ်ချင်ခဲ့တာ”

ဆန်းကြယ်တောင်ထွတ်တိုက်ပွဲမှာတုန်းက အခြားသော ဂိုဏ်းကြီးလေးဂိုဏ်းသည် ကြီးကြီးမားမား နစ်နာဆုံးရှုံးခဲ့ကြပြီး သူတို့၏ မူလနတ္ထိပညာရှင်များမှာလည်း သေဆုံးခဲ့ကြ၏။

ဆန်းကြယ်တောင်ထွတ်သည်လည်း ဆုံးရှုံးနစ်နာခဲ့ရသော်လည်း သူတို့၏ အသက်ရှင်ကျန်ရစ်ခဲ့သော တပည့်များက အနာဂတ်အလားအလာ အတော်လေး ကောင်းလေသည်။

ဒါ့အပြင် အင်မော်တယ်ကြိုးကြာကြီးသည် ထိုတိုက်ပွဲပြီးနောက် ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းပြီး သူမ၏ ဘဝသက်တမ်းကို ထပ်ဆန့်နိုင်ခဲ့၏။

ထိုသို့ဖြင့် ဆန်းကြယ်တောင်ထွတ်က ဂိုဏ်းကြီးငါးဂိုဏ်း၏ ခေါင်းဆောင် ချက်ချင်း ဖြစ်လာခဲ့လေသည်။

ဆန်းကြယ်တောင်ထွတ်၏ အင်အားက အခြားဂိုဏ်းကြီးလေးဂိုဏ်းကို အပြတ်အသတ် ဖိနှိမ်ထားနိုင်ပြီး သူတို့ဂိုဏ်းတို့ ဝင်ရောက်ချင်သည့် ကျင့်ကြံသူအရေအတွက်က ပိုပိုများလာခဲ့၏။

နှစ် ၂၀ ကြာပြီးနောက် ဆန်းကြယ်တောင်ထွတ်က မဟာကျိုးအင်ပါယာမှာ အစစ်အမှန်နံပါတ်တစ်ဂိုဏ်း ဖြစ်လာခဲ့လေသည်။

ထို့ကြောင့် မဟာကျိုးဘိုးဘေး ချခဲ့သော ထိုဆုံးဖြတ်ချက်ကို နားလည်ဖို့ သိပ်မခက်ခဲပေ။

ကြိုးကြာလေးက ဆူဇီမိုကိုကြည့်ပြီး ဆက်ပြောလိုက်၏။

“အမေ့ကို ငါ့ကို ပြောတယ်.. မဟာကျိုးဧကရာဇ်က ကျိယောင်ရွှယ်ကို ထီးနန်းလွှဲပေးရတဲ့ အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းက အဲ့ဒါ ရှင့်ရဲ့ အလားအလာကြောင့်တဲ့.. အဲ့လိုပဲ အဲ့ဒါက ရှင်နဲ့ သူမရဲ့ ဆက်ဆံရေးရယ် ပြီးတော့ ဆန်းကြယ်တောင်ထွတ်က ရှင့်ရဲ့နောက်ခံ ဖြစ်နေတာတွေရယ်ကြောင့်လဲ ပါတယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ထိုအချက်များကို သူလည်း ခန့်မှန်းခဲ့မိပြီးသားဖြစ်၏။

ဓလေ့ထုံးတမ်းအရဆို.. ထီးနန်းကို အကြီးဆုံးသားအား လွှဲပေးရမည်သာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျိယောင်ရွှယ်က အဲ့ဒါကို ဆက်ခံဖို့ အကြောင်း မရှိပေ။

ဒါ့အပြင် သူမက အမျိုးသမီးတစ်ယောက်လည်း ဖြစ်နေပြန်၏။

နောက်ဆုံးမှာတော့ မဟာကျိုးဧကရာဇ်သည် ကန့်ကွက်မှုများစွာကြားမှ ကျိယောင်ရွှယ်ကို ထီးနန်းလွှဲပေးခဲ့၏။ အဲ့ဒါက သေချာပေါက် မဟာကျိုးဧကရာဇ်တစ်ယောက်တည်း၏ ဆုံးဖြတ်ချက် မဖြစ်နိုင်ပေ။

လက်စသတ်တော့ ထိုစိတ်ကူး၏ နောက်ကွယ်မှာ မဟာကျိုးဘိုးဘေးက ရှိနေတာကိုး။

ထိုသို့ဖြင့် အရာရာတိုင်းက ယုတ္တိရှိလာ၏။

မဟာကျိုးဘိုးဘေးက အရှည်ကို မျှော်တွေး၍ အဲ့ဒါကို စီစဉ်ခဲ့တာပင်။

ဒါ့အပြင် သူသည် အလောင်းအစားတစ်ခုကိုလဲ ပြုခဲ့ခြင်း ဖြစ်လေသည်။

အင်မော်တယ်ကြိုးကြာကြီးက ကြိုးကြာလေးကို ဒီနေရာသို့ ပို့လွှတ်ခဲ့ပြီဖြစ်သည့်အတွက် သူတို့က ထိုအပေးအယူကို လက်ခံသဘောတူခဲ့ကြခြင်းပင်။

မဟာကျိုးဘိုးဘေးက သေဆုံးသွားပြီဖြစ်သော်လည်း သူ မသေခင်မှာ ဓမ္မဝိသေသအဆင့်ပညာရှင်တစ်ယောက်၏ ကာကွယ်မှုနှင့်အတူ မဟာကျိုးအတွက် လမ်းဖောက်ပေးထားခဲ့၏။

အဲ့ဒီအချိန်မှစ၍ မဟာကျိုးက သူ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘဲ အင်မော်တယ်ကြိုးကြာကြီးနှင့် ဆန်းကြယ်တောင်ထွတ်လက်သို့ အပ်နှံထားလိုက်ရလေပြီ။

ဆူဇီမိုထံ အတွေးတစ်ခုက ဝင်ရောက်လာပြီး မေးလိုက်၏။

“အဲ့ဒီနှစ်နေရာအတွက် အင်မော်တယ်စီနီယာကြိုးကြာက မင်းနဲ့ နန်းကြည်ကို ဒီနေရာဆီ ပို့လိုက်တာပေါ့”

“အင်း ဟုတ်တယ်”

ကြိုးကြာလေးက ခေါင်းညိတ်ပြ၏။

“နောက်ပိုင်းမှာ ဆန်းကြယ်တောင်ထွတ်ကို လာဝင်ကြတဲ့ ကျင့်ကြံသူတွေ အများကြီးပဲ.. ဂိုဏ်းရဲ့အင်အားကလဲ တိုးလာနေပြီ.. ဒါပေမယ့် အဲ့မှာ ပြဿနာတွေကလဲ ရှိနေပြန်တယ်.. ငါတို့မှာရှိတဲ့ ဆေးလုံးတွေ၊ လက်နက်တွေနဲ့ ကျင့်ကြံရေးနည်းစနစ်တွေက သူတို့ကို ထောက်ပံ့ပေးဖို့ မလုံလောက်တော့ဘူး”

“အမေနဲ့ ဂိုဏ်းချုပ်က ရှေးဟောင်းတိုက်ပွဲမြေကနေ ရလာမယ့် အခွင့်အရေးတွေနဲ့ ငါတို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာလာအောင် တည်ဆောက်နိုင်ဖို့ အများကြီး မျှော်လင့်ထားတာ”

“နန်းကြည်က ဂိုဏ်းကို နောက်ကျမှ ရောက်လာပေမယ့်လို့ သူမက အခုချိန်မှာ ငါတို့ဂိုဏ်းရဲ့ နံပါတ်တစ်ရွှေအမြုတေပဲ.. ဂိုဏ်းချုပ်ပြောတာတော့ သူမက ရှင်နဲ့တောင် နှိုင်းယှဉ်လို့ ရလောက်တယ်တဲ့”

“အမေကလဲ ပြောသေးတယ်.. နန်းကြည်ရဲ့ ရွှေအမြုတေနယ်မြေက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့်တစ်ဆယ်အတွင်းတောင် ဝင်နိုင်တဲ့ အခွင့်အရေး ရှိတယ်တဲ့”

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။

သူမက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့်တစ်ဆယ်အတွင်း ဝင်နိုင်သည့်ဆိုသော အချက်က သူ့ကို အံ့အားသင့်သွားစေဖို့ လုံလောက်လေသည်။

ဂိုဏ်းချုပ်လင်းယွမ်က မူလနတ္ထိအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူရော အင်မော်တယ်ကြိုးကြာရောက ဉာဏ်အမြော်အမြင်ရှိ၍ ထက်မြက်ကြလေသည်။ သူတို့က နန်းကြည်ကို ဤမျှ မြင့်မြင့်မားမား သတ်မှတ်ထားခြင်းက နန်းကြည်၏ ခွန်အားကို အထင်ကြီးဖို့ လုံလောက်စေလေသည်။

တစ်ကယ်တော့ နဂါးသင်္ချိုင်းတောင်ကြားမှာ နှစ် ၂၀ နေလာခဲ့ပြီးနောက် ဆူဇီမို၏ လက်ရှိအစစ်အမှန်ခွန်အားကို အင်မော်တယ်ကြိုးကြာကြီးရော၊ ဂိုဏ်းချုပ်လင်းယွမ်ပါ မသိရှိကြပေ။

မည်သူကမှ အဲ့ဒါကို မမြင်တွေ့ဖူးကြတော့ပေ။

သူမသည် တစ်ခုခုကို အမှတ်ရသွားသည့်အလား ကြိုးကြာလေး၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်လာ၏။

“ကျမတို့ ရှေးဟောင်းတိုက်ပွဲမြေထဲကို ရောက်လာပြီး သိပ်မကြာဘူး.. လူခုနှစ်ယောက်အုပ်စုနဲ့ သွားတိုးတယ်.. ယောက်ျားက ခြောက်ယောက် မိန်းမက တစ်ယောက်”

“သူတို့ခုနှစ်ယောက်စလုံးက အရမ်းကို သန်မာတာ.. သန်မာတာမှ အရမ်း အရမ်းကို သန်မာတာ”

ကြိုးကြာလေးက သန်မာတယ်ဆိုတာကို ဆက်တိုက်ဖိပြောလိုက်သည့်အတွက် သူမအတွက် ဘယ်လောက်တောင် ရိုက်ချက်ပြင်းခဲ့သလဲဆိုတာ သိသာလေသည်။

“သူတို့အုပ်စုက အကုန်လုံးကို အထက်စီးကနေ ကြည့်ပြီးတော့ အေးစက်မောက်မာကြတယ်.. ဒါပေမယ့် နန်းကြည်ကို သူတို့မြင်လိုက်ရတဲ့အချိန်မှာ တစ်ခုခုတော့ လွဲနေတယ်”

“သူတို့ကို မြင်လိုက်တဲ့အချိန်မှာ နန်းကြည်ရဲ့ အမူအယာကလဲ ဆိုးဆိုးရွားရွား ပျက်ယွင်းသွားတယ်.. အဲ့ချိန်မှာ ငါတို့က လက်ချင်းဆုပ်ထားတာ.. အဲ့ချိန်မှာ သူမရဲ့ လက်ဖဝါးက ရေခဲလို့ အေးစက်ပြီးတော့ ချွေးတွေနဲ့ စိုရွှဲနေတာပဲ”

ထိုနေရာအရောက်တွင် ဆူဇီမိုနှင့် အခြားသူများသည် စိုးရိမ်ပူပန်မှုကို ခံစားလိုက်ကြရ၏။

ကြိုးကြာလေးက ဆက်ပြော၏။

“အဲ့ဒီနောက် သူတို့ခုနှစ်ယောက်က တစ်မူထူးတဲ့ အမူအယာတွေနဲ့ ငါတို့ဆီကို လျှောက်လာပြီး နန်းကြည်ကို ဟန်လုပ်ပြုံးပြီး ကြည့်လိုက်ကြတယ်.. သူတို့ရောက်မလာခင်မှာပဲ နန်းကြည်က ငါ့ကို ဘာမှ မေးမနေဘဲနဲ့ ထွက်ပြေးကြဖို့ ပြောခဲ့တယ်”

ခဏမျှ ရပ်တန့်ပြီးနောက် ကြိုးကြာလေးက တံတွေးကို မျိုချလိုက်၏။

“နန်းကြည်က ထွက်ပြေးချင်းချင်းမှာပဲ သူမရဲ့ ရွှေအမြုတေနယ်မြေကိုပါ တစ်ခါထဲ ထုတ်ဖော်လိုက်တယ်.. ဒါပေမယ့် သူတို့ရဲ့ခေါင်းဆောင်လူက လက်သီးနဲ့ တစ်ချက်ပဲ ထိုးလိုက်တယ်.. အဲ့ဒါက ချက်ချင်းကြေမွသွားတာပဲ”

“အ”

မြေခွေးလေးက အံ့အားတသင့် ရေရွတ်လိုက်၏။

ဆူဇီမိုက သူ့မျက်လုံးကို မှေးကျဉ်းပြီး မေးလိုက်လေသည်။

“သူက နန်းကြည်ရဲ့ ရွှေအမြုတေနယ်မြေကို လက်သီးတစ်ချက်ထဲနဲ့ ဖျက်ဆီးပစ်လိုက်တာလား”

“အင်း ဟုတ်တယ်”

ကြိုးကြာလေးက ခိုင်မာပြတ်သားစွာ ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမို၏ အမူအယာက သုန်မှုန်သွားလေသည်။

အင်မော်တယ်ကြိုးကြာကြီး၏ စကားအရဆို.. နန်းကြည်၏ ရွှေအမြုတေနယ်မြေက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့်တစ်ဆယ်အတွင်းတောင် ဝင်နိုင်လေသည်။

တစ်နည်းအားဖြင့် သူမ၏ ရွှေအမြုတေနယ်မြေက သူ၏ မိုးပျံမြွေနဂါးနှင့် နတ်လိပ်ထက် သေချာပေါက် အားနည်းလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤမျှ ကြောက်စရာကောင်းလှသည့် ရွှေအမြုတေနယ်မြေက လက်သီးတစ်ချက်တည်းဖြင့် ကြေမွသွားခဲ့၏။

ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွားလေသည်။

ထိုကဲ့သို့သော ရုန်းကန်ပေါက်ကွဲအားမျိုးကို သူတောင်မှ ထုတ်ဖော်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သည်တစ်ခေါက် ရှေးဟောင်းတိုက်ပွဲမြေက သူစဉ်းစားထားသည်ထက် များစွာပို၍ ကြောက်စရာကောင်းလာတော့မည်ဖြစ်ကြောင်း ဆူဇီမိုသည် ရုတ်တရက် နားလည်သဘောပေါက်လာခဲ့၏။

All Chapters