သွေးသောက်ညီကိုမောင်နှမများ
Vol. 45 Ch. 674
“နန်းကြည်က အဲ့လူနဲ့ ရင်ဆိုင်တဲ့အချိန်မှာ သုံးကွက်တောင် မခံလိုက်ဘူး.. အဲ့အချိန်မှ ကျမက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီးတော့ စိတ်ထဲမှာ ဗလာကျင်းနေခဲ့တာ.. ဒါပေမယ့် နန်းကြည်က ကျမကို ထွက်ပြေးဖို့ လှမ်းအော်လိုက်တာ ကြားလိုက်ရတယ်”
ကြိုးကြာလေး၏ မျက်လုံးများက မလုံမလဲဖြစ်နေပြီး သူမကိုယ်သူမ အပြစ်တင်နေကာ ပြောနေရင်းနှင့် ခေါင်းငိုက်စိုက်ကျနေ၏။
“ငါက နန်းကြည်နဲ့ အတူ မတိုက်ခိုက်ခဲ့တဲ့အတွက် သွေးကြောင်ခဲ့တယ်ဆိုတာ ငါ့ကိုယ်ငါ သိပါတယ်.. ဒါပေမယ့် အဲ့လူတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ.. ငါ့မှာ တစ်ကယ်ကို ဘာသတ္တိမှ မရှိတော့ဘူး”
“အဲ့ချိန် ကျမစိတ်ထဲ ဝင်ရောက်လာတဲ့ တစ်ခုထဲသော အတွေးက လွတ်မြောက်အောင် အသည်းအသန် ထွက်ပြေးပြီးမှ ရှင့်ကို ရှာပြီး ဒီအကြောင်းတွေ ပြန်ပြောပြဖို့ပဲ.. ဒါပေမယ့် ကျမ ထွက်ပြေးလာပြီး သိပ်မကြာခင်မှာပဲ သက်တံဝံပုလွေပင့်ကူတွေရဲ့ လက်ထဲကို ရောက်သွားရတာပဲ”
စိတ်ဝိညာဉ်ကျားက ကပျာကယာ ဝင်ရောက်နှစ်သိမ့်လိုက်၏။
“အဲ့ဒါက နင့်အမှား မဟုတ်ပါဘူး.. နင်မှ သူတို့ကို မနိုင်,နိုင်တာ.. ငါသာ နင့်နေရာမှာဆိုလဲ ထွက်ပြေးမှာပဲ”
ဆူဇီမိုသည် ကြိုးကြာလေး၏ ကျောကို လက်ဖြင့် ပုတ်လိုက်၏။
“မင်းက မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပဲ.. မင်းသာ ခေါင်းမာပြီး အဲ့လူတွေကို ဆက်ပြီးတိုက်ခိုက်ခဲ့ရင် မင်းအသက်က အလဟဿ ဆုံးရှုံးသွားရလိမ့်မယ်”
“နောက်ပြီး မင်းထွက်ပြေးလာတာ ကံကောင်းတယ်.. မဟုတ်ရင် မင်းတို့ ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့ သိရမှာ မဟုတ်ဘူး”
ကြိုးကြာလေး၏ အမူအယာက အနည်းငယ် စိတ်သက်သာရာ ရသွား၏။
ခဏမျှ အသံတိတ်နေပြီးနောက် ဆူဇီမိုက မေးလိုက်၏။
“သူတို့က နန်းကြည်ကို ထိခိုက်အောင် လုပ်တာလား”
“ဟင့်အင်း”
ကြိုးကြာလေးက ခေါင်းခါလိုက်၏။
“သူတို့ရဲ့ခေါင်းဆောင်က နန်းကြည်ကို အရှင်ဖမ်းချင်ရုံပဲ.. သူပြောလိုက်တာ ဘာလဲ.. ပြန်ရောက်မှ အကြီးအကဲတွေကို အပြစ်ပေးခိုင်းရမယ်ဆိုလား.. ဒါပေမယ့် နောက်ထပ် ကျမဆက်ပြီး မကြားရတော့ဘူး”
ထိုနေရာအရောက်၌ ကြိုးကြာလေးက သက်ပြင်းထပ်ချလိုက်၏။
“ကျမ ထွက်ပြေးနိုင်ခဲ့တာလဲ သူတို့က ကျမကို လိုက်မဖမ်းနိုင်လို့ မဟုတ်ဘူး.. အဲ့ဒါ ဘာလို့လဲဆိုတော့ သူတို့က ကျမကို လုံးဝကို ဂရုမစိုက်လို့ပဲ.. သူတို့ ကျမကို ကြည့်တဲ့ အကြည့်ကို ကျမ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး.. အဲ့ဒါ သူတို့က ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေတဲ့အတိုင်းပဲ”
ပုရွက်ဆိတ်တစ်ကောင် ထွက်ပြေးလွတ်မြောက်သွားတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ..
ဆူဇီမိုက ခဏမျှ စဉ်းစားပြီးနောက် ရုတ်တရက် မေးလိုက်၏။
“သူတို့က ဘယ်လိုပုံစံမျိုးလဲ”
ကြိုးကြာလေးက ပြန်ဖြေ၏။
“သူတို့ခုနှစ်ယောက်က အရမ်းကို ရှေးကျတဲ့ အဝတ်အစားတွေနဲ့.. သူတို့အားလုံးမှာ ရွှေရောင်ဆံပင်တွေရှိတယ်.. မျက်လုံးပြာပြာ၊ နှာတံရှည်ရှည်နဲ့ အရမ်းကို ချောမောကြတယ်.. သူတို့ကို တစ်ခါမြင်လိုက်တာနဲ့ မှတ်မိဖို့ အရမ်းလွယ်တယ်”
ထိုစကားကို ကြားချိန်တွင် ဆူဇီမိုသည် ရင်ထဲမှာ ထိတ်သွား၏။
နန်းကြည်၏ သွင်ပြင်ကလည်း သူတို့နှင့် တစ်နည်းတစ်ဖုံ သွားဆင်နေလေသည်။
ဆန်းကြယ်တောင်ထွတ်တိုက်ပွဲမှာတုန်းက နန်းကြည်သည် သေရေးရှင်ရေး အခြေအနေမှာ သူမ၏ ပါရမီနှင့် ခွန်အားကို ထုတ်ပြခဲ့လေသည်။
အစက ညှိုးခြောက်နေသော သူမ၏ အဝါရောင်ဆံပင်များက ဖြောင့်စင်းသွားပြီး ရွှေရောင်အရိပ်များဖြင့် ကခုန်နေခဲ့၏။ သူမ၏ မျက်လုံးများကလည်း အပြာရောင်ဖြစ်သွားပြီး သူမ၏ အော်ရာက အနှိုင်းမဲ့ ဖြစ်လာကာ နတ်ဘုရားသက်ရှိတစ်ပါးလို ခမ်းနားထည်ဝါလာခဲ့လေသည်။
နန်းကြည်၏ နောက်ခံက သေချာပေါက် ထိုလူများနှင့် ပတ်သတ်ဆက်နွယ်နေပေလိမ့်မည်။
သို့သော်လည်း သူတို့က ဘယ်နေရာကနေ ရောက်လာသလဲဆိုတာ ဆူဇီမိုလဲ မပြောတတ်ပေ။
သူ့နှလုံးထဲမှာတော့ ဝိုးတဝါး ခန့်မှန်းချက်တစ်ခုက ရှိ၏။
“သူတို့ရဲ့ အပြုအမူကနေ အကဲဖြတ်ကြည့်ရသလောက်တော့ လောလောဆယ်မှာ နန်းကြည်က အသက်အန္တရာယ်ရှိလိမ့်မယ်လို့ ငါ မထင်ပါဘူး”
ဆူဇီမိုက စိုးရိမ်ပူပန်နေသော ကြိုးကြာလေးကိုကြည့်ပြီး ညင်သာစွာ ပြောလိုက်၏။
“မပူပါနဲ့.. အဲ့ကိစ္စ ငါ့တာဝန် ထားလိုက်”
“အင်း”
ကြိုးကြာလေးက ခေါင်းညိတ်လိုက်၏။
ရှေးဟောင်းတိုက်ပွဲမြေမှာ နန်းကြည်ကို ကယ်တင်နိုင်သော လူတစ်ယောက်ရှိမည်ဆိုလျှင် အဲ့ဒါက ဆူဇီမိုပဲ ဖြစ်ရပေမည်။
“အရင်ဆုံး ငါတို့ ဒီနေရာကနေ ထွက်ပြီး နားဖို့ တစ်နေရာရာ ရှာကြရအောင်”
မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့တို့က ဒဏ်ရာများ ရထားကြ၏။ သူတို့က ဆေးလုံးအတော်များများကို စားသုံးထားကြသော်လည်း ပကတိပြန်ကောင်းလာဖို့ကတော့ ရက်အနည်းငယ် ကြာပေလိမ့်မည်။
နောက်ထပ် ရက်အနည်းငယ်ကြာသည့်အထိ ဆူဇီမိုနှင့် အခြားသူများသည် ခရီးဆက်လက်မထွက်ဘဲ လိုဏ်ဂူတစ်ခုမှာ နားနေခဲ့ကြ၏။
သူတို့ ရှေးဟောင်းတိုက်ပွဲမြေသို့ ရောက်လာခဲ့သည်က တစ်လကျော်သာ ရှိသေးလေသည်။
ကြွယ်ဝသော စိတ်ဝိညာဉ်ချီများနှင့် သူတို့တိုက်ခိုက်ခဲ့ကြရသော မဟာတိုက်ပွဲများက ဆူဇီမို၏ ရွှေအမြုတေအဆင့်ကို နှိုးဆွလာခဲ့၏။ နောက်ဆုံးမှာ သူသည် အဆင့်သေးတစ်ခု ချိုးဖျက်တက်လှမ်းဖို့ အခွင့်အရေးတစ်ခုကို အာရုံခံမိလာ၏။
သူ့ဒါန်ထျန်ထဲမှာ အသောကပန်း၏ အထက်၌ ရွှေအမြုတေတစ်ခုက တဖျတ်ဖျတ်တလက်လက်နှင့် ဖြည်းဖြည်းချင်း လည်ပတ်လာ၏။
သူ့ရွှေအမြုတေ၏ အော်ရာက အနည်းငယ် ရှုပ်ထွေးနေ၏။
အဲ့ဒီမှာ အင်မော်တယ်အော်ရာအပြင်.. မိစ္ဆာအော်ရာပါ ရောစွက်နေ၏။
ထိုအော်ရာနှစ်ခုက တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်သဘောဟု ယူဆလို့ရ၏။ သို့သော်လည်း ရွှေအမြုတေထဲမှာ ဗုဒ္ဓဂိုဏ်းများမှ အော်ရာတစ်မျိုးက ထပ်ရှိနေပြန်ပြီး အဲ့ဒါက အင်မော်တယ်အော်ရာနှင့် မိစ္ဆာအော်ရာကို လိုက်ဖက်ညီစွာ ပေါင်းစပ်နိုင်အောင် ထောက်ပံ့ပေးထားလေသည်။
ဆူဇီမိုသည် တင်ပျဉ်ခွေထိုင်၍ သူ့မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူ၏ အနက်ရောင်ဆံပင်များက သူ့ဘာသာသူ ကခုန်နေ၏။
ဘယ်ဘက်မှာ ရေခိုးများက မြင့်တက်လာပြီး နတ်လိပ်တစ်ကောင်၏ ပုံရိပ်က ပေါ်လာလေသည်။
ညာဘက်မှာတော့ မီးတောက်များက ကခုန်နေပြီး မိုးပျံမြွေနဂါး၏ ပုံရိပ်က ဆင်းသက်လာလေသည်။
တဖြည်းဖြည်း.. အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမို၏ ကိုယ်တွင်းရှိ အော်ရာက သိပ်သည်းစုဖွဲ့လာ၏။
ဤတိုင်း ဆက်သွားနေပြီး... မီးနှင့်ရေက ရောနှောကာ လိပ်နှင့်မြွေက ပေါင်းစပ်သွားကြ၏။
လေဟာနယ်တစ်ခုလုံးက ခဏမျှ တုန်ခါသွားလေသည်။
ဆူဇီမို၏ ကိုယ်တွင်းမှ ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခုက ဖြာထွက်လာပြီး ဝဲဂယက်တစ်ခုကဲ့သို့.. ကျယ်ပြန့်သွားသော တွင်းဝိုင်းတစ်ခုလို ဖြန့်ကျက်သွား၏။
မျောက်နှင့် အခြားသူများသည် ထိတ်လန့်သွားကြပြီး အပြင်ဘက်သို့ ပြေးထွက်ကာ လိုဏ်ဂူဝင်ပေါက်ဝကနေ စောင့်ကြည့်နေကြ၏။
ဝဲဂယက် ဖြန့်ကျက်သွားရာ နေရာတိုင်းမှာ ကျောက်တုံးများနှင့် သဲများက ဘာမှ မကျန်အောင် ကြေမှုန့်သွား၏။
လိုဏ်ဂူတစ်ခုလုံးကို ထက်ရှသော ဓါးတစ်လက်ဖြင့် လှီးဖြတ်ချလိုက်သလိုပင်။
ဘန်း.. ဘုန်း.. ဘုန်း..
တောင်တန်းများက တုန်ခါသွားကြ၏။
တောင်တန်းများက တုန်ခါသွားပြီး မြေပြင်က ကြေမှုန့်သွား၏။
ဝုန်း..
ဆူဇီမို၏ ကိုယ်တွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ထွက်လာသည်ဟု ထင်ရလေသည်။
ဆူဇီမိုသည် သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး ခါးကိုမတ်ကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။
သူ၏ ဟိန်းဟောက်သံက သတ္တုများနှင့် ကျောက်သားများကို ဖြတ်၍ ပဲ့တင်ထပ်သွား၏။
မျောက်နှင့် အခြားသူများ၏ ရှေ့မှောက်မှာပင် ဆူဇီမို၏ ပါးစပ်ထဲမှ လေစီးကြောင်းတစ်ခုက ထွက်လာပြီး ဓါးပျံတစ်လက်လို အထက်မျက်နှာကျက်ဆီသို့ ပစ်ဝင်သွား၏။
သူ၏ ထွက်သက်ကတောင် ဓါးတစ်လက်နှင့် တူလာ၏။
ထိုအဆင့်က ရွှေအမြုတေတစ်ယောက်၏ အကန့်အသတ်ထက်ကို ကျော်လွန်နေလေပြီ။
အောင်မြင်ပြီ..
ဆူဇီမိုက ပကတိရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားလေပြီ။
နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းနိုင်လျှင် သူသည် နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး ဒဏ္ဍာရီလာ အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံကာ ဓမ္မစွမ်းအားများကို ထိန်းချုပ်နိုင်တော့မည် ဖြစ်လေသည်။
သူ၏ ကျင့်ကြံမှု အမြန်နှုန်းက အကောင်းဆုံးဟုတော့ ပြောလို့ မရပေ။
သို့သော်လည်း သူက အင်မော်တယ်နှင့် သားရဲကျင့်ကြံခြင်း နှစ်ခုစလုံးကို လျှောက်လှမ်း၍ ဤအဆင့်ထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သောကြောင့် အဲ့ဒါက တစ်ကယ့်ကို ရှားရှားပါးပါးဟု ဆိုရပေမည်။
ဆူဇီမို၏ ရွှေအမြုတေက တဖြည်းဖြည်း အရောင်ဖျော့ကျသွား၏။ သူသည် သူ့အော်ရာကို ပြန်ထိန်းချုုပ်လိုက်သည့်အတွက် လိုဏ်ဂူက ပြန်လည်တည်ငြိမ်အေးချမ်းသွားလေသည်။
မျောက်နှင့် အခြားသူများသည်လည်း ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့၏ ကျင့်ကြံမှုအဆင့်များကို ချိုးဖျက်တက်လှမ်းခဲ့ကြပြီး အားလုံးလိုလိုက ပကတိအတွင်းအမြုတေအဆင့်မှာ ရှိနေကြလေပြီ။
ကြိုးကြာလေးကတော့ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့၏။
အဲ့ဒါက နန်းကြည်အပေါ် စိုးရိမ်စိတ်သက်သက်ကြောင့် မဟုတ်ဘဲ.. အဲ့ဒါထက် သူမအဖေ ကွယ်လွန်သွားသည်ဆိုသော သတင်းကြောင့်လည်း ဖြစ်လေသည်။
ဆူဇီမိုသည် သူမ၏ စိတ်ခံစားချက်များကို စာနာမိလေသည်။
စိတ်ဝိညာဉ်ကျားက နေ့နေ့ညည ကြိုးကြာလေးကို အဖော်ပြုပေးပြီး သူမ ရွှင်ပျတက်ကြွလာစေ၍ အကောင်းဆုံး ကြိုးစားပေးခဲ့၏။ သို့သော်လည်း အချည်းနှီးပင်။
ဤနေ့မှာတော့ စိတ်ဝိညာဉ်ကျားသည် တစ်ခုခုကို တွေးမိသွားပုံရပြီး အားလုံး၏ ရှေ့သို့ စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှားရောက်ချလာပြီး အော်ပြောလိုက်၏။
“ဟေး ဟေး.. ဒီမှာ.. ငါ့မှာ အကြံပြုစရာ တစ်ခု ရှိတယ်...”
ခဏမျှ ရပ်တန့်ပြီးနောက် စိတ်ဝိညာဉ်ကျားက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တည်တံ့စွာဖြင့် ပြောလိုက်၏။
“ငါတို့တွေ သွေးသောက်ညီကိုမောင်နှမ ဖွဲ့ကြရအောင်”
“သွေးသောက်ညီကိုမောင်နှမတွေလား”
မျောက်၏ မျက်လုံးက ဝင်းလက်သွား၏။
သူတို့အုပ်စုသည် အစကတည်းက အလွန်တရာ ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး ရှိကြလေသည်။
ရွှေခြင်္သေ့နှင့် မြေခွေးလေးက နောက်ပိုင်းမှ ဝင်ရောက်လာကြသော်လည်း သူတို့နှစ်ယောက်သည် သူတို့အုပ်စုထဲမှာ တစ်သားတည်းကျကာ ရောနှောပျော်ဝင်သွားပြီ ဖြစ်လေသည်။
ဒါ့အပြင် မြေခွေးလေးဖြစ်စေ၊ ရွှေခြင်္သေ့ဖြစ်စေ.. သူတို့နှစ်ယောက်စလုံးသည် ရှေးဟောင်းမြို့တော်က တိုက်ပွဲပြီးနောက် လူတိုင်း၏ အသိအမှတ်ပြုမှုကို ရရှိထားပြီဖြစ်၏။
ရွှေခြင်္သေ့ကတော့ အတော်လေး နှစ်ခြိုက်ကျေနပ်သွား၏။
မြေခွေးလေးကလည်း ငြင်းပယ်စရာ အကြောင်းမရှိပေ။
သွေးသောက်ညီကိုမောင်နှမဖွဲ့လိုက်ခြင်းဖြင့် သူမက ဆူဇီမိုနောက်သို့ လိုက်ဖို့ ပိုလို့တောင် ကျိုးကြောင်းဆီလျော်သွားမည် ဖြစ်လေသည်။
ထိုစကားကို ကြားသောအခါ ကြိုးကြာလေးသည် အနည်းငယ် ရွှင်လန်းသွားပြီး မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် အခြားသူများအပေါ် သူမ၏ အကြည့်က အနည်းငယ်ပို၍ အသက်ဝင်လာလေသည်။
ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
စိတ်ဝိညာဉ်ကျားက အရိုင်းဆန်၍ တဲ့တိုးဆန်သည်ဟု ထင်ရသော်လည်း ဒီတစ်ခါ သူ၏ အကြံပြုချက်က မဆိုးလှပေ။
ကြိုးကြာလေး စိတ်သောကများနေရခြင်းမှာ သူမ၏ ဆွေမျိုးရင်းချာ သေဆုံးမှု သတင်းကြောင့် ဖြစ်လေသည်။ သိုသော် သူတို့သည် သွေးသောက်ညီကိုမောင်နှမ ဖွဲ့လိုက်သည့်အခါ သူမှာ နောက်ထပ် ဆွေမျိုးတွေ ထပ်ရှိလာပေလိမ့်မည်။
ခဏမျှ စဉ်းစားတွေးတောပြီးနောက် မျောက်က ဆူဇီမိုကိုကြည့်ပြီး အနည်းငယ်တုံ့ဆိုင်းကာ ပြောလိုက်၏။
“မင်း မပါရင် မပါနဲ့.. ဘာပဲပြောပြော မင်းက လူသားတစ်ယောက်ပဲ.. မင်းသာ ငါတို့နဲ့ သွေးသောက်ညီကိုမောင်နှမဖွဲ့ရင် နောက်အနာဂတ်မှာ မင်းက သေချာကပေါက် ပြဿနာတက်လိမ့်မယ်”
“ဟဟဟားဟား”
ဆူဇီမိုက ဟားတိုက်ရယ်ချလိုက်၏။
“မျောက်.. ငါက အဲ့လို သူရဲဘောကြောင်တဲ့ပုံ ပေါက်နေလို့လား.. ငါက လူသားဆိုတာ မှန်တယ်.. ဒါပေမယ့် ငါက မင်းတို့နဲ့ ညီကိုမောင်နှမဖွဲ့မှာပဲ.. ဘယ်လို ပြဿနာပဲဖြစ်ဖြစ်.. ငါအဲ့ဒါကို ခံယူနိုင်တယ်”
“ကောင်းပြီလေ.. အဲ့ဒါဆိုလဲ လုပ်လိုက်ကြတာပေါ့”
မျောက်ကလည်း စိတ်အားတက်ကြွသွား၏။
“ဒီလိုမှပေါ့”
စိတ်ဝိညာဉ်ကျားကလည်း ရွှင်ပျသွား၏။
ထိုအချိန်၌ ဘယ်သူမှ မသိလိုက်ကြသည်မှာ.. ရှေးဟောင်းတိုက်ပွဲမြေ၏ ထောင့်တစ်နေရာမှာ ဒီတိုင်း သာမန်ကာလျှံကာပုံစံဖြင့် ပြုလုပ်ခဲ့သော သွေးသောက်ညီမောင်နှမဖွဲ့သည့် အခမ်းအနားပွဲလေးက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နောက်အနာဂတ် အခြေအနေကို အတိုင်းအတာ တစ်ခုထိ သက်ရောက်ပုံဖော် ပြဋ္ဌာန်းစေခဲ့သည်ဆိုတာကိုပင်။