ညီကိုမောင်နှမခုနှစ်ယောက်
Vol. 45 Ch. 675
မျောက်ပြောခဲ့သလိုပင်.. ဆူဇီမိုသည် သူတို့နှင့် သွေးသောက်ညီကို ဖွဲ့ပြီးခဲ့လျှင် နောင်တစ်ချိန် ထိုကိစ္စနှင့် ပတ်သတ်၍ ရှင်းပြနိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုက ဂရုမစိုက်ပေ။
သူကျင့်ကြံရသည့် အကြောင်းပြချက်ကိုက သူလုပ်ချင်တာကို လုပ်နိုင်ဖို့ ဖြစ်လေသည်။ ကျင့်ဝတ်တရားတွေ၊ စည်းမျဉ်းစည်းကမ်းတွေနှင့် ချုပ်နှောင်ထားရသည့် ဘဝကို သူ မလိုချင်ပေ။ အင်မော်တယ်တွေ၊ မိစ္ဆာတွေလဲ သူခွဲခြား မနေချင်ပေ။
သူသာ တာအိုတစ်ခုကို ထူထောင်ချင်သည်ဆိုလျှင် စည်းမျဉ်းစည်းကမ်းတွေ၏ ချုပ်နှောင်မှုကနေ ဖောက်ထွက်နိုင်သည့် ရဲတင်းမောက်မာမှုကို ပိုင်ဆိုင်ထားရပေမည်။
စိတ်ဝိညာဉ်ကျားက ပြောလိုက်၏။
“သူက လောလောဆယ် ငါတို့နဲ့ ဒီနေရာမှာ အတူမရှိပေမယ့်လို့လဲ.. သူ့ကို့ပါ ငါတို့ ထည့်ပြီးစဉ်းစားရလိမ့်မယ်”
ကြိုးကြာလေးက မေးလိုက်၏။
“ညဝိညာဉ်လေး.. ဟုတ်တယ်မလား”
စိတ်ဝိညာဉ်ကျားက ကပျာကယာ ခေါင်းညိတ်၍ သူ့အမြီကိုနှန့်ရင်း ချီးကျူးလိုက်၏။
“ကြိုးကြာလေး နင်က တော်တော် ဉာဏ်ကောင်းတာပဲ”
ကြိုးကြာလေးက အနည်းငယ် ရှက်သွားပြီး သူမ၏ ခြေထောက်ကို မြှောက်ကာ စိတ်ဝိညာဉ်ကျားကို လှမ်းကန်လိုက်၏။
“ငါ့အတွင်းအမြုတေကို ဖွဲ့တည်ပြီးတဲ့နောက်မှာ ငါ့အမေက ငါ့ကို နာမည်တစ်ခု ပေးထားတယ်.. ငါနာမည်က ချင်ချင်”
မြေခွေးလေးက နာခံစွာဖြင့် ခေါ်လိုက်၏။
“မမချင်ချင်”
“အွန်း”
ချင်ချင်က ခေါင်းညိတ်၍ မြေခွေးလေးကို ပွေ့ဖက်လိုက်၏။
သူတို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်ကမှ တွေ့ဆုံမိကြခြင်း ဖြစ်သော်လည်း ယခုအခါ ညီအစ်မကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ရင်းနှီးနေကြပြီဖြစ်၏။
“ညဝိညာဉ်လေးက ဘယ်သူလဲဟင်”
မြေခွေးလေးက သိချင်မိသွား၏။
ဆူဇီမိုသည် ပြန်လည်ခံစားတွေးတော၍ ဝမ်းနည်းသံစွက်ကာ ပြန်ဖြေလိုက်၏။
“အဲ့ဒါ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်.. ကန်းလန်ရိုးမမှာတုန်းက ငါကောက်ယူ မွေးစားခဲ့တဲ့ တောကောင်လေးပေါ့.. အခုလောက်ဆို သူတော်တော်တောင် ကြီးနေလောက်ရောမယ်”
ညဝိညာဉ်အကြောင်း ပြောချိန်တွင် မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့သည် စိုးရိပ်ပူပန်သည့်ပုံ ပေါ်လာကြ၏။
ဘာပဲပြောပြော သူတို့သည် ဆန်းကြယ်တောင်ထွတ်မှာတုန်းက ညဝိညာဉ်လေး ပေါက်ဖွား၍ ကြီးပြင်းလာသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြရ၏။
ညဝိညာဉ်က အစားအသောက် ကြေးများပြီး သာမန်သားရဲတောကောင်များ၏ အသားကို လုံးဝ မထိပေ။
ညဝိညာဉ်ကို ကျွေးမွေးဖို့အတွက် မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့သည် တောတွင်းမှာ အမဲလိုက်တိုက်ခိုက်ကြရပြီး.. ညဝိညာဉ် မြည်းစမ်းနိုင်မည့် အသားကို ရရှိဖို့အတွက် သူတို့၏ ကိုယ်မှာ ဒဏ်ရာများက ဗရပွ ရရှိခဲ့ကြလေသည်။
သို့သော် အဲ့ဒါက ထိုက်တန်သည်ဟု သူတို့က ခံယူခဲ့ကြ၏။
ညဝိညာဉ်သည် မွေးဖွားလာကတည်းက လိမ်မာယဉ်ကျေးပြီး သူ့အပေါ် ကောင်းသည့်သူများကို သိလေသည်။
သူ့အစွယ်များနှင့် လက်သည်းများက အလွန်တရာ ထက်ရှသော်လည်း သူက မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့ကို ဘယ်တော့မှ ရန်မလုပ်ပေ။
“အဲ့ကလေးကို ငါ မမြင်ရတာ တော်တော်တောင် ကြာခဲ့ပြီ.. သူကောင်းကောင်း ကြီးထွားလာရဲ့လား ငါသိချင်လိုက်တာ.. သူ ငါ့တို့ကိုရော မှတ်မိသေးရဲ့လား” မျောက်ထံမှ ရှားရှားပါးပါး စိတ်ခံစားချက်ကို မြင်တွေ့လိုက်ရ၏။
တန်လင်းတောင်ကြားတိုက်ပွဲကစ၍ ဆူဇီမိုနှင့် ညဝိညာဉ်သည် အဝေးသို့ ထွက်ပြေးခဲ့ရပြီး မဟာကျိုးမြို့တော်သို့ရောက်ရှိသွားကာ.. ထိုအချိန်မှစ၍ မျောက်နှင့် အခြားသူများက ညဝိညာဉ်ကို မတွေ့ကြရတော့ပေ။
တစ်ခဏအတွင်း နှစ်ပေါင်း ၂၀ ကျော်က ကုန်ဆုံးသွားခဲ့လေပြီ။
ဆူဇီမိုက အဝေးတစ်နေရာသို့ ငေးကြည့်ပြီး ရေရွတ်လိုက်၏။
“ပြီးခဲ့တဲ့ နှစ် ၂၀လောက်က.. ညဝိညာဉ်က ရှောင်းနင်နဲ့အတူတူ အလယ်ပိုင်းတိုက်က ယန်ဆေးဂိုဏ်းကို လိုက်သွားခဲ့တယ်.. ဒီတစ်ခေါက် ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာ ငါတို့ ပြန်တွေ့နိုင်ဦးမလား သိချင်လိုက်တာ”
“ငါတို့အဖွဲ့ထဲမှာ ညဝိညာဉ်ပါလာလို့ ကိစ္စ မရှိကြဘူးနော်.. ဟုတ်တယ်မလား”
မျောက်နှင့် ချင်ချင်က ခေါင်းညိတ်လိုက်ကြ၏။
မြေခွေးလေးကလည်း အဲ့ဒါကို ငြင်းပယ်စရာ အကြောင်းမရှိပေ။ သူမက ဆူဇီမိုနဲ့အတူ လိုက်နေရသရွေ့ ကျန်သာ အဆင်ပြေလေသည်။
ရွှေခြင်္သေ့က ညဝိညာဉ်ကို မသိသည့်အတွက် အနည်းငယ် တွေဝေသွား၏။ သို့သော်လည်း အားလုံးက သဘောတူနေမှတော့ သူကလည်း ပုခုံးတွန့်ကာ အဆင်ပြေကြောင်း ပြသလိုက်၏။
စိတ်ဝိညာဉ်ကျားက အားလုံးကို ဝေ့ကြည့်ပြီး ချောင်းဟန့်လိုက်၏။
“ကဲ ငါတို့က သွေးသောက်ညီကိုမောင်နှမဖွဲ့ပြီဆိုတော့.. စီနီယာကျမှုနဲ့ ပတ်သတ်ပြီး စကားပြောရတော့မယ်.. ငါ တစ်ခါထဲ ရှင်းအောင် ပြောထားမယ်နော်.. နောက်ကျရင် ငါတို့ အဲ့ဒါကို ပြန်ပြောင်းလို့ မရတော့ဘူး.. ဟုတ်ပြီနော်”
စိတ်ဝိညာဉ်ကျား၏ စိတ်ဆန္ဒကို သဘောပေါက်ပြီး မျောက်က အေးစက်စက် သရော်ရယ်လိုက်၏။
“ဘာလို့လဲ.. မင်းက ခေါင်းဆောင် လုပ်ချင်လို့လား”
“မ-မဟုတ်ရပါဘူး”
စိတ်ဝိညာဉ်ကျားက ဆတ်ကနဲ တုန်ယင်သွားပြီး ချက်ချင်း လက်ကာပြကာ ရှက်ကိုးရှက်ကန်းနှင့် ပြုံးလိုက်၏။
“မဟုတ်တာ.. အဲ့နည်းလမ်းကို ငါစဉ်းစားမိရင်တောင် ငါ့မှာ အဲ့လောက် သတ္တိမရှိပါဘူး.. ဟဲဟဲ”
သူတို့မှာ ညဝိညာဉ်အပါ စုစုပေါင်း ခုနှစ်ယောက်ရှိပြီး သားရဲများရော လူသားပါ ရောထွေးနေ၏။ အသက်အရွယ်ပေါ် မူတည်ပြီး ဆုံးဖြတ်မည်ဆိုလျှင် အကုန် ရှုပ်ကုန်ပေလိမ့်မည်။
“နင့်စိတ်ထဲမှာ ဘယ်လို စဉ်းစားထားလဲ.. မြန်မြန် ပြောစမ်း” ချင်ချင်က သူမ၏ ခြေထောက်ကို ဆန့်ပြီး စိတ်ဝိညာဉ်ကျားကို ထပ်ကန်လိုက်၏။
စိတ်ဝိညာဉ်ကျားက စိတ်တိုဒေါသထွက်ခြင်း မရှိပေ။ ထို့အစားက သူက အနည်းငယ် စိတ်လှုပ်ရှားမှုဖြင့် ပျော်ရွှင်တက်ကြွစွာ ပြောလိုက်၏။
“ဒီနေ့ ငါတို့အားလုံး ဒီနေရာမှာ ရှိနေကြရတဲ့ အကြောင်းရင်းက ဆူဇီမိုပဲ.. သူကပဲ အစ်ကိုကြီးဖြစ်ဖို့ သင့်လျော်တယ်.. နောက်ပြီး သူက ငါတို့ထဲမှာ အသန်မာဆုံးဆိုတာလဲ ဘယ်သူမှ ငြင်းလို့ မရဘူး”
လူတိုင်းခေါင်းညိတ်လိုက်ကြ၏။
မျောက်ကလည်း မကန့်ကွက်ပေ။
သူက မာနကြီးသော သဘာဝရှိပြီး သူ့အထက်မှာ ဆူဇီမိုပဲ ရှိနေတာကိုတော့ ကန့်ကွက်မည် မဟုတ်ပေ။
ဆူဇီမိုက ဝင်မပြောဘဲ တည်ငြိမ်စွာ ပြုံးနေပြီး စိတ်ဝိညာဉ်ကျား ဘယ်လိုစီစဉ်မလဲ ဆိုတာကိုသာ စောင့်နားထောင်နေ၏။
စိတ်ဝိညာဉ်ကျားက တက်ကြွလာပြီး သူ့အမြီးကိုနှန့်ရင်း မျောက်ကို အထာပါပါ ပြုံးကြည့်နေ၏။
“ငါ့ရဲ့ အစ်ကိုမျောက်ကတော့ ဒုတိယပေါ့”
“ပထမတစ်ချက်အနေနဲ့ အစ်ကိုမျောက်က ငါတို့ရဲ့ အစ်ကိုကြီးနဲ့ အရင်ဆုံး ဆုံတွေ့ခဲ့သူဖြစ်ပြီး အတွေ့အကြုံလဲ အရှိဆုံးဖြစ်တယ်.. ဒုတိယအချက်အနေနဲ့ အစ်ကိုကြီးပြီးရင် အစ်ကိုမျောက်က တိုက်ခိုက်ရည်မှာ အသန်မာဆုံးလဲ ဖြစ်တယ်”
စိတ်ဝိညာဉ်ကျား၏ ရှင်းလင်းချက်မှာ မျောက်သည် ကျေနပ်သွားပြီး သွားဖြီးနေ၏။
ချင်ချင်၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့ကလည်း ကန့်ကွက်စရာ အကြောင်းမရှိပေ။
တစ်ကယ်တော့ စိတ်ဝိညာဉ်ကျားက ဒုတိယနေရာကို ယူချင်မိ၏။
သို့သော်လည်း ထိုနေရာကို သူယူလျှင် မျောက်၏ ညှင်းပန်းနှိပ်စက်ခြင်းကို သူခံရပေတော့မည်။ ထိုသို့ဖြင့် သူက အဲ့ဒါကို ပယ်ချလိုက်လေသည်။
စိတ်ဝိညာဉ်ကျားက အသက်ပြင်းပြင်းတစ်ချက်ရှိုုက်၍ သူ့လည်ချောင်းကို ရှင်းပြီး တည်တံ့သော အမူအယာဖြင့် လေးနက်စွာ ပြောလိုက်၏။
“ဟူပါးထျန်ကတော့ တတိယဖြစ်သင့်တယ်လို့ ငါထင်တယ်”
“ငါက အစ်ကိုကြီးနဲ့ သိတာ ကြာပြီလေ.. ပြီးတော့ ငါက သန်လဲသန်မာတယ်မလား”
စိတ်ဝိညာဉ်ကျားက သူ့ရင်ဘတ်ကိုပုတ်ပြီး အားပါးတရ ကြေညာလိုက်၏။
အဲ့ဒါက သူ့ရဲ့ တစ်ကယ့်စိတ်ဆန္ဒပင်။
ဤနေရာကသာ အထိုင်ကျသွားလျှင် နောက်အနာဂတ်မှာ သူက လူတိုင်းကို ပေါ်တင် အနိုင်ကျင့်လို့ ရပေပြီ။
သူက ချင်ချင်ကိုတော့ သေချာပေါက် အနိုင်ကျင့်မှာ မဟုတ်ပေ။
မြေခွေးလေးက ဆူဇီမို၏ ကာကွယ်မှုအောက်မှာ ရှိနေသည့်အတွက် သူမကိုလည်း သူသွားထိလို့ မရနိုင်ပေ။
အဲ့ဒီမှာ ညဝိညာဉ်တော့ရှိ၏။ သို့သော် .. အဲ့အကြောင်းကို လောလောဆယ် မေ့ထားတာက ပိုကောင်းလေသည်။
ထိုသို့ဖြင့် ရွှေခြင်္သေ့တစ်ကောင်သာလျှင် ကျန်တော့လေသည်။
စိတ်ဝိညာဉ်ကျားက ရွှေခြင်္သေ့ကို စိုက်ကြည့်ပြီး မကောင်းဆိုးဝါးဆန်ဆန် လှောင်ပြုံးလိုက်၏။
ပြီးခဲ့သည့် ရက်အနည်းငယ်က သူတို့နှစ်ယောက်သည် မွေးဝါကနေ ရွှေဝါဟူသော အမည်ကို ပြောင်းခေါ်ဖို့အရေး အတိုက်အခံ ငြင်းခုန်ခဲ့ကြ၏။
အနည်းဆုံးတော့ ရွှေဟူသော စကားလုံးက ရွှေခြင်္သေ့ဟူသော သူတို့မျိုးဆက်သွေးနှင့် ကိုက်ညီမှုရှိသည်ဟု ရွှေခြင်္သေ့က ယူဆခဲ့လေသည်။
စိတ်ဝိညာဉ်ကျား၏ စီစဉ်မှုအရ ချင်ချင်က နံပါတ်လေး ဖြစ်လာ၏။
ပထမဆုံးလေးနေရာနဲ့ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာ မရှိကြပေ။
နံပါတ်ငါးနေရာသို့ ရောက်လာ၏။
စိတ်ဝိညာဉ်ကျား၏ စီစဉ်မှုအရ ညဝိညာဉ်က နံပါတ်ငါး ဖြစ်ရပေမည်။
ဘာပဲပြောပြော မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ချင်ချင်တို့ပြီးလျှင် ညဝိညာဉ်က ဆူဇီမိုနှင့် အရင်ဆုံး သိကျွမ်းခဲ့လေသည်။
သို့သော်လည်း ရွှေခြင်္သေ့က ညဝိညာဉ်ကို လုံးဝ မသိပေ။
သူတောင် တစ်ခါမှ မမြင်ဖူးသည့် တောကောင်လေးက သူ့ရှေ့မှာ ရောက်သွား၍ သူက သေချာပေါက် မချင့်မရဲ ဖြစ်နေပေလိမ့်မည်။
သူက ကန့်ကွက်လိုက်၏။
သို့သော်လည်း ချက်ချင်းပင် မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ချင်ချင်တို့က သူ့ကို အညှတာမဲ့စွာ ဖိနှိမ်လိုက်ကြ၏။
သူ့ကန့်ကွက်ချက်က အချည်းနှီးသာ။
မြေခွေးလေးက နံပါတ်ခြောက်ကို ရယူသွားပြန်၏။
ရွှေခြင်္သေ့သည် မျက်ရည်အဝိုင်းသားနှင့် ထောင့်တစ်ထောင့်မှာ သွားပုန်းပြီး သူ့မျက်နှာမှာ ရိုက်ချက်အနည်းငယ်နှင့် သူ့ကိုယ်ပေါ်မှာ ခြေရာအနည်းငယ်က ပေါ်လာ၏။ သူ့မျက်နှာက သုန်မှုန်ပူဆွေးနေပြီး စကားပြောနိုင်ခြင်း မရှိတော့ပေ။
စိတ်ဝိညာဉ်ကျားက ရွှေခြင်္သေ့ကိုကြည့်ပြီး ရယ်မောလိုက်၏။
“ရွှေဝါ.. မင်း နံပါတ်ခွန် ဖြစ်ရတာ ပျော်ရဲ့မလား”
ရွှေခြင်္သေ့သည် ဒေါသခြောင်းခြောင်းထွက်ကာ စိတ်ဝိညာဉ်ကျား၏ အူမြူးနေသော မျက်နှာကို စိုက်ကြည့်လိုက်၏။
မျောက်ကလည်း ကျီစယ်လိုက်၏။
“အဆင်ပြေပါတယ် ရွှေဝါရယ်.. နောက်ပိုင်း ငါတို့အဖွဲ့ထဲကို ဝင်တဲ့သူရှိလာရင် သူတို့က မင်းနောက်မှာ နေရာယူရပါလိမ့်မယ်”
“အစ်ကိုရွှေဝါ.. ကျမက ရှင့်ရှေ့မှာ ဆိုပေမယ့်လဲ.. ကျမ ရှင့်ကို အနိုင်မကျင့်ပါဘူး” မြေခွေးလေးက အတည်ပေါက်နှင့် ပြောလိုက်၏။
ရွှေခြင်္သေ့က ငိုချင်လာလေသည်။
မျှမျှတတပြောရလျှင်.. တစ်ကယ်တမ်းမှာလည်း သူသည် သူ့ရှေ့က လူများကို သွားရှုပ်လို့ မရပေ။
မြေခွေးလေးက အားအနည်းဆုံး ဖြစ်သော်လည်း သူမက ဆူဇီမို၏ ကာကွယ်မှုအောက်မှာ ရှိ၏။
အဲ့ဒီမှာ သူတွေးကြည့်လေလေ.. မချင့်မရဲဖြစ်ရသောလူ တစ်ယောက်သာလျှင် ရှိ၏။
“အဲ့ဒီညဝိညာဉ်က ဘယ်သူလဲဆိုတာ ငါ မသိဘူး.. ဒါပေမယ့် မင်း ငါနဲ့ ဝေးဝေးနေနိုင်ရင် ကောင်းလိမ့်မယ်ပေါ့ကွာ.. မဟုတ်ရင်တော့ မင်းကို ငါ သင်ခန်းစာကောင်းကောင်းပေးပြီး မင်းရဲ့ နံပါတ်ငါးနေရာကို ရအောင်ယူပြမယ်.. ကောင်လေး”
“နာမည်မရှိတဲ့ တောကောင်လေးက ဘယ်လိုဖြစ်လို့ ငါခေါင်းပေါ် တက်လာရဲတာလဲကွ.. ဟမ့်”
ရွှေခြင်္သေ့က သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်၍ စိတ်ထဲကနေ ကြိမ်းဝါးနေလေသည်။