။ ထပ်ဖန်ထပ်ခါ အရှက်ရခြင်း။
Vol. 14 Ch. 190
ကွေ့ဖုန်းတို့ငါးယောက်သည် အလွန်အမင်းသနားစဖွယ်ကောင်းနေသော်လည်း အမှန်တကယ်တွင်တော့ ကွမ်ယုနှင့်ရှန်းဝမ်စန်းတို့၏တိုက်ကွက်က သူတို့ကို အနည်းအကျဉ်းသာ ထိခိုက်ဒဏ်ရာရသွားစေခဲ့သည်။
သူတို့၏ခွန်အားများကို ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်ထိတိုင် ဖိနှိပ်ခံထားရသော်လည်း တာအိုနက်နဲမှုအဆင့်ကို ရောက်ရှိနေခဲ့ပြီးဖြစ်သော သူတို့၏ခန္ဓာကိုယ်ကတော့ ဖိနှိပ်မှုများများစား မခံစားရချေ။ သူတို့၏ရုပ်ခန္ဓာများသည် အနည်းဆုံး ဆန်းကြယ်ကပ်ဘေးအဆင့်နှင့် ရင်ဆိုင်နိုင်သည်။
ကွမ်ယုနှင့် ရှန်ဝမ်စန်းတို့၏တိုက်ကွက်သည် သူတို့၏ခန္ဓာကိုယ်များကို ထိခိုက်နာကျင်အောင်လုပ်နိုင်ကတည်းက ထိုတိုက်ကွက်များက အလွန်အမင်းကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။
ဘုန်း !
" မင်းတို့တွေသေချင်နေတာပဲ ! "
အမျက်ဒေါသထွက်နေသောနတ်ဆိုးထံမှ ဟစ်ကြွေးသံကဲ့သို့သောအသံမျိုးသည် ကွေ့ဖုန်း၏ပါးစပ်မှ ထွက်ပေါ်လာသည်။ ဤအချိန်တွင် သူ၏မျက်လုံးများမှာနီရဲနေပြီး သူသည် ကမ္ဘာကြီးတစ်ခုလုံးကို မီးမြိုက်ချင်နေသည့်အလား အမျက်ဒေါသများဖြင့်ပြည့်နှက်နေပြီဖြစ်သည်။
အခြားသူလေးယောက်သည်လည်း အလွန်အမင်းဒေါသထွက်နေကြကာ သူတို့၏ခန္ဓာကိုယ်များမှာ အရိုးထိတိုင်အေးစိမ့်သော သတ်ဖြတ်ခြင်းအရှိန်အဝါများကိုထုတ်လွှတ်လျက် ဝမ်ဖုန်းနှင့်အခြားသူများကို စိုက်ကြည့်နေကြသည်။
ကွမ်ယုနှင့်အခြားသူများသည် သူတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရမသွားစေခဲ့သော်လည်း သူတို့အား ကြီးကြီးမားမားအရှက်ကွဲစေခဲ့သည်။
သူတို့လို တာအိုအဆင့်ရှိစွမ်အားရှင်များက ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်ရှိသော ပုရွတ်ဆိတ်လေးများ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ဒဏ်ရာရသွားတယ်တဲ့လား ။ ပြီးတော့ တစ္ဆေငါးကောင်လောကအား ချိတ်ပိတ်ခြင်းအစီအရင်သိုင်းကွက်ကိုထုတ်သုံးတာကိုတောင် မခုခံနိုင်ဘူးတဲ့လား။
" တစ္ဆေနတ်ဆိုးဟစ်ကြွေးသံ ! "
ကွေ့ဖုန်းသည် ဝမ်ဖုန်းနှင့်အခြားသူများကို အေးတိအေးစက်စိုက်ကြည့်လိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လျက် ဟစ်ကြွေးအော်ဟစ်လိုက်၏။ ထူးဆန်းသောအရှိန်အဝါကြီးတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပဲ ကျန်သောသူလေးယောက်သည်လည်း ကွေ့ဖုန်း၏နောက်ဘက်သို့ အလျင်အမြန်ရွေ့လျားသွားကာ မျဉ်းကြောင်းတစ်ကြောင်းကဲ့သို့ အစီအရီမတ်တပ်ရပ်လိုက်ကြသည်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် နတ်ဆိုးသံများကဲ့သို့သော ထူးဆန်းသည့်အသံမျိုးဖြင့် ဟစ်အော်နေခဲ့ကြသည်။ ထိုအသံများမှာ သာယာနာပျော်ဖွယ်ကောင်းခြင်းမရှိပဲ အလွန်အမင်းတုန်လှုပ်ခြောက်ခြားဖွယ်ကောင်း၏။
တစ္ဆေတာအိုနှင့် အသံတာအိုအားပေါင်းစပ်ခြင်း ။ ဤသည်မှာ မြောက်ပိုင်းတစ္ဆေဂိုဏ်း၏ အခြားသောပေါင်းစပ်သိုင်းကွက်တစ်ခုဖြစ်သည်။ ထိုမှော်ဆန်သောအသံက လူတို့၏စိတ်ဝိညာဉ်အား ဝါးမြိုနိုင်ပြီး ပိုမိုများပြားသောသူများ တိုက်ကွက်ဖော်ဆောင်လေလေ ၊ ထိုအသံကလည်း ပိုမိုသန်မာလာလေလေဖြစ်သည်။
မြောက်ပိုင်းတစ္ဆေဂိုဏ်းရှိ ဂိုဏ်းသားများအားလုံးစုပေါင်းပြီး ထိုသိုင်းကွက်အား အသုံးပြုလိုက်ပါက ထျန်းလန်မြောက်ပိုင်းဒေသရှိ ထိပ်တန်းဂိုဏ်းကြီးများကတောင် မြောက်ပိုင်းတစ္ဆေဂိုဏ်းကို ကြောက်ရွံ့ကြရမည်ဖြစ်သည်။
အဆိုပါနတ်ဆိုးဆန်သောဟစ်ကြွေးသံများက မရေမတွက်နိုင်သော မှုန်ဝါးဝါးပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ အဆိုပါပုံရိပ်များမှာ ဆွေးဆွေးမြေ့မြေ့အော်ဟစ်နေကြသော တစ္ဆေသရဲများ၏ပုံရိပ်များဖြစ်ကြသည်။ အဆိုပါ သရဲတစ္ဆေများက ဟစ်ကြွေးအော်ဟစ်လိုက်သည့်အခါ ကောင်းကင်နှင့်မြေပြင်အကြားရှိ ချီစွမ်းအင်များသည် စုစည်းသွားကြသည်။ တစ္ဆေသရဲများ၏အော်ဟစ်သံများသည် အလွန်အမင်းထက်မြသော ဓားများအဖြစ် ပုံစံပြောင်းသွားကြကာ လေထုတစ်ခုလုံးကို အက်ကွဲသွားစေခဲ့သည်။
အဆိုပါနတ်ဆိုးဟစ်ကြွေးသံများမှဖြစ်ပေါ်လာသောဓားများသည် ဧရာမဓားမိုးကြီးတစ်ခုကဲ့သို့ အသွင်ပြောင်းလဲသွားကာ ဝမ်ဖုန်းနှင့်အခြားသူများရှိရာသို့ သက်ဆင်းပြိုကျလာသည်။ မရေမတွက်နိုင်သော ကျဆင်းလာသည့် ဓားများ၏နောက်တွင်တော့ မရေမတွက်နိုင်သောတစ္ဆေများက ဟစ်ကြွေးနေခဲ့ကြသည်။
ဤနတ်ဆိုးဆန်သောအသံများက ကျယ်ကျယ်လောင်လောင် ဆွေးဆွေးမြေ့မြေ့ဟစ်ကျွေးလိုက်သည့်အခါ ဝမ်ဖုန်းနှင့်အခြားသူများနောက်ဘက်ရှိ လေအင်ပါယာအကြီးအကဲငါးယောက်၏နားစည်များသည် အက်ကွဲသွားကြပြီး နားအတွင်းမှ သွေးများယိုစီးထွက်လာကြသည်။ သူတို့သည် အလွန်အမင်းကြောက်လန့်သွားကြကာ ခပ်လှမ်းလှမ်းသို့ နောက်ဆုတ်လိုက်ကြသည်။
ဝမ်ဖုန်းကသာ အမျှော်အမြင်ရှိရှိဖြင့် ကျန်းစန်ဖုန်းနှင့်အခြားသူများကို အကာအရံတင်ခု ဖန်တီးခိုင်းခဲ့၍မဟုတ်ရင် ဒီကြောက်မက်ဖွယ်အသံကြီးထွက်ပါ်လာသည့်အခါ ရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းသားများသည် အနည်းဆုံးကိုးဆယ်ရာခိုင်နှုန်းခန့် သေဆုံးသွားကြမည်ဖြစ်သည်။
ကောင်းကင်ယံတစ်ခုလုံး၌ အဆုံးအစမဲ့သော ဓားများဖြင့် ပြည့်နှက်နေခဲ့သည်။ ကျန်းစန်ဖုန်းနှင့်အခြားသူများ၏ မျက်ဝန်းများအတွင်း၌ အေးစက်မှုအရိပ်အယောင်များ ဖြစ်ပေါ်လာကြသည်။ တစ်ခဏအတွင်းမှာပဲ ထိတ်လန့်ကြောက်မက်ဖွယ်ရာ တိုက်ကွက်တစ်ခုပြီးတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။ ကျန်းစန်ဖုန်းနှင့်အခြားသူများသည် သူတို့၏အထူးစွမ်းအားများကို အသုံးပြုတိုက်ခိုက်လိုက်ကြသည်။
ယခင်ကကဲ့သို့သော ကြောက်မက်ဖွယ်တိုက်ကွက်များ ထပ်မံထွက်ပေါ်လာခဲ့သည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ တိုက်ကွက်များ၏စွမ်းအားများမှာ ပိုမို၍ ထိတ်လန့်ဖွယ်ကောင်းနေပေသည်။ ဤတစ်ကြိမ်တွင် ဂိုဏ်းချုပ်ဝမ်ဖုန်းကိုယ်တိုင် လှုပ်ရှားခဲ့လေသည်။
ဒါ့အပြင် ဂိုဏ်းချုပ်ဝမ်သည် တိုက်ကွက်တစ်ခုတည်းကိုထုတ်ဖော်ခဲ့ခြင်းတောင်မဟုတ်ပဲ တိုက်ကွက်ငါးကွက်ကို တစ်ဆက်တည်းဆိုသလို ထုတ်ဖော်တိုက်ခိုက်လိုက်သည်။
ဝမ်ဖုန်း၏ပုံရိပ်သည် ရှန်ရှန့်ကျုံဂိုဏ်းသားများ၏ စိတ်သန္တာန်အတွင်း၌ နက်နက်ရှိုင်းရှိုင်း တံဆိပ်ခတ်နှိပ်ပြီးဖြစ်သည်။ သူတို့သည် အချိန်အတော်ကြာသည့်တိုင်အောင် ဝမ်ဖုန်းထံမှထုတ်လွှတ်ခဲ့သော ကြောက်မက်ဖွယ်စွမ်းအားကြီးငါးခုအကြောင်းကို မေ့ပျောက်နိုင်တော့မည်မဟုတ်ပါပေ။
" ဘုန်း ! "
ဝမ်ဖုန်းတို့အုပ်စုမှတိုက်ကွက်များနှင့် ကောင်းကင်ယံမှ အဆုံးအစမဲ့သောဓားမိုးကြီးများနှင့် တိုက်ခိုက်မိသွားသည့်အခါ နားကွဲလုမတတ်ပေါက်ကွဲသံကြီးသည် ကမ္ဘာလောကကြီးအတွင်း မြည်ဟည်းပဲ့တင်ထပ်သွားခဲ့သည်။ မမြင်မတွေ့နိုင်သောစွမ်းအားလှိုင်းတစ်ခုသည် အရပ်မျက်နှာအသီးသီးကိုဖြတ်သန်းသွားကာ ၎င်းလှိုင်းဖြတ်သန်းရာနေရာရှိ အရာအားလုံးကိုလည်း ဖျက်ဆီးပစ်လိုက်သည်။
ရှန်ရှန့်ကျုံဂိုဏ်းအထက်ရှိ ကောင်းကင်ကြီးသည် ပြိုကျလုမတတ် ဖြစ်သွားခဲ့ရသည်။ ရှန်ရှန့်ကျုံဂိုဏ်းအားဗဟိုပြု၍ မိုင်ငါးသောင်းပတ်ပတ်လည်ရှိ ရှိရှိသမျှသောအရာတိုင်းသည် အပျက်အစီးများ ဖြစ်သွားကြရသည်။
အင်အားစုကြီးငါးစုနှင့်နောက်ဆုံးတိုက်ပွဲအပြီးတွင် ရှန်ရှန့်ကျုံတောင်ကြားပတ်ပတ်လည်ရှိ နေရာများအားလုံးကို မဟာနတ်ဆိုးရွှမ်ရှနှင့်အခြားသူများက ပြန်လည်ပြုပြင်ဆင်ခဲ့ကြသည်။ သို့သော်လည်းဤအချိန်မှာတော့ ထိုပြုပြင်ပြီးသောနေရာများသည် နောက်တစ်ဖန် ပြန်လည်ပျက်စီးသွားခဲ့ရသည်။
ကမ္ဘာလောကကြီးတစ်ခုလုံး ယိမ်းထိုးသွားသကဲ့သို့ ခံစားခဲ့ကြရသည်။ သန်မာသောသူတစ်ယောက်ကသာ ကောင်းကင်ယံမှငုံ့မိုးကြည့်ရှုမည်ဆိုလျှင် သူသည်ရှန်ရှန့်ကျုံဂိုဏ်းအားဗဟိုပြုလျက် ပတ်ပတ်လည်၌ အပျက်အစီးများကိုသာ တွေ့မြင်ရမည်ဖြစ်သည်။
အလွန်အမင်းထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသောစွမ်းအားလှိုင်းကြီးက ဖုန်းသွမ့်ဟန်နှင့် လေအင်ပါယာရှိဘိုးဘေးငါးယောက်ကို ဖြူဖျော့ထိတ်လန့်သွားစေခဲ့သည်။ သူတို့သာ စောစောစီးစီးနောက်ဆုတ်ရှောင်တိမ်းခဲ့ကြ၍မဟုတ်လျှင် ဤထိတ်လန့်ဖွယ်ဖိအားကြီး၏အောက်၌ သူတို့မသေလျှင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားမှာပဲဖြစ်သည်။
သူတို့သည် အလွန်အမင်းထိတ်လန့်တုန်လှုပ်နေပြီဖြစ်သော်လည်း မီးခိုးများ ၊ မြူခိုးမြူငွေ့များဖြင့်ပြည့်နှက်နေသော တိုက်ပွဲဖြစ်ရာနေရာကို မမှိတ်မသုန်စူးစိုက်ကြည့်နေကြဆဲဖြစ်သည်။ အထူးသဖြင့် ဖုန်းသွမ့်ဟန်ဖြစ်သည်။ သူသည် အလွန်အမင်းထိတ်လန့်သွားသော်လည်း ကြောက်လန့်နေခြင်းတော့မရှိသေးပေ။ သူသည် သူ၏ဂိုဏ်းတူအစ်ကိုကြီးများ၏ ခွန်အားအပေါ် အပြည့်အဝယုံကြည်မှုရှိပေသည်။
ပြောရပါလျှင် သူ့ဂိုဏ်းတူအစ်ကိုကြီးများသည် တာအိုနက်နဲမှုအဆင့်ကို ရောက်ရှိပြီးကြပြီးဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်းမှ ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်ကျင့်ကြံသူ နောက်ထပ်အယောက်နှစ်ဆယ်ရှိလျှင်တောင် သူ့ဂိုဏ်းတူအစ်ကိုကြီးများကို အဘယ်မှာလျှင် ထိခိုက်အောင်လုပ်နိုင်မည်နည်း။
ရှန်ရှန့်ကျုံဂိုဏ်းမှစွမ်းအားရှင်များသည် သူ့ဂိုဏ်းတူစီနီယာအစ်ကိုကြီးများကို နောက်ထပ်ပူးပေါင်းတိုက်ကွက်တစ်ခုကို ထုတ်ဖော်အသုံးပြုစေခဲ့သည်။ ဒါကပဲ သူတို့အတွက် ဂုဏ်ယူဖို့ကောင်းနေလေပြီ။
သို့ပါသော်လည်း မီးခိုးများနှင့် မြူခိုးမြူငွေ့များရှင်းလင်းသွားသည့်အခါ တွေ့မြင်လိုက်ရသည့်မြင်ကွင်းက ဖုန်းသွမ့်ဟန်နှင့်အခြားသူများ၏ မျက်စိသူငယ်အိမ်များအား တုန်လှုပ်သွားစေခဲ့ကာ ထိတ်လန့်တကြားအော်ဟစ်သွားစေခဲ့သည်။
" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ! "
ဖုန်းသွမ့်ဟန်သည် ကွေ့ဖုန်းနှင့်အခြားသူများ၏ ယခင်ကထက်တောင်ပိုသော အရှက်ရဖွယ်အနေအထားအား တွေ့မြင်လိုက်ရလေသည်။ သူတို့၏ခန္ဓာကိုယ်များထက်၌ အရွယ်အစားမတူညီသော ဒဏ်ရာဒဏ်ချက်ဆယ်ခုခန့်ရှိနေပြီး သွေးများကလည်းအဆက်မပြတ် ထွက်နေခဲ့သည်။
သူတို့ထုတ်ဖော်ပြသလိုက်သော တစ္ဆေနတ်ဆိုးဟစ်ကြွေးသံမှာ အစွမ်းထက်ပါ၏။ သို့သော်လည်း ရှန်ရှန့်ကျုံဂိုဏ်းမှ အကြီးအကဲများက ပို၍အစွမ်းထက်နေခဲ့သည်။
ကောင်းကင်ယံအပြည့်ထွက်ပေါ်လာသော ဓားမိုးများမတိုင်မီက ကွမ်ယုသည် နတ်ဆိုးဖီးနစ်ငှက်မျက်ဝန်းကိုအသုံးပြုခဲ့ပြီး တစ္ဆေဟစ်ကြွေးသံများကို ပထမဆုံးအနေဖြင့် အားပျော့စေခဲ့သည်။ ယင်းနောက်မှရှန်းဝမ်စန်းသည် ချမ်းသာခြင်းနတ်ဘုရားသွေးမျိုးဆက်ကိုအသုံးပြုလျက် မရေမတွက်နိုင်သော ရွှေဒင်းဂါးပြားများကို ဒိုင်းကာကြီးတစ်ခုအဖြစ်ဖွဲ့စည်းစေခဲ့သည်။ ယင်းနောက်သူသည် ဧကရာဇ်ငါးပါးအား ဆင့်ခေါ်ခဲ့ကာ ထိုဒိုင်းကာကြီးများ၏ ခုခံနိုင်စွမ်းအားကို ထပ်ဖန်ထပ်ခါတိုးမြှင့်စေခဲ့ပြီး နတ်ဆိုးဟစ်ကြွေးသံများ၏စွမ်းအားကို ဒုတိယအနေဖြင့် ထပ်မံအားပျော့စေခဲ့သည်။
ထို့နောက် ရှန်ရှန့်ကျုံဂိုဏ်း အတွင်းစည်းဂိုဏ်းသားများ၏ အကြီးဆုံးဂိုဏ်းတူအစ်ကိုကြီးဖြစ်သောလီချင်းသည် ရွှမ်းဝူဆန်းကြယ်ဒိုင်းကာအား ဖွဲ့စည်းခဲ့ပြီး တစ္ဆေဟစ်ကြွေးသံများကို အတင်းအကြပ်ပိတ်ဆို့ခဲ့သည်။
ထို့အတွက်ကြောင့် တစ္ဆေဝိညာဉ်ဟစ်ကြွေးသံများနှင့် ဓားမိုးများသည် ဆန်းကြယ်ကပ်ဘေးအဆင့် စွမ်းအားရှင်များကို ထိတ်လန့်သွားစေရန်လုံလောက်သော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများကိုတော့ ထိတ်လန့်သွားစေခဲ့ခြင်းအလျဉ်းမရှိခဲ့ပေ။
တစ္ဆေနတ်ဆိုးသံများ၏ ကာကွယ်ပေးခြင်းမရှိတော့သည့်အခါ ကွေ့ဖုန်းနှင့်အခြားသူများသည် ရှန်ရှန့်ကျုံဂိုဏ်းမှစွမ်းအားရှင်များ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ကြရသည်။ သူတို့သည် ရှန်ရှန်ကျုံ့ဂိုဏ်းမှ စွမ်းအားရှင်ကြီးများအားလုံး၏ အသန်မာဆုံးတိုက်ကွက်ကို ခံခဲ့ရသော်လည်း အခုချိန်ထိတိုင် မသေဆုံးသေးပေ။ ဤသည်မှာ ကွေ့ဖုန်းနှင့်အခြားသူများ၏ခွန်အားမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း လှစ်ဟပြနေခဲ့သည်။
ဤအချိန်တွင် ဝမ်ဖုန်းသာမက ရှန်ရှန့်ကျုံဂိုဏ်းမှ အကြီးအကဲများအားလုံး၏မျက်လုံးများသည် လေးနက်သွားကြသည်။ သာမန်ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်စွမ်းအားရှင်များဆိုပါက သူတို့၏တိုက်ကွက်များအောက်၌ အပိုင်းပိုင်းအစစ ပြတ်တောက်လျက် သေဆုံးသွားကြမှာဖြစ်သည်။
" ဟေး ၊ သိပ်ကောင်းတယ် ။ ဒီရှေးဟောင်းကမ္ဘာကြီးမှာ ငါ့ကိုဒီလိုအခြေအနေထိ ဒဏ်ရာရအောင်လုပ်နိုင်တဲ့သူတွေရှိနေသေးတာပဲ ။ "
ရေခဲတစ်မျှအေးစက်သော အသံကြီးတစ်သံသည် ထွက်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် တစ္ဆေငါးကောင်သည် ယခင်ကကဲ့သို့ အမျက်ချောင်းချောင်းထွက်ခြင်း မရှိတော့ပေ ။ သူတို့သည် အလွန်အမင်းတည်ငြိမ်နေကြသည် ။ သို့ပါသော်လည်း သူတို့ထံမှထွက်ပေါ်လာသာဖိအားများမှာ အရိုးထိတိုင်အောင်အေးစိမ့်ကာ ကြောက်လန့်ဖွယ်ကောင်းနေပေတော့သည် ။ သူတို့ထံမှ အဆက်မပြတ်ထုတ်လွှတ်နေသော သတ်ဖြတ်လိုသော အရှိန်အဝါများသည် လေထုအတွင်းသိပ်သည်းသွားကြကာ လူတိုင်း၏ခန္ဓာကိုယ်များကို တုန်ယင်သွားစေခဲ့သည်။
လေအင်ပါယာအကြီးအကဲငါးယောက်နှင့် အခြားသူများ၏ခန္ဓာကိုယ်များသည် အဆက်မပြတ်တုန်တင်လာပါတော့လေသည်။ အကာအရံအလွှာအတွင်းတွင် ရှိနေသည့်တိုင်အောင်မှ ရှန်ရှန့်ကျုံဂိုဏ်းမှဂိုဏ်းသားများသည် တုန်ယင်သွားကြကာ သူတို့၏မျက်လုံးများအတွင်း၌ ကြောက်ရွံစိုးရိမ်မှုများ ဖြစ်ပေါ်လာကြသည်။
ဤတစ်ကြိမ်တွင် ဝမ်ဖုန်းတို့အုပ်စု၏အမူအယာများသည် ပြောင်းလဲသွားကြသည် ။ သူတို့သည် ကွေ့ဖုန်းတို့အုပ်စုမှ ထုတ်လွှတ်နေသော ကျင့်ကြံခြင်းစွမ်းအားများမှာ တဖြည်းဖြည်းပို၍ပို၍ သန်မာလာသည်ကို ခံစားလိုက်ကြရသည်။ ထိုသူတို့ထုတ်လွှတ်နေသော ကျင့်ကြံခြင်းစွမ်းအားများမှာ ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်ကိုတောင် ကျော်လွန်သွားပြီဖြစ်သည် ။