။ ကောင်းကင်ဝိညာဥ်ကိုပြန်ပြင်ခြင်း ။
Vol. 14 Ch. 194
ဝမ်ဖုန်းတစ်ယောက် ဇီဝနှင့်ဝိညာဥ်ကပ်ဘေးအတွင်း ပိတ်မိနေသည်ကို တွေ့မြင်လိုက်ရသည့်အခါ ရှောင်ဖုန်းတို့အုပ်စုသည် လုံးဝအံ့အားသင့်မသွားကြပေ။ သူတို့သည်လည်း အဆင့်ချိုးဖြတ်တက်ရောက်ခြင်းမပြုနိုင်မှီ ဇီဝနှင့်ဝိညာဥ်ကပ်ဘေးအတွင်း၌ တစ်နှစ်လုံးနီးပါး ပိတ်မိနေခဲ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာလည်း သူတို့ဟာ အလွန်အမင်းပါရမီရှိသောကြောင့်ဖြစ်သည်။ သူတို့သည် သူတို့နှင့်သက်ဆိုင်ရာကမ္ဘာများတွင် ကံကြမ္မာ၏သားတော်များသာ ဖြစ်ကြသည်။ ထို့အတွက်ကြောင့်သာ ဤမျှလောက် လျင်မြန်သောနှုန်းဖြင့် အဆင့်ချိုးဖြတ်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ သာမာန်လူများသာဆိုပါက နှစ်ရာထောင်ချီကြာအောင် ပိတ်မိနေပြီးမှသာ အဆင့်ချိုးဖြတ်တက်ရောက်နိုင်ကြမည်ဖြစ်သည်။ တချို့သောလူများဆိုရင် ဇီဝနှင့်ဝိညာဥ်ကပ်ဘေးအတွင်း၌ တစ်ဘဝလုံးပိတ်မိသွားသည်တောင် ရှိခဲ့ကြသည်။
သို့ပါသော်လည်း နောက်ထပ်တဒင်္ဂမှာတော့ ဝမ်ဖုန်းကိုစိုက်ကြည့်နေကြသော ရှောင်ဖုန်းတို့အုပ်စု၏ မျက်နှာများထက်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။ လူပေါင်းမြောက်များစွာကို ဒုက္ခရောက်စေခဲ့သော ဇီဝနှင့်ဝိညာဥ်ကပ်ဘေးကြီးသည် ဝမ်ဖုန်း၏ လွယ်လင့်တကူချိုးဖြတ်ခြင်းကို ခံလိုက်ရပြန်သည်။
တစ်နာရီအတောအတွင်းထဲမှာပင် ဝမ်ဖုန်းတစ်ယောက် ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်မှ ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့်သို့ ချိုးဖြတ်တက်ရောက်သွားသည်ကို သူတို့အားလုံး မျက်မြင်ဒိဌတွေ့မြင်လိုက်ကြရသည်။
ဟုတ်ပါပေသည်။ ဤသို့ဖြစ်နေရခြင်းမှာ ရှောင်ဖုန်း နှင့်အခြားသူများသည် စနစ်၏ကောင်းချီးပေးခြင်းကို မတွေ့ကြုံဖူးသေး၍ဖြစ်သည်။ သည်လိုမှမဟုတ်လျှင် သူတို့ ဤမျှလောက် အံ့သြသင့်နေမိမှာမဟုတ်ပါ။
"ဒင် ၊ ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့်ကို အောင်မြင်စွာဖြတ်ကျော်သွားတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်တစ်သိန်းဆုချလိုက်သည်။"
စနစ်၏ အေးစက်သောလေသံနှင့်အတူ ဝမ်ဖုန်း၏ မျက်လုံးသည် ပွင့်ဟလာခဲ့သည်။ သူ၏မျက်လုံးများအတွင်းမှာ တာအိုနိယာမအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး အဆိုပါအလင်းတန်းက လေထုကို အပိုင်းပိုင်းအစစပြတ်တောက်သွားစေခဲ့သည်။
သူ၏ခန္ဓာကိုယ်အတွင်းလှည့်ပတ်နေသော ခမ်းနားကြီးကျယ်သောစွမ်းအားကြီးနှင့် သူ၏စိတ်အတွင်း ဖြစ်ပေါ်နေသော ဆန်းပြားသောနိယာမများကြောင့် ဝမ်ဖုန်းသည် စိတ်ကျေနပ်အားရစွာ ခေါင်းညိမ့်လိုက်မိသည်။ စနစ်၏ ကျင့်ကြံခြင်းအခြေခံ၌ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပေ။ အခြားသူများကြိုးကြိုးစားစားသိမြင်နားလည်အောင် လုပ်ရသော နိယာမများကိုတောင် စနစ်ကတော့ တိုက်ရိုက်ပဲ ချိုးဖြတ်စေခဲ့သည်။
ဝမ်ဖုန်းသည် စိတ်ထဲမှာ တိတ်တဆိတ်ကြွေးကြော်လိုက်မိသည်။
"စနစ်က မိုက်လိုက်တာကွာ"
ဝမ်ဖုန်းသည် ကြောင်အနေသော ရှောင်ဖုန်းနှင့် အခြားသူများကို စူးစိုက်ကြည့်လိုက်သည်။ ဝမ်ဖုန်း၏ စိုက်ကြည့်ခြင်းခံလိုက်ရသောအခါ ရှောင်ဖုန်းတို့အုပ်စု၏ မျက်နှာများထက်၌ ဂုဏ်ယူဝမ်းမြောက်သောအပြုံးများ ကိုယ်စီကိုယ်စီဖြစ်ပေါ်လာကြသည်။ ရှောင်ဖုန်းနှင့်အခြားသူများသည် ၎င်းတို့သက်ဆိုင်ရာကမ္ဘာကြီးအတွင်း၌ ကံကြမ္မာ၏ သားတော်များဖြစ်ကြပေသည်။ သူတို့ကို ထိတ်လန့်အောင်လုပ်ရတာကလည်း တကယ့်ကိုအရသာရှိလှပေသည်။
"ရှောင်ဖုန်း၊ အတွင်းစည်းဂိုဏ်းက ယန်ရှန်းလို့ခေါ်တဲ့တပည့်တစ်ယောက် ကောင်းကင်ဘုံစိတ်ဝိညာဥ်ပျောက်ဆုံးနေတာကို ပြန်ပြင်ဖို့အတွက် မင်း ငါနဲ့လိုက်ခဲ့ရမယ်။ ယန်ရှန်းရဲ့ကောင်းကင်ဘုံစိတ်ဝိညာဥ်ပြန်ပြင်ဆင်ဖို့ တာအိုအဆင့်ဆေးလုံးကို ငါသုံးမယ်။ မင်းတို့ကတော့ ဆန်းကြယ်ကပ်ဘေးအဆင့်စွမ်းအားတွေကို အသုံးပြုပြီး တာအိုဆေးလုံးကို လမ်းညွှန်ထိန်းကျောင်းပေးရမယ်။ ဒီလိုမှပဲ တာအိုဆေးလုံးရဲ့စွမ်းအင်ကို ယန်ရှန်း ခံနိုင်ရည်ရှိမှာ။"
ဝမ်ဖုန်းသည် ရှောင်ဖုန်းနှင့် အခြားသူများကို လေးနက်သော အမူအရာဖြင့်စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။
ဝမ်ဖုန်းသည် ယန်ရှန်းကို အလွန်အမင်းနှစ်သက်ပေသည်။ သူသာ ယန်ရှန်းရဲ့ ကောင်းကင်ဘုံစိတ်ဝိညာဥ်ကို ပြန်လည်ပြင်ဆင်ပြီးပါက ယန်ရှန်းရဲ့ ကျင့်ကြံဆင့်များမှာ ခုန်ပျံကျော်လွှား၍ တက်သွားမှာပဲဖြစ်သည်။
ယန်ရှန်း၏ ကောင်းကင်ဘုံစိတ်ဝိညာဥ်ကို ပြန်လည်ပြင်ဆင်ပြီးပါက ယန်ရှန်းသည် လီချင်း၏ ရုပ်ခန္ဓာကဲ့သို့
ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့်က်ို တိုက်ရ်ိုက်မရောက်ရှိသွားတာ ဖြစ်နိုင်သော်လည်း ကောင်းကင်ဘုံစိတ်ဝိညာဥ်ကို ပြန်လည်ပြင်ဆင်ပြီးပါက ယန်ရှန်းသည်လည်း မိုးကောင်းကင်က ပစားပေးရသော သားတော်တစ်ယောက်ဖြစ်လာပေလိမ့်မည်။ ကောင်းကင်ဘုံစိတ်ဝိညာဥ်ကို ပြန်လည်ပြင်ဆင်ပြီးနောက် သူ၏သိမြင်နားလည်နိုင်စွမ်းသည် အဆပေါင်းများစွာ ခုန်တက်လာမှာဖြစ်သည်။ သူ၏ကျင့်ကြံခြင်းတွင် အတားအဆီးဟူ၍ အနည်းငယ်မျှပင် တွေ့မြင်ရမည်မဟုတ်ဘဲ ထမင်းစားရေသောက် အဆင့်ချိုးဖြတ်သွားနိုင်မှာပဲဖြစ်သည်။
ယန်ရှန်း၏ ကောင်းကင်ဘုံစိတ်ဝိညာဥ်ကိုသာ ပြန်လည်ပြင်ဆင်ပြီးပါက သူသည် ရှန်ရှန့်ကျုံတစ်ဂိုဏ်းလုံး၏ ဂိုဏ်းသားများအနက် အမြန်ဆန်ဆုံးကျင့်ကြံဆင့်ပိုင်ရှင်ဖြစ်လာမည်ဖြစ်ကြောင်းကို ဝမ်ဖုန်းတစ်ယောက် ကြိုတင်မှန်းဆလိုက်မိသည်။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
ဝမ်ဖုန်း၏ စကားများကိုကြားလိုက်ရသည့်အခါ ရှောင်ဖုန်းတို့အုပ်စုသည် လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး လေးလေးနက်နက်ပြောဆိုလိုက်သည်။
ဝမ်ဖုန်းသည် ခေါင်းညိမ့်လိုက်သည်။ သူ၏ပုံရိပ်သည် ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမအတွင်းမှ ရုတ်ချည်းပျောက်ကွယ်သွားသည်။ ယင်းနောက် ရှောင်ဖုန်းတို့ပုံရိပ်များသည်လည်း ပျောက်ကွယ်သွားတော့သည်။
.......
ရှန်ရှန့်ကျုံဂိုဏ်း အပြင်စည်းဂိုဏ်းသားများ နေထိုင်ရာနေရာတွင် ဓားဧကရာဇ် ယန်တောက်သည် သူ့ရူးနေသော သား၏ ခန္ဓာကိုယ်ကို သုတ်သင်သန့်ရှင်းပေးနေသည်။
သူ့သား၏ ရူးနှမ်းနှမ်းအသွင်အပြင်ကို စိုက်ကြည့်နေရင်း ယန်တောက်၏ နှလုံးသားများသည် နာကျင်လာခဲ့ရသည်။ သူသည် ယန်ရှန်း၏ ကြည်လင်သော အသားအရေကို သန့်ရှင်းပေးရင်း ယန်ရှန်းကိုစိုက်ကြည့်ကာ နူးနူးညံ့ညံ့လေသံဖြင့်ပြောဆိုလိုက်သည်။
"သား မစိုးရိမ်ပါနဲ့၊ ရှန်ရှန့်ကျုံဂိုဏ်းက အရမ်းအစွမ်းထက်တာ။ မင်းသေချာပေါက် ပြန်ကောင်းလာမှာပါ။ ဒါပေမဲ့ဂိုဏ်းချုပ်က မင်းကိုဘယ်အချိန်ကျမှ ကုသပေးမလဲ မသိဘူးကွာ။"
ယန်တောက်သည် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း သူသည် ဂိုဏ်းငယ်လေးတစ်ခုအဖြစ်မှ ရှေးဟောင်းကမ္ဘာကြီးတစ်ခုလုံး၏ ထိပ်တန်းဂိုဏ်းဖြစ်လာသော ရှန်ရှန့်ကျုံဂိုဏ်း၏ ဖြစ်စဥ်ကို အစအဆုံးတွေ့မြင်ခဲ့ရပေသည်။
"ယန်တောက်"
ဒီအချိန်မှာပဲ အသံတစ်သံက ယန်တောက်၏ နားစည်အတွင်း၌ ပဲ့တင်ထပ်သွားသည်။ သူထိတ်လန့်သွားပြီး အလျင်စလို ခေါင်းလှည့်ကြည့်လိုက်သည့်အခါ တဖြည်းဖြည်း ထွက်ပေါ်လာသော ပုံရိပ်လေးခုအား တွေ့မြင်လိုက်ရလေသည်။ ယန်တောက်သည် အလျင်အမြန် ဂါရဝပြုလိုက်ပြီး လေးလေးစားစားပြောဆိုလိုက်သည်။
"ဓားသမားယန်တောက် ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေကို တွေ့ဆုံပါတယ်။"
"အရမ်းကြီးယဥ်ကျေးနေစရာမလိုပါဘူး။ ငါဒီကိုရောက်လာတာ မင်းသားရဲ့ကောင်းကင်ဘုံစိတ်ဝိညာဥ်ကို ပြင်ပေးဖို့ပဲ။"
ဝမ်ဖုန်းသည် လက်ကိုဝေ့ရမ်းလိုက်ပြီး ယန်တောက်ကိုစိုက်ကြည့်ကာပြောဆိုလိုက်သည်။
"ဘာ...ဘာ..!"
ဝမ်ဖုန်း၏စကားများကို ကြားလိုက်ရသည့်အခါ ယန်တောက်တစ်ယောက် ထိတ်လန့်သွားသည်။ သူ၏မျက်လုံးများမှာ ပြူးကျယ်လာခဲ့သည်။ သူဟာအလွန်အမင်း အံ့သြသင့်သွားတာကြောင့် ကြားလိုက်ရသည့်စကားများကို သူကိုယ်တိုင်တောင် မယုံကြည်နိုင်ခဲ့ပေ။
"မင်းအရင် ထွက်သွားလိုက်ပါ။ ဒီဂိုဏ်းချုပ်က မင်းရဲ့သားကို ပုံမှန်အတိုင်းဖြစ်အောင် ကုသပေးမယ်။"
ဝမ်ဖုန်းသည် လက်ကိုဝေ့ရမ်းလိုက်ကာ အမူအရာမဲ့စွာ ပြောဆိုလိုက်သည်။
ဤသည်ကိုကြားလိုက်ရသည့်အခါ ယန်တောက်သည် ခေါင်းညိမ့်လိုက်ကာ အခန်းထဲမှ အူကြောင်ကြောင်မျက်နှာထားဖြင့် ထွက်ခွာသွားတော့သည်။ သူသည်လက်ရှိမှာ အလွန်အမင်းပျော်ရွှင်နေပြီဖြစ်သည်။
"စလိုက်ကြစို့"
ဝမ်ဖုန်းသည် ယန်ရှန်းကို စိုက်ကြည့်လိုက်ကာ ရှောင်ဖုန်းတို့အုပ်စုဘက် လှည့်၍ပြောဆိုလိုက်သည်။
ရှောင်ဖုန်းနှင့် အခြားသူများသည် ခေါင်းငြိမ့်လိုက်ကာ ယန်ရှန်း၏ ပတ်ပတ်လည်၌ နေရာယူလိုက်ကြသည်။ သူတို့အားလုံးသည် ယန်ရှန်း၏ ပတ်ပတ်လည်၌ စတုရန်းသဏ္ဍာန်နေရာယူထားကြလေသည်။
ဤသည်ကိုတွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းသည် သူ၏လက်ဝါးကို ဖြန့်လိုက်သည်။ ယင်းနောက် ရိုးရှင်းသောဆေးလုံးလေးတစ်လုံးသည် သူ၏လက်ထဲ၌ ထွက်ပေါ်လာခဲ့လေသည်။
ဤဆေးလုံးလေးထွက်ပေါ်လာသည်နှင့်တပြိုင်နက် အခန်းအတွင်းရှိ ဆန်းကြယ်သောချီစွမ်းအင်များမှာ ဆေးလုံးလေးရှိရာသို့ အလျင်အမြန်ပြေးဝင်လာကြသည်။ တချိန်တည်းမှာပဲ ပြင်းထန်သောမွှေးရနံ့တစ်ခုသည် အခန်းတစ်ခုလုံးအတွင်း၌ ပြည့်နှက်သွားလေသည်။ ထိုရနံ့ကိုအနည်းငယ်ရှုရှိုက်လိုက်မိရုံဖြင့် ဝမ်ဖုန်းနှင့် အခြားသူများသည် လန်းဆန်းတက်ကြွမှုကို ခံစားလိုက်ကြရကာ သူတို့ကိုယ်အတွင်းရှိ ချီစွမ်းအင်များမှာလည်း အနည်းငယ်တိုးများလာခဲ့သည်။
ဤဆေးလုံးလေးသည် ရိုးရှင်းပုံပေါ်သော်လည်း သေသေချာချာကြည့်ရှုပါက ဆေးလုံးလေး၏ မျက်နှာပြင်ပေါ်၌ ရှုပ်ထွေးဆန်းပြားသော သင်္ကေတများရေးထွင်းထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ဆေးလုံးလေးကိုသာ အချိန်ကြာကြာစိုက်ကြည့်ပါက သင်သည် မူးဝေမှုကိုခံစားလာရမည်ဖြစ်သည်။
"သွားစမ်း"
ဝမ်ဖုန်း၏ မျက်လုံးများသည် ကျဥ်းမြောင်းသွားပြီး သူဟာဆေးလုံးကလေးကို တောက်ထုတ်လိုက်သည်။ တာအိုဆေးလုံးကလေးသည် ချက်ချင်းပဲ လွင့်ပျံသွားပြီး ယန်ရှန်း၏ ဦးခေါင်းအထက်၌ ရပ်တန့်လိုက်သည်။ ယင်းနောက် ဝမ်ဖုန်း၏ ကိုယ်တွင်းမှ ဆန်းကြယ်သော ချီစွမ်းအင်များသည် အလျင်အမြန် ထွက်ပေါ်လာခဲ့ကာ တာအိုဆေးလုံးလေး၏ စွမ်းအားများကို ယန်ရှန်း၏ စိတ်အတွင်းသို့ လမ်းညွှန်ထိန်းကျောင်းပေးနေခဲ့သည်။
တချိန်တည်းမှာပဲ ရှောင်ဖုန်းနှင့် အခြားသူများသည်လည်း ချီစွမ်းအင်များကို ထုတ်ဖော်လိုက်ကာ ယန်ရှန်း၏ စိတ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူတို့သည် တာအိုဆေးလုံးလေး၏ စွမ်းအင်များကို ယန်ရှန်း၏ ကျိုးပျက်နေသော ကောင်းကင်ဘုံစိတ်ဝိညာဥ်ကို ပြန်လည်ပြင်ဆင်ရန် အတိအကျလမ်းညွှန်ပေးနေခဲ့သည်။
ရှောင်ဖုန်းနှင့် အခြားသူများသည် သူတို့၏စိတ်စွမ်းအင်ကို အဆုံးစွန်ထိအောင် သိပ်သည်းထားရသည်။ သူတို့သည် ယန်ရှန်း၏ဦးခေါင်းကို မတော်တဆ ခွဲမိသွားမှာကိုကြောက်လန့်နေခဲ့ကြသည်။
ကောင်းကင်ဘုံစိတ်ဝိညာဥ်ကို ချို့ယွင်းနေသော ယန်ရှန်းတွင် ကျင့်ကြံဆင့်ဟူ၍ တစိုးတစိမှမရှိဘဲ အလွန်အမင်းအားနည်းလှပေသည်။ ရှောင်ဖုန်းနှင့် အခြားသူများကိုအပထား သာမာန် အခြေခံအဆင့်ကျင့်ကြံသူတစ်ယောက်ကတောင် ယန်ရှန်းကို သေသည်အထိရိုက်နှက်နိုင်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ဖုန်းအပါအဝင် ရှောင်ဖုန်းနှင့် အခြားသူများအားလုံးသည် သူတို့၏ ကိုယ်ပိုင်စွမ်းအားကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့ကြသည်။
တခဏအကြာတွင် ဝမ်ဖုန်းတ်ို့အုပ်စု၏ ခန္ဓာကိုယ်ပေါ်မှ ချွေးစေးများ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။ သူတို့၏ကျင့်ကြံဆင့်သည် ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသော်လည်း ဤကဲ့သို့ ကုသပေးရသည့် ဖြစ်စဥ်မှာ သူတို့၏စွမ်းအားများကို အလွန်အမင်း ကုန်ခမ်းစေခဲ့သည်။
သန်မာသောသူတစ်ယောက်ကသာ ဤမြင်ကွင်းကိုတွေ့မြင်လိုက်ရပါက ဝမ်ဖုန်းနှင့် အခြားသူများ၏စိတ်ဝိညာဥ်စွမ်းအားများသည် ယန်ရှန်း၏ စိတ်အာရုံအတွင်း၌ အပ်တစ်ချောင်းကဲ့သို့ အလုပ်လုပ်နေကာ တာအိုဆေးလုံးကို အပ်ချည်အဖြစ်အသုံးပြု၍ ယန်ရှန်း၏ ကောင်းကင်ဘုံစိတ်ဝိညာဥ်ကို သေသေချာချာ ချုပ်နှောင်ပြင်ဆင်ပေးနေကြောင်းကို တွေ့မြင်ရမှာပဲဖြစ်သည်။
ဝမ်ဖုန်းနှင့် အခြားသူများ ယန်ရှန်း၏ စိတ်ဝိညာဥ်ကို ပြန်လည်ပြင်ဆင်ပေးနေချိန်မှာ ကျန်းစန်ဖုန်း နှင့် အခြားသူများသည်လည်း ဤနေရာသို့ရောက်လာခဲ့ကြကာ စောင့်ကြပ်ကာကွယ်ပေးလိုက်ကြသည်။ ယင်းနောက် ရှန်ရှန့်ကျုံဂိုဏ်းမှ အကြီးအကဲများအားလုံး အလျှိုအလျှိုရောက်ရှိလာခဲ့ကြသည်။
ယနေ့ ရှန်ရှန့်ကျုံဂိုဏ်းတွင် ဂိုဏ်းသားပေါင်းရာကျော်ရှိသော်လည်း အကြီးအကဲများအားလုံးသည် အတွင်းစည်းဂိုဏ်းတပည့်သားများအားလုံးကို အလွန်အမင်းနှစ်ခြိုက်ကြသည်။ အဘယ့်ကြောင့်ဆ်ိုသော် ရှန်ရှန့်ကျုံဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသားများမှာ ဂိုဏ်းချုပ်ကိုယ်တိုင် သွတ်သွင်းထားသော ဂိုဏ်းသားများဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းတွင်လည်း ထက်မြက်သောပါရမီများ ရှိကြသည်။ ဤသည်မှာ အပြင်စည်းဂိုဏ်းသားများရင်ဆိုင်ယှဥ်ပြိုင်နိုင်သော အရာတစ်ခုမဟုတ်ပေ။