။ ကောင်းကင်ဘုံသွေးကြော ၊ ကောင်းကင်ကိုဖုံးကာနိုင်သော ဧရာမလက်ဝါးကြီး။
Vol. 14 Ch. 195
ဝမ်ဖုန်းနှင့်အခြားသူများ၏ကျင့်ကြံဆင့်များဖြင့်တောင် တာအိုဆေးလုံးကိုအသုံးပြု၍ ယန်ရှန်း၏ ကောင်းကင်ဘုံစိတ်ဝိညာဉ်ကို ပြန်လည်ပြုပြင်သည့်ဖြစ်စဥ်မှာ တစ်နေကုန် ကြာမြင့်ခဲ့လေသည်။
ယန်ရှန်း၏စိတ်အာရုံအတွင်းမှ ထွက်ခွာလာပြီးသည့်နောက် ဝမ်ဖုန်းနှင့်အခြားသူများ၏ခန္ဓာကိုယ်များသည် တညီတညွတ်တည်း တုန်ယင်သွားကြသည် ။ သူတို့ကျောဘက်ရှိ ချွေးအေးများမှာ အလွန်အမင်းများပြားတာကြောင့် အဝတ်အစားများကတောင် စိုရွှဲနေသည် ။ သူတို့သည်ယန်ရှန်းကို ဖြူဖျော့နေသောမျက်နှာများဖြင့် စူးစိုက်ကြည့်လိုက်သည်။
ဤအချိန်တွင် ယန်ရှန်း၏မျက်လုံးများသည် တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး ဖော်မပြနိုင်သောစွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ကိုလှည့်ပတ်နေခဲ့သည်။
ယန်ရှန်းနှင့်ပက်သက်၍ မူမမှန်သည့်အရာ ဘာကိုမှမတွေ့မြင်ရတော့မှ ဝမ်ဖုန်းသည်လက်ဝှေ့ယမ်းပြလိုက်ပြီး ရှောင်ဖုန်းနှင့်အခြားသူများကို အနားယူဖို့အချက်ပြလိုက်တော့သည်။ ဝမ်ဖုန်းကိုယ်တိုင်ကလည်း သူ၏အရှိန်အဝါများကို ထိန်းညှိလိုက်သည်။
သူတို့တာအိုအဆင့်စွမ်းအားရှင်များနှင့် တိုက်ခိုက်ရရင်တောင် ဤမှလောက်အထိ ပင်ပန်းမည်မဟုတ်ဟု ဝမ်ဖုန်းတစ်ယောက် ခံစားလိုက်မိသည်။ သေချာပါပြီ ၊ စိတ်ဝိညာဉ်၏စွမ်းအားများမှာ အလွယ်တကူကိုင်တွယ်နိုင်သည့်အရာ မဟုတ်ပါပေ။
မျက်ဝန်းများကိုတင်းကြပ်စွာပိတ်ထားပြီး စွမ်းအားများကိုထိန်းညှိနေသော ဝမ်ဖုန်းနှင့်အခြားသူများသည် ယန်ရှန်းစိတ်အတွင်း၌ ပြန်လည်ပြင်ဆင်ပြီးသော ကောင်းကင်ဘုံစိတ်ဝိညာဉ်မှာ ပထဝီဝိညာဉ် ၊ ဇီဝဝိညာဉ်တို့နှင့် တဖြည်းဖြည်းပေါင်းစည်းသွားသည်ကို သတိမမူမိလိုက်ကြပေ။
လူတစ်ယောက်ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်သုံးခုမှာ တသီးတခြားစီတည်ရှိခြင်းဖြစ်သည် ။ ယေဘုယျအားဖြင့်ပြောဆိုရပါလျှင် ကောင်းကင်နှင့်မြေပြင်မှမွေးဖွားပေးလိုက်သော စိတ်ဝိညာဉ်သုံးခုမှာ တစ်ခုတည်းအဖြစ်ပေါင်းစည်းဖို့ဆိုသည်မှာကား လုံးဝမဖြစ်နိုင်ပေ။
သို့ပါသော်လည်း ယန်ရှန်း၏စိတ်ဝိညာဉ်သုံးခုကတော့ တစ်ခုတည်းအဖြစ် အတူတကွပေါင်းစည်းနေကြသည် ။စိတ်ဝိညာဥ်သုံးခုမှ လက်ချောင်းတစ်ချောင်းအရွယ် ရောင်စုံ ပုံရိပ်လေးတစ်ခုအဖြစ် အပြည့်အဝရုပ်လုံးပေါ်လာသည့်အခါ ယန်ရှန်း၏စိတ်အာရုံအတွင်း၌ ရုတ်တရက်မုန်တိုင်းထန်လာခဲ့ပြီး များစွာသောမြင်ကွင်းများဖြစ်ပေါ်လာခဲ့သည် ။
ဘုန်း !
ဒီအချိန်မှာပဲ အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက ယန်ရှန်း၏အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
အဆိုပါပုံရိပ်ထွက်ပေါ်လာသည့်အခါ အစိမ်းရောင်နဂါးတစ်ကောင်နှင့် ဖီးနစ်ငှက်တစ်ကောင်သည်လည်း လေထုအတွင်းမှဟိန်းဟောက်လျက် ထွက်ပေါ်လာကြသည်။ ထိုအစိမ်းရောင်နဂါးကြီးနှင့် ဖီးနစ်ငှက်တို့က ဒီပုံရိပ်ကို စောင့်ကြပ်ပေးနေကြသည်။ ဒါ့အပြင် ရွှေရောင်တလက်လက်တောက်ပနေသော ဦးချိုတစ်ချောင်းပါရှိသည့်မြင်းတစ်ကောင်သည်လည်း ပုံရိပ်၏ညာဘက်တောင့်၌ ထွက်ပေါ်လာခဲ့သည် ။ ဒေါသတကြီးဟိန်းဟောက်နေသော ကျားဖြူတစ်ကောင်ကလည်း ပုံရိပ်၏ဘယ်ဘက်ခြေရင်း၌ ထွက်ပေါ်လာခဲ့ပြန်သည် ။
ဝမ်ဖုန်းနှင့်အခြားသူများသည် ချက်ချင်းပဲထိတ်လန့်သွားကြသည် ။ သူတို့သည်ခေါင်းမော့လိုက်ပြီး ထိုအရပ်ရှည်ရှည်ပုံရိပ်တစ်ခုကို စူးစိုက်ကြည့်လိုက်ကြပြီး သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ယင်သွားလေသည် ။ ဒီပုံရိပ်မှ ဘယ်စွမ်းအင်အရှိန်အဝါကိုမှ ထုတ်လွှတ်နေခြင်းမရှိသော်လည်း အကြည့်တစ်ချက်ဖြင့်ပင်လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည် ။
ဤခံစားချက် ယင်းသည်ကား ပုရွတ်ဆိတ်တစ်ကောင်က အင်မော်တယ်များကို မော်ကြည့်နေသည့်အလား ခံစားလိုက်ရပေသည် ။
တစ်ချိန်တည်းမှာပဲ ဤရှေးဟောင်းကမ္ဘာ၏ ကြယ်ရောင်စုံသောအထက်ကောင်းကင်ယံ၌ မီတာဆယ်ချီရှည်လျားသော ရွှမ်ဝူသားရဲကြီးတစ်ကောင်သည် ကောင်းကင်ယံအပေါ်၌ သက်တောင့်သက်သာ လှုပ်ရှားသွားလာနေခဲ့သည် ။
ဤရွှမ်းဝူရှေးဟောင်းသားရဲကြီး၏အောက်ဘက်တွင်တော့ အနှိုင်းမဲ့ကြီးမားသော ရှန်းလန်တိုက်ကြီးကို တွေ့မြင်နေရသည် ။ တစ်ချိန်တည်းမှာပဲ ရွှမ်ဝူရှေးဟောင်းသားရဲကြီးသည် ရှန်ရှန်ကျုံဂိုဏ်းတည်ရှိသော ရှေးဟောင်းကမ္ဘာကြီးကို ဖြတ်သန်းလျောက်လှမ်းသွားခဲ့သည် ။
ရွှမ်ဝူသားရဲကြီး၏ကျောဘက်တွင်တော့ ကလေးဆန်သောမျက်နှာအမူအရာနှင့် လူအိုကြီးတစ်ယောက် လဲလျောင်းနေသည် ။ သူသည်မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီး သားရဲကြီး၏ခြေထောက်ကို ခပ်ဖွဖွပုတ်လိုက်သည်။ သူ၏ပါးစပ်ထဲတွင် အမည်မသိမြက်ပင်တစ်ချောင်းကိုကိုက်ထားပြီး အမျိုးအမည်မသိရသော သီချင်းတစ်ပုဒ်ကိုလည်း ခပ်ဖြေးဖြေးညည်းနေသေးသည် ။
ပို၍ထိတ်လန့်စရာကောင်းသည်က လူအိုကြီး၏ပါးစပ်ထဲ၌ ဖိကိုက်ထားသောမြက်ပင်ကလေးပေါ်တွင် သေးငယ်ပြီးအမျိုးအမည်မသိသော မကောင်းဆိုးဝါးရုပ်အလောင်းများ စုပုံရှိနေခြင်းပင် ။
" ဝူကလေး ၊ ရပ်လိုက်စမ်း ။ "
ဒီအချိန်မှာပဲ လူအိုကြီး၏ ခပ်ဖွဖွကျဥ်းမြောင်းထားသောမျက်ဝန်းများသည် ရုတ်တရက်ပွင့်လာခဲ့ကာ မရေမတွက်နိုင်သောကြယ်များ လင်းလက်လာသည့်အလား အလင်းရောင်များထွက်ပေါ်လာခဲ့လေသည် ။ သူဟာမြက်ပင်ကိုထွေးထုတ်လိုက်ပြီး လက်ဖြင့်ဖမ်းဆုပ်ယူလိုက်သည် ။ ထို့နောက် အောက်ဘက်ကို ငုံ့မိုးကြည့်ရှုလိုက်လေသည် ။ သူ၏မျက်လုံးများသည် အတားအဆီးများအားလုံးကိုကျော်ဖြတ်သွားကာ ရှန်ရှန့်ကျုံဂိုဏ်းကို စူးစိုက်ကြည့်လိုက်သည် ။
လူအိုကြီး၏စကားကိုကြားလိုက်ရသည့်အခါ ရွှမ်ဝူရှေးဟောင်းသားရဲကြီးသည်လည်း ညကောင်းကင်ယံအပေါ်၌ နာနာခံခံဖြင့် ရပ်တန့်လိုက်ချေသည် ။
" စိတ်ဝင်စားစရာပဲ ။ ငါတကယ်ပဲ ကောင်းကင်ဘုံသွေးကြောပိုင်ရှင်နဲ့ တွေ့နေရတာပဲ ။ " လူအိုကြီး၏ပါးစပ်မှ စိတ်လှုပ်ရှားနေသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည် ။
လူအိုကြီး၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားပြီး သူဟာနူးညံ့စွာပြောဆိုလိုက်သည် ။
" မင်း ၊ ဒီအဖိုးကြီးနဲ့လိုက်ခဲ့မလား ။ "
လူအိုကြီး၏စကားဆုံးသွားသည်နှင့်တပြိုင်နက် သူ၏အရှေ့၌ ရုပ်ပုံလွှာတစ်ခုသည် တဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့သည်။ အဆိုပါပုံရိပ်သည် ယန်ရှန်း၏အနောက်ဘက်၌ ထွက်ပေါ်လာခဲ့သော ပုံရိပ်ပဲဖြစ်သည် ။
" ကျွန်တော်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပါ ။ "
ထိုပုံရိပ်၏ပါးစပ်ဖျားမှ နူးညံ့ပြီးကြည်လင်သောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ယန်တောက်သာ ဒီနေရာတွင်ရှိနေပါက ဤသည်မှာသူ့သား၏အသံဖြစ်ကြောင်း သေချာပေါက်သိရှိမှာပဲဖြစ်သည် ။
" ရှန်ရှန့်ကျုံဂိုဏ်းလား ။ "
" ဒါကိစ္စွမရှိပါဘူး ။ မင်းရဲ့ဂိုဏ်းကဘယ်ဟာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး ။ မင်းသာဒီလူအိုကြီးနဲ့လိုက်ချင်တယ်ဆိုရင် ဘယ်သူကမှ တားနိုင်မှာမဟုတ်ပါဘူး ။ " လူအိုကြီးသည် ရယ်မောလိုက်သည် ။ သူသည်ထိုစကားများကိုပြောဆိုနေစဉ်အတွင်း မောက်မာစွာပြောဆိုနေသည့်ပုံမရှိပဲ အမှန်တရားကိုထုတ်ဖော်ပြောဆိုနေသည့်အလား တည်ငြိမ်နေခဲ့ပေသည်။
" ရှင်ရင်လည်း ရှန်ရှန့်ကျုံဂိုဏ်းအတွက် ၊ သေရင်လည်း ရှန်ရှန့်ကျုံဂိုဏ်းအတွက်ပဲ ။ "
တည်ကြည်ခိုင်မာသောအသံတစ်ခုသည် ပုံရိပ်၏နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့ပြီး လူအိုကြီး၏မျက်လုံးများအတွင်း ထူးဆန်းသောအရောင်များ ဖြတ်ပြေးသွားခဲ့သည် ။
" ဒီကိစ္စက.... ဒီအဖိုးကြီးကမင်းကို ဖိအားပေးနေတာမဟုတ်ဘူး ။ ဒီအဖိုးကြီးပြောပြမယ် ။ မင်းသာငါ့နောက်လိုက်ခဲ့မယ်ဆိုရင် မင်းရဲ့ကောင်းကင်ဘုံသွေးကြောကို ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်စေလာနိုင်မှာ ။ အဲ့ဒီ့လိုသာဆိုရင် မင်းဒီကမ္ဘာကြီးတစ်ခုလုံးရဲ့ ထိပ်တန်းစွမ်းအားရှင်ကြီးတစ်ယောက်ဖြစ်ဖို့ဆိုတာ အချိန်သိပ်မကြာတော့ဘူးကွ ။ "
" ပြီးတော့ မင်းပြောပြောနေတဲ့ ရှန်ရှန့်ကျုံဂိုဏ်းဆိုတာက မင်းခန္ဓာကိုယ်ရှိတဲ့နေရာက ဂိုဏ်းသေးသေးလေးတစ်ဂိုဏ်းပဲဖြစ်ရမယ် ။ အဲ့ဒီ့လိုဂိုဏ်းသေးသေးလေးတစ်ဂိုဏ်းမှာနေထိုင်တာက မင်းရဲ့အလားအလာကို နှောင့်နှေးစေမှာဖြစ်ပြီး မင်းအတွက်အကျိုးရှိမှာမဟုတ်ဘူး ။ "
" ဒီကမ္ဘာကြီးထဲမှာ စစ်မှန်တဲ့ခွန်အားကပဲ အရာအားလုံးကို ဖန်တီးနိုင်တာ ။ ဒီအဖိုးကြီးနောက်ကိုလိုက်ခဲ့ပါ ။ မင်းပိုပြီးသန်မာလာမှ အဲ့ဒီ့ဂိုဏ်းသေးသေးလေးကို ပြန်ပြီးကူညီပေါ့ ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ ။ "
လူအိုကြီးသည် သူ့ရှေ့ကပုံရိပ်ကို အပြုံးတစ်ပွင့်ဖြင့် ကြည့်ရှုလိုက်ပြီး နူးနူးညံ့ညံ့ပြောဆိုလိုက်သည်။
" ရှင်ရင်လည်း ရှန်ရှန့်ကျုံဂိုဏ်းအတွက် ၊ သေရင်လည်း ရှန်ရှန့်ကျုံဂိုဏ်းအတွက်ပဲ ။ "
ထပ်တူညီသောစကားများသည် ပုံရိပ်၏နှုတ်ဖျားမှထပ်မံထွက်ပေါ်လာခဲ့သည် ။ လူအိုကြီးသည် ရှင်းရှင်းလင်းလင်း ရှင်းပြပြောဆိုခဲ့သော်လည်း ထိုပုံရိပ်ကတော့ အနည်းငယ်မျှတောင် စိတ်ဓာတ်ယိမ်းယိုင်သွားခြင်းမရှိပေ။
" ဟေး ၊ လူငယ်လေး ။ မင်းကအရမ်းကို နုလွန်းသေးတယ် ။ မင်းဒီအဖိုးကြီးရဲ့စကားတွေကို နားမလည်သေးပါဘူးကွာ ။ မင်းငါနဲ့ပဲလိုက်ခဲ့စမ်းပါ ။ "
လူအိုကြီးသည် ထူးထူးဆန်းဆန်းပြုံးလိုက်ပြီး သူ၏ဖြူဖွေးသောလက်တစ်ဖက်အားဆန့်တန်းကာ အရပ်မျက်နှာတစ်ခုကို ဖမ်းဆုပ်လိုက်သည် ။ သူ၏လက်ဦးတည်နေသောနေရာသည်ကား ရှေးဟောင်းကမ္ဘာကြီးအတွင်းရှိ ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ အရပ်ပဲဖြစ်သည်။
" ခင်ဗျားလုပ်ရဲတယ်လား !? "
ပုံရိပ်၏ပါးစပ်မှ ဒေါသတကြီးဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည် ။
" မင်းက ကောင်းကင်ဘုံသွေးကြောပိုင်ရှင်ဆိုပေမယ့် ခုချိန်ထိ ဘာကောင်မှမဟုတ်သေးပါဘူးကွာ။ မင်းဒီအဖိုးကြီးရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ထိခိုက်အောင်မလုပ်နိုင်သေးဘူး ။ မင်းဘယ်လိုများ ဒီအဖိုးကြီးကို တားဆီးနိုင်မှာလဲ ။ နောက်တစ်ချိန်ကြရင် ဒီအဖိုးကြီး လုပ်ခဲ့သမျှ မင်းကောင်းဖို့အတွက်ပဲဆိုတာ မင်းနာလည်လာပါလိမ့်မယ် ။ "
လူအိုကြီးသည် ဒေါသထွက်နေသောပုံရိပ်ကို ပြုံးပြလိုက်ပြီး ညင်သာသောလေသံဖြင့် ပြောဆိုလိုက်သည် ။
ထိုသို့ပြောလိုက်ပြီးနောက် သူသည်လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး ဒေါသထွက်မာန်မဲနေသောပုံရိပ်ကို ယန်ရှန်း၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်တောက်ထုတ်လိုက်သည်။
ရှန်ရှန့်ကျုံဂိုဏ်း ၊ ထပ်ခိုးနန်းဆောင်လေးတစ်ခုထဲတွင် ဝမ်ဖုန်းသည် စနစ်ကိုမေးခွန်းများ မေးမြန်းတော့မည့်အချိန်မှာပဲ ယန်ရှန်း၏လက်ရှိအခြေအနေကြောင့် သူဟာရုတ်တရက် ခေါင်းမော့ကြည့်ရှုလိုက်မိသည်။ ယင်းနောက် သူ၏မျက်နှာအမူအယာများဟာ ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့သည် ။
အခန်းအပြင်ဘက်တွင်စောင့်ကြပ်နေကြသော ကျန်းစန်ဖုန်းနှင့်အခြားသူများ၏မျက်နှာအမူအယာက ပိုလို့တောင် ရုပ်ဆိုးအကျည်းတန်သွားခဲ့သည်။
သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်း အထက်ကောင်းကင်ယံ၌ ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခု ရုပ်တရက်ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည် ။ ကမ္ဘာကြီးတစ်ခုလုံး ထပ်ခြမ်းကွဲသွားသလိုမျိုးထင်မှတ်ရကာ အက်ကွဲကြောင်းကြီးအတွင်းမှ ထွက်ပေါ်လာသော အဖြူရောင်အလင်းတန်းကြီးတစ်ခုသည် ယန်တောက်ရှိနေသော ထပ်ခိုးနန်းဆောင်အတွင်းသို့ ဦးတည်ကျဆင်းလာလေသည် ။
" မင်းလုပ်ရဲလား !?"
သူတို့သည် ရုတ်တရက်ထွက်ပေါ်လာသောဧရာမလက်ကြီးကြောင့် ကြောင်အသွားခဲ့သော်လည်း ကျန်းစန်ဖုန်းနှင့်အခြားသူများက ထိုလက်ကြီး၏ရည်ရွယ်ချက်ကို တွေ့မြင်လိုက်ရသည့်အခါ ရုတ်တရက်ဒေါသထွက်သွားပြီး ဟိန်းဟောက်မာန်မဲလိုက်ကြကာ တိုက်ခိုက်လိုက်ကြသည်။
ဒါဇင်ချီသော ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့် စွမ်းအားရှင်များ၏ အရူးအမူးတိုက်ကွက်များသည် ဧရာမလက်ကြီးအား ထိခိုက်မိသွားကြသည် ။ သို့ပါသော်လည်း ကံဆိုးသည်ကား ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့် စွမ်းအားရှင်များကိုတောင် ထိတ်လန့်သွားစေနိုင်သည့် ကျန်းစန်ဖုန်းနှင့်အခြားသူများ၏တိုက်ခိုက်မှုများသည် ဧရာမလက်ကြီးကိုတော့ မတားဆီးနိုင်ခဲ့ပေ။ သူတို့ဟာ ဧရာမလက်ကြီးကို အနည်းငယ်ထိခိုက်အောင်တောင် မလုပ်နိုင်ခဲ့ပါပေ။
ကျန်းစန်ဖုန်းနှင့်အခြားသူများ၏တိုက်ခိုက်မှုများသည် ဧရာမလက်ကြီးကို ထိတွေ့သွားသည်နှင့်တပြိုင်နက် ကြယ်သေးသေးလေးများအဖြစ်ပြောင်းလဲသွားကာ လေထုအတွင်း တိုက်ရိုက်ပျက်စီးသွားခဲ့တော့သည်။
ဧရာမလက်ကြီးသည် ယန်ရှန်းရှိနေသော ထပ်ခိုးနန်းဆောင်ကို တဖြည်းဖြည်းချဥ်းကပ်သွားခဲ့သည်။ ဧရာမလက်ကြီး ကျဆင်းမလာခင်မှာပဲ ထပ်ခိုးနန်းဆောင်တစ်ခုလုံးသည် အဆုံးအစမဲ့စွမ်းအားများကြောင့် ဗလာနတ္ထိအခြေအနေသို့ ပျက်စီးသွားခဲ့တော့သည်။ ကျန်းစန်ဖုန်းနှင့်အခြားသူများအားလုံးသည် ထိတ်လန့်သွားခဲ့ကြသည်။ သူတို့သည် မည်သည့်ထိခိုက်ဒဏ်ရာရမှုကိုမှမခံစားရပါပဲ မမြင်နိုင်သောစွမ်းအားတစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ကြရသည်။
" စနစ် ၊ မြင့်မြတ်သောနိုးထမှုအခွင့်အရေးကိုအသုံးပြုမယ် ။ "
တဖြည်းဖြည်းကျဆင်းလာသော ဧရာမလက်ကြီးကိုစူးစိုက်ကြည့်ရင်း ဝမ်ဖုန်း၏မျက်လုံးများအတွင်း၌ အဆုံးအစမဲ့အလင်းတန်းများဖြတ်ပြေးသွားကာ ပြောဆိုလိုက်သည်။
သို့ပါသော်လည်း ဤအချိန်မှာတော့စနစ်သည် အလွန်အမင်းငြိမ်သက်နေပြီး ဝမ်ဖုန်းကိုပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ပေ။
" စနစ် ? ။"
" စနစ် ! ။ "
သေစမ်း !
ဝမ်ဖုန်းသည် ဒေါသတကြီး ကျိန်ဆဲလိုက်ကာ ချက်ချင်းဆိုသလို ရှောင်ဖုန်းတို့နှင့်အတူ ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့် စွမ်းအားများကိုဖြန့်ကျက်လိုက်ကာ ဧရာမလက်ကြီကိုတားဆီးရန် ပြုလုပ်လိုက်သည်။ သို့ပါသော်လည်း ကံဆိုးစွာနဲ့ပဲ ဝမ်ဖုန်းနှင့်အခြားသူများ၏တိုက်ခိုက်မှုများကလည်း ကျန်းစန်ဖုန်းတို့အုပ်စုတိုက်ခိုက်ခဲ့စဉ်ကလိုပဲ ဧရာမလက်ကြီးနှင့်ထိတွေ့လိုက်သည့်အခါ ပျက်စီးကြေကွဲသွားတော့သည်။ တိုက်ခိုက်လိုက်မှုများအားလုံးသည် မမြင်နိုင်သောစွမ်းအားတစ်ခု၏တွန်းထုတ်ခြင်းကိုခံလိုက်ရကာ ချက်ခြင်းပြိုကွဲသွားတော့သည်။
" ဒီကလေးကို ဒီအဖိုးကြီးက ခေါ်သွားမယ် ။ စိတ်မပူပါနဲ့ ။ဒီအဖိုးကြီးကသူ့ကို နာကျင်အောင်လုပ်မှာမဟုတ်ပါပဲ ကူညီပေးမှာပါ ။ တစ်နေ့နေ့မှာ မင်းတို့လာနိုင် .... ? "
" သေစမ်း ။ ထပ်ပြီးတားဆီးခံလိုက်ရပြန်တာလား ။ "
ဝမ်ဖုန်းနှင့်အခြားသူများသည် နားစွင့်နားထောင်နေစဉ်မှာပဲ ကျိန်ဆဲသံကြီးတစ်ခုကို ကြားလိုက်ရသည်။ ယင်းနောက် ဝမ်ဖုန်းတို့အုပ်စုသည် ယန်ရှန်း ကိုဧရာမလက်ကြီးက ခေါ်ဆောင်သွားသည်ကို စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြပေသည်။
" အတိုချုပ်ပြောရရင် ဒီအဖိုးကြီးကသူ့ကို ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး ။ မင်းတို့စိတ်အေးအေးထားလို့ရတယ် ။ "
ဤအသံနှင့်အတူ ဧရာမလက်ကြီးကော ယန်ရှန်းပါပျောက်ကွယ်သွားတော့သည်။
......
" ကောင်လေး ၊ မင်းကစိတ်ကောင်းစေတနာကို နားမလည်ဘူးပဲ ။ ဒီအဖိုးကြီးလုပ်နေတာ မင်းကောင်းကျိုးအတွက်ကွ ။ မင်းနောက်ကျရင် သိလာပါလိမ့်မယ် ။ ကောင်းကင်ဘုံသွေးကြောကိုပိုင်ဆိုင်တဲ့သူတွေက ကောင်းချီးရော၊ကျိန်စာရောကို လက်ခံရရှိထားတဲ့သူတွေပဲ ။ "
ကြယ်ရောင်စုံသော ညကောင်းကင်ယံထက်တွင် လူအိုကြီးသည် သူ့ကိုဒေါသတကြီးစိုက်ကြည့်နေသော ယန်ရှန်းအားစိုက်ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး ပြောဆိုလိုက်သည်။
" ဟာ ၊ ဒီအဖိုးကြီးက ဒီအကျင့်ဆိုးကို ဘာလို့မပြောင်းလဲနိုင်သေးရတာလဲကွာ ။ "
လူအိုကြီးသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ထားသော မီးခိုးရောင်ချိန်းကြိုးများကို စူးစိုက်ကြည့်ကာ သက်ပြင်းဖွဖွချလိုက်သည်။ ယင်းနောက် သူ၏လက်နှင့်ထိတွေ့လိုက်သည့်အခါ ချိန်းကြိုးများဟာ ပျက်စီးသွားခဲ့သည် ။ လူအိုကြီးဟာ ရွှမ်ဝူရှေးဟောင်းသားရဲကြီးကိုလည်း ခပ်ဖွဖွပုတ်ပေးလိုက်လေသည်။
လူအိုကြီးသည် အလွန်အမင်း အိုမင်းနေပြီဖြစ်သည်။ သူလူသတ်သည့်အခါတိုင်းတွင် သူ့နာမည်ကို ဘယ်သူမှမမှတ်မိတော့မှာ ၊ သူ့ကိုမည်သူမှလာရောက်လက်စားမချေတော့မှာကို စိုးရိမ်သောကြောင့် လူအိုကြီးဟာ သူ့နာမည်ကို ထုတ်ဖော်ပြောဆိုလေ့ရှိသည် ။
ဤတစ်ကြိမ် ယန်ရှန်းကိုခေါ်ဆောင်သည့်အချိန်မှာလည်း သူဟာမည်သူ့ကိုမှမသတ်ဖြတ်ခဲ့သော်လည်း သူ၏နာမည်အား သတိလက်လွတ်ပြောဆိုမိမတတ်ဖြစ်ခဲ့ပေသည်။ ရလဒ်အနေဖြင့် ထိုကြမ်းကြုတ်သောတစ္ဆေကို ရန်စမိလိုက်သည်။
လူအိုကြီးက ညွှန်ကြားလိုက်သည့်အခါ ရွှမ်းဝူရှေးဟောင်းသားရဲကြီးသည် ဖြေးလေးစွာစတင်လမ်းလျောက်လိုက်သည်။ သားရဲကြီး၏ခြေလှမ်းများမှာ အလွန်အမင်းနှေးကွေးပုံပေါ်သော်လည်း ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းတွင် မရေမတွက်နိုင်သောကြယ်များကို ဖြတ်ကျော်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူတို့ဟာ ရှန်းလန်တိုက်ကြီးနှင့် မည်မျှကွာဝေးမှန်းမသိသောအရပ်ဒေသကို ရောက်ရှိသွားလေတော့သည် ။