လက်လှမ်းမမှီသော တည်ရှိမှုများ။
Vol. 14 Ch. 196
"စနစ်... ဒါဘာသဘောလဲ အရေးကြီးတဲ့အချိန်မှ ဘာလို့ပျောက်သွားတာလဲ"
ဤအချိန်တွင် ဝမ်ဖုန်း၏ မျက်နာမှာ ပြိုတော့မည့်မိုးကဲ့သို့ မဲမှောင်နေသည်။ သူကအေးစက်စက်မေးမြန်းလိုက်သည်။
ဒီကမ္ဘာကြီးထဲကို ရောက်လာပြီးကတည်းက ဝမ်ဖုန်းသည် ဘယ်တုန်းကမှ စွမ်းအားမမဲ့ခဲ့ဖူးသလို ဘယ်တုန်းကမှလဲ အကြီးအကျယ်ဒေါသမထွက်ခဲ့ဖူးပေ။ ဧရာမလက်ကြီး၏ ဖြစ်တည်မှုက သူမျှော်လင့်ထားတာထက် အများကြီး ကျော်လွန်နေခဲပြီး ထိုလက်ကြီးက သူ၏မာန်မာန တရားများကို ရိုက်ချိုးသွားခဲ့သည်။
လွယ်လင့်တကူဘဲ ရှေးဟောင်းကမ္ဘာကြီး၏ အာဏာရှင်ဖြစ်လာတာကြောင့် ဝမ်ဖုန်းသည် မူလက အနည်းငယ်ဘဝင်မြင့်နေခဲ့သည်။ သူ့တွင်စနစ်သာရှိနေပါက ကမ္ဘာလောကတစ်ခွင် ခြေဆန့်နိုင်လိမ့်မည်ဟု တွေးထင်ခဲ့ဖူးသည်။ သို့သော်လည်း အစောပိုင်းက အဖြစ်အပျက်က စနစ်ဟာလည်း အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းမရှိသလို သူကလည်း ပြိုင်ဘက်ကင်းမဟုတ်ဘူးဆိုတာကို ဝမ်ဖုန်းအား သတ်ိချပ်မိသွားစေခဲ့သည်။
အစစ်အမှန်စွမ်းအားရှင်များ၏ ရှေ့မှောက်၌ သူ့တွင် ပြန်လည်တိုက်ခိုက်ရန်တောင် စွမ်းအားမရှိဘဲ သူ့တပည့်ကို ကာကွယ်ရန်ပင် ကျရှုံးခဲ့ရသည်။
"ဒီစနစ်က အသုံးမကျတာမဟုတ်ဘူး... ပိုင်ရှင်က အရမ်းအားနည်းနေလို့ပဲ"
"ပိုင်ရှင်မှာသာ အဲ့ဒီလူအိုကြီးရဲ့ ကျင့်ကြံဆင့် တစ်ဝက်လောက်သာရှိမယ်ဆိုရင် ဒီစနစ်က အဲ့ဒီလူအိုကြီးရဲ့ ဦးခေါင်းကို ဖြတ်တောက်ပေးနိုင်တယ်..."
သူ့စိတ်အာရုံအတွင်း မြည်ဟည်းထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်းကို ထိတ်လန့်သွားစေခဲ့သည်။ ဒီလိုဖြစ်ရတာ စနစ်ကအားနည်းလို့မဟုတ်ဘဲ သူကအားနည်းနေလို့ဘဲကိုး။ သူအားနည်းနေလို့သာ စနစ်ရဲ့စွမ်းဆောင်ရည်တွေ ကန့်သတ်ခံထားရတာဖြစ်သည်။
"ဒါဖြင့် မင်းစောနက ဘာလို့ပုန်းနေရတာလဲ.. ငါကအားနည်းတယ်ဆိုရင် မင်းရဲ့အစွမ်းအစနဲ့ဆို ယန်ချန်းကို ကယ်တင်နိုင်ခဲ့သင့်တာ " ဝမ်ဖုန်းသည် နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
"ဒီစနစ်က ဘယ်မှာ ပုန်းနေလို့လဲ... ပိုင်ရှင် လက်လွတ်စပယ်လုပ်မိမှာကြောက်လို့ ပိုင်ရှင့်ကို လစ်လျူရှုထားတာပါ..."
"ဒီစနစ်က ယန်ချန်းကို ကယ်တင်နိုင်သလို လူအိုကြီးကိုလည်း သတ်ပေးနိုင်တယ် ၊ ဒါပေမယ့်အဲ့ဒိလိုလုပ်လိုက်ရင် ပိုင်ရှင်ကျိန်းသေပေါက် သေရပါလိမ့်မယ်၊ ပိုင်ရှင်ရဲ့ ခံနိုင်ရည်ထက် ကျော်လွန်တဲ့စွမ်းအားကို စနစ်က ထုတ်လွှတ်လိုက်ရင် ပိုင်ရှင်သေရမှာပါ"
စနစ်၏အသံက ဝမ်ဖုန်းကို ငြိမ်ကျသွားစေခဲ့သည်။
စနစ်ပြောထားသည့်အတိုင်း ထိုအချိန်တွင် စနစ်သာ သူ့ဆီပြန်လာခဲ့ပါက ဝမ်ဖုန်းသည် ဒေါသအလျောက် စနစ်ကို လုပ်ခိုင်းခဲ့မှာပဲဖြစ်သည်။
ဧရာမလက်ကြီးကို တွေ့မြင်လိုက်ရပြီးသည့်နောက်တွင် ဝမ်ဖုန်းသည် မြင့်မြတ်သောနိုးထမှုအခွင့်အရေးကို အသုံးပြုထားသော ဆင့်ခေါ်ခံများကတောင် ထိုလက်ကြီး၏ ပြိုင်ဖက်မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရသည်။
"အဲ့ဒီလူအိုကြီးက ဘယ်သူလဲ?" ဝမ်ဖုန်း၏ မျက်လုံးများအတွင်းအေးစက်စက်အလင်းရောင်တစ်ခု ဖြတ်သန်းသွားပြီး မေးမြန်းလိုက်သည်။ ထိုလူအိုကြီးသည် သူ၏မူလဇာစ်မြစ်ကို ပြောပြချင်ခဲ့ပုံပေါ်သော်လည်း တစ်စုံတစ်ခုက သူ့ကိုတားဆီးခဲ့ပုံရလေသည်။
"ဘုံလောကတွေရဲ့ အထွတ်အထိပ်တည်ရှိမှုတွေကို ယွမ်ကျဲလို့ခေါ်တယ်...၊ ဒီရှန်းလန်တိုက်ကြီးကလည်း ကျိုးပျက်နေလို့မဟုတ်ရင် ရှန်းလန်ယွမ်ကျဲဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ပေါ်ထွန်းလာမှာပဲဖြစ်တယ်... အဲ့ဒီလူအိုကြီးက လင်းယွင်ယွမ်ကျဲပဲ ၊ သူကတာအိုအင်မော်တယ်အထွတ်အထိပ်အဆင့်ပဲ... ယွမ်ကျဲတစ်ယောက်ဖြစ်လာတယ်ဆိုတာက လောကကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်တယ်လို့ ပြောချင်တာပဲ သူပိုင်ဆိုင်တဲ့လောကကြီးမှာ တစ်ယောက် ယောက်ကသာ သူ့နာမည်ကိုခေါ်လိုက်မယ်ဆိုရင် သူကချက်ချင်းပဲသတိထားမိသွားလိမ့်မယ်..."
(ယွမ်ကျဲ -ဘုံလောကအရှင်)
"တခြားလောကတစ်ခုမှာ သူရဲ့မူလဇာစ်မြစ်အကြောင်း ထုတ်ဖော်ပြောဆိုရင်တော့ အဲ့ဒီလောကရဲ့ ပိတ်ပင်တားဆီးကို အလိုအလျောက်ခံရလိမ့်မယ်.. သူ့ခြေဖဝါးအောက်က မကောင်းဆိုးဝါးကြီးကလည်း ဒဏ္ဍာရီအဆင့်ကိုရောက်နေတဲ့ ရွှမ်းဝူရှေးဟောင်းသားရဲကြီးဘဲ "
"ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်လား?"
(MTL စာစဥ်မို့ဘာသာပြန်ရတာ အရမ်းဒုက္ခရောက်ပါတယ်။ ဒီနေရာမှာ fairy land ဒဏ္ဍာရီနယ်ပယ်လို့သုံးထားပါတယ်။ တစ်ခါကျင့်ကြံဆင့်တွေအကြောင်း အသေးစိတ်ရှင်းကြထားတဲ့ websiteမှာ သွားကြည့်ပြန်တော့ ဒဏ္ဍာရီနယ်ပယ်ဆိုတဲ့အဆင့်မရှိပါဘူး။ ဘာသာပြန်သူရဲ့မှန်းဆချက်အရ ဒဏ္ဍာရီနယ်ပယ်ဆိုတာ တာအိုသူတော်စင်အဆင့်ဝန်းကျင်ဖြစ်ပါလိမ့်မယ်)
သူ၏စိတ်အာရုံအတွင်းမြည်ဟည်းလာသော အေးစက်စက်အသံက ဝမ်ဖုန်းကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
" တာအိုဘုရင်အဆင့်ရဲ့အထက်မှာ တာအိုအရှင် သခင်အဆင့်ရှိတယ် ၊ တာအိုအရှင်သခင်အဆင့်ရဲ့အထက်ကိုတော့ တာအိုအာဏာပိုင်အဆင့်လို့ခေါ်တယ် ၊ တာအိုအာဏာပိုင်အဆင့်ရဲ့အထက်ကို တာအိုဧကရာဇ်အဆင့် ၊ တာအိုဧကရာဇ်အဆင့်ရဲ့အထက် ကတော့ ဒဏ္ဍာရီအဆင့်ပဲ..."
ဝမ်ဖုန်းသည်ခေါင်းညိမ့်လိုက်သည် သူသည်လူအိုကြီးနှင့် ဆယ်ဆင့်နီးပါးလောက် ေဝးကွာနေသော်လည်း တစ်နေ့နေ့မှာ ထိုလူအိုကြီးကို အားနည်းသူကို အနိုင်မကျင့်သင့်ကြောင်း သင်ခန်းစာသေချာပေါက် ပေးရမည်ဟု ဆုံးဖြတ်ချက်ချလိုက်မိသည်။
"ဂိုဏ်း...ဂိုဏ်းချုပ် ယန်ရှန်းကို ပြန်ခေါ်လာပေးမှာပါနော်...ဟုတ်တယ်မလား"
ယန်တောက်သည် တုန်တုန်ယင်ယင်ဖြင့် ဝမ်ဖုန်းနားကိုရောက်လာပြီး ဝမ်ဖုန်းကို မော်ကြည့်လိုက်ကာ မျှော်လင့်ချက်မျက်ဝန်းများဖြင့် မေးမြန်းလိုက်သည်။ ဤအချိန်တွင် ယန်တောက်သည် ကောင်းကင်ဘုံကိုရောက်ပြီးမှ ငရဲကိုတဖန်ပြန်ပို့ခံလိုက်ရခြင်းနှင့် တူနေပေသည်။ သူသည် သူ့သားပြန်လည်ကောင်းမွန်လာသည်ကို စောင့်ကြည့်နေခဲ့ရပြီး သူ့သားအတင်းအဓမ္မခေါ်ဆောင်သွားခံရသည်ကိုလည်း ထပ်မံစောင့်ကြည့်လိုက်ရသည်။ ထိုမြင်ကွင်းများကို တွေ့မြင်ရခြင်းက သူ့ကိုအလွန်အမင်း ပူဆွေးလာစေသည်။
သူသည်ဝမ်ဖုန်းအပေါ်ကိုရော ရှန်ရှန့်ကျုံဂိုဏ်းအပေါ်ကိုပါ အပြစ်မတင်ရက်ပါပေ။ ဂိုဏ်းချုပ်နှင့် ရှန်ရှန့်ကျုံဂိုဏ်းစွမ်းအားရှင်များမှာ သူတို့တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားပေးကြသည်ကို ယန်တောက်တစ်ယောက် သိနေပေသည်။
"မစိုးရိမ်ပါနဲ့ သိပ်မကြာတော့ပါဘူး ဒီဂိုဏ်းချုပ်က ယန်ချန်းကို ပြန်ခေါ်လာပေးမယ်"
ဝမ်ဖုန်းသည် ယန်တောက်ကို လေးလေးနက်နက်စိုက်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့်ပြောဆိုလိုက်သည်။
ဒီအဖြစ်အပျက်မှာ အလွန်အမင်းထိခိုက်ပျက်စီးသွားခြင်းမရှိသော်လည်း ဝမ်ဖုန်းကို အင်မတန်ဒေါသထွက်စေခဲ့သည်။ဧရာမလက်ကြီးသည် ရှန်ရှန့်ကျုံဂိုဏ်းကို ထိခိုက်စေခဲ့ခြင်းမရှိသော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ ဂုဏ်သိက္ခာကိုတော့ နင်းခြေသွားလေသည်။
"ကျုပ်...ဂိုဏ်းချုပ်ကိုယုံကြည်ပါတယ်"
ယန်တောက်သည် ဝမ်ဖုန်းကိုလေးလေးနက်နက်စိုက်ကြည့်လိုက်ပြီး တည်းငြိမ်သောလေသံဖြင့်ပြောဆိုကာ ဝမ်ဖုန်းကို ဂါရဝပြုလိုက်သည်။ ယင်းနောက်သူသည် အထီးကျန်ဆန်သော မျက်ဝန်းများဖြင့် လှည့်ထွက်သွားခဲ့တော့သည်။
ယန်တောက်၏ ထွက်ခွာသွားသော ကျောပြင်ကို စိုက်ကြည့်နေရင်းမှ ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ စိတ်ပိုင်းဖြတ်မှုများ ပိုမိုခိုင်မာလာခဲ့သည်။ သူက ပြောလိုက်သည် "ရွှမ်ရှ၊ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တတိယအကြိမ် ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို မင်းဦးစီးပြီးတော့ ကျင်းပရမယ် "
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."
မဟာနတ်ဆိုးရွှမ်ရှသည် အလျှင်အမြန်လက်သီးဆုပ်ဂါရဝပြုလိုက်သည်။
ဝမ်ဖုန်းသည်ခေါင်းညိမ့်လိုက်ပြီး ကျန်းစန်ဖုန်းနှင့် တခြားသူများကို ဂိုဏ်းချုပ်ခန်းမအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
"ဒီဂိုဏ်းချုပ်က ထျန်းလန်ဒေသကို သွားလိုတယ်.. ဒါပေမယ့် ရှန်ရှန့်ကျုံဂိုဏ်းမှာ နေခဲ့ပေးမယ့်လူ လိုနေသေးတယ် " ဂိုဏ်းချုပ်ခန်းမကို ရောက်လာပြီးသည့်နောက် ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းနှင့် အခြားသူများကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
သူ့တပည့်ခေါ်ဆောင်သွားခံရတာကို စောင့်ကြည့်ခဲ့ရပြီး သူဟာ ဘာကိုမှ မလုပ်နိုင်ခဲ့ပေ။ ဤအချိန်တွင် ဝမ်ဖုန်း၏ ပိုမိုသန်မာလိုသော စိတ်ခံစားမှုများမှာ ပို၍ပို၍ ပြင်းထန်လာခဲ့ပေသည်။
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ကျန်းစန်ဖုန်းနှင့်အခြားသူများသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ဝမ်ဖုန်းသည်ရှင်းရှင်းလင်းလင်းမပြောခဲ့သော်လည်း သူတို့ထဲမှ တစ်စုံတစ်ယောက်ကို ရှေးဟောင်းကမ္ဘာကြီးတွင် နေရစ်ခဲ့ဖို့ပြောဆိုနေကြောင်း သူတို့အားလုံးနားလည်လိုက်ကြသည်။
"လူအိုကြီးနေခဲ့ပါ့မယ်... ဒီကမ္ဘာကြီးထဲမှာ ဒီလူအိုကြီးတစ်ယောက်ထဲနဲ့ပဲ လုံလောက်ပါပြီလေ ၊ ဂိုဏ်းချုပ်နဲ့တခြားသူတွေကတော့ ထျန်းလန်ဒေသကို သွားလိုက်ကြပါ" ဝမ်ချုံးယန်သည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။
"ကောင်းပြီ..."
ဝမ်ဖုန်းသည် ဝမ်ချုံးယန်ကိုကြည့်ကာ ခေါင်းဘိမ့်လိုက်သည်။ ဝမ်ချုံးယန်သည် ရချွမ်ကျန်းဂိုဏ်းကြီးကို တည်ထောင်ခဲ့သူဖြစ်လေရာ ဤရှန်ရှန့်ကျုံဂိုဏ်းတွင်နေရစ်ခဲ့ဖို့ တကယ့်ကိုသင့်တော်သော လူတစ်ယောက်ဖြစ်လေသည်။
"စနစ်... ဂိုဏ်းအမှတ်တစ်သိန်းအသုံးပြုပြီး ထီကံစမ်းလိုက်ပါ" ဝမ်ဖုန်းသည် တိုးတိတ်စွာပြောဆိုလိုက်သည်။
"ဒင်... ရှောင်ဖုန်းကျင့်ကြံဆင့်မှ ငါးပုံတစ်ပုံကိုရရှိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်"
"ဒင်...!"
ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါ စနစ်၏အသိပေးသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဝမ်ဖုန်းသည် ချက်ချင်းပဲပြောဆိုလိုက်သည်။
"စနစ်... ရရှိလာတဲ့ ကျင့်ကြံခြင်း အခြေခံတွေကို ဝမ်ချုံးယန်အပေါ်ကောင်းချီးပေးလိုက်ပါ"
"ဒင်... ကျင့်ကြံခြင်း အခြေခံတွေကို ဝမ်ချုံးယန်ကို ကောင်းချီးပေးပြီးပါပြီ... ၊ ဝမ်ချုံးယန်ရဲ့ ကျင့်ကြံဆင့်က ဆန်းကြယ်ကပ်ဘေး အထွတ်အထိပ်ဆင့်ကို ရောက်ရှိသွားပါပြီ"
စနစ်၏ အေးစက်စက်စကား ဆုံးသွားသည်နှင့် တစ်ပြိုင် နက် ခန်းမကြီးအတွင်းမှ အကြီးအကဲများအားလုံးသည် ဝမ်ချုံးယန်၏ အရှိန်အဝါမှာ အဆမတန်ပိုမိုအစွမ်းထက်လာသည်ကို ရှင်းရှင်း လင်းလင်းခံစားသိရှိလိုက်ရသည်။
"မနက်ဖြန်ကျရင် မင်းတို့အားလုံး ဒီဂိုဏ်းချုပ်နဲ့အတူ ထျန်းလန်ဒေသကိုသွားရမယ်" ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းတို့အုပ်စုအား စိုက်ကြည့်လျှက် ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ.... ဂိုဏ်းချုပ်..."
ကျန်းစန်ဖုန်းနှင့် တခြားလူများသည် အလျှင်အမြန်လက်သီးစုပ်ဂါရဝပြုကာ ပြောဆိုလိုက်ကြသည်။
ယင်းနောက်ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းလ်ုက်ကာ ကျန်းစန်ဖုန်းတို့အုပ်စုကို ထွက်သွားဖို့အချက်ပြလိုက်သည်။
ဒီရှေးဟောင်းကမ္ဘာကြီးကို ရှန်ရှန့်ကျုံဂိုဏ်း၏ အခြေ စိုက်စခန်းအဖြစ်သာ အသုံးပြုနိုင်ပြီး အစစ်အမှန် ဂိုဏ်းအခြေချနေရာအဖြစ်တော့ အသုံးပြုဖို့မသင့်ပါပေ။ ဒီကမ္ဘာကြီးထဲရှိ စည်းမျဥ်းများမှာ နိမ့်ပါးလွန်းလှသည်။ ထျန်းလန်ဒေသကို ထိုးဖောက်ဝင်ရောက်မှသာလျှင် ရှန်ရှန့်ကျုံဂိုဏ်းမှာ ပိုမိုတိုးတက်လာမည်ဖြစ်သည်။
ဝမ်ဖုန်းသည် ထျန်းလန်ဒေသတွင် အင်အားကြီးဂိုဏ်းတစ်ခုကို တည်ထောင်ဖို့ အစီအစဥ်ချထားပြီး ဤရှေးဟောင်းကမ္ဘာကိုတော့ သူတို့ဂိုဏ်း၏ နောက်ဖေးဥယာဥ်အဖြစ်အသုံးပြုရန် လျာထားပေသည်။
ကျန်းစန်ဖုန်းနှင့် တခြားသူများ ထွက်ခွာသွားပြီးသည့်နောက်တွင် ယဲ့မုချင်သည် တဖြည်းဖြည်းလမ်း လျှောက် ဝင်လာခဲ့သည်။ ဝမ်ဖုန်းသည် ယဲ့မုချင်၏ လှပသော ပုံရိပ်လေးအား တွန့်ဆုတ်ဆုတ်အမူအရာဖြင့်ကြည့်လိုက်ပြီး စကားပြောဆိုရန် နှုတ်ဖွင့်ဟလိုက်သည်။
"ရှင်ဘာမှ ပြောဖို့မလိုပါဘူး... ကျွန်မရှန်ရှန့်ကျုံဂိုဏ်းမှာပဲ နေရစ်ခဲ့ပါ့မယ်" ယဲ့မုချင်သည် ချိုမြိန်သော အပြုံးကလေးကိုပြုံးလျှက် ပြောဆိုလိုက်သည်။
ယဲ့မုချင်၏စကားကို ကြားလိုက်ရသည့်အခါ လိပ်ပြာမလုံသော အမူအရာတစ်ချို့ ဝမ်ဖုန်းမျက်နှာထက်၌ ဖြစ်ပေါ်လာခဲ့သည်။ သူသည် သူ၏ချစ်လှစွာသော အမျိုးသမီးလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်မိသည်။
သို့ပါသော်လည်း ဤအချိန်တွင် ယဲ့မုချင်၏ မျက်လုံးလေးများအတွင်း၌ ထူးခြားဆန်းပြားသော အလင်းများနဲ့ အရိပ်များ အချိန်နှင့်အမျှ ဖြတ်သန်းဖြစ်ပေါ်နေသည်ကိုတော့ ဝမ်ဖုန်းတစ်ယောက် သတိမပြုမိလိုက်ပေ။ ဒါ့အပြင် သူမညာလက်ခုံပေါ်ရှိ အစကမှေးမှိန်နေသော သင်္ကေတများမှာလည်း ယခုအချိန်တွင် တစ်ဝက်ခန့်လင်းလက်နေပြီဖြစ်သည်။
ဝမ်ဖုန်းသာ ယဲ့မုချင်နှင့် အချိန်တိုင်းရှိနေခဲ့မည်ဆိုပါက ထိုထူးဆန်းသော ပြောင်းလဲမှုများသည် ဧရာမလက်ကြီးထွက်ပေါ်လာသည့်အခါ စတင်ဖြစ်ပေါ်လာကြောင်းကို သတိထားမိသွားမှာဘဲဖြစ်သည်။
ဝမ်းနည်းစရာမှာ ထိုသင်္ကေတများ တစ်ဝက်ခန့်လင်းလက်နေပြီးသည့်အခါတွင် ဧရာမလက်ကြီးမှာလည်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့်ပဲ ယဲ့မုချင်လက်ပေါ်ရှိ သင်္ကေတများ၏ လင်းလက်နှုန်းမှာ တဖြည်းဖြည်းပြန်လည်နှေးကွေးသွားရသည်။