နန်းဘုံဆယ်ပါး ယမသိုင်းကျမ်း။
Vol. 15 Ch. 198
လီဟေးသည် အဓိကခန်းမကြီးထဲကို ပဟေဠိဖြစ်နေသော အမူအရာဖြင့် ဝင်ရောက်လာပြီး ယဲ့မုချင်ကို ဂါရဝပြုကာ ပြောဆိုလိုက်သည် "သခင်မကို တွေ့ဆုံပါတယ်"
"မင်းခန္ဓာကိုယ်ထဲကရတနာက အသက်မဝင်သေးဘူး ဟုတ်တယ်မလား?" ယဲ့မုချင်သည် လီဟေးကိုကြည့်ကာ ခေါင်းညိမ့်လိုက်ပြီး တည်ငြိမ်သောလေသံဖြင့် မေးမြန်းလိုက်သည်။
ယဲ့မုချင်၏ သာယာနူးညံ့သော အသံလေးမှာ လီဟေး၏ နားစည်အတွင်း၌ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်လာခဲ့ပေသည်။ သူသည် အံ့အားတသင့် မေးမြန်းလိုက်သည် "သခင်မဘယ်လိုလုပ်သိတာလဲ?... ဂိုဏ်းချုပ်က ပြောပြထားတာများလား"
ရှန်ရှန့်ကျုံတစ်ဂိုဏ်းလုံးတွင် သူ့ခန္ဓာကိုယ်အတွင်းရှိ ရတနာအကြောင်းကို သိသူမှာ ဂိုဏ်းချုပ်တစ် ယောက်တည်းသာ ဖြစ်သည်။ ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ကတော်တို့၏ ဆက်ဆံရေးအရ ပြောပြထားသည်မှာလည်း ဖြစ်နိုင်ပေသည်။
သို့ပါသော်လည်း ဂိုဏ်းချုပ်မှာ သူ့ခန္ဓာကိုယ်အတွင်း၌ ရတနာတစ်ခုရှိသည်ဆိုတာကိုသာ သိထားပြီး သူ့ခန္ဓာကိုယ်ထဲက ရတနာမှာ အသက်မသွင်းရသေးကြောင်းကိုတော့ သိရှိမထားပါချေ။
"အဲ့ဒီရတနာပစ္စည်းကို အသက်သွင်းချင်ရင် မင်းရဲ့စိတ်ဝိညာဥ်ကို ရတနာနဲ့ ပေါင်းစည်းရမယ်... မင်းရဲ့စိတ်ဝိညာဥ်ကို ရတနာပစ္စည်းရဲ့ စိတ်ဝိညာဥ်ဖြစ်လာပါစေ.၊ ပြီးရင်တော့ အဲ့ဒီရတနာကို မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစည်းရမယ် ဒီလိုဆိုရင်.. မင်း မျှော်လင့်မထားတဲ့ အကျိုးကျေးဇူးတွေ ရရှိလာလိမ့်မယ်" ယဲ့မုချင်သည် လီဟေးကို စူးစိုက်ကြည့်ကာ နောက်တစ်ကြိမ်ပြောဆိုလိုက်သည်။
ယဲ့မုချင်၏ စကားများကိုကြားလိုက်ရသည့်အခါ လီဟေးသည် ထိတ်လန့်သွားပြီး သူ၏မျက်နာကြီးတစ်ခုလုံးမှာ မဲမှောင်လာပြီး မသေချာမရေရာမှု အရိပ်အ ယောင်များ ဖြစ်ပေါ်လာခဲ့သည်။ ဂိုဏ်းချုပ်ကတော်၏ စကားများကို ယုံကြည်ရမလားဆိုတာကို သူမသိတော့ပေ။ ပြောရပါလျှင် အရာဝတ္ထုတစ်ခုထဲ စိတ်ဝိညာဥ်ကို ပေါင်းထည့်ဖို့ဆိုသည်က အရမ်းကို အန္တရာယ်များလွန်းသည်။ ဒီလိုဖြစ်ရပ်မျိုးကို သူကြားဖူးခြင်းမရှိသလို မြင်ဖူးခြင်းလည်း မရှိပါပေ။ ဒါကို သူဘယ်လိုလုပ် လုပ်ရဲပါ့မလဲ?။ အမျိုးသမီးတစ်ယောက်ဆီက စကားကြောင့်နဲ့ လုပ်ရမှာလား?။
ဟုတ်ပါပေသည်... ဤသို့ဖြစ်ရခြင်းမှာ သခင်မသည် အစကနေအဆုံးထိ မည်သည့်ကျင့်ကြံခြင်း စွမ်းအားကိုမှ ထုတ်ဖော်မပြသခဲ့တာကြောင့် ဖြစ်သည်။ သူမမှာ သေမျိုးအလားသာ ဖြစ်နေခဲ့သည်။ ဂိုဏ်းချုပ်ကသာ ထိုအကြောင်းပြောမည်ဆိုပါက လီဟေးသည် တုံ့ဆိုင်းခြင်းမရှိဘဲ လိုက်နာဆောင်ရွက်မှာ ဖြစ်သည်။ ဂိုဏ်းချုပ်သည် ရှန်ရှန့်ကျုံတစ်ဂိုဏ်းလုံး၏ ဧရာမထောက်တိုင်ကြီးပင် မဟုတ်ပါလား။
ရှန်ရှန့်ကျုံဂိုဏ်းမှ လူတိုင်းလိုလိုသည် ယဲ့မုချင်ကို လေးစားကြသော်လည်း အမှန်တကယ် ယုံကြည်သူကတော့ ဝမ်ဖုန်းကိုသာ ဖြစ်သည်။
"ကောင်းပြီ... သွားတော့" ယဲ့မုချင်သည် သူမ၏ လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။ သူမသည် ပြောစရာရှိတာကို ပြောပြခဲ့ပြီးဖြစ်သည်။ လီဟေး လုပ်မလားမလုပ်ဘူးလားဆိုတာကတော့ သူမရဲ့အပိုင်း မဟုတ်တော့ချေ။
"ဟုတ်ကဲ့ပါ..."
လီဟေးသည် လေးလေးစားစားဂါရဝပြုလိုက်ပြီး ထွက်ခွာသွားခဲ့သည်။
လီဟေးသည် ထိုအကြောင်းကို တစ်လမ်းလုံးတွေးနေခဲ့သည်မှာ သူနေထိုင်ရာနေရာသို့ ပြန်မရောက်ခဲ့ချိန်အထိဖြစ်သည်။ သူသည် အံကိုတင်းတင်းကြိတ်လျှက် ပြောဆိုလိုက်သည်။
"ကောင်းပြီ ကြိုးစားကြည့်တာပေါ့...၊ အခုဂိုဏ်းချုပ်နဲ့ တခြားသူတွေက ထျန်းလန်ဒေသကိုတောင် သွားနေကြပြီ ၊ ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေ ပြန်ရောက်လာရင် ရှန်ရှန့်ကျုံတစ်ဂိုဏ်းလုံး လုံးဝကိုပြောင်းလဲသွားတော့မှာ..ငါပိုသန်မာလာရမယ်..."
"အဲ့ဒီအချိန်ကျရင် ငါ့အရင်ဘဝက ကျင့်ကြံဆင့်နဲ့ဆိုရင်တောင် ရှန်ရှန့်ကျုံဂိုဏ်းထဲမှာ ဘာကောင်မှမဖြစ်မှာကို ကြောက်မိတယ် ၊ ငါဆိုတဲ့လီဟေးက သူရဲ ကောင်းတစ်ယောက်လို နေထိုင်ပြီး သေဆုံးရင်တောင် သူရဲကောင်းတစ်ယောက်လိုဘဲ သေဆုံးရမယ် ၊ ငါဘာကိုမှ မကြောက်တော့ဘူး..."
ယင်းနောက် လီဟေးသည် အိပ်ရာပေါ်တွင် တင်ပုလ္လင်ချိတ်ထိုင်လိုက်ပြီး စတင်ကြိုးစားဆောင်ရွက်လိုက်သည်။
ဂိုဏ်းချုပ်ခန်းမအပြင်ဘက်ရှိ ယဲ့မုချင်၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားပြီး သူမသည် အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ရင်း နူးနူးညံ့ညံ့ပြောဆိုလိုက်သည်။
"အဲ့ဒီအချိန်တုန်းက ငါမင်းကိုဖန်တီးခဲ့တယ် အခုငါပြန်နိုးလာတော့လည်း မင်းက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ငါနဲ့အတူ ရှိနေတုန်းပါပဲလား မင်းရဲ့ဝိညာဥ်က သေဆုံးသွားပြီဆိုတော့ လီဟေးကိုကူညီပေးလိုက်ပေါ့..."
ထိုသို့ပြောလိုက်ပြီးနောက် ယဲ့မုချင်သည် အဓိကခန်းမကြီးထဲကို ပြန်မသွားသေးဘဲ ရှန်ရှန့်ကျုံဂိုဏ်း ပတ်ပတ်လည်ကို စတင်လမ်းလျှောက်လိုက်သည်။ သူမခြေတစ်လှမ်းလှမ်းလိုက်တိုင်းတွင် မရေမတွက်နိုင်သော ထူးခြားဆန်းပြားသည့် သင်္ကေတများဖြစ်ပေါ်လာကာ ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ မြေပြင်အတွင်းသို့ စိမ့်ဝင်ပေါင်းစပ်သွားလေသည်။
ယဲ့မုချင်လမ်းလျှောက်လိုက်သည့် အခါတိုင်းတွင် ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ မြေပြင်သည် ထူထဲသိပ်သည်းသော သင်္ကေတစာလုံးများ၏ ဖုံးအုပ်ခြင်းကိုခံလိုက်ရသည်။ သို့သော်လည်း ထိုစကားလုံးများမှာ ယဲ့မုချင်ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် တဖြည်းဖြည်းပြန်လည်ပျောက်ကွယ်သွားခဲ့တော့သည်။
ဤမြင်ကွင်းကို အလွန်အမင်းသန်မာသူများသာ တွေ့မြင်ရပါက အရမ်းကို ထိတ်လန့်သွားကြမှာ ဖြစ်သည်။ ဤသည်မှာ 'ကမ္ဘာကြီးကို တိုင်းတာ၍ ရက်လုပ်သောနည်းလမ်း'ပဲဖြစ်သည်။
ဤနည်းလမ်းဖြင့် ရက်လုပ်ခြင်းခံထားရသော ကမ္ဘာကြီးသည် ကောင်းကင်နှင့်မြေပြင်က မွေးဖွားပေးလိုက်သည့် သဘာဝကမ္ဘာကြီးနှင့် ရင်ဆိုင်ယှဥ်ပြိုင်နိုင်စွမ်းရှိပေသည်။
ယဲ့မုချင်တစ်ယောက် ဂိုဏ်းချုပ်ခန်းမအတွင်း ပြန်ဝင်ရောက်သွားသည့်အခါ ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ နေရာတစ်ခုလုံးတွင် သိပ်သည်းသော သင်္ကေတများဖြင့် ဖုံးလွမ်းထားပြီးသား ဖြစ်သွားခဲ့သည်။
အပြင်ဘက်တွင် ရှန်ရှန့်ကျုံဂိုဏ်းကို ထပ်မံတွေ့မြင်ရခြင်းမရှိတော့ချေ။ ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးသည် ခြေရာလက်ရာမကျန်ဘဲ လေထုအတွင်း ရုတ်တရက်ပျောက်ကွယ်သွားခဲ့လေသည်။
"ယောင်္ကျား... ရှင်ပြန်လာမှာကို ကျွန်မစောင့်နေတယ် ရှင်ပြန်လာတဲ့အခါကျရင် အံ့ဩသွားစေရမယ်.." ယဲ့မုချင်သည် ဂိုဏ်းချုပ်ခန်းမရှေ့တွင် မတ်တပ်ရပ်နေရင်း သူမ၏ လှပသော မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လျက် ရွှတ်နောက်နောက် လေသံဖြင့် ပြောဆိုလိုက်လေသည်။
ဤအချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်းအတွင်းရှိ တပည့်များအားလုံးသည် ဂိုဏ်းထဲမှချီစွမ်းအင်များသည် အလွန်အမင်းသိပ်သည်းမြင့်တက်လာကြောင်း ခံစားလိုက်ရသည်။ သူတို့အားလုံးသည် ပျော်ရွှင်ကာ တစ်ချိန်တည်းမှာပဲ ပဟေဠိဖြစ်သွားကြသည်။ ဝမ်ချုံးယန်သည်တောင်မှ ကြောင်အသွားခဲ့သည်။ သူသည်ရှန်ရှန့်ကျုံတစ်ဂိုဏ်းလုံးကို လိုက်လံစစ်ဆေးခဲ့သော်လည်း မူမမှန်သည့်အရာ ဘယ်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
သို့ပါသော်လည်း ရှန်ရှန့်ကျုံဂိုဏ်းအတွင်းရှိ ဆန်းကြယ်သော ချီစွမ်းအင်များမှာ နားမလည်နိုင်သော အရှိန်အဟုန်ဖြင့် အလွန်အမင်းသိပ်သည်းမြင့်တက်လာခဲ့သည်။ ဝမ်ချုံးယန်သည် ဂိုဏ်းကို နောက်တကြိမ်စစ်ဆေးလိုက်သော်လည်း မူမမှန်သည့်အရာ ဘယ်အရာကိုမှ မတွေ့ခဲ့ရပြန်ပေ။ သူသည် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ဒီအကြောင်းကို လျစ်လျူရှုထားလိုက်သည်။ ဒါကကောင်းတဲ့အရာပဲလေ။ ဘာကြောင့်များ စိတ်ဒုက္ခခံစစ်ဆေးနေရဦးမလဲ။
လီထျန်ရှင်းနှင့် ရှောင်းယွင်ဖုန်းတို့၏ ကိုယ်၌ ကပ်တွယ်နေသည့် ဝိညာဥ်နှစ်ကောင်ကတော့ တညီတညွတ်တည်း ပြောဆိုမိလိုက်ကြသည်။
"ဒါက ဘယ်အရာများလဲ... ဒီဟာက ကောင်းကင်နဲ့မြေပြင်က မွေးဖွားပေးလိုက်တဲ့ ကမ္ဘာကြီးထက်တောင် အားမနည်းတဲ့ နောက်ကမ္ဘာကြီးတစ်ခုကိုတောင် ဖန်တီးပေးလိုက်တယ်တဲ့လား"
ချီစွမ်းအင်များ အလွန်အမင်းမြင့်တက်လာမှုကြောင့် လူတိုင်းက ပျော်ရွှင်ပြီး ပဟေဠိဖြစ်နေကြစဥ်မှာ ယဲ့မုချင်ကတော့ လင်းဖေးဝူရှိနေသည့် ထပ်ခိုးနန်းဆောင်သို့ ရောက်လာခဲ့ပေသည်။
"သခင်မကို တွေ့ဆုံပါတယ်" လင်းဖေးဝူသည် ယဲ့မုချင်ကို လေးလေးစားစားဂါရဝပြုလိုက်ပြီး သူမ၏ မျက်နာထက်တွင် သံသယဝင်မှု အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သခင်မသည် ရှန်ရှန့်ကျုံဂိုဏ်းထဲ၌ အချိန်အတော်ကြာ ရှိနေခဲ့သော်လည်း ဂိုဏ်းတပည့်များနဲ့တော့ လာရောက်ပက်သက်ခြင်းမရှိခဲ့ပေ။ သခင်မက သူမဆီ ဘာလို့ရုတ်တရက်ကြီး ရောက်လာရတာလဲ?။
"ဒီ.. ဘုံနန်းဆယ်ပါး ယမသိုင်းကျမ်းကို မင်းအတွက်ဂိုဏ်းချုပ်က ထားခဲ့တာ... မင်းနားလည်အောင် ကြိုးစားလေ့ကျင့်ပါ.." ယဲ့မုချင်သည် လင်းဖေးဝူအား ရိုးရှင်းသော ကျောက်စိမ်းပေလွှာလေးတစ်ခုကို ပေးလိုက်ပြီး ပြောဆိုလိုက်သည်။
ယဲ့မုချင်သည် လင်းဖေးဝူ၏ ရင်ဘတ်နေရာကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး သူမသည် လင်းဖေးဟူ၏ ရင်ဘတ်ပေါ်၌ ကပ်တွယ်နေသော ပန်းလေးတစ်ပွင့်ကို တွေ့မြင်လိုက်ရသည်။ ယင်းမှာ နွေးဦးဝါ ပန်းပဲဖြစ်သည်။
"ဂိုဏ်းချုပ်က ကျွန်မကို တကယ်ပဲ တန်ဖိုးထားတာပဲ... ဂိုဏ်းချုပ်နဲ့ သခင်မကို ကျေးဇူးတင်ပါတယ်" ယဲ့မုချင်၏စကားကိုကြားလိုက်ရသည့်အခါ လင်းဖေးဝူသည် ကျောက်စိမ်းပေလွှာလေးကို ပျော်ပျော်ရွှင်ရွှင်ယူလိုက်ပြီး လက်သီးဆုပ်ဂါရဝပြုကာ ကျေးဇူးတင်လိုက်သည်။
လင်းဖေးဝူ၏စကားများကို ကြားလိုက်ရသည့်အခါ ယဲ့မုချင်၏ မျက်လုံးလေးများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူမသည် ခေါင်းညိမ့်ကာ လှည့်ထွက်သွားခဲ့တော့သည်။
လင်းဖေးဝူ၏ ထပ်ခိုးနန်းဆောင်မှထွက်လာပြီးနောက် ယဲ့မုချင်သည် အနောက်ကို ပြန်လှည့်ကြည့်ကာ သူမ၏ လှပသောမျက်ဝန်းလေးများကို ကျဥ်းမြောင်းလိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။
"ဘုံနန်းဆယ်ပါး ယမသိုင်းကျမ်းနဲ့ မင်းကထိုက်တန်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"
လင်းဖေးဝူ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ဖက်လောက နွေဦးဝါပန်း ရှိနေခဲ့၍သာမဟုတ်ရင် ယဲ့မုချင်မှာ ဘုံနန်းဆယ်ပါးယမသိုင်းကျမ်းကို သူမအားပေးခဲ့မည်မဟုတ်ပါ။ ဤသည်မှာ ဝမ်ဖုန်းကိုပေးဖို့ ရည်ရွယ်ထားသည့် မှော်ဝင်စွမ်းအားတစ်ခုပဲဖြစ်လေသည်။
သို့ပါသော်လည်း ထိုသိုင်းကျမ်းကို အဆုံးမှာတော့သူမဟာ လင်းဖေးဝူကိုသာ ပေးခဲ့လေသည်။ သူမ၏ ယောင်္ကျားဟာ အလွန်အမင်းအစွမ်းထက်သည်။ ဘုံနန်းဆယ်ပါးယမသိုင်းကျမ်းကိုတောင် မလိုအပ်ပါပေ။
.......
ရှင်းယောင်တောင်တန်းကြီးတစ်ခုလုံး ပျက်စီးသွားခဲ့ပြီးနောက်တွင် ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးကို ရှင်းယောင်တောင်တန်းတစ်ခုလုံးပေါ်၌ ဖြန့်ကျက်ခဲ့ပေသည်။ ရှင်းယောင်တောင်တန်းအဝင်ဝတွင်လည်း ရှန်ရှန့်ချန်ဟု အမည်ရသော မြို့ငယ်လေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ဤအချိန်တွင် ရှန်ရှန့်ချန်မြို့ပေါ်က လမ်းမထက်တွင် လူတစ်စုဟာ နှေးကွေးစွာလမ်းလျှောက်နေကြသည်။ ခေါင်းဆောင်လုပ်သူမှာ ခေါင်းကိုမြင့်မြင့်မော်လျက် လမ်းလျှောက်နေသော မဟာနတ်ဆိုးရွှမ်ရှပဲ ဖြစ်သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျှက် ဆရာသခင်တစ်ပါးအလား ငြိမ့်ညောင်းစွာ လမ်းလျှောက်လာနေသည်။ သူ၏နောက်တွင်တော့ လူအုပ်ကြီးတစ်ခုရှိနေခဲ့သည်။
သူ၏ဘေးတွင်လည်း ချုံဖုန်းရှိနေခဲ့ပေသည်။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်း တတိယအကြိမ် ဂိုဏ်းသားညီလာခံကျင်းပပြီး ဂိုဏ်းတပည့်များစုဆောင်း၍ ပြန်လာခဲ့ကြခြင်းဖြစ်သည်။ ရှေးဟောင်းကမ္ဘာကြီးမှ ဂိုဏ်းသားပေါင်း သုံးသောင်းခန့်ကို စုဆောင်းရရှိခဲ့ပေသည်။ ထိုမျှပမာဏရရှိရန် ဤနှစ်ရက်အတွင်း မဟာနတ်ဆိုးကြီးရွှမ်ရှတစ်ယောက် အဘယ်မျှလောက် ပင်ပန်းခဲ့သည်ကို မြတ်စွာဘုရားသာ သိပါပေလိမ့်မည်။
လေအင်ပါယာနှင့် ပြန်လည်တည်ဆောက်ပြီးသော ယောင်ရီအင်ပါယာတို၏ အပြည့်အဝကူညီပံ့ပိုးမှုကြောင့်သာ မဟုတ်ပါလျှင် နှစ်ရက်တည်းဖြင့် မဟာနတ်ဆိုးရွှမ်ရှတစ်ယောက် ဂိုဏ်းတပည့်များကို စုဆောင်းရန် လုံးဝဖြစ်နိုင်ခဲ့မည်မဟုတ်ပေ။
"မိုးမေလင်း!... ဒါဘယ်သူလုပ်တာလဲ? ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်မှာလဲ?..."
ဒီအချိန်မှာပဲ မဟာနတ်ဆိုးရွှမ်ရှသည် ဟစ်ကြွေးအော်ဟစ်လိုက်သည်။
သူ၏ပုံရိပ်သည် ပျောက်ကွယ်သွားပြီး ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိခဲ့သော ဗလာနေရာကြီးအရှေ့၌ ထွက်ပေါ်လာခဲ့ပြီး သူ၏မျက်နာထက်၌ အမျက်ဒေါသထွက်နေသော အမူအရာတစ်ခုရှိနေခဲ့သည်။
အစောက သူသည် ရှန်ရှန့်ကျုံဂိုဏ်း အဘယ်မျှလောက်ကြီးမြတ်ကြောင်း ဂိုဏ်းသားသစ်များကို ရှင်းလင်းပြောဆိုရန် လည်ချောင်းတောင် ရှင်းခဲ့ပေသည်။ သူ၏ အထွေထွေစီမံအုပ်ချုပ်သူရာထူးကိုလည်း ကြေငြာရင်းပေါ့။ သို့ပါသော်လည်း နောက်တစ်စက္ကန့်မှာတော့ သူတို့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကြီးက ပျောက်ကွယ်သွားတယ်တဲ့လား။
ဤအချိန်မှာဘဲ ချုံဖုန်းသည်လည်း မဟာနတ်ဆိုးရွှမ်ရှ၏ ဘေးကိုရောက်လာခဲ့ကာ ရှန်ရှန့်ကျုံဂိုဏ်းပျောက်ကွယ်သွားသော တည်နေရာကြီးကို စူးစိုက်ကြည့်လျှက် မတ်တက်ရပ်လိုက်သည်။
"ငါလုပ်ခဲ့တာ..."
မဟာနတ်ဆိုးရွှမ်ရှနှင့် ချုံဖုန်းဒေါသထွက် နေတုန်းမှာပဲ သာယာငြိမ့်ညောင်းသော အသံတစ်သံက သူတို့၏နားစည်များအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ယင်းနောက်မှ လေထုထဲမှနေ၍ လှပသောပုံရိပ်ကလေးတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ယင်းမှာ ယဲ့မုချင်ဖြစ်သည်။
"သခင်မကို နှုတ်ဆက်ပါတယ်..."
ယဲ့မုချင်ကိုတွေ့မြင်လိုက်ရသည့် အခါ မဟာနတ်ဆိုးရွှမ်ရှ၏ ခန္ဓာကိုယ်ဟာတုန်ယင်သွားခဲ့ပြီး မိုးထိအောင်မြင့်မားသော အမျက်ဒေါသများကလည်းရုတ်ချည်းဘဲပျောက်ကွယ်သွားရသည်။ သူသည် ယဲ့မုချင်ကို ပြုံးပြလိုက်ပြီး ပြောဆိုလိုက်သည်။
"ဒီလိုဆိုတော့ သခင်မလုပ်ခဲ့တာကိုး... ဒါကလည်းဂိုဏ်းချုပ်ရဲ့ အစီအစဥ်ပဲဖြစ်ရမယ် ၊ ဂိုဏ်းချုပ်က ဒီအကြောင်းကျုပ်ကို ပြောတောင်ပြမထားဘူးဗျာ... ဒီနတ်ဆိုးအိုကြီး ထိတ်လန့်သွားတာပဲ"
ယဲ့မုချင်သည် မဟာနတ်ဆိုးရွှမ်ရှကို စူးစိုက်ကြည့်လိုက်ပြီး တံဆိပ်ပြားတစ်ခုကိုပစ်ပေးလျက် ချက်ချင်းဘဲပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ မဟာနတ်ဆိုးရွှမ်ရှ၏ နားစည်များအတွင်း၌ အသံတစ်သံပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
"ဒါကဝင်ခွင့်တံဆိပ်ပြားဘဲ တစ်ချိန်တည်းမှာပဲ ဒီတံဆိပ်ပြားထဲမှာ မင်းအတွက် ကျင့်စဥ်တစ်ခုရှိနေတယ်... မင်းနဲ့သင့်တော်တဲ့ ကျင့်စဥ်တစ်ခုပေါ့ ၊ ဂိုဏ်း ချုပ်ကိုစိတ်မပျက်စေနဲ့..."
မဟာနတ်ဆိုးရွှမ်ရှသည် တံဆိပ်ပြားလေးကို အလျှင်အမြန်ကောက်ယူလိုက်ပြီး ဘေးဘီဝဲယာကို ခေတ္တကြာအောင် လှည့်လည်ကြည့်ရှုပြီးမှ သူ့ဘေးနားတွင်ရှိနေသော ချုံဖုန်းကိုပြောဆိုလိုက်သည် "မင်းအစီအရင်ကိုဖြတ်ကျော်ပြီး ဒီတပည့်တွေကို ဂိုဏ်းထဲခေါ်သွားလိုက်... ငါအရင်သွားလိုက်ဦးမယ်"
ဂိုဏ်းချုပ်ကသူ့ကို ကျင့်စဥ်တစ်ခုလက်ဆောင်ပေးခဲ့တယ်ဆိုတဲ့အကြောင်း ကြားလိုက်ရပြီးနောက် နတ်ဆိုးအိုကြီးရွှမ်ရှသည် တပည့်သစ်များရှေ့တွင်တောင် မူမနေနိုင်တော့ပါ။ သူသည်တံဆိပ်ပြားကိုထုတ်ယူပြီး ဂိုဏ်းဝင်ပေါက်ကို ဖွင့်လှစ်လျက် တစ်ချိန်တည်းမှာဘဲ ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
ရှန်ရှန့်ကျုံဂိုဏ်းတွင် ပို၍ပို၍ထွက်ပေါ်လာသော စွမ်းအားရှင်များကို ကြည့်နေရင်း မဟာနတ်ဆိုးရွှမ်ရှတစ်ယောက် အလွန်အမင်းစိတ်ဖိစီးနေခဲ့ရသည်။ ဒီအတိုင်းသာ ဆက်သွားနေပါက ရှန်ရှန့်ကျုံဂိုဏ်းအတွင်းရှိ အထွေထွေ စီမံအုပ်ချုပ်သူဟူသော သူ၏ရာထူးမှာလည်း သိပ်မကြာခင်တွင် ပျောက်ကွယ်သွားရပေလိမ့်မည်။
အခုအချိန်တွင် ဂိုဏ်းချုပ်ကသူ့ကို ကျင့်စဥ်တစ်ခုဆုချခဲ့ပြီဖြစ်ရာ သူပိုမိုသန်မာလာတော့ပေမည်။
ရှန်ရှန့်ကျုံဂိုဏ်း၏ အထွေထွေစီမံအုပ်ချုပ်သူဟူသော ရာထူးမှာ သူဆိုသည့် မဟာနတ်ဆိုးရွှမ်ရှဖြင့်သာ သက်ဆိုင်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ လုယူသွားခွင့်မပေးနိုင်ပေ။ ချုံဖုန်းသည် ပျောက်ကွယ်သွားသော မဟာနတ်ဆိုးရွှမ်ရှအား ကြည့်လိုက်ရင်း ခေါင်းခါယမ်းလိုက်သည်။ သူသည်ဖြစ်ပေါ်လာသော ဂိုဏ်းဝင်ပေါက်ကို စူးစိုက်ကြည့်ရင်း သူ၏မျက်နာထက်၌ သံသယဝင်သော အရိပ် အယောင်များ ဖြစ်ပေါ်လာသည်။ဒါက တစ်ကယ်ပဲ ဂိုဏ်းချုပ်ရဲ့ အစီအစဥ်လား?။
ဂိုဏ်းချုပ်၏ စိတ်နေစိတ်ထားဖြင့်ဆိုပါက ရှန်ရှန့်ကျုံဂိုဏ်းတွင် ဖုံးကွယ်ရေးအစီအရင်တစ်ခု တပ်ဆင်ချင်မည်ဆိုပါက သူတို့ကို ဦးစားပေးပြောပြမည်ဖြစ်သည်။
"မင်းတို့.. ငါ့နောက်လိုက်ခဲ့ကြ"
အဖြေရှာမရတာကြောင့် ချုံဖုန်းကလည်း ထပ်မံတွေးတောခြင်းမရှိဘဲ ခေါင်းခါယမ်းလိုက်သည်။ သူသည် အနောက်ဘက်ရှိ စိတ်လှုပ်ရှားနေသော ဂိုဏ်းသားတစ်အုပ်စုကြီးအား ဝေ့ဝဲကြည့်ရှုလျက် တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်သည်။
ထိုသို့ပြောဆိုလိုက်ပြီးနောက် ချုံဖုန်းသည် ဂိုဏ်းဝင်ပေါက်အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
"ငါနောက်ဆုံးတော့ ရှန်ရှန့်ကျုံဂိုဏ်းကို ရောက်ပြီကွ...ဒီအချိန်ကစပြီး ငါကရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပဲ!"
"ဟုတ်တယ်... ရှန်ရှန့်ကျုံဂိုဏ်းက အခုကမ္ဘာကြီးမှာ အရမ်းကိုကျော်ကြားနေပြီ ၊ အင်းအားစုကြီးငါးစုကိုလည်း ဖျက်စီးခဲ့တာ... အခုချိန်မှာ ရှန်ရှန့်ကျုံဂိုဏ်းက ဒီကမ္ဘာကြီးတစ်ခုလုံးရဲ့ အရှင်သခင်ပဲ.. ဒီလိုဂိုဏ်းမျိုးကို ဝင်ခွင့်ရတာ ငါအရမ်းကံကောင်းတာပဲ!..."
"ဒါတင်မကသေးဘူးနော်... ပြောကြတာ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲတွေအကုန်လုံးက အရမ်းကိုအစွမ်းထက်တယ်ဆိုပဲ၊ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲတစ်ဦးရဲ့ လမ်းညွှန်မှုကိုသာ ငါရမယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံရေးလမ်းစဥ်ကတော့ ချောမွေ့နေတော့မှာပဲကွာ "
"မြန်မြန်... အကြီးအကဲချုံဖုန်းကို မျက်ခြေပြတ်မသွားစေနဲ့ဟေ့"
အဆိုပါတပည့်သစ်များသည် တစ်ယောက်နှင့်တစ်ယောက် စိတ်လှုပ်ရှားစွာ စကားပြောဆိုရင်း ချုံဖုန်းနောက်သို့ လိုက်ပါသွားခဲ့ကြသည်။
ဤကနေ့တွင်ဖြင့် ရှေးဟောင်းကမ္ဘာကြီးတွင် ရှန်ရှန့်ကျုံဂိုဏ်းသည် အကြွင်းမဲ့အာဏာရှင်ဖြစ်ပေသည်။ ကျန်ရစ်နေသေးသော အင်အားစုကြီး နှစ်စုဖြစ်သည့် ကြီးမြတ်သောလေအင်ပါယာနှင့် ပြန်လည်တည်ဆောက်ထားသော ယောင်ရီအင်ပါယာတို့ကလည်းပဲ ရှန်ရှန့်ကျုံဂိုဏ်း၏ မဟာမိတ်များ ဖြစ်ကြပေသည်။
လူငယ်မျိုးတက်လေးများအားလုံးသည် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ခွင့်ရခြင်းအတွက် အလွန်အမင်း ဂုဏ်ယူနေခဲ့ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းကိုတစ်ချိန်က ခုခံခဲ့ကြသော အင်အားစုလေးများကလည်း ယခုအချိန်တွင် စုဝေးပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ကပ်ဖားယက်ဖားလုပ်နေကြရပေသည်။