။ အဖြူအနက်မိစ္ဆာညီနောင်။
Vol. 15 Ch. 200
" ဘွား ! "
" ဒီတောင်က ငါ့အပိုင်ပဲ ! "
" ငါဒီသစ်ပင်ကြီးကိုစိုက်ခဲ့တာ ! "
" ဒီနေရာတစ်ခုလုံးကိုငါပိုင်တယ် ! "
" မင်းတို့ရဲ့အသက်အတွက် ပစ္စည်းဥစ္စာတွေကိုထားခဲ့ကြ ။ " ဤအချိန်မှာပဲ ချောက်ကမ်းပါးကြီးအတွင်း၌ အသံနှစ်ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် လူနှစ်ယောက်ကခုန်ထွက်လာကာ ဝမ်ဖုန်းနှင့်အခြားသူများရှေ့ကို လမ်းပိတ်ရပ်လိုက်သည်။
သူတို့သည် ဝမ်ဖုန်းနှင့်အခြားသူများကို ဒေါသထွက်နေသောအမူအယာများဖြင့် စူးစိုက်ကြည့်နေခဲ့ကြသည်။
ထိုလူနှစ်ယောက်အနက် တစ်ယောက်သည် အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး နောက်တစ်ယောက်ကတော့ အဖြူရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည် ။ သူတို့၏မျက်နှာများမှာနူးညံ့နေပြီး ကြည့်ရသည်မှာ အသက်နှစ်ဆယ်ကျော်ဝန်းကျင်မျှသာရှိလိမ့်မည်ဟု ထင်ရသည်။ သို့သော်လည်း ထူးဆန်းသည့်အရာမှာ သူတို့၏မျက်နှာ တစ်ဝက်တိတိခန့်ကို ထူးခြားဆန်းကြယ်သော သင်ကေတများက ဖုံးအုပ်ထားသည်။
အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသောလူ၏ ဘယ်ဘက်မျက်နှာပြင်ပေါ်တွင် ထူးခြားသောအနက်ရောင်လိုင်းများ ရှိနေခဲ့သည်။ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသောပုဂ္ဂိုလ်၏ ညာဘက်မျက်နှာတွင်လည်း ထူးဆန်းသောအဖြူရောင်မျဉ်းကြောင်းများရှိနေခဲ့သည်။
ထိုလူနှစ်ယောက်ကိုတွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်ဝန်းများသည် ကျဉ်းမြောင်းသွားခဲ့သည်။ တစ်စုံတစ်ေယာက်က သူ့ရှေ့မှာလာရောက်လုယက်ရဲသည်မှာ ဒါပထမဆုံးပဲဖြစ်သည် ။ သူတို့ရဲ့သတ္တိကတော့ စံတင်စရာပါပဲ ။
" မင်းတို့က ဘယ်သူတွေလဲ ။ " ဝမ်ဖုန်းက မေးမြန်းလိုက်သည်။
" ငါက အနက်ရောင်မိစ္ဆာ ဝမ်းနည်းကြေကွဲခြင်းပဲ။"
" ငါက အဖြူရောင်မိစ္ဆာ စိုးရိမ်ထိတ်လန့်ခြင်းပဲ ။ "
" ငါတို့နှစ်ယောက်ကို အဖြူအနက်မိစ္ဆာညီနောင် လို့ခေါ်ကြတယ် ။ "
ဝမ်ဖုန်း၏အမေးစကားကိုကြားလိုက်ရသည့်အခါ ထိုလူနှစ်ယောက်သည် မောက်မာသောလေသံများဖြင့် ပြောဆိုလိုက်ကြသည်။ သူတို့သည်နောက်ဆုံးစာကြောင်းကိုတော့ အတူတကွဟစ်အော် ပြောဆိုလိုက်ခြင်းဖြစ်သည်။
" ထိုလူနှစ်ယောက်၏စကားများကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် ကြောင်အသွားခဲ့သည်။ သူသည် အဖြူရောင် ၊ အနက်ရောင်ဝတ်ဆင်ထားသော လူနှစ်ယောက်ကို စူးစိုက်ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်တစ်ချက် ဖြစ်ပေါ်လာခဲ့သည် ။ ဒီလူနှစ်ယောက်က ထူးဆန်းလိုက်တာ ။
" အစ်ကိုကြီး ၊ သူတို့တွေက အများကြီးပဲနော် ။''
ကုချိုးသည် ဝမ်ဖုန်းနှင့်အခြားသူများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ၏မျက်နှာအမူအယာမှာ ပြောင်းလဲသွားပြီး သူ၏ဘေးနားရှိ ကုကန်းချိုး၏ နားထဲကိုတီးတိုးပြောဆိုလိုက်သည် ။ "
" မင်းဘာတွေကြောက်နေတာလဲ ။ ငါတို့က ဓားပြတွေပဲ ။ မင်းနားလည်လား ။ သူတို့လူဘယ်လောက်များများ ငါတို့က ဓားပြတိုက်ရမှာပဲကွ ။ " ကုကန်းချိုးသည် ကုချိုးကို ဒေါသတကြီးစိုက်ကြည့်ကာ ပြောဆိုလိုက်သည်။
" ငါကကြင်နာတတ်ပါတယ် ။ ငါတို့ကငွေကိုပဲ ဓားပြတိုက်တာ ။ လိင်ပိုင်းဆိုင်ရာမစော်ကားသလို အသက်ကိုလဲရန်မရှာဘူး ။ မင်းတို့သာ မင်းတို့ရဲ့ပိုက်ဆံတွေကို နာနာခံခံထုတ်ပေးသရွေ့ ငါမင်းတို့ကိုသွားခွင့်ပေးမယ် ။ " ကုချိုးကိုမာန်မဲပြီးသောအခါ ကုကန်းချိုးသည် ဝမ်ဖုန်းတို့အားစိုက်ကြည့်ကာ တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်သည်။
" ဟုတ်တယ် ။ ငါတို့က မင်းတို့ပိုင်သမျှရဲ့ သုံးဆယ်ရာခိုင်နှုန်းပဲယူမှာ ။ ပိုက်ဆံမြန်မြန်ထုတ်ပေးလိုက် ။ " ကုချိုးသည် အရဲစွန့်လိုက်ကာ ဝမ်ဖုန်းတို့အုပ်စုအားကြည့်ကာ အော်ဟစ်ပြောဆိုလိုက်သည်။
ဖက် !
" ဘာကိုသုံးဆယ်ရာခိုင်နှုန်းလဲ ။ အနည်းဆုံးငါးဆယ်ရာခိုင်နှုန်းတောင်းဟ!'' ကုကန်းချိုးသည် ကုချိုး၏ခေါင်းကို ဖက်ကနဲဖြတ်ရိုက်လိုက်ပြီး အော်ဟစ်ပြောဆိုလိုက်သည် ။
သူတို့တွေဓားပြတိုက်နေသည့်မြင်ကွင်းကို ကြည့်ရှုနေရသည့်အခါ ဝမ်ဖုန်းနှင့်အခြားသူများသည် အနည်းငယ်တောင်ဒေါသထွက်မသွားဘဲ ဤအကြိမ်မှာတော့ အနည်းငယ်တောင်ရီမောချင်နေကြသည်။
" လူငယ်လေးတို့ ငါတို့ဒီချောက်ကမ်းပါးကြီးထဲမှာ ရာစုနှစ်ပေါင်းများစွာနေထိုင်ခဲ့ကြတာ ။ ငါတို့ကိုယှဉ်ပြိုင်နိုင်တဲ့သူဆိုတာ မရှိဘူးကွ ။ ငါတို့အကြောင်းကြားသိရတဲ့သူမှန်သမျှကြ ကြောက်လန့်ကြရတယ် ။ မင်းတို့ထျန်းလန်ဒေသကိုသွားဖို့ဆိုတာ မလွယ်ကူဘူးမဟုတ်လား ။ ဒီလိုလုပ်ကြရအောင် ။ ငါမင်းတို့ရဲ့ပိုက်ဆံတွေ အကုန်လုံးကို မလိုချင်ဘူး ။ မင်းတို့အဆင့်နိမ့်တာအိုကျောက်တုံးတစ်ထောင်ပေးရင် ဒီနေရာကိုဖြတ်သန်းသွားခွင့်ပေးမယ် ။"
ကုကန်းချိုးသည် ဝမ်ဖုန်းနှင့်အခြားသူများကိုစိုက်ကြည့်လိုက်ပြီး အနက်ရှိူင်းဆုံးလေသံဖြင့်ပြောဆိုလိုက်သည်။
" အဆင့်နိမ့်တာအိုကျောက်တုံး ! အဲ့ဒါက ဘာလဲ ။ " ကုကန်းချိုး၏စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်နှာထက်တွင် သံသယဝင်လာခဲ့ပြီး မေးမြန်းလိုက်သည် ။
" အို ! မင်းတို့က ချောင်ကြိုချောင်ကြား ကတက်လာတယ်ဆိုတာ ငါမေ့သွားတာပဲ ။ "
ကုကန်းချိုးသည် သူ၏ခေါင်းကို တဗြင်းဗြင်းကုတ်လိုက်ကာ တီးတိုးပြောဆိုလိုက်သည် ။ ထို့နောက်သူသည် ဘယ်ဘက်လက်ကိုဖြန့်ပြလိုက်သည့်အခါ အလင်းရောင်ဖျော့ဖျော့ လင်းလက်နေသည့် ကျောက်တုံးလေးတစ်တုံးက သူ့လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ သူသည်ကျောက်တုံးလေးကို ဝမ်ဖုန်းအားပစ်ပေးပြီး ပြောဆိုလိုက်သည် ။
" ဒီမှာ ၊ ဒါက အဆင့်နိမ့်တာအိုကျောက်တုံးပဲ ။ "
ဝမ်ဖုန်းသည် လက်ဆန့်ထုတ်ကာ ကျောက်တုံးလေးကိုဖမ်းယူလိုက်ပြီး သေသေချာချာကြည့်ရှုလိုက်သည် ။ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားပြီး ထိတ်လန့်မှုအရိပ်အယောင်များ သူ၏မျက်နှာထက်၌ ဖြစ်ပေါ်လာခဲ့သည်။
ထိုကျောက်တုံးလေးတွင် ဆန်းကြယ်သောချီစွမ်းအင်များ ပါဝင်နေရုံသာမက တာအိုစည်းမျဥ်းအချို့လည်း ပါဝင်နေပေသည် ။ ထိုကဲ့သို့သောကျောက်တုံးမျိုး ထောင်ချီသာရှိပါက သူသည် တာအိုနက်နဲမှုအဆင့်ကို ချိုးဖျက်တတ်ရောက်နိုင်လိမ့်မည်ဟုတောင် ဝမ်ဖုန်းတစ်ယောက် ခံစားလိုက်ရသည် ။
" မင်းတို့မှာ အဆင့်နိမ့်တာအိုကျောက်တုံး မရှိဘူးဆိုမှတော့ မင်းတို့ပိုင်ဆိုင်သမျှတွေရဲ့ တစ်ဝက်ကိုလွှဲပေးလိုက် ။ ဒီလိုဆို မင်းတို့ကို သွားခွင့်ပြုမယ် ။ "
" ငါတို့အဖြူအနက် မိစ္ဆာညီနောင်ရဲ့ရည်ရွယ်ချက်က မင်းဆို့ပိုင်ဆိုင်မှုရဲ့ တစ်ဝက်တိတိကို ဓားပြတိုက်ဖို့ပဲ ။ ဒါကြောင့်မလို့ ငါတို့ကို ကျေးဇူးတင်စရာမလိုဘူး ။ "
ကုကန်းချိုးသည် ဝမ်ဖုန်းနှင့်အခြားသူများကို ဝေ့ဝဲကြည့်ကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောဆိုလိုက်သည် ။
သူတို့ကိုတောင် ကျေးဇူးတင်ရဦးမယ် ။ ဘာလဲဟ ။
အစောက အဆင့်နိမ့်တာအိုကျောက်တုံးကြောင့် ထိတ်လန့်သွားသော ဝမ်ဖုန်း၏နှုတ်ခမ်းများသည် တွန့်ကွေးသွားခဲ့သည် ။ သူသည် ကုကန်းချိုးတို့နှစ်ယောက်ကို ထူးဆန်းသောအမူအယာဖြင့် စိုက်ကြည့်လိုက်သည်။
" မင်း ဒီကျောက်တုံးအကြောင်းကို ငါ့ကိုပိုပြောပြပေးနိုင်မလား ။ " ဝမ်ဖုန်းသည် သူ့လက်ထဲက အဆင့်နိမ့်တာအိုကျောက်တုံးကို ဝှေ့ယမ်ပြလိုက်ပြီး မေးမြန်းလိုက်သည် ။
" ပိုက်ဆံပေး ! "
ကုကန်းချိုးသည် လက်ဆန့်ထုတ်ကာ ပြောဆိုလိုက်သည်။
" ဒါလုံလောက်လား ! "
ဝမ်ဖုန်းသည် ထိပ်တန်းအဆင့် ဆန်းကြယ်ကျောက်တုံးတစ်တုံးကို ပစ်ပေးလိုက်ပြီး ပြောဆိုလိုက်သည်။
ကုကန်းချိုး၏ စိုးရိမ်နေသောမျက်ဝန်းများသည် ရုတ်တရက် လင်းလက်တောက်ပသွားသည် ။ သူသည် ထိပ်တန်းအဆင့် ဆန်းကြယ်ကျောက်တုံးကို ဖမ်းယူလိုက်ပြီး ချက်ချင်းပဲ ဖွက်လိုက်သည် ။ ထို့နောက် ဝမ်ဖုန်းကိုစိုက်ကြည့်ကာ ပြောဆိုလိုက်သည် ။
" ပြောရရင် ဒါကတော့ လုံတော့မလုံလောက်သေးဘူးကွ ။ ဒါပေမယ့် မင်းတို့က ငါတို့ဖြူနက်မိစ္ဆာညီနောင်ရဲ့ ဓားပြတိုက်တာကို ခံရတယ်ဆိုတော့ ငါတို့တွေက ကံစပ်တာပဲပေါ့ ။ ဒါ့ကြောင့်မလို့ မင်းတို့ကို အဲ့အကြောင်း ပြောပြပေးမယ် ။ "
" တာအိုကျောက်တုံးတွေဆိုတာ ထျန်းလန်ဒေသက ကျင့်ကြံရေးအရင်းအမြစ်တွေပဲ ။ ပြီးတော့ အဲ့ဒီ့ဒေသမှာသုံးစွဲတဲ့ ငွေကြေးလည်းဖြစ်တယ် ။ တာအိုကျောက်တုံးတွေကို အဆင့်ငါးဆင့် ခွဲခြားထားတယ် ။ အဆင့်နိမ့် ၊ အလယ်အလတ် ၊ အဆင့်မြင့် ၊ ထိပ်တန်း အဆင့်နှင့် ပြိုင်ဘက်ကင်းဆိုပြီးတော့ပေါ့ ။ ဒီကျောက်တုံးတွေကို ကောင်းကင်နှင့် မြေကြီးက သဘာဝအလျောက် မွေးဖွားပေးလိုက်တာ ။ သူတို့ကို တာအို သတ္တုရိုင်းသွေးကြောတွေမှာပဲ ရှာတွေ့နိုင်တယ် ။ "
" အစ်ကိုကြီး ကျွန်တော်တို့က ဓားပြတွေလေ ။ မြန်မြန်ဓားပြတိုက်ပြီး အောင်ပွဲခံကြက်သားဟင်း စားရအောင် ။ " ကုကန်းချိုးတစ်ယောက် ဆက်လက်ရှင်းပြတော့မည့်အချိန်မှာပဲ ကုချိုးသည် ကုကန်းချိူး၏ဝတ်ရုံကို ဆွဲလိုက်ပြီး တီးတိုးပြောဆိုလိုက်သည် ။
" ဟုတ်သားပဲ ။ ငါတို့ကို မြန်မြန် ပိုက်ဆံပေးစမ်း ။"
ကုကန်းချိုးသည် သူ၏နဖူးကို ဖက်ကနဲရိုက်လိုက်ကာ ဝမ်ဖုန်းနှင့်အခြားသူများကို စိုက်ကြည့်လျက်ပြောဆိုလိုက်သည် ။
ဝမ်ဖုန်းသည် ခပ်ဖွဖွပြုံးရယ်လိုက်ပြီး ဒေါသထွက်နေသော ကုကန်းချိုးကို လစ်လျူရှုလိုက်ပြီး သူသည် လျို့ဝှက်စွာပြောဆိုလိုက်သည် ။ " စနစ် ၊ ကုကန်းချိုးနှင့်ကုချိုးကို စစ်ဆေးလိုက်ပါ ။ "
ဝမ်ဖုန်း၏မသိစိတ်မှ ဒီလူနှစ်ယောက်သည် သာမန်မဟုတ်ဘူးဟု ခံစားနေရသည် ။ သူသည် လက်ရှိတွင် ဆန်းကြယ်ကပ်ဘေး အထွတ်အထိပ်အဆင့် စွမ်းအားရှင်ဖြစ်ပါသည် ။ သို့သော်လည်း ဒီလူနှစ်ယောက်၏ ကျင့်ကြံဆင့်ကိုတော့ သူ့မှာထွင်းဖောက်မြင်နိုင်စွမ်းမရှိခဲ့ပေ ။
ဒီအခြေအနေနှင့် ဖြစ်နိုင်ချေမှာ နှစ်ခုသာရှိသည် ။ တစ်ခုက ဒီလူနှစ်ယောက်၏ကျင့်ကြံဆင့်မှာ သူ့ထက်မြင့်နေ၍ဖြစ်သည် ။ နောက်တစ်ခုက ဒီလူနှစ်ယောက်တွင် ဖုံးကွယ်ရေးရတနာတစ်ချို့ ရှိနေ၍သာဖြစ်သည် ။
ဒါ့အပြင် ဒီလူနှစ်ယောက်၏ ချောင်ချိနေသောဦးနှောက်များဖြင့် သူ့တို့၏ကျင့်ကြံဆင့်က ဝမ်ဖုန်းထက်မြင့်မားနေပါက သူတို့သည် ကံကြမ္မာ၏သားတော်များ ဖြစ်နိုင်ချေရှိပေသည် ။ အလားတူပဲ သူတို့၏ပျက်ယွင်းနေသော ဦးနှောက်များနှင့်အတူ အရှိန်အဝါကိုဖုံးကွယ်နိုင်သော ရတနာအချို့ကိုကောက်ရထားပါကလည်း သူတို့၏ကံတရားမှာ အရမ်းကိုကောင်းနေပေလိမ့်မည် ။
" ဒင် ၊ ကုချိုးနှင့် ကုကန်းချိုးကို စစ်ဆေးရန်အတွက် ဂိုဏ်းအမှတ်တစ်သိန်းကို အလိုအလျောက်သုံးစွဲလိုက်ပါတယ် ။ "
" ကုချိုး : တာအိုနက်နဲမှုအထွတ်အထိပ်အဆင့်
ကုကန်းချိုး : တာအိုဝိညာဉ်အစောပိုင်းအဆင့် "
" ကုချိုးနှင့် ကုကန်းချိုးတို့က အစက ထျန်းလန်အလယ်ပိုင်းဒေသမှာရှိတဲ့ ထိပ်တန်းရှေးဟောင်းမျိုးနွယ်စုကြီးတစ်စုက လူတွေပါ ။ ဒါပေမယ့်လည်း သူတို့၏ ထူးထူးဆန်းဆန်းအသွင်အပြင်ကြောင့် ရှေးဟောင်းမျိုးနွယ်စုကြီး၏ စွန့်ပစ်ခြင်းကို ခံလိုက်ကြရတယ် ။ အဲ့ဒီ့နောက်မှာ သူတို့က ဒီကမ္ဘာကြီးရဲ့ အစွန်အဖျားနားကိုလာပြီး ဓားပြတိုက် စားသောက်နေရတာပဲ ။"
ဝိုး ! ဒီလိုမျိုး သိသိသာသာ ဦးနှောက်ချောင်နေတဲ့သူက သူ့ထက်တောင် ပိုပြီးသန်မာတယ်တဲ့လား ။ ငါတကယ့်ကို အသုံးမကျတော့တာပဲလား ။ ဒီလိုဦးနှောက်ချောင်နေတဲ့သူ နှစ်ယောက်ကိုတောင် မယှဉ်နိုင်တော့ဘူးတဲ့လား ။ သူ့စိတ်အတွင်း မြည်ဟည်းလာသောလေသံက သူ့ကို ကြောင်အသွားစေခဲ့သည် ။ သူသည် ကုချိုးနှင့် ကုကန်းချိုးတို့ကို မယုံကြည်နိုင်သောအမူအယာများဖြင့့် စူးစိုက်ကြည့်လိုက်သည် ။
" စနစ် ၊ ဒီလူနှစ်ယောက်က တာအိုအဆင့်ထိရောက်အောင် ဘယ်လိုများကျင့်ကြံခဲ့ကြတာလဲ ။ " ဝမ်ဖုန်းသည် လျို့ဝှက်စွာမေးမြန်းလိုက်သည် ။
" ဒင် ၊ ဒီလူနှစ်ယောက်က တစ်ခါမှ မကျင့်ကြံဖူးပါဘူး ။ သူတို့က ဓားပြတိုက် ၊ ခိုးဝှက်ရင်းနဲ့ပဲ တာအိုအဆင့်ကိုရောက်အောင် ကျင့်ကြံနိုင်ခဲ့ကြတာပါ ။ ဒါပေမယ့်သူတို့ဟာ စစ်မှန်တဲ့စွမ်းအားကိုတော့ အသုံးပြုနိုင်ခြင်းတော့ မရှိပါဘူး ။ "
ဖစ် !
ဝမ်ဖုန်း၏စိတ်အတွင်း ထပ်မံထွက်ပေါ်လာသော အေးစက်စက်အသံကြောင့် ဝမ်ဖုန်းသည် ပါးစပ်အပြည့်သွေးတစ်လုတ် အန်ထွက်လုမတတ်ဖြစ်သွားခဲ့သည် ။ သောက်ဆန်းကြီးဟ ။ သူသည် အစက ဒီလူနှစ်ယောက်မှာ မရိုးရှင်းသည်ဟု ခံစားခဲ့ရသည် ။ သို့သော်လည်း ဒီလူနှစ်ယောက်မှာ အလွန်အမင်း ရိုးရှင်းနေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
" စနစ် ၊ သူတို့က ကောင်းကင်ရဲ့သားတော်တွေများလား ။ "
ဝမ်ဖုန်းသည် မဲမှောင်နေသောမျက်နှာကြီးဖြင့် မေးမြန်းလိုက်သည် ။
ဝမ်ဖုန်းသည် တစ်ခါမှ ကျင့်ကြံခဲ့ခြင်းမရှိသော်လည်း သူသည်ဂိုဏ်းအမှတ်များကိုရယူပြီး စနစ်မှကောင်းချီးပေးသော ကျင့်ကြံခြင်းအခြေခံများဖြင့် မြင့်မားသောကျင့်ကြံခြင်းကို ရရှိခဲ့သည် ။ သို့သော်လည်း ဒီလူနှစ်ယောက်က ဘာမှမလုပ်ပဲ ခိုးဝှက်လုယက်နေရုံဖြင့် ကျင့်ကြံရင်း တာအိုအဆင့်ကို ရောက်ရှိသွားတယ်တဲ့လား ။